← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅)

စစ်လီသည် ရှောင်မို၏ ကိုယ်ရေးကိုယ်တာအစေခံအဖြစ် တာဝန်ထမ်းဆောင်ကာ သူ၏ယုံကြည်မှုကို ရရှိသွားပြီးနောက် နေ့စဉ်ရက်ဆက် သူ၏အနားတွင်သာ အမြဲတစေ ခစားနေခဲ့လေ၏။

အစပိုင်းတွင်တော့ နန်းတွင်းရေးရာကိစ္စရပ်များကို စစ်လီ တကယ်ပဲ နားမလည်ခဲ့ပေ။

သို့သော် မကြာမီမှာပင် နန်းတွင်းအစေခံ သိုးငယ်လေးနှင့် အကြိမ်အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် စစ်လီက သူမ၏ တာဝန်ဝတ္တရားအားလုံးကို လျင်မြန်စွာ ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ချေပြီ။

ထိုအခါမှသာ ဤဘဝတွင် သူမသခင်၏ ဖြတ်သန်းရသောဘဝက အနည်းငယ် ကြမ်းတမ်းလွန်းနေကြောင်း စစ်လီ သဘောပေါက်သွားခဲ့လေသည်။

သူမ၏သခင်မှာ တစ်နေ့ကုန် အလေးအနက်ထား လုပ်ဆောင်စရာ အလုပ်ဟူ၍ မရှိဘဲ ကျင့်ကြံခြင်းနှင့် စာဖတ်ခြင်းမှလွဲ၍ ဘာမှမလုပ်ရသည့် ရုပ်သေးဧကရာဇ်တစ်ပါးအဖြစ် အမှန်တကယ် ကျဆင်းသွားခဲ့ရပေ၏။

ရှောင်မိုတွင် လုပ်စရာကိစ္စ ကြီးကြီးမားမား မရှိသဖြင့် စစ်လီအတွက်လည်း သဘာဝကျကျပင် အလုပ်များများစားစား မရှိခဲ့ချေ။

သို့တိုင်အောင် ရှောင်မိုက နာမည်ခံရုပ်သေးရုပ်လေး တစ်ရုပ်မျှသာ ဖြစ်နေသော်ငြား စစ်လီကတော့ သူမ၏သခင်အတွက် ဂုဏ်ယူနေမိဆဲပင်။

အခြားကိစ္စများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူမ၏သခင်သည် ကျင့်ကြံခြင်းကို စတင်ခဲ့သည်မှာ တစ်နှစ်ခန့်သာ ရှိသေးသော်လည်း ချီသန့်စင်ခြင်းအဆင့်၏ ဆယ့်နှစ်ဆင့်မြောက် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန် နီးကပ်နေခဲ့ပြီ ဖြစ်လေ၏။

ပါရမီကောင်းသော သာမန်လူတစ်ယောက်ဆိုလျှင်ပင် အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး သုံးလေးနှစ်ခန့် အချိန်ယူရဦးမည်သာတည်း။

ထိပ်တန်းဂိုဏ်းကြီးတစ်ခုခုမှာသာဆိုလျှင် သူမသခင်၏ ကျင့်ကြံခြင်းပါရမီက ကိုယ်ပိုင်တပည့်တစ်ဦး ဖြစ်လာရန်ပင် လုံလောက်နေခဲ့ပေသည်။

သို့သော် ဧကရာဇ်တစ်ပါးအနေဖြင့် အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိရန်မှာ အဘယ်မှာလျှင် လွယ်ကူပါမည်နည်း။

ကျင့်ကြံခြင်းဆိုသည်ကပင် ကောင်းကင်နိယာမကို ဆန့်ကျင်အန်တုရသော လုပ်ရပ်တစ်ခု ဖြစ်ပေသည်။

အထူးသဖြင့် သူက ဧကရာဇ်တစ်ပါး ဖြစ်နေချိန်မျိုးတွင် ပို၍ပင် ခက်ခဲလှပေ၏။

စစ်လီ၏အမြင်တွင် အကယ်၍ သူမ၏သခင်ကသာ ထီးနန်းကို မစွန့်လွှတ်ဘဲ ဧကရာဇ်တစ်ပါးအဖြစ် ဆက်လက်တည်ရှိနေရင်း ကျင့်ကြံရန် တင်းခံနေမည်ဆိုပါက ၎င်းသည် ကောင်းကင်ကို အန်တုခြင်းသက်သက်သာ မကတော့ဘဲ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူခြင်းပင် ဖြစ်သွားလိမ့်မည်ဟု တွေးတောမိလေသည်။

သူမ၏သခင်က အဘယ်ကြောင့် အခြားဂိုဏ်းများသို့ မသွားဘဲ နန်းတော်ထဲတွင်သာ ဇွတ်တွယ်ကပ်နေရသနည်းဆိုသည်ကိုလည်း စစ်လီ လုံးဝ နားမလည်နိုင်ခဲ့ချေ။

အကြောင်းရင်းကို စဉ်းစား၍မရနိုင်တော့သည့်အဆုံး စစ်လီက ထိုအကြောင်းကို ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်လေ၏။

အချိန်ကျလာသည်နှင့် သူမက အခွင့်အရေးရှာကာ သခင်ဖြစ်သူကို နန်းတော်ထဲမှ ခေါ်ထုတ်သွားပြီး အနောက်ဘက်ဒေသသို့ ဦးတည်ထွက်ခွာမည်သာ ဖြစ်ပေသည်။

