အခန်း (၄၇၇-၄၇၈))
Vol. 48 Ch. 477-478
အခန်း (၄၇၇)
မဟာကျိုးမြို့တော်ကြီး။
နံနက်အရုဏ်တက်ချိန် ကောင်းကင်ယံ၌ အလင်းရောင် သမ်းလာသည်နှင့် တစ်ပြိုင်နက် မြို့တော်ရှိ ပြည်သူပြည်သားအပေါင်းမှာ အိပ်ရာမှ နိုးထလာခဲ့ကြလေ၏။
နွေဦးပွဲတော်ကြီး ဆင်နွှဲနေသည့်အလား လူတိုင်း၏ မျက်နှာထက်တွင် ဝမ်းမြောက်ကြည်နူးမှုတို့က အထင်းသား ပေါ်လွင်နေခဲ့ပေသည်။
အခြားအကြောင်းရင်းကြောင့်တော့ မဟုတ်ပေ။ ယနေ့သည် ဧကရာဇ်မင်းမြတ်၏ မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပမည့်နေ့ပင် ဖြစ်ချေသည်။
ယနေ့မှစ၍ နောက်လာမည့် သုံးနှစ်တိုင်တိုင် မဟာကျိုးတစ်ခွင်လုံး ပွဲလမ်းသဘင်များ ဆင်နွှဲကြမည်ဖြစ်ပြီး အခွန်အခများကိုလည်း ထက်ဝက်တိတိ လျှော့ပေါ့ပေးမည်ဆိုသည့် အချက်ကပင် ပြည်သူများအတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်စရာ အကြောင်းရင်းတစ်ခု ဖြစ်နေခဲ့လေပြီ။
ရိုးရိုးရှင်းရှင်း ဆိုရလျှင် လူအများ၏ ပျော်ပွဲရွှင်ပွဲများတွင် ဝင်ရောက်ဆင်နွှဲတတ်ခြင်းမှာ လူ့သဘာဝ၏ အမှတ်လက္ခဏာတစ်ခုပင် ဖြစ်လေ၏။
အကယ်၍ တော်ဝင်မင်္ဂလာယာဉ်တန်းကြီးကိုသာ လွတ်သွားခဲ့မည်ဆိုလျှင် နောက်တစ်ကြိမ်မြင်တွေ့ရရန် အချိန်မည်မျှ ကြာမြင့်ဦးမည်ကို မည်သူမျှ မသိနိုင်ချေ။
ထို့ကြောင့် ပြည်သူပြည်သားများသည် အလျင်အမြန် စောစီးစွာထကြကာ ယာဉ်တန်းဖြတ်သန်းသွားမည့် လမ်းမတစ်လျှောက်တွင် နေရာဦးထားလိုက်ကြပေသည်။
လမ်းဘေးဈေးသည်များကလည်း သူတို့၏ ကုန်ပစ္စည်းများကို ကမန်းကတမ်း ပြင်ဆင်ပြီးနောက် လမ်းမထက်သို့ထွက်ကာ ဈေးခင်းလိုက်ကြလေတော့သည်။
တစ်ချိန်တည်းမှာပင်။
မြို့တော်၏ အဝေးဆုံး ဆင်ခြေဖုံးရပ်ကွက်ရှိ ကျေးရွာငယ်လေးတစ်ခုမှာ ကျိုးမြို့တော်ထက်ပင် ပို၍ စည်ကားသိုက်မြိုက်နေသယောင် ရှိပေသည်။
ယမန်နေ့ ညနေခင်းက ရွာမှ အမျိုးသားများ နွေဦးရာသီ စိုက်ပျိုးရေးအလုပ်များမှ ပြန်လာကြချိန်တွင် ရွာအဝင်ဝ၌ စစ်သည်တော်များ အစောင့်အကြပ်ချထားသည်ကို မြင်တွေ့လိုက်ရလေ၏။
အစပိုင်းတွင် သူတို့ရွာမှ တစ်စုံတစ်ယောက်က ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားမိသည်ဟုပင် ထင်မှတ်ခဲ့ကြသည်။
သို့သော် သူတို့ အနီးသို့ ချဉ်းကပ်သွားသည်နှင့် တစ်ပြိုင်နက် လက်ဖွဲ့စာအိတ်နီနှစ်ခုကို ကမ်းပေးခြင်း ခံလိုက်ရပေသည်။
ထိုအခါမှသာ ချမ်းသာကြွယ်ဝသော သခင်မလေးတစ်ဦး မင်္ဂလာဆောင်တော့မည်ဆိုသည်ကို သူတို့ သိရှိသွားခဲ့ကြချေပြီ။
သို့တိုင်အောင် ထိုအချက်က သူတို့ကို ပိုမို၍ပင် ဇဝေဇဝါ ဖြစ်သွားစေခဲ့လေ၏။
သူတို့လို ဝေးလံခေါင်ဖျားလှသော ရွာငယ်လေးထဲသို့ ချမ်းသာကြွယ်ဝသည့် သခင်မလေးတစ်ဦးက ဘယ်ဆီကနေ ရောက်ရှိလာမည်နည်း။
အကယ်၍ ရွာမှ တစ်စုံတစ်ယောက်က ကြီးပွားချမ်းသာသွားခဲ့လျှင်ပင် ထိုသူတို့အားလုံးက မြို့တော်သို့ ပြောင်းရွှေ့သွားကြသည် မဟုတ်ပါလော။
အဘယ်ကြောင့် ရွာသို့ ပြန်လည်ရောက်ရှိလာရသနည်း။
ရွာမှ အမျိုးသားများပင် စပ်စုချင်စိတ် ဖြစ်နေကြလျှင် သူတို့၏ ဇနီးမယားများမှာ သဘာဝကျကျပင် ပို၍ စပ်စုချင်နေကြမည်သာတည်း။
သို့သော် အတင်းအဖျင်းပြောဆိုရန် အနှစ်သက်ဆုံးနှင့် သူတစ်ပါးကိစ္စများကို စပ်စုရန် အဝါသနာပါဆုံးသော အမျိုးသမီးများပင်လျှင် မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် ဆက်လက်၍ မစူးစမ်းရဲကြတော့ချေ။
ရွာသူကြီးက ဘာတစ်ခုမျှ အတိအကျမပြောဘဲ "ရွာထဲကို ရောက်နေတဲ့သူက သိပ်ကို အဆင့်အတန်းမြင့်မားလွန်းတယ်" ဟူ၍သာ ပြောဆိုခဲ့ပေသည်။
