အခန်း ၆၄၈
Vol. 13 Ch. 648
အခန်း ၆၄၈ ညဘက်ဆို တံခါးနဲ့ ပြတင်းပေါက်တွေကို သော့ခတ်ထားဦး
ချူယိမှာ ရွဲ့လိုက်သည်။
“ခင်ဗျားပြောစရာ မလိုပါဘူး။မင်းကြီးသာ ကျုပ်ကို အဲ့နေရာယူဖို့ မပြောရင် ကျုပ်လိုချင်မယ်များ ထင်နေလား။ကျုပ်မှာ အဲ့တာဝန်မရှိခင်က လွတ်လပ်နေတာပဲ”
သူပြောနေရာမှ ရပ်ကာ တစ်ခုခုကို တွေးမိဟန်ဖြင့် ကျောက်ချန်ကိုကြည့်လိုက်သည်။
“နေပါဦး။လူအိုချန်ကြီး။ခင်ဗျား မနာလိုနေတာလား။ကျုပ်နေရာကို ခင်ဗျားကို ပေးဖို့ မင်းကြီးဆီ လျှောက်ပေးရမလား”
ကျောက်ချန်သည် သူ့လက်ထဲမှ ခြင်ရိုက်တံကို ခပ်လိုက်ကာ ချူယိအား ရွံရှာဟန် ကြည့်လိုက်၍
“ပြီးတော့ ငါအလုပ် မင်းကို ပေးဖို့လား”
“ဖွီ၊ခင်ဗျားကျုပ်ကို အမျိုးသမီးဆယ်ယောက်ပေးတောင် ခင်ဗျားအလုပ်ကို ယောင်လို့ လှည့်မကြည့်ဘူး”
ကျောက်ချန်စကားကြောင့် ချူယိ ဆံပင်များ ထောင်ထနေသည်။
နန်းတော်အတွင်းရေးဦးစီးမှူး ဂုဏ်ပုဒ်မှာ နားကြားကောင်းသော်လည်း ဤသည်မှာ မိန်းမစိုးများ အလုပ်ဖြစ်သည်။
ထိုစဉ်တွင် သူ၏ ခြေထောက်နားသို့ ကြက်တောင်ကျလာခဲ့သည်။ကျူးယွီမှာ ကြက်တောင်လာကောက်ရင်း သူပြောသည်ကို ကြားလိုက်ရသဖြင့် သူ့အား စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်သည်။
ရိုးသားကြည့်ကောင်းသော ချူယိမှ ထိုမျှလောက် ညစ်ညမ်းသည်ကို သူမ မသိခဲ့ပါ။သူတစ်ယောက်တည်းဖြင့် မိန်းမဆယ်ယောက် လိုချင်သည်ဟု ဆိုသည်။
သူ၏ကျောက်ကပ် ခံနိုင်ရည်ရှိ၊မရှိ က အဆုံးအဖြတ်ပေးလိမ့်မည်။
ထိုသိုအကြည့်ခံလိုက်ရသဖြင့် သူ့နာမည်မှာ အဖတ်ဆယ်၍ ရတော့မည်မဟုတ်မှန်း ချူယိ နားလည်လိုက်သည်။
ကျောက်ချန်အား သူ ဂရုမစိုက်တော့ဘဲ သူမနောက်မှ ပြေးလိုက်သွားခဲ့သည်။
“အမျိုးသမီးကျူး၊ကျုပ်နောက်နေတာပါ။တကယ်ကြီး ထင်မသွားပါနဲ့”
ထိုသို့ကြားသဖြင့် ကျူးယွီနောက်လှည့်ကာ သူ့အား အမှားပြင်ပေးလိုက်သည်။
“ကျွန်မ နောက်ဆုံး နာမည်က ကျူး မဟုတ်ပါဘူး။မှားမခေါ်ပါနဲ့”
ချူယိ ထိုသို့ နောက်ဆုံးနာမည် မရှိဟန်ခဏမျှ တွေးကာ လက်ဝှေ့ယမ်းလိုက်သည်။
