အခန်း (၄၇၁-၄၇၂)
Vol. 48 Ch. 471-472
အခန်း (၄၇၁)
"ကျွန်မနာမည် စစ်လီပါ။ သခင်လေးနဲ့ သဘောတူညီချက်တစ်ခု လုပ်ချင်ပါတယ်။ သခင်လေး ဘယ်လိုသဘောရလဲရှင်"
"သခင်လေးက ကျွန်မနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံဖို့ကို တကယ်ပဲ ဆန္ဒမရှိတာလားရှင်"
"အကယ်၍ သခင်လေးသာ အနန္တတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့ရင် စစ်လီက သခင်လေးအနားမှာ ထာဝရနေထိုင်ပေးသွားဖို့ ဆန္ဒရှိပါတယ်"
"သခင်လေး... ကြည့်ပါဦး... လမင်းကြီးက သိပ်ကိုလင်းထိန်နေတာပဲနော်..."
အတိတ်က စကားများက သူမနားထဲသို့ ပြန်ကြားလာရင်း စစ်လီက ခေါင်းမော့ကာ သူမရှေ့ရှိ အမျိုးသားကို ငေးမောကြည့်လေ၏။
ထိုအမျိုးသား၏ မျက်နှာကို မြင်လိုက်ရသည့် တခဏတွင် စစ်လီ၏ မှိုင်းညှိုးနေသော မျက်ဝန်းများက အနည်းငယ် တောက်ပသွားချေပြီ။ သူမ၏ စိတ်အာရုံတို့က ဗလာနယ်ဖြစ်သွားပြီး အတွေးများက ထိန်းချုပ်မရနိုင်လောက်အောင် လွင့်မျောသွားလေတော့သည်။
အတိတ်မှ မြင်ကွင်းများက စစ်လီ၏ စိတ်အာရုံထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့ပေ၏။
ထိုခဏမှာပင် သူမ၏ သိုလှောင်အိတ်ထဲမှ ပြင်းထန်သော အပူလှိုင်းတစ်ခု ဖြတ်သန်းသွားသည်ကို စစ်လီ ခံစားလိုက်ရသည်။
စစ်လီ၏ သိုလှောင်အိတ်ထဲတွင် ထိုကျိုးပဲ့နေသော ဓားရှည်၏ ဝိညာဉ်က အချိန်ကြာမြင့်စွာကပင် လွင့်စင်ပျောက်ကွယ်သွားခဲ့သော်လည်း ဓားရှည်အတွင်း ကြွင်းကျန်ရစ်သော အသိစိတ်က ရင်းနှီးကျွမ်းဝင်နေသည့် ရောင်ဝါတစ်ခုကို ခံစားမိပြီး တုံ့ပြန်လာခြင်းပင် ဖြစ်လေ၏။
ပုံမှန်အားဖြင့် မှင်စွန်းကို အသုံးပြု၍ သခင်ဖြစ်သူ၏ ပြန်လည်ဝင်စားခြင်းကို ရှာဖွေရာတွင် မှော်ဝင်္ကပါတစ်ခု တည်ဆောက်ရန်နှင့် ပြင်ဆင်ချိန် အတော်များများ လိုအပ်ပေသည်။
သို့သော် ယခုအခါ မှင်စွန်းက ကျိုးတိုင်းပြည်၏ ဧကရာဇ်နှင့် ခြေငါးလှမ်းပင် မကွာဝေးတော့သည့်အတွက် ၎င်း၏သခင်ကို သဘာဝကျကျပင် မှတ်မိသွားခြင်း ဖြစ်လေတော့သည်။
စစ်လီအနေဖြင့် ကျိုးတိုင်းပြည်ဧကရာဇ်၏ သွေးကို မရရှိခဲ့သော်ငြား ယခုအချိန်တွင်မူ သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို သူမ အပြည့်အဝ သေချာသွားခဲ့ချေပြီ။
သူမ ထပ်ပြီး မှားယွင်းနိုင်စရာ အကြောင်းမရှိတော့ပေ။
မှင်စွန်း၏ တုံ့ပြန်မှုက အရာအားလုံးကို ရှင်းပြနေခဲ့ပြီ ဖြစ်လေ၏။
အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ရသော ဝမ်းမြောက်ဝမ်းသာဖြစ်မှုက စစ်လီ၏ နှလုံးသားထဲတွင် ဂယက်ထသွားလေတော့သည်။
သူမရှေ့မှောက်ရှိ အရာအားလုံးက လက်တွေ့မဆန်ဘူးဟုပင် စစ်လီ ခံစားလိုက်ရ၏။
ယခင်က သူမသည် သူ့ကိုရှာဖွေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ပြီး သခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ရရန် ညတိုင်း တွေးတောခဲ့မိပေသည်။
သို့သော် ယခု တကယ်တမ်း သူ့ကိုရှာတွေ့သွားချိန်တွင်မူ အိပ်မက်တစ်ခုမက်နေသကဲ့သို့ ခံစားလိုက်ရပြီး နိုးထလာချိန်တွင် ပူဖောင်းတစ်လုံးကဲ့သို့ ပျောက်ကွယ်သွားမည်ကို သူမ အလွန်ကြောက်ရွံ့နေမိလေ၏။
"သခင်လေး..."