ပြီးတော့ ထိုအရာက ရှီချောင်ကျေးရွာဟု အမည်ရသော ဤရွာလေးအတွင်းရှိ အိုဟောင်းနေသော ခြံဝင်းငယ်လေးထဲတွင် ဖြစ်လေ၏။
ယန်ရုရွှယ်က စောစီးစွာပင် နိုးထလာခဲ့သည်။
ချွန်းယန်က သခင်မလေးကို မျက်နှာသစ်ရန် ပြုစုပေးပြီးနောက် နန်းတော်မှ နန်းတွင်းအစေခံများက ယန်ရုရွှယ်ကို မင်္ဂလာဝတ်စုံနှင့် လက်ဝတ်ရတနာများ ဆင်မြန်းပေးရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့ကြပေသည်။
အဝတ်အစားများ ဆင်မြန်းပြီးစီးသွားသောအခါ။
ယန်ရုရွှယ်က မှန်တင်ခုံရှေ့တွင် ဝင်ထိုင်လိုက်ပြီး နန်းတွင်းအစေခံများက အနာဂတ် ကြင်ယာတော်အတွက် မိတ်ကပ်ပါးနီများကို အထူးဂရုတစိုက် လိမ်းခြယ်ပေးနေကြလေ၏။
သခင်မကြီးယန်နှင့် အစေခံမလေး ချွန်းယန်တို့က ဘေးမှနေ၍ အသေအချာ စောင့်ကြည့်နေကြပေသည်။
သူမ၏ သခင်မလေးမှာ တကယ်ကို လှပလွန်းလှသည်ဟု ချွန်းယန် တွေးတောနေမိလေ၏။
သူမ၏ သခင်မလေးက မူလကတည်းက ကောင်းကင်နတ်မိမယ်တစ်ပါးအလား လှပကျော့ရှင်းနေခဲ့ပြီးသား ဖြစ်ပေသည်။
ယခုအခါတွင်မူ သူမ၏ သခင်မလေးမှာ ကောင်းကင်နတ်မိမယ်ထက်ပင် သာလွန်စွာ လှပနေခဲ့ချေပြီ။
တကယ်ကိုပါပဲ။
"အမျိုးသမီးတစ်ယောက်အတွက် အလှပဆုံးသော အဝတ်အစားက မင်္ဂလာဝတ်စုံနီပဲ"
ဤစကားမှာ အပြောသက်သက် မဟုတ်ကြောင်း အသေအချာပင်။
သခင်မလေးက အဘယ်ကြောင့် ဤရွာလေးတွင် မင်္ဂလာဆောင်ရန် တင်းခံနေရသနည်း ဆိုသည်ကိုတော့ ချွန်းယန် နားမလည်နိုင်ခဲ့ချေ။
ချွန်းယန်ကို ဘေးဖယ်ထားလိုက်လျှင် ယန်ရုရွှယ်၏ မိခင်ဖြစ်သူ သခင်မကြီးယန်ပင် သူမ၏သမီးက အဘယ်ကြောင့် ဤရွာလေးကို ရွေးချယ်ခဲ့သနည်းဆိုတာကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
သခင်မကြီးယန် သိထားသည်မှာ သူမနှင့် သမီးဖြစ်သူက ဤရွာလေး၏ အပြင်ဘက်ရှိ ရေကန်သို့ အပန်းဖြေခရီး မကြာခဏ လာရောက်လေ့ရှိသည်ဆိုသောအချက်မျှသာ ဖြစ်လေ၏။
ရွာလေးက အနီးအနားတွင်ရှိပြီး ရွာသူရွာသားများ၏ ဓလေ့စရိုက်များကလည်း ရိုးသားဖြူစင်ကာ ရှုခင်းကလည်း တကယ်ကို သာယာလှပသဖြင့် နွေရာသီ၏ အပူဒဏ်ကို ရှောင်ရှားရန် အကောင်းဆုံးနေရာလေးတစ်ခု ဖြစ်နေခဲ့ပေသည်။
ထို့ကြောင့် သခင်မကြီးယန်က ဤရွာလေးထဲမှ ခြံဝင်းတစ်ခုကို ဝယ်ယူလိုက်ခြင်း ဖြစ်လေသည်။
၎င်းမှာ ယခု သူတို့ရောက်ရှိနေသော ဤခြံဝင်းငယ်လေးပင် ဖြစ်ချေသည်။
ခြံဝင်းကို ဝယ်ယူခဲ့စဉ်က စိတ်ဝင်စားစရာကောင်းသော ကိစ္စအချို့ ဖြစ်ပျက်ခဲ့သေး၏။
သင့်တော်သောနေရာတစ်ခု ရှာဖွေရန် သမီးဖြစ်သူနှင့်အတူ ရွာထဲတွင် လှည့်လည်သွားလာနေစဉ် သမီးဖြစ်သူ၏ ဦးဆောင်မှုဖြင့် ဤလူသူကင်းမဲ့နေသော ခြံဝင်းငယ်လေးဆီသို့ ရောက်ရှိလာခဲ့သည်ကို သခင်မကြီးယန် အမှတ်ရနေဆဲပင်။
ဤခြံဝင်းငယ်လေးက ရွာ၏အစွန်ဆုံးတွင် တည်ရှိပြီး မြွေတောင်ဟုခေါ်သော တောင်ထွတ်တစ်ခု၏ ဘေးကပ်လျက်တွင် ရှိနေပေသည်။
သခင်မကြီးယန်က ချက်ချင်းပင် သဘောကျသွားပြီး ခြံဝင်းငယ်လေးကို ဝယ်ယူလိုခဲ့လေ၏။
သို့သော် ရှီချောင်ကျေးရွာ၏ ရွာသူကြီး ကြားလိုက်ရချိန်တွင်တော့ အလွန်အမင်း အခက်တွေ့သွားခဲ့ရှာသည်။
သူက "ဘိုးဘေးတွေရဲ့ စည်းမျဉ်းအရ ဒီခြံဝင်းကို ရောင်းခွင့်မရှိပါဘူး" ဟုလည်းကောင်း၊ "ဒီခြံဝင်းငယ်လေးက ရွာရဲ့ အုတ်မြစ်ကြီးပါ" ဟုလည်းကောင်း အမျိုးမျိုး အကြောင်းပြခဲ့လေ၏။