အနောက်ဘက်ဒေသသို့ ပြန်ရောက်သွားသည်နှင့် အရာအားလုံးက လွယ်ကူသွားလိမ့်မည်။

ဓားတစ်သောင်းဂိုဏ်းဆိုရင်တောင် ဘာဖြစ်သေးလဲ။

မင်းတို့ရဲ့ ဓားတစ်သောင်းဂိုဏ်းက ငါတို့ရဲ့ အနောက်ဘက်ဒေသအထိ လက်လှမ်းမီနိုင်ပါ့မလား။

ရှောင်မိုကို ပြုစုစောင့်ရှောက်နေစဉ်အတွင်း စစ်လီက ရှောင်မို၏အခြေအနေကို မယ်တော်ကြီးထံ သတင်းပို့ရန် ရက်အနည်းငယ်ခြားတစ်ခါ လင်ရှင်းနန်းဆောင်သို့လည်း သွားရောက်ရလေ၏။

မယ်တော်ကြီး၏ နန်းဆောင်သို့ သွားသည့်အခါတိုင်း စစ်လီက ရင်စည်းစကို အသုံးပြု၍ သူမ၏ရင်အုံကို ပြန်လည်ရစ်ပတ်စည်းနှောင်ထားလေ့ရှိပြီး အဆောင်သို့ပြန်ရောက်မှသာ ပြန်ဖြုတ်ချကာ လင်ရှင်းနန်းဆောင်အတွင်းက အဖြစ်အပျက်များကို ရှောင်မိုအား ပြန်လည်ဖောက်သည်ချလေ့ရှိပေသည်။

နန်းတွင်းမှ အကြံအစည်များနှင့် အားပြိုင်ပွဲများက စစ်လီအတွက်တော့ သိပ်အရေးမကြီးလှချေ။

အကယ်၍ သခင်ဖြစ်သူကသာ ဆန္ဒရှိမည်ဆိုလျှင် သူမက ထိုလူအားလုံးကို သတ်ပစ်ကာ သခင်ဖြစ်သူကို ခေါ်ဆောင်သွားနိုင်သလို ဤကျိုးတိုင်းပြည်ကိုလည်း သခင့်လက်ထဲသို့ ပြန်လည်အပ်နှင်းပေးနိုင်စွမ်း ရှိသည်ဟု စစ်လီ ခံစားထားရလေ၏။

သို့သော်ငြားလည်း ထိုသို့လုပ်ရန် အနည်းငယ် တုံ့ဆိုင်းစရာ အကြောင်းတစ်ခုတော့ ရှိနေပေသည်။

နန်းတွင်းရှိ နိုင်ငံတော်ဆရာအိမ်တော်မှ အမျိုးသမီးကြောင့်သာ စစ်လီတစ်ယောက် မည်သည့်အကြံအစည်ကိုမှ အကောင်အထည်မဖော်ရဲဘဲ ယာယီအားဖြင့် တုံ့ဆိုင်းနေခဲ့ရခြင်း ဖြစ်လေ၏။

ဤကာလများအတွင်း စစ်လီ၏ စုံစမ်းထောက်လှမ်းမှုများနှင့် ရှောင်မိုထံမှ သွယ်ဝိုက်မေးမြန်းမှုများအရ နိုင်ငံတော်ဆရာအိမ်တော်မှ မျက်နှာဖုံးတပ်အမျိုးသမီးသည် ဓားတစ်သောင်းဂိုဏ်း၏ အတွင်းတပည့်တစ်ဦးမျှသာဖြစ်ပြီး ဓားတစ်သောင်းဂိုဏ်း၏ အမိန့်အရ မဟာကျိုး၏ နိုင်ငံတော်ဆရာအဖြစ် ခန့်အပ်ခံထားရကြောင်း သူမ သိရှိခဲ့ရပေသည်။

သို့သော် လက်တွေ့တွင်တော့ သူမက သာမန်အတွင်းတပည့်တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲဆိုတာကို စစ်လီ ကောင်းကောင်းကြီး သိထားလေ၏။

တခြားသူတွေက မသိနိုင်ပေမဲ့ သူမနဲ့ တိုက်ခိုက်ဖူးတဲ့ စစ်လီက ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။

ဘယ်ဂိုဏ်းရဲ့ အတွင်းတပည့်က ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ကို ရောက်နေလို့လဲ။

ထို့အပြင် ဤအနန္တဓမ္မလောကကြီးထဲတွင်။

ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိသော ဓားကျင့်ကြံသူဆိုသည်မှာ လက်ချိုးရေတွက်၍ရလောက်အောင်ပင် အလွန်တရာ ရှားပါးလွန်းလှပေသည်။

ထိုအထဲတွင်မှ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ အမျိုးသမီးဓားကျင့်ကြံသူဆိုသည်မှာ ဤလောကကြီးတစ်ခုလုံး၌ တစ်ဦးတည်းသာ ရှိလေ၏။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ဓားတစ်သောင်းဂိုဏ်းချုပ် ကျန်းချင်ရီပင် ဖြစ်ချေတော့သည်။

သို့ပေမဲ့ ဓားတစ်သောင်းဂိုဏ်းချုပ် ကျန်းချင်ရီက ဘာလို့များ ကျိုးတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ပေါ်လာရတာလဲ။

ပြီးတော့ နိုင်ငံတော်ဆရာအဖြစ်တောင် ကိုယ့်သဘောဆန္ဒနဲ့ကိုယ် တာဝန်ထမ်းဆောင်နေရသေးတယ်။

စစ်လီက ဤကိစ္စကို မည်သို့မျှ စဉ်းစား၍ မရနိုင်ခဲ့ချေ။

သို့သော် အမျိုးသမီးတစ်ဦး၏ အလိုအလျောက်သိစိတ်က စစ်လီကို သတိပေးနေခဲ့ပေသည်။

ဤကျန်းချင်ရီက သူမ၏သခင်အပေါ်တွင် မရိုးသားသည့် ရည်ရွယ်ချက်များ သေချာပေါက် ရှိနေမည်သာတည်း။