စစ်လီက သူမ၏ပါးလျသော နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ရင်း သူလှုပ်ရှားသွားရာဆီသို့ အကြည့်တို့ဖြင့် လိုက်ပါသွားကာ တုန်ယင်နေသော အသံလေးဖြင့် တိုးတိုးလေး ခေါ်လိုက်ပေသည်။
"ဟင်"
ရှောင်မိုက လှည့်ကာ စစ်လီရှိရာဘက်သို့ ကြည့်လိုက်ရာ သူ့ကို ငေးမောကြည့်နေသော ထိုအမျိုးသမီးကို တွေ့လိုက်ရလေ၏။
သူမ၏ အကြည့်များက အချိန်ကြာမြင့်စွာ ကွဲကွာနေခဲ့ရသော ချစ်သူတစ်ဦးကို မြင်တွေ့လိုက်ရသည့်အလားပင်။
ရှောင်မိုကလည်း ဤအမျိုးသမီးအပေါ် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားလိုက်ရပေသည်။
မည်သို့ပင်ဆိုစေ ရှောင်မိုအနေဖြင့် သူမကို ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ကြောင်း သေချာနေလေ၏။
စစ်လီ၏ စည်းကမ်းဖောက်ဖျက်မိသော အပြုအမူကို မြင်လိုက်ရသဖြင့် သိုးငယ်လေးဟု အမည်ရသော အစေခံခေါင်းဆောင်မှာ လန့်ဖျပ်သွားချေပြီ။ သူမက ကမန်းကတမ်း ရှေ့သို့တိုးသွားပြီး စစ်လီကို ဆွဲချကာ ဧကရာဇ်မင်းမြတ်ရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်၊
"သူမကို ခွင့်လွှတ်ပေးတော်မူပါ ဧကရာဇ်မင်းမြတ်။ သူမက အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုဖို့ စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်ကို အခုမှ ပြောင်းရွှေ့လာတဲ့ နန်းတွင်းအစေခံအသစ်လေးမို့လို့ပါ။ ဧကရာဇ်မင်းမြတ်ရဲ့ ထူးကဲလှတဲ့ နဂါးရောင်ဝါကြောင့် မှင်သက်သွားပြီး အခုလို အသိလွတ်သွားတာပါဘုရား"
ရှောင်မိုက သိုးငယ်လေးကို လျစ်လျူရှုထားလိုက်ပြီး သူတို့နှစ်ဦးထံသို့ လျှောက်သွားလိုက်လေ၏။ ထိုအမျိုးသမီးကို ကြည့်ကာ သူက အေးအေးဆေးဆေးပင် မေးလိုက်သည်၊ "မင်းနာမည်က ဘယ်လိုခေါ်လဲ"
"အရှင်မင်းမြတ်ကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုးမရဲ့ နာမည်က စစ်လီပါ..." စစ်လီက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်လေ၏။ "ကောင်းကင်ယံစောင့်ကြည့်ရေးဗျူရိုက စစ် ဆိုတဲ့စာလုံးနဲ့ သစ်တော်သီးက လီ ဆိုတဲ့ စာလုံးပါဘုရား"
"မင်းက နန်းတွင်းအစေခံအသစ်လား" ရှောင်မိုက မေးလိုက်ပေသည်။
"မှန်လှပါ ဧကရာဇ်မင်းမြတ်" စစ်လီက ခေါင်းငုံ့ထားရင်း ပြန်ဖြေလိုက်၏၊ "ကျွန်တော်မျိုးမ နန်းတွင်းကို ဝင်လာတာ မကြာသေးပါဘူး။ ကျွန်တော်မျိုးမကို သင်ကြားပေးခဲ့တဲ့ အစ်မရွှမ်အာက ကျွန်တော်မျိုးမရဲ့ အကဲဖြတ်ရလဒ်တွေ အားလုံးက အထူးကောင်းမွန်တယ်ဆိုပြီး အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုဖို့ ဒီကိုလွှတ်လိုက်တာပါ"
"အင်း... ဒီလိုကိုး" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "စောစောက မင်း ငါ့ကို စကားပြောလိုက်တာလား။ ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"
စစ်လီက ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်လေ၏။ "သခင်လေးရဲ့ ရုပ်ရည်က စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ ကျောက်စိမ်းလို အထက်တန်းကျတဲ့ သခင်လေး ဆိုတဲ့အတိုင်း သိပ်ကိုထူးကဲလွန်းတာကို မြင်လိုက်ရလို့ ကျွန်တော်မျိုးမ အသိလွတ်သွားတာပါ။ အရှင်မင်းမြတ် အပြစ်ပေးတာကို ခံယူပါ့မယ်"
"ဒီလို ကိစ္စသေးသေးလေးအတွက် ငါက ဘာလို့မင်းကို အပြစ်ပေးရမှာလဲ"
ရှောင်မိုက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး သူမကို သိပ်အာရုံမထားတော့ပေ။