နောက်ဆုံးတွင် ရှီချောင်ကျေးရွာ၏ ရွာသူကြီးမှာ ငိုယိုတော့မည့်အလားဖြင့် "သခင်မကြီးရယ်... ကျေးဇူးပြုပြီး ဒီအဘိုးအိုကို အခက်မတွေ့စေပါနဲ့။ ဒီခြံဝင်းလေးကလွဲရင် ကျန်တဲ့ တခြားဘယ်နေရာမှာမဆို သခင်မကြီး ခြံဝင်းဆောက်လို့ရပါတယ်" ဟု ပြောဆိုလာခဲ့ပေသည်။
သခင်မကြီးယန်သည် မာနထောင်လွှား၍ အာဏာပြတတ်သောသူမျိုး မဟုတ်ချေ။
အသက်ခုနစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးက မျက်ရည်ပေါက်ကြီးငယ်ကျကာ ငိုယိုနေသည်ကို မြင်လိုက်ရသောအခါ ဤကိစ္စကို စွန့်လွှတ်ရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။
သို့သော်လည်း နောက်တစ်နေ့သို့ ရောက်သောအခါ ရှီချောင်ကျေးရွာ၏ ရွာသူကြီးက မြို့တော်ရှိ ယန်အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီး ထိုခြံဝင်းငယ်လေးကို ရောင်းချပေးမည်ဟု ပြောဆိုလာခဲ့ပေ၏။
အကြောင်းရင်းကို သခင်မကြီးယန်က မေးမြန်းလိုက်သောအခါ ရှီချောင်ကျေးရွာ၏ ရွာသူကြီးက ယမန်နေ့ညက ဘိုးဘေးကြီးကို အိပ်မက်မက်ခဲ့ပြီး ထိုခြံဝင်းလေးကို ရောင်းချနိုင်ကြောင်း အိပ်မက်ထဲတွင် ဘိုးဘေးကြီးက လာရောက်မိန့်မှာသွားခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့လေသည်။
သခင်မကြီးယန်က ရွာသူကြီးမှာ ဈေးပိုရစေရန် တမင်တကာ ကြံစည်နေခြင်းဟုတ်မဟုတ် မသိသော်လည်း နောက်ဆုံးတွင်တော့ ထိုခြံဝင်းလေးကို ဝယ်ယူခဲ့လေ၏။
"ရုရွှယ်က ငယ်ငယ်တုန်းက နွေရာသီအပူဒဏ်ကိုရှောင်ဖို့ ဒီကို မကြာခဏ လာခဲ့ရလို့ ဒီနေရာလေးကို သံယောဇဉ်ကြီးသွားတာများလား။ နန်းတော်ထဲ ဝင်သွားပြီးရင် ဒီကို ပြန်လာနိုင်မှာမဟုတ်တော့ဘူးလို့ ခံစားရလို့ ငယ်ဘဝအမှတ်တရတွေကို နောက်ဆုံးအနေနဲ့ တစ်ဝကြီး ခံစားသွားချင်လို့များ ဒီမှာပဲ မင်္ဂလာဆောင်ချင်တာလား"
မှန်တင်ခုံရှေ့တွင် ထိုင်နေသော သမီးဖြစ်သူကို ကြည့်ရင်း သခင်မကြီးယန်က ထိုသို့ တွေးတောနေမိလေသည်။
မည်သို့ပင်ဆိုစေ သခင်မကြီးယန်နှင့် သူမ၏ခင်ပွန်းဖြစ်သူ ဝန်ကြီးယန်ကျိန်းတို့က သမီးဖြစ်သူ၏ တောင်းဆိုချက်ကို သဘာဝကျကျပင် မငြင်းဆန်ခဲ့ကြချေ။
ဘာပဲဖြစ်ဖြစ် သူတို့သမီးကို နန်းတော်ထဲ ဝင်ရောက်ခိုင်းခြင်းက သမီးဖြစ်သူအပေါ် ကြီးမားလှသော မတရားမှုတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းဖြစ်သည်ဟု သူတို့၏ နှလုံးသားထဲတွင် ခံစားနေရသောကြောင့်ပင်။
သမီးဖြစ်သူက ဤနေရာလေးတွင် မင်္ဂလာဆောင်ချင်သည်ဆိုပါက ခွင့်ပြုပေးလိုက်ရုံသာ ရှိသည်မဟုတ်ပါလော။
ထို့ကြောင့် မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုတွင် သူမက သမီးဖြစ်သူနှင့်အတူ ဤရွာလေးသို့ လိုက်ပါလာခဲ့ပြီး ခြံဝင်းငယ်လေးကို သိုက်သိုက်ဝန်းဝန်း အလှဆင်ပေးခဲ့လေတော့သည်။
နန်းတွင်းအစေခံများက ယန်ရုရွှယ်ကို မိတ်ကပ်လိမ်းခြယ်ပေးပြီး ခေါင်းဆင်ရတနာများ တပ်ဆင်ပေးပြီးနောက် သခင်မကြီးယန်က ရှေ့သို့တိုးလာခဲ့၏။ သူမက ဘီးတစ်ချောင်းကိုယူကာ သမီးဖြစ်သူ၏ ဆံကေသာကို အရင်းမှနေ၍ အဖျားတိုင်အောင် ဖြည်းညင်းသာယာစွာဖြင့် ဖြီးသင်ပေးလိုက်လေသည်။
"ပထမတစ်ချက် ဖြီးသင်ခြင်း... ဇနီးမောင်နှံနှစ်ဦး ဆံပင်တွေ ဖြူသွားတဲ့အထိ ရာသက်ပန် ပေါင်းဖက်နိုင်ပါစေ"
"ဒုတိယတစ်ချက် ဖြီးသင်ခြင်း... ရောဂါဘယနဲ့ စိုးရိမ်သောကတွေကနေ ကင်းဝေးကြပါစေ"
"တတိယတစ်ချက် ဖြီးသင်ခြင်း... သားသမီးရတနာတွေ ထွန်းကားပြီး သက်တမ်းရှည်ကြာကြပါစေ"
သမီးဖြစ်သူ၏ ဆံကေသာကို ဖြီးသင်ပေးပြီးနောက် သခင်မကြီးယန်က သူမကို ညင်သာစွာ တွဲထူပေးလိုက်သည်။ အိမ်ထောင်ပြုတော့မည့် သမီးဖြစ်သူကို ကြည့်ရင်း သူမ၏မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့ချေပြီ။ "လှတယ်... သိပ်ကို လှလွန်းတယ်"