သို့သော်ငြားလည်း သူမသခင်အပေါ်ထားရှိသော ကျန်းချင်ရီ၏ ခံစားချက်များက သိပ်ကို ထူးဆန်းလွန်းလှပေ၏။

သူမက သခင်ဖြစ်သူနှင့် နီးကပ်ချင်ပုံပေါ်သော်လည်း တစ်ဖက်တွင်လည်း သူ့ကို အနည်းငယ် တွန်းဖယ်နေသကဲ့သို့ ရှိနေပြီး အမြဲတမ်း တစ်ကမ်းစာအကွာအဝေးမှာသာ ထားရှိကာ ဓားကျင့်ကြံသူတစ်ဦး၏ ဖြောင့်မတ်ပွင့်လင်းမှုမျိုး လုံးဝ ကင်းမဲ့နေခဲ့လေသည်။

သို့တိုင်အောင် ဓားတစ်သောင်းဂိုဏ်းချုပ် ကျန်းချင်ရီက သူမ၏သခင်ကို စစ်မှန်သော ပညာရပ်များကိုသာ သင်ကြားပေးနေခဲ့ကြောင်းတော့ ဝန်ခံရမည်သာ ဖြစ်ပေသည်။

သူမ၏သခင် ပြောခဲ့သလိုပါပဲ။

ကျန်းချင်ရီက အပြောသာကြမ်းပြီး စိတ်ထားနူးညံ့ကာ အပြင်ပန်းတွင် အေးစက်နေသယောင် ရှိသော်လည်း အတွင်းစိတ်ကတော့ တကယ်ကို နွေးထွေးသူတစ်ဦး ဖြစ်လေ၏။

စကားပြောဆိုရာတွင် သူမသခင်၏ ကျင့်ကြံခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော်လည်း လက်တွေ့တွင်မူ သခင်ဖြစ်သူ လမ်းအနည်းငယ် လွဲချော်သွားမည်ကိုပင် အလွန်တရာ စိုးရိမ်ပူပန်နေတတ်ပေသည်။

ဘာပဲဖြစ်ဖြစ် စစ်လီ၏အမြင်တွင် သူမ အသတိထားရဆုံးလူမှာ ထိုအမျိုးသမီးပင် ဖြစ်ချေတော့သည်။

အနာဂတ်တွင် နန်းတွင်းသို့ ဝင်ရောက်လာတော့မည့် ကြင်ယာတော်နှစ်ပါးနှင့် ပတ်သက်၍မူ။

စစ်လီက ထိုနှစ်ယောက်ကို ဘယ်တုန်းကမှ သိပ်ပြီး အလေးမထားခဲ့ပေ။

တစ်ယောက်က ဓလေ့ထုံးတမ်းဝန်ကြီးရဲ့ သမီး။

တစ်ယောက်က ချင်တိုင်းပြည်ရဲ့ မင်းသမီး။

သာမန်လူသား နှစ်ယောက်တည်းလေ။

သူမမှာ ထိုနှစ်ယောက်ကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိနေခဲ့ပေသည်။

စစ်လီ၏ နှလုံးသားထဲမှ အတွေးများကိုမူ ရှောင်မိုက စိတ်ဖတ်နိုင်စွမ်း မရှိသောကြောင့် သဘာဝကျကျပင် ဘာတစ်ခုမျှ သိရှိခြင်း မရှိခဲ့ချေ။

သူက နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်းနှင့် စာဖတ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့လေ၏။

သို့သော်လည်း ဤစစ်လီမှာ တကယ်ကို အသုံးဝင်သည်ဟု ရှောင်မို ခံစားခဲ့ရပေသည်။

သူမက ဉာဏ်ကောင်းကာ အကင်းပါးပြီး တာဝန်များကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိလေ၏။

သေချာသည်မှာ သူမကို ပိုပိုပြီး သဘောကျလာရခြင်း၏ အဓိကအကြောင်းရင်းမှာ သူ့အပေါ်ထားရှိသော သူမ၏ စစ်မှန်သော သစ္စာရှိမှုကြောင့် ဖြစ်ကြောင်း ရှောင်မို ကောင်းကောင်းကြီး သိထားလေသည်။

အရည်အချင်းဆိုသည်က သေချာပေါက် အရေးကြီးလှသော်လည်း တစ်ခါတစ်ရံတွင် လူတစ်ယောက်က မည်မျှပင် အရည်အချင်းရှိနေပါစေ သစ္စာရှိမှုကသာ ပထမဆုံးနေရာတွင် ရှိနေရမည် ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေ စစ်လီတွင် အပြစ်အနာအဆာဟူ၍ လုံးဝကင်းမဲ့နေသည်တော့ မဟုတ်ချေ။

သူမက ရှောင်မိုအား လက်ဖက်ရည် သို့မဟုတ် ရေစသဖြင့် ခစားရန် ခါးညွှတ်လိုက်သည့် အကြိမ်တိုင်းတွင် နူးညံ့သိမ်မွေ့ပြီး ခမ်းနားကြီးကျယ်လှသော နှင်းတောင်အမြွှာကို သူက အမြဲလိုလို မြင်တွေ့နေရတတ်လေ၏။

သူမက ရှောင်မိုအား အဝတ်အစားများ လဲလှယ်ပေးချိန် သို့မဟုတ် သူနှင့် အနီးကပ် ထိတွေ့လာချိန်တိုင်းတွင် ထိုနှင်းတောင်နှစ်လုံးက ရှောင်မို၏ခန္ဓာကိုယ်ကို ရံဖန်ရံခါ ပွတ်တိုက်သွားတတ်သေးပေသည်။

