← Chapters

အခန်း (၄၇၃-၄၇၄)

Vol. 48 Ch. 473-474

အခန်း (၄၇၃-၄၇၄)

Vol. 48 Ch. 473-474

အခန်း (၄၇၃)

ကျန်းချင်ရီက တံခါးရှေ့ရှိ လှေကားထစ်များမှ ဆင်းလာကာ စစ်လီ၏အနားသို့ ချဉ်းကပ်သွားပြီး သူမ၏အကြည့်များက စစ်လီခန္ဓာကိုယ်၏ နေရာတိုင်းကို စေ့စေ့စပ်စပ် အကဲခတ်နေလေ၏။

စစ်လီက ခေါင်းငုံ့ကာ အကြည့်လွှဲထားပြီး သူမ၏လက်နှစ်ဖက်ကို ရှေ့တွင် ယှက်ထားလျက် အလွန်တရာ ကြောက်ရွံ့တုန်လှုပ်နေဟန် ပြသနေပေသည်။

"တည်ငြိမ်အောင်ထား... တည်ငြိမ်အောင်ထား... ဝမ်ရှင်း ငါ့ကိုပေးထားတဲ့ အမြင့်မြတ်ဆုံးရတနာ ရှိနေတာပဲ။ သူမက ငါ့ရဲ့အဆင့်ကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး"

ဤကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ ဓားမသေမျိုး၏ စေ့စေ့စပ်စပ် အကဲခတ်ခြင်းကို ခံနေရစဉ် စစ်လီ၏ နှလုံးသားက ပိုမိုမြန်ဆန်စွာ ခုန်ပေါက်နေလေတော့သည်။

သို့သော် စစ်လီက သူမကိုယ်သူမ တည်ငြိမ်အောင် မနည်းထိန်းထားရ၏။

နန်းတော်ထဲသို့ မဝင်ရောက်မီ အမှားအယွင်း တစ်စုံတစ်ရာမရှိစေရန် သေချာစေရန်အတွက် ဝမ်ရှင်းက သူမအား "ကောင်းကင်ဖုံးကွယ်ခြင်း ပုလဲ" ဟုခေါ်သော တစ်ပိုင်းမသေမျိုးလက်နက်တစ်ခုကို ပေးအပ်ခဲ့ပေသည်။

ဤကောင်းကင်ဖုံးကွယ်ခြင်း ပုလဲနှင့်ဆိုလျှင် သူမက ချီစွမ်းအင် သို့မဟုတ် မှော်ပညာများကို အသုံးမပြုသရွေ့ ချင်တိုင်းပြည် နန်းတော်၏ တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာစွမ်းအားက သူမကို သတိထားမိမည် မဟုတ်ချေ။

ထို့အပြင် ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး သူမရှေ့တွင် ရပ်နေမည်ဆိုလျှင်ပင် သူမ၏အဆင့်ကို သိမြင်နိုင်မည် မဟုတ်ပေ။

ဤကောင်းကင်ဖုံးကွယ်ခြင်း ပုလဲ၏ ဖုံးကွယ်ထားမှုအောက်တွင် ပန်းတစ်သောင်းတောင်ထွတ်၏ လျှို့ဝှက်ချက်ဖြစ်သော သူမ၏ ရုပ်ဖျက်ပညာရပ်ကပင် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီး ရှာဖွေတွေ့ရှိခံရနိုင်ခြေကို အလွန်နည်းပါးသွားစေလေတော့သည်။

စစ်လီ၏အနီးတွင် နှစ်ပတ်လှည့်ပတ်ပြီးနောက် ကျန်းချင်ရီက သူမ၏အကြည့်ကို ရွှေ့လိုက်ပြီး ရှောင်မိုကို တစ်ချက်ကြည့်လိုက်၏။

"ဧကရာဇ်မင်းမြတ်က တကယ်ပဲ အမြင်ကျယ်တာပဲ။ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး လူဘယ်နှစ်ယောက်လောက်များ သူတို့ကိုယ်သူတို့ ယုံကြည်မှု ကင်းမဲ့သွားမလဲ မသိဘူးနော်"

စကားပြောပြီးနောက် ကျန်းချင်ရီက ကျောက်စားပွဲခုံတွင် ပြန်ထိုင်ကာ သူမအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး မကျေမနပ်ဖြစ်နေဟန်ဖြင့် မေးလိုက်သည်၊ "ဒီနေ့ ဧကရာဇ်မင်းမြတ်က ကျွန်မရဲ့ နိုင်ငံတော်ဆရာအိမ်တော်ကို ဘာကိစ္စများရှိလို့ ကြွလာတာလဲ။ အချစ်သစ်လေး ရလာလို့များ ကျွန်မရှေ့မှာ လာကြွားတာလား"

"နတ်မိမယ်ကျန်းကတော့ နောက်နေပြန်ပါပြီ" ရှောင်မိုက ပြုံးကာ ခေါင်းခါပြလိုက်သည်။ "ဒီနေ့ ကိုယ်တော်လာခဲ့တာက အကူအညီတစ်ခု တောင်းချင်လို့ပါ"

"အို" ကျန်းချင်ရီက သူမ၏မျက်လုံးများကို အနည်းငယ် ပင့်လိုက်၏။ "ဘာကိစ္စလဲ"