စစ်လီနှင့် သူစကားပြောဖြစ်ခြင်းမှာ သူမစကားပြောသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်ရာမှ မျက်နှာသစ်တစ်ဦးကို မြင်တွေ့လိုက်ရ၍ အနည်းငယ် စပ်စုချင်စိတ်ဖြစ်ပေါ်သွားခြင်းကြောင့်သာ ဖြစ်လေ၏။
"ငါ့ရှေ့မှာ မင်းရဲ့အလုပ်ကို သေချာလုပ်ရင်ရပြီ။ စည်းကမ်းချက်တွေ အရမ်းတင်းကျပ်ဖို့ မလိုပါဘူး။ မင်းက အခုမှ ရောက်လာတာဆိုတော့ ဖြည်းဖြည်းချင်း လေ့လာသွားပေါ့။ တစ်ခုခုလိုအပ်ရင် သိုးငယ်လေးနဲ့ တခြားလူတွေကို ပြောလို့ရတယ်" ရှောင်မိုက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"မှန်လှပါ ဧကရာဇ်မင်းမြတ်။ ကျေးဇူးတော်ကြီးမားလှပါတယ် ဧကရာဇ်မင်းမြတ်" စစ်လီက ဦးညွှတ်ခစားလိုက်၏။
"ထတော့"
ရှောင်မိုက ထပ်မပြောတော့ဘဲ အိပ်ဆောင်တွင်းသို့ လှည့်ဝင်သွားလေတော့သည်။
ရှောင်မို ထွက်သွားပြီးနောက် နန်းတွင်းအစေခံများက ခါးပြန်မတ်ကာ ခေါင်းမော့လာကြပေ၏။
သိုးငယ်လေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး စစ်လီကို အပြစ်တင်လိုက်သည်၊ "မင်းကတော့လေ... စစ်လီရယ်။ တကယ်လို့ တို့ရဲ့ ဧကရာဇ်မင်းမြတ်ကသာ သဘောထားမကြီးဘဲ ကြင်နာမှုမရှိဘူးဆိုရင် ဧကရာဇ်မင်းမြတ်ရှေ့မှာ စည်းကမ်းမဲ့ စကားပြောတဲ့ မင်းရဲ့အကျင့်ကြောင့် မင်းအသက်တောင် ပေးလိုက်ရနိုင်တယ်"
"အစ်မ ဆူတာမှန်ပါတယ်။ နောက်ဆိုရင် သေချာပေါက် ပိုဂရုစိုက်ပါ့မယ်" စစ်လီက ပြောလိုက်လေသည်။
"သိရင်လည်း ပြီးတာပါပဲ" သိုးငယ်လေးက အိပ်ဆောင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ "သွားတော့လေ။ ဧကရာဇ်မင်းမြတ်ရဲ့ ကိုယ်ရေးကိုယ်တာအစေခံအနေနဲ့ ဒီနေ့ကစပြီး ဧကရာဇ်မင်းမြတ်နောက်ကို အမြဲတမ်း လိုက်ပါရလိမ့်မယ်။ ဧကရာဇ်မင်းမြတ်ရဲ့ အနားမှာ မင်း နေရာတစ်နေရာ ရသွားပြီဆိုရင် အတွင်းဆောင်ကိစ္စတွေအတွက် ငါတို့အားလုံး မင်းကိုပဲ အားကိုးရတော့မှာ"
"အစ်မကလည်း ဘာတွေပြောနေတာလဲ။ ရှေ့လျှောက် နားမလည်တာတွေရှိလာရင် အစ်မရဲ့ လမ်းညွှန်မှုနဲ့ ကူညီပံ့ပိုးမှုတွေကို လိုအပ်နေဦးမှာပါ"
"ဟီးဟီးဟီး အစ်မစစ်လီရယ်... ငါတို့ကသာ မင်းရဲ့ အကူအညီကို လိုအပ်တာပါ။ တကယ်လို့ တစ်နေ့နေ့မှာ ငါတို့က မင်းကို အမှတ်မထင် စော်ကားမိသွားရင်တောင် ဧကရာဇ်မင်းမြတ်ရှေ့မှာ ငါတို့အကြောင်း အဆိုးမပြောပါနဲ့နော်" နန်းတွင်းအစေခံ လျှိုမီက နောက်ပြောင်လိုက်လေ၏။
"သူတို့ လျှောက်ပြောတာတွေကို နားမထောင်နဲ့" ယန်အာက ညင်သာစွာ ပြုံးလိုက်ပေသည်။ "အစ်မ... မြန်မြန်ဝင်သွားလိုက်တော့"
"အင်းပါ" စစ်လီက နန်းတွင်းအစေခံများကို အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး အိပ်ဆောင်ဆီသို့ လျှောက်သွားလေတော့သည်။
စစ်လီက အိပ်ဆောင်တံခါးကို ခေါက်လိုက်ပြီး ဝင်ခွင့်ရပြီးနောက် အထဲသို့ ဝင်သွားလိုက်သည်။ ရှောင်မိုတစ်ယောက် စားပွဲတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို လှန်လှောဖတ်ရှုနေပြီး ဝေ့ရွှန်းက သူ၏အနားတွင် ခစားနေသည်ကို သူမ တွေ့လိုက်ရပေ၏။
သူမက ထိုမိန်းမစိုးအိုကြီးကို ကြည့်လိုက်သည်။
မိန်းမစိုးအိုကြီး၏ မျက်နှာအမူအရာက အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်ဟု စစ်လီ ခံစားလိုက်ရလေ၏။
"စစ်လီ ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်" စစ်လီက ရှေ့သို့တိုးကာ ဦးညွှတ်လိုက်ပေသည်။
"အင်း"
ရှောင်မိုက လက်ထဲမှစာအုပ်ကို ချထားလိုက်ပြီး စစ်လီကို ကြည့်လိုက်သည်။