ထို့အပြင် သူမက မကြာခဏဆိုသလို ရေဖိတ်ကျကာ သူမ၏ ကော်လာကို စိုရွှဲသွားစေပြီး ပါးလျသော အဝတ်စလေးက မို့မောက်နေသည့် နှင်းတောင်များအပေါ်သို့ တိုက်ရိုက်ကပ်တွယ်သွားစေရန် တမင်တကာ ဖန်တီးတတ်သေးလေ၏။

သူမ၏ ပါးပြင်များကလည်း ရံဖန်ရံခါတွင် သွေးရောင်ဖျော့ဖျော့လေး လွှမ်းနေတတ်သဖြင့် သူမကို အလွန်တရာ ဆွဲဆောင်မှုရှိသော အသွင်အပြင်မျိုး ဖြစ်ပေါ်စေခဲ့ချေပြီ။

သို့သော် ကြင်ယာတော်နှစ်ပါးက နန်းတွင်းသို့ မကြာမီ ဝင်ရောက်လာတော့မည်ဖြစ်ရာ သူကိုယ်သူ ထိန်းချုပ်ထားရမည်ကို ရှောင်မို ကောင်းကောင်း သိရှိထားပေသည်။

မယ်တော်ကြီးက နန်းတွင်းအရာရှိမများကို လွှတ်ကာ စစ်လီ၏ အပျိုစင်ဘဝကို အခါအားလျော်စွာ စစ်ဆေးခိုင်းလိမ့်မည်ဆိုသည်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ထို့ကြောင့် ရှောင်မိုက သူမ၏ရည်ရွယ်ချက်များကို သိရှိထားပြီး သူမက အဆင့်တက်ချင်နေကြောင်းကို နားလည်ထားသော်လည်း မသိချင်ယောင်သာ ဆောင်နေခဲ့လေတော့သည်။

အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။

ရှောင်မို၏ မင်္ဂလာပွဲတော် ကျင်းပမည့် နေ့ရက်က တဖြည်းဖြည်း နီးကပ်လာခဲ့ချေပြီ။

ဖိတ်စာများကိုလည်း မဟာကျိုး၏ နန်းတော်မှ နေရာအနှံ့သို့ ပေးပို့ထားပြီး ဖြစ်ပေသည်။

ယခင် မင်္ဂလာပွဲတော်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသော်လည်း။

ယခုတစ်ကြိမ်တွင်မူ မင်္ဂလာပွဲတော်က နောက်ဆုံးတွင် ကျင်းပဖြစ်တော့မည်ဆိုတာကို ရှောင်မို သိထားလေ၏။

မင်္ဂလာပွဲတော် ကျင်းပရန် ခုနစ်ရက်သာ လိုတော့သည့်အချိန်တွင် မဟာကျိုး၏ နယ်စားမင်းသားအသီးသီး၊ မိတ်ဖက်တိုင်းပြည်များနှင့် မင်းဆက်များမှ သံတမန်များ၊ တောင်ပေါ်ဂိုဏ်းများမှ တာဝန်ရှိသူများအားလုံးက ကျိုးတိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိလာခဲ့ကြပေပြီ။

ကျိုးတိုင်းပြည်ရဲ့ အုပ်စိုးရှင်တစ်ပါးအနေဖြင့် သူက နာမည်ခံရုပ်သေးရုပ်လေး တစ်ရုပ်သာ ဖြစ်နေစေဦးတော့ ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနှုတ်ဆက်ရမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် မိုးလင်းမှ မိုးချုပ်တိုင်အောင် ရှောင်မိုတစ်ယောက် နိုင်ငံအသီးသီးနှင့် ဂိုဏ်းအသီးသီးမှ သံတမန်များကို ဧည့်ခံနေရသဖြင့် ကျင့်ကြံရန်ပင် အချိန်မရှိတော့ချေ။

ရိုးရိုးသားသား ပြောရလျှင် နတ်မိမယ်ကျန်း အရင်ကပြောခဲ့သော စကားများက အကြောင်းပြချက် မရှိတာမဟုတ်ဘူးဟု ရှောင်မို ခံစားလိုက်ရလေ၏။

လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက မဟာချင်၏ ဧကရာဇ်မင်းမြတ် သတ်မှတ်ခဲ့သော ဧကရာဇ်တစ်ပါး၏ ကျင့်ကြံခြင်းသည် အုတ်မြစ်ချခြင်းအဆင့်ကို မကျော်လွန်ရဟူသည့် စည်းမျဉ်းကိုတော့ ထည့်မပြောတော့ချေ။

ဒီစည်းမျဉ်းသာ မရှိခဲ့ဘူးဆိုလျှင်တောင်မှ။

ဧကရာဇ်မင်းများက နေ့စဉ်နေ့တိုင်း တိုင်းပြည်ရေးရာများကို ကိုင်တွယ်ဖြေရှင်းရပြီး အမတ်များနှင့် အားပြိုင်ပွဲများ၊ အကြံအစည်များဖြင့် လုံးပန်းနေရရာ ကျင့်ကြံခြင်းအတွက် အချိန်မည်မျှ ပေးနိုင်ပါမည်နည်း။

အလွန်တရာ အံ့မခန်း ပါရမီရှင် ဧကရာဇ်များ မဟုတ်ခဲ့လျှင် သာမန်ဧကရာဇ်တစ်ပါး၏ အဆင့်က ဘယ်လောက်အထိ မြင့်မားနိုင်မှာမို့လို့လဲ။