"အရင်တုန်းက ကိုယ်တော်စာကြည့်တိုက်မှာ ရှိနေတုန်းက ဒီလောကမှာ လူတစ်ယောက်ကို အမှန်တရား ပြောထွက်လာအောင် လုပ်နိုင်တဲ့ မှော်ပညာတချို့ရှိတယ်လို့ ကောလာဟလတွေ ကြားဖူးတယ်ဆိုတာကို စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ရဖူးတယ်" ရှောင်မိုက သူ၏အနားရှိ စစ်လီထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်ပေသည်။

"အမှန်တရားကို ပြောထွက်လာအောင် လုပ်တာလား" ကျန်းချင်ရီက စစ်လီကို တစ်ချက်ကြည့်လိုက်သည်။ "ဘာသဘောလဲ"

"စာသားအတိုင်းပဲလေ။ ဒီနန်းတွင်းအစေခံလေးရဲ့ နာမည်က စစ်လီတဲ့။ မနေ့က ငါနဲ့တွေ့တဲ့အချိန်မှာ သူမက မယ်တော်ကြီးက ငါ့ကို စောင့်ကြည့်ဖို့ လွှတ်လိုက်တာလို့ တိုက်ရိုက်ကြီး ပြောလာတယ်။ ဒါပေမဲ့ သူမက ငါ့အပေါ်မှာ သစ္စာရှိပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့လည်း ဆိုတယ်"

ရှောင်မိုက ရှင်းပြလိုက်၏။

"ဒါပေမဲ့ နတ်မိမယ်ကျန်း သိတဲ့အတိုင်းပဲ... ဒီအတွင်းဆောင်မှာ ငါ သတိထားရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ဒါကြောင့် စစ်လီ လိမ်နေသလားဆိုတာကို စမ်းသပ်ဖို့ ဒီလိုမှော်ပညာမျိုးကို နတ်မိမယ်ကျန်းများ သိမလားဆိုပြီး အထူးတလည် လာမေးတာပါ"

ကျန်းချင်ရီက မယုံနိုင်လောက်အောင် လှပသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အမျိုးသမီးကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်၊ "ဧကရာဇ်မင်းမြတ်က လူတစ်ယောက်ရဲ့ အဆင့်မြင့်နေတာနဲ့ အရာအားလုံးကို သိတယ်လို့ ထင်နေတာလား"

"အဆင့်တက်လာတာနဲ့အမျှ လူအများစု သဘာဝအတိုင်း သင်ယူတတ်မြောက်သွားကြတဲ့ သာမန်မှော်ပညာတချို့တော့ တကယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလို အမှန်တရားပြောထွက်လာအောင်လုပ်တဲ့ ပညာရပ်ကတော့ တာအိုကျောင်းတော် ဒါမှမဟုတ် ယင်ယန်ကျောင်းတော်က ကျင့်ကြံသူတွေရဲ့ အထူးကျွမ်းကျင်မှုပါ"

ကျန်းချင်ရီက မျက်နှာလွှဲသွားလေ၏။

"ကျွန်မက ဓားကျင့်ကြံသူလေ။ အဲဒီလို မှော်ပညာတွေကို မသိသလို သင်ယူဖို့လည်း စိတ်မဝင်စားဘူး။ သံသယဖြစ်စရာ လူတစ်ယောက်ရှိလာပြီဆိုရင် လွှတ်ပေးလိုက်ရတာထက် မှားပြီး သတ်မိသွားတာကိုပဲ ရွေးချယ်ပြီး ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မှာပဲ။ ဧကရာဇ်မင်းမြတ်လိုမျိုး ကျွန်မက ဘာလို့ သံယောဇဉ်ကြီးနေရမှာလဲ"

"ကောင်းပြီလေ... ဒါဆိုရင်လည်း ငါကပဲ အနှောင့်အယှက်ပေးမိသလို ဖြစ်သွားပြီ" ရှောင်မိုက စိတ်ပျက်မသွားပေ။ အကယ်၍ သူမ မသိလျှင်လည်း အခြားနည်းလမ်းတစ်ခုကို ရှာဖွေရုံသာ ရှိတော့သည်။

"နေဦး"

ရှောင်မိုက လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ကျန်းချင်ရီက သူ၏အနောက်မှ လှမ်းခေါ်လိုက်ပေ၏။

ကျန်းချင်ရီက မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ရှောင်မိုအနားသို့ လျှောက်သွားလိုက်သည်။ "ဧကရာဇ်မင်းမြတ်ကို ကူညီနိုင်တဲ့ တခြား မှော်ပညာတွေကို ကျွန်မ သိပါတယ်။ ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားချင်နေရတာလဲ"

"ဘာမှော်ပညာလဲ" ရှောင်မိုက စပ်စုချင်စိတ်ဖြင့် မေးလိုက်လေ၏။

"ဝိညာဉ်ရှာဖွေခြင်းပညာရပ်ပေါ့" ကျန်းချင်ရီက စစ်လီကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "ဝိညာဉ်ကို ရှာဖွေလိုက်တာနဲ့ အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်။ အဲဒါက အမှန်တရားပြောထွက်လာအောင် လုပ်တာထက် ပိုအသုံးမဝင်ဘူးလား"

သူမက ဝိညာဉ်ရှာဖွေခြင်း ခံရတော့မည်ဟု ကြားလိုက်ရသောအခါ စစ်လီ၏ နှလုံးသားက တင်းကြပ်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်မိချေပြီ။