"သမီးလေး... ဒီနေ့ကစပြီး သမီးက နန်းတော်ထဲကို ဝင်ရတော့မယ်။ နန်းတော်ထဲ ရောက်သွားရင် လိမ္မာရေးခြားရှိရမယ်နော်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်... ခင်ပွန်းသည်ကို ကူညီပံ့ပိုးပေးပြီး သားသမီးတွေကို သေချာပြုစုပျိုးထောင်ပေးရမယ်။ ပြီးတော့ ဧကရာဇ်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း မျှဝေထမ်းဆောင်ပေးရမယ်နော်... နားလည်လား" သခင်မကြီးယန်က အလေးအနက် မှာကြားလိုက်လေ၏။
"နားလည်ပါတယ် မယ်မယ်။ စိတ်ချပါ... သမီးကိုယ်သမီး သေချာဂရုစိုက်မှာပါ... ဧကရာဇ်မင်းမြတ်ကိုလည်း အကောင်းဆုံး ပြုစုစောင့်ရှောက်သွားမှာပါ" ယန်ရုရွှယ်က ခေါင်းညိတ်ပြလိုက်ပေသည်။
"အင်းပါ" သခင်မကြီးယန်က သူမ၏သမီးကို တွယ်တာလွမ်းဆွတ်စွာ ကြည့်လိုက်လေ၏။ "သမီးက ငယ်ငယ်ကတည်းက စကားနားထောင်တယ်... နူးညံ့သိမ်မွေ့ပြီး စိတ်ထားလေးကလည်း ကောင်းတယ်။ နန်းတော်ထဲမှာ မိဖုရားခေါင်ကြီးနေရာကို ရဖို့ မဖြစ်မနေ အတင်းအကျပ် လုပ်နေစရာ မလိုပါဘူး။ မရနိုင်ခဲ့ရင်လည်း ထားလိုက်ပါ။ သမီးလေး ဘေးကင်းလုံခြုံနေသရွေ့ အရာအားလုံး အဆင်ပြေပါတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာလည်း နားလည်ခွင့်လွှတ်ပေးရမယ်နော်... ကြားလား"
"ကြားပါတယ် မယ်မယ်" ယန်ရုရွှယ်က ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပါပြီ" သခင်မကြီးယန်က သူမ၏ မျက်ထောင့်မှ မျက်ရည်များကို သုတ်ဖယ်လိုက်ပေ၏။ "မယ်မယ်က သမီးအတွက် တခြားကိစ္စတွေ သွားစီစဉ်ပေးလိုက်ဦးမယ်။ သမီး ဒီမှာပဲ အရင်ထိုင်နေနော်။ မင်္ဂလာအချိန်ရောက်ရင် လာခေါ်မယ်"
"ဟုတ်ကဲ့ပါ မယ်မယ်" ယန်ရုရွှယ်က ခေါင်းညိတ်ပြလိုက်လေသည်။
မကြာမီမှာပင် သခင်မကြီးယန်က နန်းတွင်းအစေခံများကို အပြင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယန်ရုရွှယ်ကို ပြုစုစောင့်ရှောက်ရန် ချွန်းယန်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ချေတော့သည်။
"သခင်မလေး... တကယ်ကို လှလွန်းတယ်"
ချွန်းယန်က သူမ၏ တောက်ပနေသော မျက်ဝန်းလေးများဖြင့် ရှေ့သို့ တိုးလာခဲ့လေ၏။
"ငါ တကယ်လှရဲ့လား" ယန်ရုရွှယ်၏ နှုတ်ခမ်းလေးများက အနည်းငယ် ကွေးတက်သွားပြီး ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချွန်းယန်က အားတက်သရော ခေါင်းညိတ်ပြလိုက်ပေသည်၊ "ဟုတ်တယ် သခင်မလေး။ တကယ်ကို အံ့မခန်းပဲ။ ဒီနေ့ မင်္ဂလာဝတ်စုံနီကို ဝတ်ဆင်ထားတဲ့ သခင်မလေးနဲ့ ယှဉ်နိုင်မယ့် အမျိုးသမီး ဒီလောကကြီးမှာ လုံးဝမရှိနိုင်တော့ဘူး"
"နင့်ပါးစပ်ကတော့ ချိုတုန်းပဲနော် ကောင်မလေး" ယန်ရုရွှယ်က သူမ၏ မျက်ခုံးနှစ်ခုကြားကို ခပ်ဖွဖွလေး ပုတ်လိုက်လေ၏။
"အဲဒီလို မဟုတ်ရပါဘူး" ချွန်းယန်က နှုတ်ခမ်းလေးဆူလိုက်သည်။ "ကျွန်တော်မျိုးမက အမှန်တိုင်း ပြောနေတာပါဆို"
ထိုသို့ပြောဆိုရင်း ချွန်းယန်၏ နှုတ်ခမ်းထက်တွင် ကျေနပ်ဂုဏ်ယူနေဟန် အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့လေသည်
အခန်း (၄၇၈)
"ဧကရာဇ်မင်းမြတ်နဲ့ သခင်မလေးက အရင်ကတည်းက သိကျွမ်းခဲ့ကြပြီး သခင်မလေးအပေါ်မှာ သံယောဇဉ်ရှိနေမှာ အသေအချာပါပဲ။ အခု သခင်မလေး နန်းတော်ထဲဝင်သွားတဲ့အခါ အရင်က သူတွေ့ခဲ့တဲ့ မိန်းကလေးဟာ သခင်မလေးမှန်း ဧကရာဇ်မင်းမြတ် သိသွားရင် သေချာပေါက် အရမ်းဝမ်းသာသွားလိမ့်မယ်။ ပြီးတော့ ဒီနေ့ သခင်မလေးက ကောင်းကင်နတ်မိမယ်ထက်တောင် ပိုလှနေတော့ ဧကရာဇ်မင်းမြတ်က ဒီည သခင်မလေးရဲ့ အခန်းထဲကနေ ထွက်သွားရမှာကိုတောင် နှမြောနေမှာ အသေအချာပဲ"
