အခန်း ၆၀၅
Vol. 13 Ch. 605
Chapter 605
ပန်းတိုင်မဲ့သွားခြင်း
သတင်းကြားရပြီးချင်းမှာပဲ လုထင်ချန်းနဲ့ မြို့စားကတော်ဟောင်းကြီးတို့ဟာ အဆောတလျင်ဝင်လာကြတယ်။ သူတို့မြင်လိုက်ရသည်ကတော့ လုဟယ့်ထျန်းသည် သက်ပြင်းချရင်း ဝမ်းနည်းနေတာကိုပင်။
“ ဘာဖြစ်တာလဲ၊ အမိန့်စာတမ်းထဲမှာ ဘာရေးထားလို့လဲ”
မြို့စားကတော်ဟောင်းက မေးလိုက်သည်။
မြို့စားကြီး လုဟယ့်ထျန်းသည် အမိန့်စာတမ်းအား ကမ်းပေးရင်း ပြောလိုက်သည်။
“ အရှင်မင်းမြတ်က သုံးရက်အကြာမှာ တပ်မကို ဦးဆောင်ပြီး ဒန်ဂျူကို စစ်ချီခိုင်းလိုက်ပါပြီ။”
မြို့စားကတော်ဟောင်းလည်း အံ့အားသင့်စွာ ဖတ်ကြည့်ပြီးနောက် လုထင်ချန်းအား လက်ဆင့်ကမ်းပေးလိုက်သည်။သူမဟာ ထိုင်ခုံပေါ် ထိုင်ချရင်း ဒေါသတကြီးနှင့်
“အရှင်မင်းမြတ် ဆိုင်းမဆင့် ဗုံမဆင့် ဒန်ဂျူးကို စစ်ပြုခိုင်းတာ ဘာအကြောင်းကြောင့်လဲ ။”
“ အရှင်မင်းမြတ် ဒန်ဂျူးကို သိမ်းပိုက်ဖို့ စဉ်းစားခဲ့တာတော့ ကြာပါပြီ၊ တော်ဝင်မင်းသမီးက ဒန်ဂျူးမှာ ရှိနေလို့သာ အကောင်ထည်မဖော်ပဲ ထားခဲ့တာ။ ဒါပေမဲ့ အခုအချိန်မှာ ဒန်ဂျူးပြည်ထောင်က စစ်သွေးကြွနေတဲ့ ဝမ်ရန်းဂျင်ရဲ့ သိမ်းပိုက်မှုကြောင့် အခြေနေတွေ မတူတော့ဘူးလေ။ အဲ့အပြင် ဒန်ဂျူးပြည်ကလဲ ဒီကာလတွေမှာ ရန်လိုတဲ့ အပြုမူတွေ၊ ရန်စတာတွေ ကြောင့် ပြည်သူတွေဘဝ မတည်ငြိမ်မှုတွေ ကြုံလာနေရတယ်၊ အခု တလော ဒီအကြောင်းပဲ ဝန်မင်းတွေလည်း ဖြေရှင်းဖို့ ခေါင်းခဲနေကြတာ။ အရှင်မင်းမြတ်က အရေးမလုပ်သေးလို့သာ ငြိမ်နေရတာပဲ ။ကျုပ်အထင်တော့ တော်ဝင်မင်္ဂလာပွဲ အပြီးမှာ ပဲ အရှင်မင်းမြတ်က.. အင်း အရှင်မင်းမြတ်က …. “
သူဆက်မပြောတော့သော်လည်း မြို့စားကတော်ဟောင်းကြီးနဲ့ လုထင်ချန်းတို့ ကတော့ သူ ဘာပြောချင်လဲဆိုတာ နားလည်လိုက်ကြသည်။
အရှင်မင်းမြတ်မှာ အရင်က ဆုံးဖြတ်ချက်ချရာ၌ အင်မတန်ပြတ်သားမြန်ဆန်ခဲ့သူပင်။ သို့သော်လည်း ဝေဝေ့အား လက်ဆက်ပြီးနောက် ဒန်ဂျူးပြည်ကိစ္စနှင့် ပတ်သက်၍ အသံတိတ်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ အစိုးရအဖွဲ့ဝင်တော်တော်များများကလည်း အရှင်မင်းမြတ်အား