"ဘေးထွက်ဆိုးကျိုးတွေကော ရှိလား" ရှောင်မိုက မေးလိုက်ပေသည်။

"ရှိတာပေါ့။ အကောင်းဆုံးအခြေအနေဆိုရင် သူမ မှတ်ဉာဏ်တချို့ ပျောက်သွားမယ်။ အဆိုးဆုံးအခြေအနေဆိုရင်တော့ သူမ အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ပြင်းထန်မှုကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့" ကျန်းချင်ရီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။

ရှောင်မိုက ခေါင်းလှည့်ကာ စစ်လီကို တစ်ချက်ကြည့်လိုက်သည်။

စစ်လီက သူမ၏ မွှေးပျံ့သော အင်္ကျီလက်စကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာလေးက အနည်းငယ် ဖြူဖျော့နေသည်ကို သူ တွေ့လိုက်ရပေ၏။

"ထားလိုက်တော့" ရှောင်မိုက ခေါင်းခါပြကာ ကျန်းချင်ရီ၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။

"အို... ဧကရာဇ်မင်းမြတ်က အလှလေးကို ဒုက္ခမပေးရက်ဘူးပေါ့" ကျန်းချင်ရီက လက်ပိုက်လိုက်လေ၏။

"တကယ်လို့ သူမက ကိုယ်တော့်အပေါ် တကယ်ပဲ သစ္စာရှိနေပြီး ကိုယ်တော့်ရဲ့ သံသယစိတ်ကြောင့် သူမကို အရူးတစ်ယောက် ဖြစ်သွားအောင် လုပ်လိုက်မယ်ဆိုရင် ငါ့စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး" ရှောင်မိုက ရှင်းပြလိုက်သည်။

ရှောင်မို၏ ရှင်းပြချက်ကို နားထောင်ရင်း စစ်လီက ခေါင်းမော့ကာ သူ၏ဘေးတိုက်မျက်နှာလေးကို ကြည့်လိုက်မိပြီး သူမ၏တောက်ပရွှန်းလဲ့နေသည့် မျက်ဝန်းများတွင် ခံစားချက်လှိုင်းဂယက်တို့ ထကြွလာခဲ့ချေပြီ။

"ဟီးဟီးဟီး... ဧကရာဇ်မင်းမြတ်က သိပ်ကို ကြင်နာတတ်တာပဲနော်။ အနာဂတ်မှာ အာဏာသိမ်းဖို့ကို ဘယ်လိုလုပ်မလဲ"

ကျန်းချင်ရီက အေးစက်စက် ရယ်မောလိုက်ပြီး သူမ၏ သိုလှောင်အိတ်ထဲမှ သေတ္တာငယ်လေးတစ်လုံးကို သူ့ထံသို့ ပစ်ပေးလိုက်လေ၏။

ရှောင်မိုက သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် အပ်တစ်ချောင်းခန့် ရှည်လျားသော ဓားပျံသေးသေးလေးတစ်လက် ရှိနေပြီး ၎င်း၏အောက်တွင် ဂါထာမန္တန်တစ်ခု ပါဝင်သော စက္ကူဖြူတစ်ရွက်ကို တွဲလျက်သား တွေ့လိုက်ရပေသည်။

ကျန်းချင်ရီက ရှောင်မိုကို လျစ်လျူရှုကာ သူမ၏အခန်းထဲသို့ လှည့်ဝင်သွားပြီး သူမ၏အသံက အနောက်တွင် ကျန်ရစ်ခဲ့လေ၏။

"ဒီဓားကို နှလုံးသားဖောက်ထွင်းဓားလို့ ခေါ်တယ်။ နေရာတစ်ခုကို ဖြတ်သွားရင်းနဲ့ မိစ္ဆာဂိုဏ်းတစ်ခုကို အမှတ်တမဲ့ ဖျက်ဆီးပစ်လိုက်တုန်းက ရခဲ့တဲ့ အဆင့် (၇) မှော်လက်နက်တစ်ခုပဲ။ သူ့ရဲ့ အာနိသင်တွေနဲ့ ဒီဓားပျံသေးသေးလေးကို ဘယ်လိုသုံးရမလဲဆိုတာကို စက္ကူဖြူပေါ်မှာ ရေးထားတယ်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ပါ"

ထိုအမျိုးသမီး၏ အသံလေး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အတူ တံခါးက ပိတ်သွားပြီး ခြံဝင်းအတွင်း တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားလေတော့သည်။

"ကျေးဇူးတင်ပါတယ် နတ်မိမယ်ကျန်း"

ရှောင်မိုက အခန်းရှိရာဘက်သို့ ဦးညွှတ်လိုက်ပြီး သေတ္တာကိုယူကာ စစ်လီကိုဦးဆောင်လျက် နိုင်ငံတော်ဆရာအိမ်တော်ထဲမှ ထွက်ခွာသွားလေ၏။

အိပ်ဆောင်သို့ ပြန်ရောက်သောအခါ စစ်လီက ရှောင်မို၏ အပေါ်ဝတ်ရုံကို ချွတ်ပေးပြီးနောက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူမက နှုတ်ခမ်းလေးကို ဆူထားပြီး မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်ပေသည်၊