“ဘာလို့ အဲ့တာတွေ ရှင်းပြနေတာလဲ။အဲ့တာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။”
သို့ရာတွင် ချူယိ ထင်ပုံမှာ တစ်မျိုးဖြစ်သည်။သူ၏ အကြိုက်နှင့် ထပ်တူကျသည့် အမျိုးသမီးလေးအား တွေ့သည်အချိန်မှ သူ့အား သူမ အထင်လွဲစေ၍ မရပေ။ထိုသို့ဖြစ်ပါက သူတို့၏ အနာဂတ်ဆက်ဆံရေးကို ထိခိုက်စေမည် ဖြစ်မည်။
ကျူးယွီ၏ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာချိန်တွင် ချူယိ စကားပြောနေရမှ ရုတ်တရက် ရပ်သွားသည်။သူမ မော့ကြည့်လိုက်သောအခါ သူ့လည်ပင်းအား ဓားတစ်ချောင်းမှ ထောက်ထားသည်ကို တွေ့လိုက်ရသည်။
ချူယိ ပြန်အသိဝင်လာကာ သူ့အား မည်သူမှ ဓားဖြင့်ထောက်ထားသည်ကို တွေ့လိုက်ရသဖြင့် သူ ချက်ချင်း အော်ဟစ်လိုက်သည်။
ချူကျူသည့် သူ့အား မျက်စောင်းထိုးပြီး ကျူးယွီအား နောက်သို့ နှစ်လှမ်းဆုတ်ခိုင်းလိုက်ကာ ပြောလိုက်သည်။
“ချူယိ၊ရှင်ဘယ်လောက် အသက်ကြီးနေပြီလဲ။အဲ့လောက် ပိုးပန်းချင်ရင် ရွယ်တူကို ရှာပါလား။မဟုတ်ရင် ဒီအမျိုးသမီးလေးကို အသရေဖျက်မှုနဲ့ တရားစွဲခံရဦးမယ်”
ချူယိ၏ မျက်နှာမှာ ဒေါသကြောင့် မဲနက်သွားတော့သည်။
“ချူကျူ၊ငါ မင်းကိုမကြိုက်တိုင်း သဲနဲ့လိုက်ပက်မနေနဲ့။အိုတော့ရော ဘာဖြစ်လဲ။နေဦး ၊မင်းကြီးကိုပါ မင်း တစ်ဖက်လှည့် နဲ့ စော်ကားနေတာ..”
“မင်းကြီးကို ဘာမှ လှည့်ပတ်ပြီး စော်ကားနေတာ မဟုတ်ဘူး။ရှင့်ဘာသာ ပြောနေတာ”
ကျူးယွီသည် အနောက်ပြန်လှည့်ကြည့်သောအခါ ချူယိမှ သူမအား ပြုံးပြနေသည်ကို မြင်သဖြင့် ကြက်သီးထသွားရသည်။
“အစ်ကိုကြီး ချူယိ မိန်းမတွေ အကြောင်းတွေးရင်းနဲ့ ရူးများသွားတာလား”
ယနေ့ သူ့အပြုအမူများမှာ ထူးဆန်းကာ သူမကို ကြည့်သည့်အကြည့်မှာ လည်း ရာဂစိတ်များ ပါနေသည်ကို တွေ့လာသည်။ပုံမှန်ဆိုလျှင် သူသည် ဤကဲ့သို့ မဟုတ်ပေ။
“အဲ့လို အိုနေတဲ့ အထီးကျန် လူအိုကြီးတွေက တစ်ခန်းလွတ်နေတာ။သူ့အကြောင်းတွေးမနေနဲ့တော့။ညဘက်အိပ်ရာဝင်ရင်တော့ တံခါးနဲ့ ပြတင်းပေါက်တွေကို သော့ခတ်ထားအုံး”