အကယ်၍ အချို့သော ဧကရာဇ်များက အဆင့်မြင့်မြင့်သို့ ရောက်ရှိသွားခဲ့လျှင်တောင်မှ ၎င်းက သူတို့၏ အချိန်အများစုကို ကျင့်ကြံခြင်းတွင်သာ ကုန်ဆုံးစေခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်လေ၏။

ထို့အပြင် ဧကရာဇ်များက ကျင့်ကြံခြင်းတွင် စွဲလမ်းသွားသည်နှင့် တစ်ပြိုင်နက် နန်းတွင်းရေးရာကိစ္စရပ်များကို အမတ်များထံ လွှဲပြောင်းပေးကာ အခြားအရာအားလုံးကို လျစ်လျူရှုထားတတ်ကြပေသည်။

ထိုဧကရာဇ်များက ကျင့်ကြံခြင်းအတွက် တိုင်းပြည်အနှံ့မှ သယံဇာတများကိုပင် သိမ်းယူကောင်း သိမ်းယူကြလိမ့်မည်။ သာမန်ပြည်သူများကို သူတို့၏ လက်အောက်ခံများအဖြစ် ဆက်လက်သဘောမထားတော့ဘဲ သူတို့၏ ကျင့်ကြံခြင်းအတွက် အာဟာရဖြည့်စွက်စာအဖြစ်သာ သဘောထားလာကြပေလိမ့်မည်။

ထိုသို့သော ဧကရာဇ်မျိုးအတွက် အဆင့်မြင့်မားနေခြင်းက ဘာအသုံးကျမှာမို့လို့လဲ။

သာမန်ပြည်သူတွေကတော့ အလွန်အမင်း ဒုက္ခရောက်ရုံသာ ရှိတော့မည် ဖြစ်ချေတော့သည်။

အခန်း (၄၇၆)

ဤဧကရာဇ်များမှာ သက်တမ်းရှည်ကြာလွန်းလှသဖြင့် သာမန်ပြည်သူများခမျာ နှစ်ပေါင်းထောင်သောင်းချီတိုင်အောင် အဆုံးအစမရှိသော ဆင်းရဲဒုက္ခများကို ခံစားရမည်သာ ဖြစ်လေ၏။

သံတမန်များကို ဧည့်ခံရသည့်အပြင် ရှောင်မိုသည် မင်္ဂလာပွဲတော် ပြင်ဆင်မှုများ၌ အလွဲအချော်များ ရှိမရှိကိုလည်း လှည့်လည်စစ်ဆေးရသေးပေသည်။

ထို့အပြင် လင်ရှင်းနန်းဆောင်မှ ပေးပို့လာသော စာချွန်တော်များကိုလည်း ရှောင်မိုက ပြန်လည်စစ်ဆေးရပြန်လေ၏။

မင်္ဂလာပွဲတော်ကို ဓလေ့ထုံးတမ်းဝန်ကြီးဌာနနှင့် မယ်တော်ကြီး၏ လင်ရှင်းနန်းဆောင်တို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ရာ သူတို့ဆုံးဖြတ်ထားသည့် ကိစ္စရပ်များကို ရှောင်မိုက ငြင်းဆန်ခဲ့လျှင်ပင် အရာထင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဓလေ့ထုံးတမ်းဝန်ကြီးဌာနနှင့် လင်ရှင်းနန်းဆောင်တို့သည် သူတို့၏ ဂုဏ်သိက္ခာကို အကောင်းမြင်ခံရစေရန်နှင့် အနည်းဆုံးတော့ အပြင်လူများအမြင်တွင် အရာအားလုံးကို ဧကရာဇ်မင်းမြတ်ကသာ ဆုံးဖြတ်သည် ဟု ထင်မြင်သွားစေရန်အတွက် ရှောင်မိုကို ဟန်ပြအဖြစ် လိုအပ်နေဆဲ ဖြစ်လေ၏။

ခြုံငုံပြောရလျှင် တစ်ကြိမ်တစ်ခါ အိမ်ထောင်ပြုရသည်က ဆယ်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်ရခြင်းထက် ပို၍ပင် ပင်ပန်းနွမ်းနယ်ရသည်ဟု ရှောင်မို အမှန်တကယ် ခံစားနေရချေပြီ။

သေချာသည်မှာ သူလက်ထပ်မည့် အမျိုးသမီးနှစ်ဦးအပေါ်တွင် ကြီးမားသော သံယောဇဉ် မရှိခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အကယ်၍ သူသာ တကယ်ချစ်မြတ်နိုးရသည့် အမျိုးသမီးတစ်ဦးဆိုလျှင် ဤမျှလောက် ပင်ပန်းလိမ့်မည်မဟုတ်ဟု တွေးတောမိလေသည်။

သို့သော်လည်း တစ်ခါတစ်ရံတွင် ရှောင်မိုသည် နှလုံးသားထဲ၌ အနည်းငယ် တွေဝေငေးမောသွားတတ်လေ၏။

ဤအရာအားလုံးက လက်တွေ့မဆန်ဘူးဟု သူ ခံစားနေရပေသည်။

အဘယ်ကြောင့်ဆိုသော် ဘဝတစ်ရာကျမ်းထဲမှ ဖန်တီးထားသော အတွေ့အကြုံများကို ဖယ်ချလိုက်လျှင် ရှောင်မိုတွင် အစမှအဆုံးတိုင် ချစ်သူရည်းစားဟူ၍ လုံးဝ မရှိခဲ့ဖူးသောကြောင့်ပင်တည်း။

သို့ပေမဲ့ ယခုအခါတွင်မူ သူက အိမ်ထောင်ပြုရတော့မည် ဖြစ်လေ၏။

ထိုအရာကလည်း တစ်ပြိုင်နက်တည်း နှစ်ယောက်ကိုပင် လက်ထပ်ရမည်ဖြစ်ရာ ဤကိစ္စသည် ရှောင်မို တစ်ခါမျှပင် တွေးမကြည့်ခဲ့ဖူးသော အရာတစ်ခု ဖြစ်နေခဲ့ချေပြီ။