"အဲဒီ နိုင်ငံတော်ဆရာက တကယ်ပဲ အံ့သြစရာပါပဲ။ ကျင့်ကြံသူဖြစ်ရတာ အဲဒီလောက်တောင် ကြီးကျယ်နေတာလား။ ဧကရာဇ်မင်းမြတ်ကိုများ အဲဒီလို လေသံမျိုးနဲ့ စကားပြောရတယ်လို့"

ရှောင်မိုက လက်ဖက်ရည်ပန်းကန်လုံးကို ယူကာ ပြုံးလိုက်၏။ "မိန်းကလေးကျန်းက အဲဒီလိုပါပဲ... အပြောသာ ကြမ်းပြီး စိတ်ထားက နူးညံ့ပါတယ်။ သူမက အပြင်ပန်းမှာ ရေခဲလို အေးစက်နေပြီး သူမစကားတွေက ခွင့်လွှတ်မှုကင်းမဲ့နေပုံပေါ်ပေမဲ့ တကယ်တော့ သူမက သိပ်ကို သဘောထားနူးညံ့တဲ့သူပါ။ တကယ်လို့ သူမ တကယ်ကူညီနိုင်တယ်ဆိုရင် သူမက ငြင်းမှာ မဟုတ်ဘူး"

လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ရှောင်မိုက သေတ္တာကို ဖွင့်ကာ ဓားပျံနှင့် စက္ကူဖြူကို ထုတ်ယူလိုက်လေ၏။

နတ်မိမယ်ကျန်း ပြောခဲ့သကဲ့သို့ပင် ဤဓားက အဆင့် (၇) မှော်လက်နက်တစ်ခု ဖြစ်ပေသည်။ သူ၏လက်ရှိအဆင့်နှင့်ဆိုလျှင် သူက ၎င်းကို အသုံးပြုနိုင်မည်သာ ဖြစ်လေ၏။

သူလုပ်ရန်လိုအပ်သည်မှာ ဤဓားပျံသေးသေးလေးပေါ်သို့ သွေးတစ်စက်ချလိုက်ပြီးနောက် ၎င်းကို စစ်လီ၏ မျက်ခုံးနှစ်ခုကြားသို့ ထည့်သွင်းလိုက်ရန်သာ ဖြစ်ပေသည်။

ထိုသို့လုပ်ပြီးနောက် ရှောင်မိုက သူမကို မည်သည့်အရာမေးသည်ဖြစ်စေ သူမက အမှန်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး၊ မဟုတ်လျှင် နှလုံးသားကို ကိုက်ခဲစားသောက်ခံရသည့်အလား နာကျင်မှုကို ခံစားရမည် ဖြစ်လေ၏။

ထို့အပြင် ဓားရှည်ကို ထည့်သွင်းပြီးနောက်တွင် စစ်လီက နေ့စဉ်နေ့တိုင်း သူ၏ ဓားချီတစ်စကို လက်ခံရယူရမည် ဖြစ်ပေသည်။

အကယ်၍ ဓားချီကို လက်မခံရသည်မှာ သုံးရက်ထက်ကျော်လွန်သွားပါက ဤဓားရှည်ကြောင့် သူမ၏ သွေးကြောများ ကမောက်ကမဖြစ်သွားပြီး ရုတ်တရက် သေဆုံးသွားမည် ဖြစ်လေတော့သည်။

သေချာသည်မှာ ဤမှော်လက်နက်က ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများနှင့် သာမန်လူသားများကိုသာ အကျိုးသက်ရောက်နိုင်ခြင်း ဖြစ်ပေ၏။

သို့သော် ထိုမျှဖြင့်ပင် လုံလောက်နေပြီ ဖြစ်လေသည်။

"ပြီးတော့ သူမက အမှန်တရားပြောထွက်လာအောင်လုပ်တဲ့ မှော်ပညာတွေကို မသိဘူးလို့ ပြောခဲ့သေးတယ်" ဓားရှည်ကိုကြည့်ရင်း ရှောင်မိုက စကားမပြောနိုင်တော့ဘဲ ခေါင်းခါလိုက်မိသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတော်ဆရာသခင်ကျန်းက လိမ်ညာနေခြင်းတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမက ၎င်းကို အမှန်တကယ် မသိသော်လည်း ၎င်းအစား အစားထိုးနိုင်မည့် မှော်လက်နက်တစ်ခုကို သူ့အား ပေးခဲ့သောကြောင့် ဖြစ်လေ၏။

ဓားပျံကို ချထားလိုက်ပြီးနောက် ရှောင်မိုက စက္ကူဖြူကို စစ်လီထံသို့ ကမ်းပေးလိုက်သည်။ "မင်းကိုယ်တိုင် ဖတ်ကြည့်လိုက်"

"မှန်လှပါ ဧကရာဇ်မင်းမြတ်"

ယူပြီးနောက် စစ်လီက ၎င်းကို အလွန်သေချာစွာ ဖတ်ရှုလိုက်ပေသည်။

သူမ ဖတ်နေစဉ်တွင် သူမ၏ မျက်ဝန်းများ၌ စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။