"စစ်လီ... ဒီနေ့ကစပြီး မင်း ငါ့အနားမှာနေရမယ်။ ငါ့ရဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ပေးပြီး အတွင်းဆောင်မှာ ငါ့ရဲ့အမိန့်တွေကို သယ်ဆောင်ပေးဖို့ တာဝန်ယူရမယ်။ နားမလည်တာတွေရှိရင်လည်း စိတ်မပူပါနဲ့။ အေးအေးဆေးဆေး လုပ်ပါ။ ငါက ပုံမှန်အားဖြင့် တော်တော်လေး အားပါတယ်"
"မှန်လှပါ ဧကရာဇ်မင်းမြတ်" စစ်လီက ပြန်ဖြေလိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ဝမ်းသာမှုတို့ ပြည့်လျှံသွားချေပြီ။
"ဝေ့ရွှန်း... မနက်ဖြန်ကစပြီး မင်း ရှေ့ဆောင်မှာ အမိန့်တွေကို စောင့်နေလို့ရပြီ။ ငါ့နောက်ကို အချိန်တိုင်း လိုက်နေစရာ မလိုတော့ဘူး" ရှောင်မိုက ဝေ့ရွှန်းကို ပြောလိုက်လေ၏။
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
ဝေ့ရွှန်းက သူ၏မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပေသည်။
သို့သော် သူပြောနိုင်စရာ ဘာမှမရှိတော့ပေ။
မည်သို့ပင်ဆိုစေ မိန်းမစိုးများက ရှေ့ဆောင်ကို စီမံခန့်ခွဲပြီး နန်းတွင်းအစေခံများက အတွင်းဆောင်ကို စီမံခန့်ခွဲခြင်းက သဘာဝကျသော ကိစ္စပင်။
အရင်က ဧကရာဇ်မင်းမြတ်နောက်ကို အတွင်းဆောင်ထဲအထိ သူလိုက်ပါခွင့်ရခဲ့ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ အတွင်းဆောင်တွင် မည်သူမျှမရှိဘဲ လွတ်လပ်နေသောကြောင့်သာ ဖြစ်လေ၏။
ယခုအခါ ကြင်ယာတော်နှစ်ပါး နန်းတွင်းသို့ ဝင်ရောက်လာတော့မည်ဖြစ်ရာ သူက အတွင်းဆောင်သို့ စိတ်ကြိုက် ဝင်ထွက်ခွင့် မရနိုင်တော့သည်မှာ သဘာဝပင် ဖြစ်လေတော့သည်။
"အဘိုးကြီး... မင်းက ဘာလို့ ငိုနေရတာလဲ" ရှောင်မိုက ပြုံးကာ နောက်ပြောင်လိုက်သည်။ "ငါ့ကို ထပ်မတွေ့ရတော့မှာ ကျနေတာပဲ"
"ဒါပေမဲ့ ဒီအစေခံအိုကြီးက အရှင်မင်းမြတ်အနားမှာ အချိန်တိုင်း မရှိနိုင်တော့ဘူးဆိုတော့ ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ လေးလံနေလို့ပါ..." ဝေ့ရွှန်းက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်လေ၏။
"ကဲပါ... ကဲပါ... အရမ်းကြီး ဒရာမာမခင်းပါနဲ့။ ငါက နေ့တိုင်း စာကြည့်ဆောင်ကို သွားရဦးမှာပဲ။ မင်းက ငါ့ကို ဘယ်လိုလုပ် မတွေ့ရဘဲ နေမှာလဲ။ ရှေ့ဆောင်ကို ပြန်ပြီး နားလိုက်တော့။ စစ်လီက ဒီမှာနေခဲ့လိမ့်မယ်" ရှောင်မိုက လက်ဝှေ့ယမ်းကာ ပြောလိုက်ပေသည်။
"ကောင်းပါပြီ... ဒီအစေခံအိုကြီး ခွင့်ပြုပါဦး"
ဝေ့ရွှန်းက ဦးညွှတ်လိုက်ပြီး ရှောင်မိုကို နောက်ဆုံးအနေဖြင့် ဝမ်းနည်းစွာ တစ်ချက်ကြည့်ကာ အိပ်ဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
အိပ်ဆောင်ထဲတွင် ရှောင်မိုနှင့် စစ်လီတို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ချေပြီ။
ရှောင်မိုက စာအုပ်ကိုပြန်ဖတ်ရန် ကောက်ကိုင်လိုက်စဉ်မှာပင် စစ်လီက သူ၏ရှေ့တွင် ရုတ်တရက် ဒူးထောက်ချလိုက်လေ၏။
"စစ်လီ သေဒဏ်ထိုက်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်... အရှင်မင်းမြတ် ကျွန်တော်မျိုးမကို အပြစ်ပေးတော်မူပါ"
"ဟင်"
ရှောင်မိုက သူ၏ရှေ့မှ အမျိုးသမီးကိုကြည့်ကာ ပြုံး၍ မေးလိုက်ပေသည်။
"မင်းက အခုမှ ရောက်လာတာလေ... ဘာအပြစ်ကို ကျူးလွန်ထားလို့လဲ"
"အရှင်မင်းမြတ်ကို လျှောက်တင်ပါရစေ"
စစ်လီက သူမ၏ ပါးလျသော နှုတ်ခမ်းကိုကိုက်ကာ ဦးညွှတ်လိုက်လေ၏။
"ကျွန်တော်မျိုးမက မယ်တော်ကြီးရဲ့ အမိန့်အတိုင်း အရှင်မင်းမြတ်ကို စောင့်ကြည့်ထောက်လှမ်းဖို့ ရောက်လာတာပါ။ ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးမကို သေဒဏ်ချမှတ်ပေးပါ"
အခန်း (၄၇၂)
"..."