မင်္ဂလာပွဲတော် ကျင်းပရန် လေးရက်သာ လိုတော့သည့်အချိန်တွင် ဧည့်သည်တော် အများစုမှာ မြို့တော်သို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။

လင်ရှင်းနန်းဆောင်နှင့် ဓလေ့ထုံးတမ်းဝန်ကြီးဌာနတို့ကလည်း ရှောင်မိုကို ဟန်ပြလုပ်ခိုင်းရန် စာချွန်တော်များ ပေးပို့နေစရာ မလိုတော့ချေ။

ထို့ကြောင့် ရှောင်မိုက အတွင်းဆောင်ရှိ သိပ်အရေးမကြီးသော ကိစ္စရပ်အချို့ကို စစ်လီထံသို့ လွှဲပြောင်းပေးအပ်လိုက်လေ၏။

အားလပ်ချိန် အနည်းငယ် ရရှိသွားသောအခါ ရှောင်မိုက တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်ပေါ်တွင် တစ်ကိုယ်တည်း ထိုင်ကာ ငေးမောနေတတ်ပေသည်။

တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သည် ရှောင်မိုအတွက်တော့ မူလက အခြားသူများကို လှည့်စားရန် ကျင့်ကြံဟန်ပြရသည့် နေရာတစ်ခုမျှသာ ဖြစ်လေ၏။

သို့သော် တဖြည်းဖြည်းနှင့်။

ဤနေရာသည် ရှောင်မို၏ စိတ်နှလုံးကို တည်ငြိမ်စေသည့် နေရာအစစ်အမှန်တစ်ခု ဖြစ်လာခဲ့ချေပြီ။

တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သို့ လာရောက်ကာ ကျောက်အုတ်ချပ်များပေါ်တွင် ထိုင်နေရင်း ရှောင်မိုက ရှုပ်ထွေးဆူညံလှသော လက်တွေ့လောကကြီးနှင့် တဖြည်းဖြည်း ကင်းကွာသွားပြီး တိတ်ဆိတ်ငြိမ်သက်မှုအရိပ်အယောင်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားတတ်လေသည်။

မကြာမီမှာပင် မင်္ဂလာပွဲမတိုင်မီ သုံးရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပေ၏။

နန်းတော်ကြီးတစ်ခုလုံးက သွားလာလှုပ်ရှားနေသူများဖြင့် အလွန်တရာ အလုပ်များနေခဲ့ကြသည်။

ယခင်ကဆိုလျှင် စစ်လီတစ်ယောက် ရှောင်မို၏ ရှေ့မှောက်၌ အီစီကလီလုပ်ရန် အချိန်ရသေးသော်ငြား၊ ယခုအခါတွင်မူ စစ်လီမှာ မျက်စိလည်မတတ် အလုပ်များနေပြီး သူမ၏ ခြေဖဝါးများက မြေကြီးနှင့်ပင် မကပ်နိုင်တော့ချေ။

သူမ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေမိ၏။

ထင်ရှားစွာပင် လက်ထပ်ခြင်းနှင့် ဘိုးဘေးများကို အရိုအသေပေးခြင်းက အလွန်တရာ ရိုးရှင်းလှသော ကိစ္စတစ်ခု ဖြစ်ပေသည်။

ဤသာမန်လူသား တိုင်းပြည်က ဘာလို့များ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ။

ဤမျှ များပြားလှသော ပျင်းစရာကောင်းသည့် လုပ်ထုံးလုပ်နည်းတွေက ဘာအဓိပ္ပာယ်ရှိလို့လဲ။

အဲဒါတွေကို ထမင်းလိုမျိုး စားလို့ရတာမို့လို့လား။

ရှောင်မို၏ အတွင်းဆောင်ရေးရာများကို ကူညီစီမံပေးနေစဉ်အတွင်း စစ်လီက စိတ်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေမိလေတော့သည်။

နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြန်၏။

ယခုအခါ မင်္ဂလာပွဲတော်မတိုင်မီ တစ်ရက်အလိုသို့ ရောက်ရှိလာခဲ့ချေပြီ။

ယနေ့ လွန်ဆုံးသွားသည်နှင့် မဟာမင်္ဂလာအခမ်းအနားကြီးကို ကျင်းပတော့မည် ဖြစ်ပေသည်။

အရာအားလုံးက ပြင်ဆင်ပြီးစီးနေပြီဖြစ်ရာ နောက်ဆုံးအကြိမ် စစ်ဆေးမှုများသာ လိုအပ်တော့ပြီး ထိုအရာများကို လုပ်ဆောင်ရန် စစ်လီတစ်ယောက်သာ လိုအပ်တော့လေ၏။

ထို့ကြောင့် ရှောင်မိုက နောက်ထပ် အားလပ်ချိန် အနည်းငယ်ကို ထပ်မံရရှိသွားပြီး တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သို့ ရောက်ရှိလာခဲ့ပေသည်။

တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်ပေါ်တွင် သူဘာလုပ်သင့်သလဲဆိုတာကို ရှောင်မို မသိတော့ချေ။

လောလောဆယ်တွင် သူ့၌ ကျင့်ကြံလိုစိတ် သိပ်မရှိလှပေ။

ဘဝတစ်ရာကျမ်းက ဆဋ္ဌမမြောက်ဘဝကို မပြင်ဆင်ရသေးဘူးဆိုတဲ့ အချက်ကိုတောင် ထည့်မပြောတော့ပေ။