"နင်က ဘာတွေ လျှောက်ပြောနေတာလဲ ကောင်မလေးရဲ့။ အမြဲတမ်း ပေါက်ကရတွေပဲ" ယန်ရုရွှယ်က ချွန်းယန်၏ ပါးပြင်လေးကို လှမ်းလိမ်လိုက်လေ၏။
အရင်က ယန်ရုရွှယ် နန်းတွင်းဓလေ့ထုံးတမ်းများကို သင်ယူခဲ့စဉ်က နန်းတွင်းအရာရှိမများက အိပ်ဆောင်ရေးရာကိစ္စရပ်များကိုပါ သင်ကြားပြသပေးခဲ့ရာ ချွန်းယန်ကလည်း တစ်ချိန်လုံး ဘေးမှနေ၍ နားထောင်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုစဉ်က သူမမှာ မျက်နှာလေး နီရဲကာ နားထောင်နေခဲ့သော်လည်း နောက်ပိုင်းတွင်တော့ စိတ်ကူးယဉ်ဝတ္ထုစာအုပ်များနှင့် ကာမရာဂနိုးဆွသော ပန်းချီကားများကိုပင် ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူလာခဲ့ချေပြီ။
ဤအချက်က ယန်ရုရွှယ်ကို အတော်လေး လက်မြှောက်အရှုံးပေးချင်စရာ ဖြစ်စေခဲ့လေသည်။
"ဟီးဟီးဟီး" သခင်မလေး၏ အပြစ်တင်စကားကို ကြားလိုက်ရသော်လည်း ချွန်းယန်က နောက်ပြောင်ချင်ဟန်ဖြင့် ပြုံးသာပြုံးနေခဲ့၏။
"သွားရအောင်... ခြံဝင်းထဲထွက်ပြီး လေလေးဘာလေး ရှူရအောင် ငါနဲ့လိုက်ခဲ့" ယန်ရုရွှယ်က ပြောလိုက်ပေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး။ ဖြည်းဖြည်း လျှောက်ပါဦး" ချွန်းယန်က သခင်မလေးကို ကမန်းကတမ်း တွဲကူလိုက်ပြီး အခန်းထဲမှထွက်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
ခြံဝင်းအတွင်းရှိ ကျောက်စားပွဲခုံတွင် ထိုင်လိုက်ပြီးနောက် မီးပုံးနီကြီးများ ချိတ်ဆွဲအလှဆင်ထားကာ အလွန်တရာ ကျက်သရေမင်္ဂလာရှိနေသော ခြံဝင်းငယ်လေးကို ယန်ရုရွှယ်က ညင်သာနူးညံ့သော အလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့ပေ၏။
"ဒါနဲ့ သခင်မလေး... ဒီနေရာလေးမှာ ထူးခြားတာ တစ်ခုခုများ ရှိနေလို့လား။ ဘာလို့များ ဒီနေရာလေးမှာ မင်္ဂလာဆောင်ချင်ရတာလဲဟင်" ခြံဝင်းထဲတွင် ချွန်းယန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ထူးခြားတာလား... သိပ်ပြီး ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ပုံပြင်လေးတချို့တော့ ရှိတယ်"
ယန်ရုရွှယ်က ခုံပေါ်တွင် ခြေထောက်နှစ်ချောင်းကို စုလျက် ထိုင်နေပြီး သူမ၏ လက်သေးသေးလေးများကို ပေါင်ပေါ်တွင် တင်ထားကာ သူမဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံနီလေးကို ငုံ့ကြည့်ရင်း နှုတ်ခမ်းထက်တွင် သာယာညင်သာသော အပြုံးလေးတစ်ခု ပေါ်ထွက်နေခဲ့ချေပြီ။
"ဘာပုံပြင်လေးတွေလဲဟင်" ချွန်းယန်မှာ ပို၍ပင် စပ်စုချင်စိတ် ပြင်းပြလာခဲ့၏။
"ဒီရွာလေးကလေ... လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာတုန်းက ရှေးဟောင်းချင်တိုင်းပြည်ရဲ့ နယ်မြေထဲမှာ တည်ရှိခဲ့တာတဲ့။ ပြီးတော့ ဒီကနေ သိပ်မဝေးလှတဲ့ ငါတို့မဟာကျိုးရဲ့ မြို့တော်ကြီးက အဲဒီခေတ်တုန်းက ရှေးဟောင်းချင်တိုင်းပြည်ရဲ့ မြို့တော်ကြီး ဖြစ်ခဲ့တာပေါ့"
"နောင်တချိန် ရှေးဟောင်းချင်တိုင်းပြည် ပြိုလဲသွားပြီးတဲ့နောက်မှာတော့ ခေတ်ကာလတွေက အဆက်မပြတ် ပြောင်းလဲသွားခဲ့တယ်။ မင်းဆက်တစ်ခုပြီးတစ်ခု အစားထိုး ဝင်ရောက်လာကြတာနဲ့အမျှ ရှေးဟောင်းချင်တိုင်းပြည်ရဲ့ မြို့တော်ကြီးကလည်း ပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပြီး ဒီနေရာလေးကလည်း သာမန်နေရာလေးတစ်ခု ဖြစ်လာခဲ့တော့တာပဲ"