စစ်လီ၏စကားများကို ကြားလိုက်ရချိန်တွင် ရှောင်မိုက သူ့မေးစေ့ကိုသူ ပွတ်သပ်လိုက်မိလေ၏။
သူ၏ကိုယ်ရေးကိုယ်တာအစေခံနှင့် ပတ်သက်၍မူ သူမသည် မယ်တော်ကြီးယန်၏ သူလျှို သို့မဟုတ် ယန်ရှန်းအောက်၏ သူလျှိုတစ်ယောက် ဖြစ်မည်ဆိုသည်ကို ရှောင်မိုက သဘာဝကျကျပင် သိရှိထားပြီးသား ဖြစ်ပေသည်။
ရုပ်သေးဧကရာဇ်တစ်ပါးအနေဖြင့် ရှောင်မိုက ဤအမှန်တရားကို မျက်ကွယ်ပြုကာ လက်ခံထားရုံသာ ရှိချေပြီ။
မဟုတ်လျှင် မယ်တော်ကြီးယန်နှင့် ယန်ရှန်းအောက်တို့က အရှင်မင်းမြတ်က ဘာလို့များ ပုန်ကန်ချင်နေရတာလဲ ဟုပင် မေးခွန်းထုတ်လာနိုင်ပေသည်။
သို့သော် ရှောင်မို မမျှော်လင့်ထားခဲ့မိသောအရာက ဤအချက်ပင်တည်း။
ဤအစေခံမလေးက ဤကိစ္စနှင့်ပတ်သက်၍ သူမဘာသာ ဦးဆောင်ပြီး ဖွင့်ဟပြောဆိုလာလိမ့်မည်ဟု ရှောင်မို လုံးဝ ထင်မှတ်မထားခဲ့ချေ။
စစ်လီ၏စကားသံများ အဆုံးသတ်သွားချိန်တွင်၊
အိပ်ဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားလေတော့သည်။
ရှောင်မိုက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ ဖွဖွလေး တစ်ငုံသောက်လိုက်ပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်က အဘယ်နည်းဆိုသည်ကို အလေးအနက် စဉ်းစားတွေးတောနေမိလေ၏။
ဒါက မယ်တော်ကြီးယန် သို့မဟုတ် ယန်ရှန်းအောက်တို့ ကြံစည်ထားတဲ့ အကြံအစည်သစ်တစ်ခုများ ဖြစ်နေမလား။
လက်ဖက်ရည်ပန်းကန်လုံးကို ချထားလိုက်ပြီးနောက် ရှောင်မိုက စစ်လီအမည်ရသော အမျိုးသမီးကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်၊ "အခု ငါ့ကို ဒီလိုပြောရတဲ့ အဓိပ္ပာယ်က ဘာလဲ။ မယ်တော်ကြီးက ငါ့ကို စောင့်ကြည့်ထောက်လှမ်းနေတယ်ဆိုတာ ဘာသဘောလဲ။ မယ်တော်ကြီးနဲ့ ငါက သွေးသားတော်စပ်တဲ့ သားအမိတွေ မဟုတ်ပေမဲ့လည်း ငါတို့ရဲ့ဆက်ဆံရေးက သွေးသားတွေထက်တောင် ပိုပြီးရင်းနှီးသေးတယ်။ ဘယ်လိုလုပ်ပြီး မယ်တော်ကြီးက ငါ့ကို စောင့်ကြည့်ဖို့ လူလွှတ်ရမှာလဲ"
"အရှင်မင်းမြတ်ကို လျှောက်တင်ပါရစေ။ ကျွန်တော်မျိုးမ ပြောသမျှက အမှန်တရားတွေချည်းပါပဲ။ မယ်တော်ကြီးက အရှင်မင်းမြတ်ကို စောင့်ကြည့်ဖို့ ကျွန်တော်မျိုးမကို တကယ်ပဲ အမိန့်ပေးခဲ့တာပါ"
ရှောင်မို ဟန်ဆောင်နေမှန်းကို စစ်လီ သိထားသော်လည်း သူမက ဘာမှမသိသူတစ်ဦးအလား ဟန်ဆောင်ကာ ရိုးသားပွင့်လင်းစွာဖြင့် ပြန်လည်ဖြေကြားလိုက်ပေသည်။
"မယ်တော်က ဒီလိုလုပ်တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ငါ မင်းကို သတ်မသတ်ဆိုတာကို ဘေးဖယ်ထားဦး။ ဒီကိစ္စကိုသာ မယ်တော် သိသွားခဲ့မယ်ဆိုရင် မင်းရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းသိရဲ့လား" ရှောင်မိုက မျက်မှောင်ကြုတ်လိုက်၏။
"စစ်လီ သေချာပေါက် သိထားပါတယ်" စစ်လီက စိုးရိမ်တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေသည်၊ "ဒါပေမဲ့ ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးမက မယ်တော်ကြီးအတွက် ဧကရာဇ်မင်းမြတ်ကို ဘယ်လိုမှ မစောင့်ကြည့်နိုင်ပါဘူး"
"အကြောင်းပြချက်ပြော" ရှောင်မိုက ဤနန်းတွင်းအစေခံမလေးကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပေသည်။
"ကျွန်တော်မျိုးမရဲ့ဖခင်က စောစောစီးစီး ကွယ်လွန်သွားခဲ့ပြီး ကျွန်တော်မျိုးမကို ငယ်ငယ်ကတည်းက အဘိုးဖြစ်သူကပဲ ပြုစုပျိုးထောင်ပေးခဲ့တာပါ။
ကျွန်တော်မျိုးမရဲ့အဘိုးက ကျင်းကျန်းခရိုင်ရဲ့ ခရိုင်ဝန်ဖြစ်ခဲ့ပြီး မဟာကျိုးအပေါ်မှာရော ကွယ်လွန်သူဧကရာဇ်ဟောင်းအပေါ်မှာပါ သစ္စာစောင့်သိခဲ့သူပါ။
ကျွန်တော်မျိုးမတို့ မိသားစုရဲ့ အခြေအနေတွေ ကျဆင်းလာခဲ့ပေမဲ့လည်း လက်ရှိဧကရာဇ်မင်းမြတ်ဟာ တကယ်တော့ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ ဉာဏ်ပညာကြီးမားတဲ့ အုပ်စိုးရှင်တစ်ပါးဖြစ်တယ်လို့ အဘိုးက အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိ မဟာကျိုးကို သစ္စာဖောက်အမတ်တွေက ကြီးစိုးနေတာကြောင့် ဧကရာဇ်မင်းမြတ်အတွက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ နေရာမရှိဖြစ်နေရတယ်လို့လည်း ဆိုခဲ့ပါတယ်။