အကယ်၍ ဆဋ္ဌမမြောက်ဘဝ ပွင့်လာခဲ့ရင်တောင်မှ ယနေ့တွင် ရှောင်မိုက ဘဝတစ်ရာကျမ်းထဲသို့ ဝင်ရောက်ချင်မည် မဟုတ်ချေ။

ရှောင်မိုက ခဏတာမျှ တိတ်ဆိတ်စွာ နေထိုင်ချင်ပြီး သူ၏ လူပျိုလူလွတ်ဘဝ နောက်ဆုံးအချိန်လေးများကို ခံစားကြည့်ချင်နေမိလေ၏။

ထို့ကြောင့် ရှောင်မိုက ကျောက်စားပွဲခုံလေးပေါ်တွင် ထိုင်ကာ ငေးမောနေရင်း နွေဦးလေပြေကို ခံစားကာ ပြာလဲ့နေသော ကောင်းကင်ယံထက်မှ လွင့်မျောနေသည့် တိမ်ဖြူများကို ကြည့်ရှုနေလေတော့သည်။

ရှောင်မိုက ဤလောကသို့ ရောက်ရှိလာပြီးကတည်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်စဉ်းစားနေမိ၏။

ဘဝတစ်ရာကျမ်းထဲမှ မြင်ကွင်းတိုင်းကို သူ ပြန်လည်အမှတ်ရနေမိသည်။ အလွန်တရာ ဝေဝါးနေသော်လည်း မေ့ပျောက်၍ မရနိုင်သော ထိုအခိုက်အတန့်များကိုပေါ့။

အမှတ်မထင်ပင် ရှောင်မိုက သူ၏မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး တာအိုကို သဘောပေါက်နားလည်ခြင်း အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့ချေပြီ။

ကောင်းကင်နှင့်မြေကြီးကြားရှိ အရာအားလုံး ပျောက်ကွယ်သွားပြီဟု ရှောင်မို ခံစားလိုက်ရလေ၏။

ရှောင်မိုက အချိန်ကာလကို မေ့လျော့သွားပြီး သူ၏ပတ်ဝန်းကျင်ကို မေ့လျော့သွားကာ သူကိုယ်သူတောင် မေ့လျော့သွားခဲ့ပေသည်။

ရှောင်မိုတစ်ယောက် ဤလောကကြီးနှင့် တသားတည်း ပေါင်းစပ်သွားသကဲ့သို့ပင်။

ရှောင်မို သတိမထားမိလိုက်ခင်မှာပင် သူ၏ တာအိုနှလုံးသားက ပိုမိုတည်ငြိမ်လာခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအင်များက တဖြည်းဖြည်း ပြန့်နှံ့ထွက်ပေါ်လာခဲ့လေ၏။

မူလက ပြာလဲ့နေသော ကောင်းကင်ယံသို့ တိမ်မည်းတချို့ လွင့်မျောလာပြီး နေမင်းကြီးကို ဖုံးကွယ်သွားခဲ့ပေသည်။

ထိုစဉ် မွှေးပျံ့သော လေပြေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး ရှောင်မို၏ နှာတံလေးကို ညင်သာစွာ ထိတွေ့သွားကာ သူထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ပစ်လိုက်လေ၏။

"ဟွန့်"

ထိုအမျိုးသမီးက အေးစက်စွာ နှာမှုတ်လိုက်သည်။

ဓားချီများက ရှောင်မို၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့ချေပြီ။

ရှောင်မိုက စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပေ၏။

သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ မျက်နှာဖုံးဇာပုဝါကို ဝတ်ဆင်ထားပြီး ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားရှိသည့် နိုင်ငံတော်ဆရာသခင်ကျန်း သူ၏ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

"ဧကရာဇ်မင်းမြတ်က တကယ်ကို အေးအေးလူလူ ရှိနေတာပဲနော်။ ဒီလိုအချိန်မျိုးမှာတောင် ဒီမှာ တာအိုကို နားလည်သဘောပေါက်ဖို့ စိတ်ကူးရှိနေသေးပြီး အုတ်မြစ်ချခြင်းအဆင့်ကိုတောင် ရောက်လုနီးပါး ဖြစ်သွားသေးတယ်"

ထိုအမျိုးသမီး၏ အေးစက်စက် အသံလေးက ရှောင်မို၏ နားထဲသို့ ဝင်ရောက်လာခဲ့လေ၏။

"နန်းတော်ထဲမှာ အုတ်မြစ်ချခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာလား။ ဧကရာဇ်မင်းမြတ်က အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

ရှောင်မိုက ခေါင်းခါကာ ခါးသက်စွာ ပြုံးလိုက်သည်၊ "တကယ်ကို မတော်တဆ ဖြစ်သွားတာပါ။ တဖြည်းဖြည်းနဲ့ တာအိုထဲကို ဝင်ရောက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"ဟွန့်"

ကျန်းချင်ရီက နောက်တစ်ကြိမ် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ရှေ့သို့တိုးကာ ရှောင်မို၏ ခန္ဓာကိုယ်ထဲသို့ ဓားချီသုံးခုကို ထည့်သွင်းပေးလိုက်ပေသည်။

"ဧကရာဇ်မင်းမြတ်ရဲ့ ဝိညာဉ်သွေးကြောပေါက် သုံးခုကို ဓားချီသုံးခုနဲ့ ကျွန်မ ပိတ်ဆို့ထားလိုက်တယ်။ ဒီဓားချီသုံးခုက ဧကရာဇ်မင်းမြတ်ရဲ့ အဆင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအချိန်အတွင်းမှာ ဧကရာဇ်မင်းမြတ် သတိထားနေတာ အကောင်းဆုံးဖြစ်ပြီး ကျင့်ကြံတာကို ယာယီရပ်နားထားသင့်တယ်"