"နောက်ပိုင်း... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်ကဆိုပါတော့... အနန္တဓမ္မလောကကြီးထဲမှာ မဟာမင်းဆက်ကြီးတချို့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ချီတိုင်းပြည်ကလည်း အဲဒီအထဲက တစ်ခုအပါအဝင်ပေါ့။ ဒီနေရာလေးက ချီတိုင်းပြည်ရဲ့ နယ်မြေထဲမှာ ပါဝင်ခဲ့တာလေ"
ယန်ရုရွှယ်က မျက်လွှာပင့်ကြည့်လိုက်ရာ သူမ၏ လှပသော မက်မွန်ပွင့်ပုံစံ မျက်ဝန်းလေးများအတွင်း၌ အတိတ်ကို ပြန်လည်လွမ်းဆွတ်နေသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့ပေသည်။
"ဒီရွာလေးက ချီတိုင်းပြည်ရဲ့ ကျန်းနန်ပြည်နယ်မှာ တည်ရှိခဲ့တာ။ ဒဏ္ဍာရီတွေအရတော့ ဒီရွာလေးရဲ့နာမည်က ခြင်္သေ့ဆိုတဲ့ ရှီ စာလုံးကိုသုံးတဲ့ ရှီချောင်ကျေးရွာ မဟုတ်ဘဲ ကျောက်တုံးဆိုတဲ့ ရှီ စာလုံးကိုသုံးတဲ့ ရှီချောင်ကျေးရွာလို့ ခေါ်ကြသတဲ့"
သူမက သူမ၏ သွယ်လျသော လက်မောင်းလေးကို မြှောက်လိုက်ပြီး အနီရောင်အင်္ကျီလက်စအတွင်းမှ ထွက်ပေါ်လာသော လက်ချောင်းလေးဖြင့် မလှမ်းမကမ်းရှိ တောင်ထွတ်တစ်ခုဆီသို့ ညွှန်ပြလိုက်လေ၏။ "အဲဒီတောင်ထွတ်ကိုလည်း မြွေတောင်လို့ မခေါ်ဘဲ ရှဲတောင်လို့ ခေါ်ကြတာတဲ့။ မြွေ ဆိုတဲ့စကားလုံးနဲ့ အသံထွက်တူတဲ့ ရှဲ ဆိုတဲ့စာလုံးကို သုံးထားတာပေါ့"
"ပုံပြင်တွေထဲမှာ ပြောကြတာကတော့ ရှီချောင်ကျေးရွာမှာ လူငယ်လေးတစ်ယောက် ရှိခဲ့ဖူးသတဲ့။ အဲဒီလူငယ်လေးက တောင်ပေါ်တက်သွားတဲ့အချိန်မှာ မြွေဖြူလေးတစ်ကောင်ကို ကယ်တင်ခဲ့ဖူးတယ်တဲ့လေ"
"မြွေဖြူလေးကို ကုသပေးပြီးတဲ့နောက်မှာ လူငယ်လေးက သူမကို တောအုပ်ထဲ ပြန်လွှတ်ပေးလိုက်တယ်။ မြွေဖြူလေးက ဝိညာဉ်အသိဉာဏ် ပွင့်နေပြီဖြစ်လို့ သူမက ကြိုးစားပမ်းစား ကျင့်ကြံပြီး လူသားအသွင်ပြောင်းကာ လူငယ်လေးရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ခဲ့တာပေါ့"
"လူငယ်လေးက ငယ်ငယ်ကတည်းက ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရပေမဲ့ သူက နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီး အရာရှိကြီးတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ စာပေတွေကို ကြိုးစားပမ်းစား သင်ယူခဲ့တယ်"
သခင်မလေး ပြောပြနေသော ဆန်းသစ်သည့် ပုံပြင်လေးကို နားထောင်ရင်း ချွန်းယန်က သူမအနားတွင် ကမန်းကတမ်း ဝင်ထိုင်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်၊ "သခင်မလေး... သခင်မလေး... အဲဒီနောက် ဘာဆက်ဖြစ်သေးလဲဟင်"
"အဲဒီနောက် မြွေဖြူလေးရဲ့ ကျင့်ကြံခြင်းပါရမီက တကယ်ကို အတော်လေး ကောင်းမွန်ခဲ့တယ်။ သူမက လူသားအသွင်ကို အမြန်ဆုံး ပြောင်းလဲနိုင်ခဲ့ပြီး မိန်းကလေးငယ်တစ်ယောက် ဖြစ်လာကာ တောင်ပေါ်မှာ သူ့ကို စောင့်ဆိုင်းနေခဲ့တာပေါ့" ထိုသို့ပြောဆိုနေစဉ် ယန်ရုရွှယ်၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့ပေ၏။
"အစပိုင်းမှာတော့ ကောင်မလေးက သူမရဲ့ အသွင်ပြောင်းခြင်းက အပြစ်အနာအဆာကင်းပြီး သူ လုံးဝ သတိထားမိမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကောင်လေးက စကတည်းက သတိထားမိနေခဲ့ပြီးသားပါ"
"ဒါပေမဲ့ ကောင်လေးက ဘာမှမမေးတော့ သူမကလည်း ဘာမှမပြောခဲ့ဘူးလေ"
"နောက်ပိုင်းကျတော့ ကောင်မလေးက ကောင်လေးရဲ့အနောက်ကိုလိုက်ပြီး တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အားကိုးရင်း အတူတူ ကြီးပြင်းလာခဲ့ကြတာပေါ့"