"ဘယ်လိုလဲ... မင်းဆန္ဒရှိရဲ့လား" ရှောင်မိုက မေးလိုက်၏။ "တကယ်လို့ မင်းဆန္ဒမရှိဘူးဆိုရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့လို နန်းတွင်းအစေခံတွေက အခြေအနေတွေကြောင့် ဖိအားပေးခံရလေ့ ရှိတာပဲလေ။ မင်းရဲ့အသက်ကို ကယ်တင်ပေးဖို့ နန်းတော်ထဲကနေ မင်းကို ငါ ထွက်သွားခိုင်းလို့ ရပါသေးတယ်"

"ကျွန်တော်မျိုးမ ဆန္ဒရှိပါတယ်" စစ်လီက ရှောင်မိုရှေ့တွင် ဒူးထောက်လိုက်လေ၏။ "ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်အပေါ်မှာ တစ်ကိုယ်ကောင်းဆန်မှု နည်းနည်းလေးမှမရှိဘဲ အမြဲတမ်း စိတ်ရင်းမှန်နဲ့ ရှိနေခဲ့တာပါ"

"ကောင်းပြီ"

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီးနောက် ဓားထိပ်ဖျားဖြင့် သူ၏လက်ချောင်းထိပ်ကို ဖောက်လိုက်ကာ အဆီအနှစ်သွေးတစ်စက်ကို ဓားငယ်လေးပေါ်သို့ ကျဆင်းစေလိုက်ပေသည်။

ဂါထာမန္တန်ကို ရွတ်ဆိုလိုက်သည်နှင့် ဓားငယ်လေးက မရပ်မနား တုန်ခါသွားပြီး လေထဲတွင် ဝဲပျံနေလေတော့၏။

"သွားစမ်း"

ရှောင်မိုက လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်နှင့် ဓားပျံသေးသေးလေးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ စစ်လီ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေတော့သည်။

သို့သော် ဤဓားပျံလေးက သူမ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ချီစွမ်းအင်ဖြင့် ဖိနှိပ်ထားခြင်းကို ခံလိုက်ရချေပြီ။ ၎င်းက လုံးဝ အလုပ်မလုပ်နိုင်တော့ဘဲ စစ်လီက သူမလိုချင်သည့်အချိန်တိုင်း ၎င်းကို ဖျက်ဆီးပစ်နိုင်စွမ်းပင် ရှိလေ၏။

"မင်းကို မယ်တော်ကြီးက လွှတ်လိုက်တာလား" ရှောင်မိုက မေးလိုက်ပေသည်။

"မှန်လှပါ ဧကရာဇ်မင်းမြတ်" စစ်လီက အမှန်အတိုင်း ဖြေကြားလိုက်၏။

စစ်လီတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ရှောင်မိုက ဆက်လက်၍ မေးလိုက်သည်၊ "မင်းက ငါ့အပေါ်ကို တကယ်ပဲ သစ္စာရှိပြီး ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူးလား"

"ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်အပေါ်မှာ အကြွင်းမဲ့ သစ္စာရှိပါတယ်။ ဘာတွေပဲဖြစ်လာပါစေ... ဧကရာဇ်မင်းမြတ်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး" ဟု စစ်လီက သူမ၏ အလွန်တရာ ရိုးသားပွင့်လင်းနေသော မျက်ဝန်းများဖြင့် ထပ်မံ၍ ပြောလိုက်လေတော့သည်။

အခန်း (၄၇၄)

စစ်လီထံတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသေးသည်ကို မြင်လိုက်ရသောအခါ ရှောင်မိုက သူမပြောခဲ့သမျှသည် အမှန်တရားဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေ၏။

"ငါ့ကိုပြောစမ်း... အခုလောလောဆယ် မင်း အလိုချင်ဆုံးအရာက ဘာလဲ" ရှောင်မိုက ဆက်လက်မေးမြန်းလိုက်ပေသည်။

"ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ ဘာမှမလိုချင်ပါဘူး။ ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ကို သေချာအလုပ်အကျွေးပြုဖို့ပဲ ဆန္ဒရှိတာပါ"

သို့သော် စစ်လီ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်...

စစ်လီ၏ မျက်ခုံးများက တွန့်ကွေးသွားပြီး သူမ၏သွားများက ပါးလျသောနှုတ်ခမ်းများကို တင်းကြပ်စွာ ကိုက်ထားမိလျက် နဖူးပြင်ထက်တွင် အေးစက်သော ချွေးသီးချွေးပေါက်များ ပေါ်ထွက်လာခဲ့ချေပြီ။ သူမက ပြင်းထန်စွာ အသက်ရှူသွင်းလိုက်ရပြီး ထွက်သက်ဝင်သက်တိုင်း၌ သူမ၏ ရင်အုံက ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေတော့သည်။

"အင်း... အား..."

စစ်လီက သူမ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ပါးပြင်များက ဆွဲဆောင်မှုရှိသော ကြက်သွေးရောင်အဆင်းဖြင့် ရဲတက်လာခဲ့ပေ၏။

"ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးမ... ဧကရာဇ်မင်းမြတ်..."