အဘိုးက ကျွန်တော်မျိုးမသာ ယောကျာ်းလေးတစ်ယောက်အဖြစ် မွေးဖွားမလာခဲ့တဲ့အတွက် နန်းတွင်းမှာ တာဝန်ထမ်းဆောင်ပြီး ဧကရာဇ်မင်းမြတ်ကို မကူညီနိုင်ခဲ့ဘူးဆိုပြီး အကြိမ်ကြိမ် ညည်းတွားခဲ့ရင်း နောက်ဆုံးမှာ နောင်တတွေနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။
ဒါပေမဲ့ မိန်းကလေးတွေမှာလည်း သူတို့လုပ်နိုင်တဲ့ အရာတွေရှိပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်မျိုးမက နန်းတော်ထဲကို ဝင်ခွင့်ရခဲ့ပါတယ်။
နန်းတွင်းအစေခံတစ်ယောက်ပဲ ဖြစ်နေပါစေ... ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ရပြီး ဧကရာဇ်မင်းမြတ်အတွက် အလုပ်လုပ်ပေးရမယ့် နေ့တစ်နေ့ကို အမြဲတမ်း အိပ်မက်မက်ခဲ့ရတာပါ။
ကောင်းကင်ဘုံက အဘိုးရဲ့ဝိညာဉ်က စောင့်ရှောက်ပေးလို့လားတော့ မသိပါဘူး။ ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ရဲ့ ကိုယ်ရေးကိုယ်တာအစေခံအဖြစ် ရွေးချယ်ခံရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။
မယ်တော်ကြီးက ကျွန်တော်မျိုးမကို တစ်ကြိမ်ပြောခဲ့ဖူးပါတယ်။ တကယ်လို့ ကျွန်တော်မျိုးမသာ မယ်တော်ကြီးအတွက် ဧကရာဇ်မင်းမြတ်ကို စောင့်ကြည့်ပေးနိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ အတွင်းဆောင်မှာ နေရာတစ်နေရာ သေချာပေါက် ရလာလိမ့်မယ်၊ အနည်းဆုံးတော့ ပါရမီရှင်မိဖုရားငယ်လေးတစ်ပါး ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဧကရာဇ်မင်းမြတ်ရဲ့အနားမှာ နေခွင့်ရဖို့အတွက် ကျွန်တော်မျိုးမက မယ်တော်ကြီးကို သဘောတူသယောင် ဟန်ဆောင်ခဲ့ရပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိုးမရဲ့လုပ်ရပ်တွေက ဧကရာဇ်ကို လှည့်စားတဲ့ ရာဇဝတ်မှုမြောက်နေဆဲမို့လို့ အရှင်မင်းမြတ်က သေဒဏ်ချမှတ်ပေးဖို့ မျှော်လင့်ပါတယ်။
ဒါပေမဲ့ ဧကရာဇ်မင်းမြတ်အပေါ်ထားရှိတဲ့ ကျွန်တော်မျိုးမရဲ့ နှလုံးသားက ကောင်းကင်နဲ့မြေကြီးလို ရှင်းလင်းနေပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"
စစ်လီ၏ အသံလေးက အိပ်ဆောင်အတွင်း ပဲ့တင်ထပ်သွားပြီး အလွန်တရာ ရိုးသားပွင့်လင်းနေပုံရလေ၏။
ရှောင်မိုက မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးကို ကြည့်ကာ အတွေးနက်သွားချေပြီ။
သူမပြောခဲ့သမျှကို သူက တစ်ဝက်သာ ယုံကြည်လေ၏။
သို့သော် သူမပြောခဲ့သမျှ အရာအားလုံးက အမှန်တရားဖြစ်နေပြီး သူမက သူ့အပေါ် တကယ်ပဲ သစ္စာရှိနေမည်ဆိုလျှင်ရော။
ထိုသို့ဆိုလျှင် သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ မယ်တော်ကြီးယန်ထံတွင် သူမကို သူ၏သူလျှိုအဖြစ် ထားရှိနိုင်ပေမည်။ ဤအချက်က သူ၏အနာဂတ် အာဏာသိမ်းပိုက်ရေး အစီအစဉ်များအတွက် ကြီးမားလှသော အကျိုးကျေးဇူး ဖြစ်လာနိုင်ပေသည်။
"မင်းက ဒီကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် ဖွင့်ပြောလာတာဆိုတော့ ဧကရာဇ်ကို လှည့်စားတာလို့ မသတ်မှတ်တော့ဘူး" ရှောင်မိုက လက်ဖက်ရည်ပန်းကန်လုံးကို ချလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်၊ "မင်းကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးလိုက်မယ်။ ထတော့"
"ကျေးဇူးတော်ကြီးမားလှပါတယ် ဧကရာဇ်မင်းမြတ်"
စစ်လီက မတ်တပ်ရပ်လိုက်ပြီး မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်၏။ သူမက ခေါင်းကိုငုံ့ထားသဖြင့် အလွန်တရာ စိုးရိမ်တုန်လှုပ်နေပုံရလေသည်။
"မင်းခုနကပြောခဲ့တာတွေကို ငါ သေချာစဉ်းစားဖို့ လိုသေးတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ငါ့အနားမှာ မင်းလုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ပါ။ အခုတော့ သွားလို့ရပြီ" ရှောင်မိုက လက်ဝှေ့ယမ်းလိုက်ပေသည်။