"မြွေဖြူလေးက ကလေးမလေးဘဝကနေ အရွယ်ရောက်လာပြီး အရွယ်ရောက်လာတဲ့ အပျိုပေါက်လေးကနေ မိန်းမပျိုလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တယ်"
"ကောင်လေးကလည်း နွားကျောင်းသားဘဝကနေ နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီး ပညာတတ်အဆင့်ကို ရရှိလာတယ်။ ပြီးတော့ ပညာတတ်အဆင့်ကနေ ပြည်နယ်အဆင့် စာမေးပွဲကိုပါ ထပ်မံအောင်မြင်သွားခဲ့တယ်"
"သူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွယ်လာခဲ့ကြတယ်။ အမျိုးသားဖြစ်သူက မြို့တော်မှာ စာမေးပွဲသွားဖြေပြီး ပြန်လာတဲ့အခါ သူမကို လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်"
"သူမကလည်း သူပြန်လာမယ့်အချိန်ကို စောင့်နေမယ်... မင်္ဂလာယာဉ်တန်းကြီးနဲ့ လာခေါ်မယ့်အချိန်ကို စောင့်နေမယ်... ပြီးတော့ ခမ်းနားတဲ့ မင်္ဂလာဝတ်စုံကြီးကို ဝတ်ဆင်ပြီး စောင့်နေပါ့မယ်လို့ ပြောခဲ့တယ်လေ"
ဇာတ်သိမ်းပိုင်းသို့ ရောက်လာသောအခါ ယန်ရုရွှယ်က ခေတ္တမျှ ရပ်တန့်သွားပြီး ဘာမှဆက်မပြောတော့ဘဲ အဝေးဆီသို့သာ ငေးမောကြည့်နေခဲ့လေတော့သည်။
"သခင်မလေး... လူငယ်လေးနဲ့ မြွေဖြူလေးက နောက်ဆုံးမှာ ပေါင်းဖက်သွားကြလားဟင်" ဇာတ်သိမ်းကို မကြားလိုက်ရသဖြင့် ချွန်းယန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ချေပြီ။
"ခန့်မှန်းကြည့်လေ" ယန်ရုရွှယ်က ချိုမြိန်စွာ ပြုံးလိုက်ပြီး သူမ၏ လက်ချောင်းလေးကို ဆန့်တန်းကာ ချွန်းယန်၏ နဖူးလေးကို ခပ်ဖွဖွလေး တောက်လိုက်လေ၏။
"အာ... သခင်မလေးက ဘာလို့ အဲဒီလိုလုပ်ရတာလဲ။ သခင်မလေးက ဒီလိုကြီး ဇာတ်လမ်းကို တန်းလန်းကြီး ထားမထားခဲ့သင့်ဘူးလေ" ချွန်းယန်က နှုတ်ခမ်းလေး ဆူသွားသည်။
"ကဲပါ ကဲပါ... နောက်မှ ဆက်ပြောပြမယ်။ မကြာခင် မင်္ဂလာအချိန်ကျတော့မယ်။ နင် ရွာထိပ်ကို သွားပြီး အရင်စောင့်နေလိုက်တော့။ ငါ တစ်ယောက်တည်း ခဏလောက် နေချင်သေးလို့" ယန်ရုရွှယ်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပေသည်။
"ကောင်းပါပြီလေ။ ဒါဆိုလည်း ကျွန်တော်မျိုးမက ရွာထိပ်ကိုသွားပြီး နန်းတော်က မင်္ဂလာယာဉ်တန်းကို သွားစောင့်နေပါ့မယ်။ သခင်မလေး... နောက်ကျရင် ပုံပြင်လေးကို အဆုံးထိ ဆက်ပြောပြမယ်လို့ ကျွန်တော်မျိုးမကို သေချာပေါက် ကတိပေးရမယ်နော်... ဟုတ်ပြီလား" ချွန်းယန်က ချွဲနွဲ့တောင်းဆိုလိုက်လေ၏။
"အင်းပါ" ယန်ရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ သခင်မလေးထံမှ ကတိရရှိပြီးမှသာ ချွန်းယန်က ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။
ခြံဝင်းငယ်လေးအတွင်းတွင် ယန်ရုရွှယ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ချေပြီ။ သူမက မတ်တပ်ရပ်လိုက်ပြီး ခြံဝင်း၏ ရှေးဟောင်းနံရံများကို ပွတ်သပ်ကာ အသစ်ချိတ်ဆွဲထားသော မီးပုံးနီကြီးများကို ကြည့်ရှုနေခဲ့ပေသည်။
ဤခြံဝင်းငယ်လေးမှာ မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံခံခဲ့ရပြီး အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ခံခဲ့ရပေသည်။ သို့သော် ခြံဝင်းငယ်လေး၏ အသွင်အပြင်မှာမူ နှစ်ပေါင်းတစ်သောင်းခန့် အချိန်ကာလများကို ဖြတ်သန်းခဲ့ရသော်လည်း လုံးဝ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