သူမ၏ မျက်ဝန်းများက ဝေဝါးနေသော အကြည့်တို့ဖြင့် ရှောင်မိုကို မော့ကြည့်လာခဲ့သည်။ သူမပြောလိုက်သော စကားလုံးတိုင်းက သူမကို အလွန်အမင်း နာကျင်စေပုံရလေ၏။

သူမ၏ စကတ်အောက်မှ လုံးဝန်း၍ ကျစ်လျစ်သော ခြေတံသွယ်သွယ်လေးများက တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ အဆက်မပြတ် ပွတ်တိုက်နေခဲ့ချေပြီ။

စစ်လီ၏ ဤအခြေအနေကို မြင်လိုက်ရသောအခါ ရှောင်မိုတစ်ယောက် ခဏတာမျှ မှင်သက်သွားခဲ့ပေသည်။

စက္ကူပေါ်တွင် ဖော်ပြထားသော ဓားချီကြောင့် သွေးကြောများ ကမောက်ကမဖြစ်သွားသည့် နာကျင်မှုနှင့် နှိုင်းယှဉ်လျှင်...

စစ်လီက ကာမဆန္ဒကြွစေသော ဆေးတစ်ခွက် တိုက်ကျွေးခံထားရသူနှင့် ပိုတူနေသည်ဟု ရှောင်မို ခံစားလိုက်ရလေ၏။

အကယ်၍ သူသာ နှလုံးသားရှင်းလင်းခြင်းကျမ်းစာကို ကျင့်ကြံထားခြင်း မရှိခဲ့လျှင်နှင့် ဘဝတစ်ရာကျမ်းမှ ဆုလာဘ်များက သူ၏စိတ်ဝိညာဉ်ကို များစွာ ပိုမိုခိုင်မာလာစေခြင်း မရှိခဲ့လျှင်...

ယခုကဲ့သို့ အခူးဆွတ်ခံရန် အသင့်ဖြစ်နေသည့် သူမ၏ ဆွဲဆောင်မှုအပြည့်ရှိသော အသွင်အပြင်ကြောင့် သူ တကယ်ပဲ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားနိုင်ချေ ရှိပေသည်။

အချိန်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက်တွင်မူ စစ်လီ၏ နာကျင်မှုက တဖြည်းဖြည်း လျော့ကျသွားဟန်ရှိပြီး သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တချို့ ကျန်ရစ်နေခဲ့လေ၏။

"ငါ့ကိုပြောစမ်း... မင်း ဘာလိုချင်တာလဲ" ရှောင်မိုက ထပ်မံမေးလိုက်သည်။

စစ်လီက ကြမ်းပြင်ပေါ်မှ တုန်ယင်စွာဖြင့် ထထိုင်လိုက်ပြီး ဘေးတိုက်လေး ထိုင်နေလိုက်၏။ သူမ၏ နန်းတွင်းဝတ်စုံလေးက ကျော့ရှင်းလှပသော ခန္ဓာကိုယ်လေးအပေါ်သို့ တင်းကျပ်စွာ ကပ်တွယ်နေခဲ့ပေသည်။

"ကျွန်တော်မျိုးမ..."

စစ်လီက တုံ့ဆိုင်းနေရင်း ပါးပြင်များ ရဲတက်လာခဲ့ပြီး သူမ၏အသံလေးက အလွန်တရာ အပြစ်ရှိသလို ခံစားနေရပုံပေါ်လေ၏။

"ကျွန်တော်မျိုးမက... ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကို လိုချင်တာပါ"

"ဧကရာဇ်မင်းမြတ်ကို ပထမဆုံး မြင်လိုက်ရကတည်းက ကျွန်တော်မျိုးမရဲ့ နှလုံးသားက အရှင်မင်းမြတ်ပိုင် ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော်မျိုးမ အရင်က ဒီလို တစ်ခါမှ မခံစားခဲ့ရဖူးပါဘူး။ စာအုပ်တွေထဲက မြင်မြင်ချင်း ချစ်မိသွားတာနဲ့ အတူတူပါပဲ။ ဧကရာဇ်မင်းမြတ်နဲ့အတူ ရှိနေခွင့်ရမယ်ဆိုရင် ကျွန်တော်မျိုးမ ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်"

"စောစောက ကျွန်တော်မျိုးမ ဧကရာဇ်မင်းမြတ်ကို လိမ်ပြောခဲ့မိပါတယ်။ ကျွန်တော်မျိုးမကို အပြစ်ပေးပါ။ ဒါပေမဲ့ စောစောက ကျွန်တော်မျိုးမက အဲဒါကို ဘယ်လို ဖွင့်ပြောရမလဲဆိုတာကို တကယ်ပဲ မသိခဲ့လို့ပါ..."

"ဒါက တကယ်ကို... တကယ်ကို ရှက်စရာကောင်းလွန်းလို့ပါ..."

သူမ စကားပိုပြောလာလေလေ စစ်လီ၏ မျက်နှာပေါ်မှ ရှက်သွေးဖြာမှုက ပိုမိုပျံ့နှံ့လာလေလေဖြစ်ပြီး ရေစည်တစ်ခုကို မင်နီဖြင့် ဆိုးထားလိုက်သည့်အလား သူမ၏ ဖြူဝင်းသော နားရွက်လေးများနှင့် လည်တိုင်လေးကပါ နီရဲလာခဲ့ချေပြီ။

"..." သူမ၏ စကားများကို ကြားလိုက်ရသောအခါ ရှောင်မိုတစ်ယောက် ခဏတာမျှ စကားဆွံ့အသွားခဲ့ပေ၏။

သူမက တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။

သို့သော် သူ မမျှော်လင့်ထားခဲ့မိသည်မှာ...