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
စစ်လီက အရိုအသေပေးလိုက်ပြီးနောက် အိပ်ဆောင်အတွင်းမှ ဆုတ်ခွာသွားလေတော့သည်။
တံခါးကိုပိတ်ကာ အိပ်ဆောင်အဝင်ဝတွင် ရပ်လိုက်ချိန်၌ စစ်လီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး ယခင်က စိုးရိမ်တုန်လှုပ်နေခဲ့သည့် အမူအရာမျိုး အလျဉ်းမရှိတော့ချေ။
"လောစရာမလိုပါဘူး... ဖြည်းဖြည်းချင်းသွားတာပေါ့။ ဖြည်းဖြည်းချင်း သွားရုံပါပဲ"
ပိတ်သွားသော တံခါးကိုကြည့်ရင်း စစ်လီက သူမ၏ပါးလျသော နှုတ်ခမ်းများကို စေ့လိုက်ပြီး နှလုံးသားထဲမှ ဆန္ဒများကို ဖိနှိပ်ထားကာ တိုးတိုးလေး ရေရွတ်လိုက်လေ၏။
စစ်လီက သူမ၏ဝတ်စုံထဲသို့ လက်နှိုက်လိုက်ပြီး ရင်ဘတ်တွင် ပတ်စည်းထားသော ရင်စည်းစကို ဖြုတ်ချလိုက်ပေသည်။
စစ်လီတစ်ယောက် နန်းတွင်းအစေခံအဖြစ် ရွေးချယ်ခံရစဉ်က အကဲဖြတ်အရာရှိမကို လာဘ်ထိုးပြီး အောင်မြင်ခဲ့သော်ငြား ထိုအရာရှိမ၏ တောင်းဆိုချက်အရ ဤအဝတ်စများကို ရစ်ပတ်ထားခဲ့ရခြင်း ဖြစ်လေသည်။
သူမ၏ ခန္ဓာကိုယ်အချိုးအစားက ထင်ပေါ်လွန်းနေမည်ကို စိုးရိမ်ရပြီး မယ်တော်ကြီးသာ သိသွားပါက နန်းတော်ထဲမှ မောင်းထုတ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်ပေ၏။
သို့သော် ယခုအခါတွင်မူ၊
ထိုသို့လုပ်ရန် မလိုအပ်တော့ချေ။
"သခင်"
စစ်လီက သူမ၏လက်သေးသေးလေးကို မြင့်မားမို့မောက်နေသော ရင်အုံပေါ်သို့ ဖိကပ်ထားလိုက်ရင်း တံခါးကိုကြည့်ကာ တိုးတိုးလေး ခေါ်လိုက်လေသည်။
သူမ၏ တောက်ပနေသော မျက်ဝန်းများက မျက်ရည်တို့ဖြင့် စိုရွှဲနေခဲ့ပေပြီ။
နောက်တစ်နေ့ ချန်နာရီသို့ ရောက်ရှိလာခဲ့၏။
ရှောင်မိုက အိပ်ရာမှနိုးလာသည်နှင့် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
"ဧကရာဇ်မင်းမြတ်... မနက်ခင်း မျက်နှာသစ်ဖို့အတွက် ကျွန်တော်မျိုးမ ရေနွေးယူလာခဲ့ပါတယ်"
စစ်လီက တံခါးအပြင်ဘက်မှ လှမ်းခေါ်လိုက်ပေသည်။
"ဝင်ခဲ့" ရှောင်မိုက သန်းဝေလိုက်ရင်း အိပ်ရာပေါ်မှ ဆင်းလာခဲ့၏။
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
စစ်လီက အခန်းထဲသို့ ဝင်လာပြီးနောက် ရေနွေးကို စားပွဲပေါ်တွင် အမြန်ချထားလိုက်ပြီး ရှောင်မိုကို အဝတ်အစားများ ဝတ်ဆင်ပေးရန် အရင်ဆုံး ပြင်ဆင်လိုက်လေသည်။
သို့သော် အဝတ်အစားဝတ်ဆင်ပေးနေစဉ်အတွင်း တစ်စုံတစ်ခုက ပုံမှန်မဟုတ်သကဲ့သို့ ရှောင်မို ခံစားနေရ၏။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနူးညံ့နေသော တောင်ထွတ်နှစ်ခုက သူ၏လက်မောင်းကို ပွတ်တိုက်သွားသလိုလို၊ သူ၏ကျောပြင်ကို ထိတွေ့သွားသလိုလို အဆက်မပြတ် ခံစားနေရပေသည်။
ရှောင်မိုက ခေါင်းလှည့်ကာ စစ်လီကို တစ်ချက်ကြည့်လိုက်ရာ သူ၏နှလုံးသားထဲတွင် အံ့သြမှုတစ်ရပ် လျှပ်တစ်ပြက် ပေါ်ထွက်လာခဲ့ချေပြီ။
သူမက မနေ့က ဝတ်စုံကိုပဲ ဝတ်ဆင်ထားသော်ငြား မနေ့ကနဲ့ယှဉ်လျှင် သူမ၏ ခန္ဓာကိုယ်အချိုးအစားက အဘယ်ကြောင့် ဤမျှလောက် ပြောင်းလဲသွားရသနည်း။
သူမက လျှို့ဝှက်ပညာရပ်တစ်ခုခုကိုများ အသုံးပြုထားတာလား။ တစ်ညတည်းနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြီးမားလာရတာလဲ။
ရှောင်မို၏အကြည့်ကို သတိပြုမိသွားသောအခါ စစ်လီက ခေါင်းငုံ့လိုက်သည်။ သူမ၏ ပါးပြင်များက သွေးရောင်လွှမ်းသွားပြီး ရှက်သွေးဖြာစွာဖြင့် ပြောလိုက်လေ၏၊ "နန်းတွင်းကို အသစ်ရောက်လာတဲ့ အစေခံတွေရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားက အရမ်းမလှပရဘူးလို့ မယ်တော်ကြီးက တောင်းဆိုထားတယ်ဆိုတာကို ကျွန်တော်မျိုးမ အရင်က ကြားဖူးထားလို့ အမြဲတမ်း ရင်စည်းစကို သုံးပြီး ပတ်ထားခဲ့တာပါ။
ဒါပေမဲ့ အချိန်ကြာလာတော့ တကယ်ပဲ အရမ်းအိုက်လွန်းတဲ့အပြင် ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ကို ရိုးရိုးသားသားပဲ ရင်ဆိုင်ချင်လို့... ဒါကြောင့်..."