"နားလည်ပါပြီ" ရှောင်မိုက ခေါင်းညိတ်လိုက်၏။ "ကျေးဇူးတင်ပါတယ် နတ်မိမယ်ကျန်း"

"ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး"

ကျန်းချင်ရီက ခေါင်းလှည့်သွားကာ သူမ၏ ဖြူဝင်းနူးညံ့သော မေးစေ့လေးကို မော့ထားလိုက်လေသည်။

"ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က လက်ထပ်ရတော့မှာ သိသာနေတာကို ဒီမှာ အချိန်ဖြုန်းနေသေးတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ခန္ဓာကိုယ်အချိုးအစား အရမ်းလှတဲ့ ကိုယ်ရေးကိုယ်တာအစေခံမလေးကတော့ ခြေတစ်လှမ်းတောင် ရပ်နားလို့မရလောက်အောင် အလုပ်များနေတာကို ကျွန်မ မြင်လိုက်တယ်"

"စစ်လီက တကယ်ကို ကြိုးစားပမ်းစား အလုပ်လုပ်ပေးရှာပါတယ်။ ဒီကိစ္စ ပြီးဆုံးသွားတာနဲ့ သူမကို သဘာဝကျကျပဲ ငါ ဆုချီးမြှင့်မှာဖြစ်ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးမဖြစ်စေရပါဘူး"

ရှောင်မိုက ပြန်ဖြေလိုက်ပြီးနောက် သူ၏ အင်္ကျီလက်စများကို ခေါက်ကာ ခေါင်းမော့ကြည့်ရင်း တိတ်ဆိတ်သွားလေ၏။

"ဧကရာဇ်မင်းမြတ်က မနက်ဖြန် မင်္ဂလာပွဲအတွက် လွမ်းဆွေးဆွေးဖြစ်နေတယ်လို့ ကျွန်မ ဘာလို့ ခံစားနေရတာလဲ"

ကျန်းချင်ရီက လှောင်ပြောင်သည့် လေသံဖြင့် ရှောင်မိုကို တစ်ချက်ကြည့်လိုက်ပေသည်။

"မနက်ဖြန်ကျင်းပမယ့် မင်္ဂလာပွဲကို ဧကရာဇ်မင်းမြတ်က မမျှော်လင့်နေတာများလား။ ယန်ရုရွှယ်ရော ချင်မုကျိုးပါ တိုင်းပြည်တွေကိုတောင် မှောက်လှန်နိုင်စွမ်းရှိတဲ့ ရှားပါးအလှပိုင်ရှင်တွေချည်းပဲ။ တကယ်လို့ ကျွန်မသာ ဧကရာဇ်မင်းမြတ်နေရာမှာဆိုရင် အဲဒီ ကြင်ယာတော်နှစ်ပါးနဲ့အတူ ညတိုင်း ဘယ်လို ပျော်ပါးရမလဲဆိုတာကိုတောင် စဉ်းစားနေလောက်ပြီ"

"အဲဒါက အမှန်ပါပဲ" ရှောင်မိုက သူ၏ အင်္ကျီလက်စများကိုခေါက်ကာ နန်းတော်အပြင်ဘက်သို့ မော့ကြည့်ရင်း ပြောလိုက်လေ၏။ "ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်က သူမ မိသားစုအတွက် စတေးခံရတာဖြစ်ပြီး နောက်တစ်ယောက်က တိုင်းပြည်နှစ်ခုကြားက နိုင်ငံရေးမင်္ဂလာပွဲအတွက်လေ။ မုကျိုးက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ရှိနေပုံပေါ်ပေမဲ့... သူတို့က တကယ်ပဲ ငါ့ကို လက်ထပ်ချင်ကြလို့လား"

"သူတို့ မလက်ထပ်ချင်ဘူးလို့ ဘယ်သူပြောလဲ" ကျန်းချင်ရီက သွားကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သူတို့က သေချာပေါက် လက်ထပ်ချင်နေတာပဲ"

"နတ်မိမယ်ကျန်း ဘာပြောလိုက်တာလဲ" ရှောင်မိုက သေချာမကြားလိုက်ချေ။

"ဘာမှမဟုတ်ဘူး"

ကျန်းချင်ရီ၏ လေသံက မကျေမနပ်ဖြစ်နေလေ၏။

"ကျွန်မ ဆိုလိုတာက ဧကရာဇ်မင်းမြတ်က ယန်ရုရွှယ်လည်း မဟုတ်သလို ချင်မုကျိုးလည်း မဟုတ်တဲ့အတွက် သူတို့တကယ် နန်းတော်ထဲ မဝင်ချင်ဘူးဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။ ပြီးတော့ သူတို့ မဝင်ချင်ဘူးဆိုရင်တောင် ဘာကွာခြားသွားမှာမို့လို့လဲ။ အခြေအနေအရပ်ရပ်က အတည်ပြုပြီးသွားပြီလေ။ ဧကရာဇ်မင်းမြတ်က အဲဒါကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားလို့လား"

"ဒါလည်း ဟုတ်တာပါပဲ" ရှောင်မိုက ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ဒီတိတ်ဆိတ်နေတဲ့ နန်းတော်ကြီးက သေချာပေါက် အများကြီး ပိုပြီးစည်ကားလာတော့မှာပါ"

"အဲဒါ မမှန်ဘူးလား"

ကျန်းချင်ရီ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူမ၏အကြည့်က ဓားတစ်လက်လို စူးရှနေခဲ့ချေပြီ။

"အတွင်းဆောင်က အခုကစပြီး သိပ်ကို စည်ကားလာတော့မှာပဲ"

All Chapters