သူမ လိုချင်သောအရာက တကယ်တော့ သူကိုယ်တိုင် ဖြစ်နေခဲ့ခြင်းပင်။

"မင်းရဲ့အပြစ်ကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။ ထတော့..." ရှောင်မိုက စစ်လီကို ပြောလိုက်လေ၏။

"ကျေးဇူးတော် ကြီးမားလှပါတယ် ဧကရာဇ်မင်းမြတ်"

စစ်လီက မတ်တပ်ရပ်လိုက်ပြီး ရှုပ်ပွနေသော သူမ၏ ဝတ်ရုံစွန်းကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သေသပ်အောင် ပြင်ဆင်လိုက်ပေသည်။

"မင်းရဲ့သစ္စာရှိမှုကို ငါ သိရှိသွားပါပြီ။ ဒီနေ့ကစပြီး မင်းက တကယ့်ကို ငါ့လူပဲ" ရှောင်မိုက သူမ၏ မျက်ဝန်းများကို အလေးအနက် စိုက်ကြည့်လိုက်၏။ "စိတ်ချပါ... ငါ ဒီမှာရှိနေသရွေ့ မင်းကို ကာကွယ်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ပြီးတော့ မင်းကို ဘယ်တော့မှ နှိပ်စက်မှာ မဟုတ်ဘူး"

ရှောင်မိုက လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ သူမထံသို့ ကမ်းပေးလိုက်သည်။ "ဒါပေမဲ့ ဓားပျံသေးသေးလေးကိုတော့ မင်းကိုယ်ထဲမှာ ဆက်ထားထားဖို့ လိုသေးတယ်။ အရေးကြီးတဲ့ ကိစ္စကြီးတွေ အောင်မြင်သွားတာနဲ့ အဲဒါကို ငါ ပြန်ထုတ်ပေးပါ့မယ်"

စစ်လီက လက်ဖက်ရည်ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပေ၏။ "တကယ်တော့ ဧကရာဇ်မင်းမြတ်က ဓားပျံကို ပြန်ထုတ်ပေးစရာ မလိုပါဘူး။ ကျွန်တော်မျိုးမက တစ်သက်လုံး ထားထားရလည်း အဆင်ပြေပါတယ်"

ရှောင်မိုက မေးလိုက်သည်၊ "ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ရဲ့ လူဖြစ်နေပြီမို့လို့ ဧကရာဇ်မင်းမြတ်အနားမှာ တစ်သက်လုံး ရှိနေချင်လို့ပါ။ ဓားပျံက ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာကွာခြားသွားမှာမို့လို့လဲ"

စစ်လီက တောက်ပစွာ ပြုံးလိုက်လေ၏။

"ဒါ့အပြင် ဓားပျံလေးရှိနေသရွေ့ ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်ထဲကို ဓားချီတွေ မကြာခဏ ထည့်သွင်းပေးရဦးမှာဆိုတော့... ကျွန်တော်မျိုးမအနေနဲ့ ဧကရာဇ်မင်းမြတ်ကို မကြာခဏ တွေ့ခွင့်ရဦးမှာလေ"

"..."

သူ့ရှေ့မှ အမျိုးသမီး၏ ဖြူစင်လှသော အပြုံးလေးကို ကြည့်ရင်း ရှောင်မိုတစ်ယောက် အပြစ်ရှိသလို ခံစားချက်လေးတစ်ခုက နှလုံးသားထဲတွင် ယားကျိကျိ ဖြစ်ပေါ်လာခဲ့ချေပြီ။

သူမက သူ့အပေါ်ကို ယုံကြည်ပြီး အလွန်တရာ သစ္စာရှိနေခဲ့သော်လည်း သူမ စိတ်ပြောင်းသွားမည်ကို ကာကွယ်ရန် သူက ဓားပျံကို ဆက်လက်ထားရှိနေခဲ့ဆဲပင်။

ဘာလို့ သူက အကြင်နာတရား ကင်းမဲ့တဲ့သူတစ်ယောက်လိုမျိုး ခံစားနေရတာလဲ။

"သွားပြီး သေချာနားလိုက်ပါဦး" ရှောင်မိုက သူ့ကိုယ်သူ တည်ငြိမ်အောင်ထားလိုက်ပြီး သူမကို လက်ဝှေ့ယမ်းပြလိုက်လေ၏။

"မှန်လှပါ ဧကရာဇ်မင်းမြတ်..."

စစ်လီက အရိုအသေပေးလိုက်ပြီးနောက် ဆုတ်ခွာသွားလေတော့သည်။

ရှောင်မို၏ အိပ်ဆောင်ထဲမှ ထွက်ခွာလာပြီးနောက် စစ်လီက အနားယူရန် သူမ၏ကိုယ်ပိုင်အခန်းသို့ ပြန်လာခဲ့ပေ၏။

ကိုယ်ရေးကိုယ်တာအစေခံတစ်ဦးအနေဖြင့် စစ်လီ၏ နေထိုင်ရာအခန်းက ရှောင်မို၏ အိပ်ဆောင်နှင့် နံရံတစ်ချပ်သာ ခြားထားသဖြင့် သူမက ရှောင်မိုထံသို့ အမြန်ဆုံး သွားရောက်နိုင်ပေသည်။