‘အချစ်နွံက ရုန်းမထွက်နိုင်ပဲ နိုင်ငံရှေ့ဆက်သွားမဲ့ မူဝါဒ တွေအကုန် မချမှတ်နိုင်တော့ဘူး’ ဆိုတဲ့အထိကို နောက်ကွယ်က ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ခြင်းပေ။
အခုတော့ သူတို့ရဲ့ အရှင်ဟာ အရင်အတိုင်းမပြောင်းလဲသေးပဲ ထက်ထက်မြက်မြက်ရှိဆဲဆိုတာ သိလိုက်ရပြီဖြစ်သည်။ ဒီကြားထဲ ကိုယ်ရေးကိုယ်တာတွေကြောင့်သာ ကြန့်ကြာခဲ့ရပါလားဟူ၍ ။
လုထင်ချန်းက လူဟယ့်ထျန်းအား ကြည့်ရင်း စစ်သွေးစစ်မာန် အပြည့်နှင့် ပြောလိုက်သည်။
“ကျွန်တော် အရှင့်ကို အဖေနဲ့အတူတူ ရင်ဘောင်တန်းပြီး တိုက်ပွဲမှာပါဝင်ပါရစေလို့ ခွင့်ပန်ချင်ပါတယ်”
“ တကယ်လို့ ငါတို့သားအဖသာ နန်းတွင်းမှာ မရှိတော့ရင် ဝေဝေနဲ့ မင်း အဘွားက ဘာဖြစ်သွားမလဲ။ ဒါ့အပြင် မင်းညီမက နန်းတွင်းဆိုတာကို အခုမှကြုံရတာ၊ ဘေးက ကူညီဖေးမမဲ့သူ မရှိရင် သူနန်းတွင်းမှာ ဒုက္ခရောက်မှာ အသေချာပဲ။ အဖေ မင်းကို ရှေ့တန်းမပို့နိုင်ဘူး သား၊ မင်း ဒီမှာ နေခဲ့ပါ။ “
လုထင်ချန်းသည် အဖေပြောသည်အား လက်မခံချင်သော်လည်း သူ့ညီမလေးမှာ နန်းတွင်းကို ခုမှ စကြုံ ဖူးတာပင်။ သူမအား စောင့်ရှောက်မည့် မိသားစုဝင် တယောက်မှ မရှိလို့ မဖြစ်ချေ။ ထို့အပြင် အဘွားမှာလည်း အိုနေပြီမို့ ပြုစုရပေလိမ့်မည်။ ထို့သို့ တွေးလိုက်ပြီးနောက် လုတင်းချန်လည်း သူ့ရဲ့ စစ်ပွဲအတွေ့အကြုံလိုချင်သည်အား အသာထားပြီး သူ့အဖေစကားအား သဘောတူလိုက်ရတော့သည်။ အဖေဆိုသည်မှာ သားတွေ၏စိတ်ကို လောကကြီးမှာ နားအလည်နိုင်ဆုံး လူပင်ဖြစ်သည်။
လူဟယ့်ထျန်း ကိုယ်တိုင်လည်း သူ့သား၏စိတ်ကို နားလည်ပေသည်။သူသည်လည်း သူ့သားအရွယ်၌ ဤပုံစံအတိုင်းပင်ဖြစ်သည် ။ ဘဝနှင့်အသက်ကိုရင်းပြီး တိုင်းပြည်နဲ့လူမျိုးကို ရှေ့တန်းမှာထား၍ ကာကွယ်ချင်ခဲ့တာဖြစ်သည်။ အခု အသက်တွေရသည့်အခါ ဘဝရဲ့တခြား ဦးစားပေးရမည့် ခေါင်းစဉ်တွေအောက်၌ သူ့ရဲ့ စစ်သွေးစစ်မာန်တွေလည်း မှေးမှိန်လာခဲ့ရသည်။