ထိုအမျိုးသမီး၏ မျက်စိရှေ့တွင် ခြံဝင်းအတွင်း၌ စာဖတ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည့်အလားပင်။ အမျိုးသမီးဖြစ်သူကမူ သူမ၏ အင်္ကျီလက်စများကို ခေါက်တင်ထားကာ လျှော်ဖွပ်ထားသော အဝတ်အစားများကို ညှစ်ပြီး ခပ်ဖွဖွလေး ခါထုတ်ကာ ဝါးလုံးတန်းပေါ်တွင် လှန်းနေခဲ့လေ၏။
အမျိုးသမီးဖြစ်သူက သူမ၏ မှတ်ဉာဏ်အနက်ရှိုင်းဆုံးနေရာမှ အမြတ်တနိုး သိမ်းဆည်းထားသော မြင်ကွင်းများကို ပြန်လည်အမှတ်ရနေစဉ်မှာပင် ခြံဝင်းအပြင်ဘက်မှ လှုပ်ရှားမှုအနည်းငယ် ထွက်ပေါ်လာခဲ့ပေသည်။
အမျိုးသမီးက သူမ၏ အတွေးများကို ရုပ်သိမ်းလိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သစ်ပင်တစ်ပင်အောက်တွင် ယောကျာ်းလေးသုံးယောက်နှင့် မိန်းကလေးနှစ်ယောက်တို့က သစ်ပင်ပင်စည်အနောက်တွင် ပုန်းကွယ်နေကြပြီး ယန်ရုရွှယ်ကို စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်နေကြလေ၏။
လှပသော အစ်မကြီးက သူတို့ကို သတိထားမိသွားမှန်း ကလေးငါးယောက်လုံး သိရှိသွားကြသောအခါ ခဏတာမျှ အထိတ်တလန့်ဖြစ်သွားကြပြီး ထွက်ပြေးရန် ပြင်လိုက်ကြချေပြီ။
"သကြားလုံး စားချင်လို့လား" ယန်ရုရွှယ်က ကလေးများကို ညင်သာစွာ ပြုံးပြလိုက်ပေသည်။
ကလေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးရင်း ခြုံပုတ်များကြားမှ ထွက်လာကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြလေ၏။
"စားချင်တယ်" ကလေးငါးယောက်က သေသပ်စွာ တန်းစီလိုက်ကြသည်။ အကြီးဆုံးကလေးမှာ အသက်ခြောက်နှစ်ထက် မပိုသေးချေ။
"ခဏလေး စောင့်ဦးနော်" ယန်ရုရွှယ်က အိမ်ထဲသို့ ဝင်သွားပြီး ကြွေပန်းကန်ပြားတစ်ခုကို ကိုင်လျက် အလျင်အမြန် ပြန်ထွက်လာခဲ့လေသည်။
သူမက သူမ၏စကတ်ကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူတို့၏ အိတ်ကပ်များထဲသို့ မင်္ဂလာသကြားလုံးများကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်ပေ၏။
အစ်မကြီး၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ကြည့်ရင်း ဟွမ်ကျွီးအမည်ရသော မိန်းကလေးငယ်က လင်းလက်တောက်ပစွာဖြင့် ပြောလိုက်သည်၊ "အစ်မကြီးက သိပ်ကို လှတာပဲ"
"ဟုတ်တယ် အစ်မကြီး" လျှိုနျန်အမည်ရသော ယောကျာ်းလေးက နှာရည်ရှူလိုက်လေ၏။ "အစ်မကြီးက သားရဲ့အမေထက်တောင် ပိုလှသေးတယ်"
"ကျေးဇူးတင်ပါတယ်ကွယ်" ယန်ရုရွှယ်က သူတို့၏ ခေါင်းလုံးလုံးလေးများကို ပွတ်သပ်ပေးလိုက်ပေသည်။
"အစ်မကြီး... အစ်မကြီးက ဘာလို့ ဒီမှာ တစ်ယောက်တည်း ရှိနေတာလဲဟင်" အသက်ငါးနှစ်အရွယ် မိန်းကလေးငယ် ချန်ချန်ချန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဘာလို့လဲဆိုတော့... အစ်မကြီးက လူတစ်ယောက်ကို စောင့်နေလို့ပါ" ယန်ရုရွှယ်၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးများအလား ကွေးတက်သွားခဲ့ချေပြီ။
"လူတစ်ယောက်ကို စောင့်နေတာလား" အသက်ငါးနှစ်အရွယ် ယောကျာ်းလေးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"အင်း" ယန်ရုရွှယ်က ခေါင်းညိတ်ပြလိုက်၏။ "အစ်မကြီးကို လာပြီးလက်ထပ်မယ့်သူ တစ်ယောက်ကို စောင့်နေတာပါ"
"အစ်မကြီး သူ့ကို စောင့်လို့ တွေ့သွားပြီလားဟင်" မိန်းကလေးငယ်က မေးလိုက်ပေသည်။
"စောင့်နေခဲ့တာပါ" ယန်ရုရွှယ်က မိန်းကလေးငယ်၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သူ၏ပုံရိပ်က သူမ၏ စိတ်အာရုံထဲတွင် ပေါ်လာသည်နှင့်အမျှ သူမက ကလေးငယ်ကို ဖြည်းညင်းစွာ ပြောလိုက်လေ၏။
"အစ်မကြီး (ရုရွှယ်) ကလေ"
"လက်ထပ်တော့မှာပါ (ကိုယ်ပြန်လာမယ့်အချိန်ကို စောင့်နေပေးပါ)"