သူမ စကားပြောနေစဉ် စစ်လီ၏အသံက တဖြည်းဖြည်း တိုးဝင်သွားကာ သူမ၏အမူအရာက ဆွဲဆောင်မှုအပြည့် ရှိနေခဲ့ပေသည်၊ "ဒါကြောင့် ကျွန်တော်မျိုးမက... အဲဒီရင်စည်းစကို ဖယ်ရှားလိုက်တာပါ။ တကယ်လို့ ဧကရာဇ်မင်းမြတ်က မသင့်တော်ဘူးလို့ ထင်ရင် ကျွန်တော်မျိုးမ ပြန်ပြီး ပတ်ထားလိုက်ပါ့မယ်..."
"မလိုပါဘူး" ရှောင်မိုက အကြည့်လွှဲလိုက်သည်၊ "ဒီလို ကိစ္စသေးသေးလေးတွေမှာတော့ မင်းသဘောအတိုင်းပဲ ဆုံးဖြတ်ပါ"
"မှန်လှပါ ဧကရာဇ်မင်းမြတ်" စစ်လီက ခေါင်းညိတ်ပြလိုက်ပြီး ရှောင်မိုကို ဆက်လက်၍ အဝတ်အစားဝတ်ဆင်ပေးနေလေ၏။
"မြင်းရထားသွားပြင်ထားလိုက်။ ငါ နေရာတစ်ခုကို သွားစရာရှိတယ်။ မင်းလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်"
အဝတ်အစားများ လဲလှယ်ပြီးနောက် ရှောင်မိုက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပေသည်။
"မှန်လှပါ" စစ်လီက ထပ်မမေးတော့ဘဲ တော်ဝင်ရထားလုံးကို ပြင်ဆင်ရန် အလျင်စလို ထွက်သွားလေတော့သည်။
အမွှေးတိုင်နှစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် တော်ဝင်ရထားလုံးက ရပ်တန့်သွားလေ၏။
စစ်လီက ရှောင်မိုနောက်မှ လိုက်ပါလာခဲ့ပြီး နန်းတော်တံခါးတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။
ခေါင်းမော့ကြည့်လိုက်သောအခါ "နိုင်ငံတော်ဆရာအိမ်တော်" ဟူသော စာလုံးကြီးသုံးလုံးကို စစ်လီ မြင်တွေ့လိုက်ရပေ၏။
ရှောင်မိုက တံခါးကိုခေါက်လိုက်သည်၊ "နတ်မိမယ်ကျန်း ရှိနေလား"
နိုင်ငံတော်ဆရာအိမ်တော်အတွင်းမှ ပြန်ထူးသံ မကြားရသော်လည်း ပင်မတံခါးကြီးက အလိုအလျောက် ပွင့်လာခဲ့လေသည်။
ရှောင်မိုက စစ်လီကိုဦးဆောင်ကာ အထဲသို့ ဝင်သွားလိုက်၏။
စစ်လီက ဘယ်ညာကြည့်ရှုကာ ဤအိမ်တော်ကို အကဲခတ်နေမိသည်။
မကြာမီ မျက်နှာဖုံးဇာပုဝါ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အခန်းတွင်းမှ ထွက်လာခဲ့လေ၏။
ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ စစ်လီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားချေပြီ။
"မဟာကျိုးရဲ့ နိုင်ငံတော်ဆရာက တကယ်ပဲ သူမဖြစ်နေတာလား"
စစ်လီက သူမ၏လက်သေးသေးလေးများကို တင်းကြပ်စွာ ဆုပ်ထားလိုက်မိပြီး ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ နှလုံးသားထဲတွင် ခံစားလိုက်ရပေသည်။
ကျန်းချင်ရီ၏ အကြည့်များကလည်း စစ်လီအပေါ်သို့ ကျရောက်လာခဲ့ပြီး သူမ၏ မိုးမခရွက်ကဲ့သို့ လှပသော မျက်ခုံးလေးများက အနည်းငယ် တွန့်ကွေးသွားလေတော့သည်။