"ခုနက ငါ့ရဲ့သရုပ်ဆောင်မှုက လက်ခံနိုင်စရာ ရှိလောက်ပါတယ်"

စောစောက သူမ၏ လှုပ်ရှားမှုတိုင်းကို ပြန်လည်အမှတ်ရလိုက်ရင်း မည်သည့် အမှားအယွင်းမျှ မရှိနိုင်လောက်ဘူးဟု စစ်လီ ခံစားလိုက်ရလေ၏။

"လောလောဆယ်တော့ သခင်က ငါ့ကို အပြည့်အဝ ယုံကြည်သွားလောက်ပြီ"

"ပြီးတော့ ဒါအပြီးမှာ ဒီယုံကြည်မှုကို ပိုခိုင်မာအောင် တည်ဆောက်နိုင်သရွေ့ ငါက သခင့်ရဲ့ နှလုံးသားထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်လိမ့်မယ်"

"အဲဒီအချိန်ကျရင် အရင်တုန်းက သခင်နဲ့အတူ ငါ မလုပ်ခဲ့ရဖူးတဲ့ အရာတွေကိုတောင် ငါ ပြီးမြောက်အောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်"

ပိုတွေးလေလေ သူမ၏အစီအစဉ်က ဖြစ်နိုင်ခြေပိုများလေလေဖြစ်ကြောင်း စစ်လီ ခံစားလိုက်ရပေသည်။

သို့သော် မကြာမီမှာပင် စစ်လီက မျက်မှောင်ကြုတ်လိုက်၏။

စစ်လီ၏ သိုလှောင်အိတ်ထဲတွင် မှော်လက်နက်တစ်ခုက အချက်ပြမှုတစ်ခုကို ပေးပို့လာခဲ့ချေပြီ။

စစ်လီက သူမ၏ သိုလှောင်အိတ်ထဲမှ မှော်လက်နက်ကို ထုတ်ယူလိုက်သည်။

၎င်းက ကျောက်စိမ်းပြားတစ်ခု ဖြစ်လေ၏။

ချောမွေ့နေသော ကျောက်စိမ်းပြားပေါ်တွင် ထွင်းထုထားသော အရာများက တဖြည်းဖြည်း ပေါ်ထွက်လာပြီး စာလုံးများအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်

"အခြေအနေ ဘယ်လိုရှိလဲ။ ကျိုးတိုင်းပြည်မှာ အစ်ကိုကြီး ပြန်လည်ဝင်စားတာနဲ့ ပတ်သက်ပြီး သဲလွန်စတစ်ခုခု ရပြီလား"

ဤစာကြောင်းကို အနန္တတာအိုဂိုဏ်းချုပ် ယွီယွင်ဝေ့က ရေးသားထားခြင်း ဖြစ်ပေသည်။

စစ်လီက လက်ချောင်းကို ဆန့်တန်းကာ အကြောင်းပြန်ရန် ပြင်လိုက်၏။

သို့သော် စစ်လီ၏ လက်ချောင်းထိပ်လေးက ကျောက်စိမ်းပြားကို ထိခါနီးအချိန်မှာပင် သူမက ရပ်တန့်သွားခဲ့လေသည်။

စစ်လီ၏ မြေခွေးမျက်ဝန်းလေးများက ဘယ်ညာ ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် သူမ ရေးလိုက်သည်က "သခင့်ကို မရှာတွေ့သေးပါဘူး။ ကျွန်မ သတင်းအချက်အလက်တွေ စုဆောင်းနေတုန်းပါပဲ"

တစ်ချိန်တည်းမှာပင် ကျိုးတိုင်းပြည် မြို့တော်၏ အနောက်ဘက်ဆင်ခြေဖုံးရှိ ခြံဝင်းငယ်လေးတစ်ခုအတွင်းတွင်။

သာမန် လျှော်တေအဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ကျောက်စားပွဲခုံတွင် ထိုင်ကာ ပြာလဲ့နေသော ကောင်းကင်ယံကို မော့ကြည့်နေလေ၏။

"မိကူ... မိကူ..."

ဟွန်တွန်းလေးက ဝမ်ရှင်း၏ ပခုံးပေါ်သို့ ပျံသန်းလာပြီး သူမ၏ ပါးပြင်ကို ပွတ်သီးပွတ်သပ် လုပ်နေပေသည်။

"အစ်မစစ်လီ နန်းတော်ထဲရောက်နေတာ တစ်လလောက် ရှိတော့မယ်ဆိုတာကို ငါ သိပါတယ်။" ဝမ်ရှင်းက ဟွန်တွန်းလေးကို ပခုံးပေါ်မှ ယူကာ သူမ၏ပေါင်ပေါ်တွင် တင်ထားလိုက်ပြီး ၎င်း၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ "စိတ်မပူပါနဲ့။ အစ်မစစ်လီက အရမ်းအရည်အချင်းရှိတာပဲ။ သူမ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့..."

ဝမ်ရှင်း၏ မျက်ဝန်းများက ညင်သာစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ရှုပ်ထွေးမှုတို့ ပြည့်နှက်နေခဲ့ချေပြီ။

"အစ်မစစ်လီ နန်းတော်ထဲရောက်နေတာ ဒီလောက်တောင် ကြာနေပြီကို... ဘာလို့ ငါ့ဆီကို သတင်းတစ်ခုမှ မပို့လာရတာလဲ..."

All Chapters