အထူးသဖြင့် လီဟွားပြန်လာခဲ့သည် အချိန်မှာပင်။ သူသည် အခုထိ သူမရဲ့ ခွင့်လွတ်မှု ကို မရနိုင်သေးပေ။ကံဆိုးတာတခုကတော့ သူ တာဝန်အရ စစ်ပွဲသို့ မည်မျှကြာအောင် သွားရမည်လဲဆိုသည်အား မသိနိုင်တာပဲ ဖြစ်သည်။
သူပြန်လာချိန်ရောက်မှ လီဟွားက ထပ်ထွက်သွားရင် ဘယ်လိုလုပ်ရမလဲ။အရင် အကြိမ်တွေလိုမျိုး ဘာသဲလွန်စမှ တောင် ချန်ခဲ့ခြင်း မရှိပဲနဲ့လေ။အမှန်အတိုင်းပြောရရင် သူ အခုလိုပုံစံအတိုင်း ရှေ့တန်းသွားရမည်အား စိတ်မဖြောင့်ပေ။တာဝန် နဲ့ ရာထူးအရ သူသည် အရှင်မင်းမြတ်ကိုလည်း မလွန်ဆန်နိုင်ပေ။၊ နိုင်ငံကိုလည်း ရန်သူတွေကျူးကျော်လာတာမျိုး သူ အဖြစ်မခံနိုင်။
လုဟယ့်ထျန်းသည် အဖေ တယောက်အနေနှင့် လုထင်ချန်းအား ပြောလိုက်သည်။
“ မင်းက ငယ်ရွယ်တုန်းပါပဲကွာ၊ အနာဂါတ်မှာ အခွင့်ရေးတွေ အများကြီး ကြုံလာဦးမှာပါ။ “
လုထင်ချန်း ရင်ထဲ သိပ်မကောင်းပေသော်လည်း ခေါင်းသာ ညိမ့်လိုက်တော့သည်။
သူသည် သူ့တဘဝလုံးအား သိုင်းပညာလေ့ကျင့်ရင်း၊ စစ်ပညာဆည်းပူရင်းနှင့်သာ အချိန်ကုန်၍ ကြီးပြင်းလာခြင်းဖြစ်သည်။
စာတွေ့ ဘယ်လောက်တော်နေပါစေ စစ်မြေပြင်မှာ မှတ်ကျောက်အတင်မခံနိုင်ပါက သင်လာသမျှ ဘယ်မှာ အကျိုးရှိပါတော့မလဲ။
မြို့စားကတော်ဟောင်းသည် ကိစ္စတွေအား ဘေးကနေ၍ သေသေချာချာ စဥ်းစားနေခဲ့သည် ၊။
သို့သော်လည်း သူမသည် သူ့သားနှင့်မြေးတို့ရဲ့ ခေါင်းထဲသို့ ဝင်ကြည့်လို့မရသည့်အတွက် ကိစ္စအလုံးစုံကိုတော့ မသိနိုင်ခဲ့။
“ မင်းတို့ရဲ့ ဖြစ်ချင်တာတွေ ဆန္ဒတွေကို ငါ နားလည်ပါတယ်။ ငါ လည်း အသက်ရလာပါပြီကွယ်၊ ဒါပေမဲ့ ဘာမှမလုပ်နိုင်တော့တာတော့ မဟုတ်သေးပါဘူး။ ဝေ့ဝေ့အတွက်လည်း မစိုးရိမ်ကြနဲ့ ။ သူ့ကိုယ်သူ ကာကွယ်စောင့်ရှောက်နိုင်တဲ့အရွယ်ရောက်လာပါပြီ။ ငါတို့ အတွက်ကြောင့်နဲ့ ကိုယ့်ဘဝရဲ့ ပန်းတိုင် ရည်မှန်းချက်တွေကို နှောင့်နှေး မခံပါနဲ့ သားတို့….””