အခန်း (၄၇၉-၄၈၀)
Vol. 48 Ch. 479-480
အခန်း (၄၇၉)
ချင်တိုင်းပြည်သံအမတ်အိမ်တော်။
ချင်တိုင်းပြည်မှ နန်းတွင်းအစေခံမလေးများသည် သံအမတ်အိမ်တော်အတွင်း ဟိုဟိုဒီဒီ ပြေးလွှားသွားလာရင်း အလုပ်များနေကြလေ၏။
အထူးသဖြင့် အစေခံမလေးမင်ယွဲ့ပင်။
သူမက အစေခံမလေးတိုင်းကို ညွှန်ကြားပြသပေးနေပြီး အသေးစိတ်အချက်အလက်တိုင်းကို သေချာစွာ စစ်ဆေးနေခဲ့ပေသည်။
ယနေ့သည် အရှင်သခင်မ၏ မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပမည့်နေ့ပင်တည်း။
အမှားအယွင်း တစ်စုံတစ်ရာမျှ လုံးဝ အဖြစ်ခံ၍ မရနိုင်ပေ။
အလုပ်များကာ မျက်စိလည်နေသော မင်ယွဲ့နှင့် နှိုင်းယှဉ်လျှင် အခန်းတွင်းရှိ သတို့သမီးလောင်းလေးမှာမူ များစွာ ပိုမိုတည်ငြိမ်အေးချမ်းနေပုံရပြီး သူမ၏ မျက်နှာအမူအရာက တည်ငြိမ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေ၏။
ထိုအမျိုးသမီး၏ ဆံကေသာထက်သို့ နောက်ဆုံး ဆံထိုးလေးကို ထိုးစိုက်လိုက်ပြီးနောက် အစေခံမလေးတစ်ဦးက နှုတ်ခမ်းနီစက္ကူပြားလေးတစ်ခုကို ယူကာ သူမ၏ နှုတ်ခမ်းဖျားလေးနှစ်ခုကြားသို့ တေ့ပေးလိုက်သည်။
အမျိုးသမီးက သူမ၏ နှုတ်ခမ်းလေးကို စေ့ကာ ခပ်ဖွဖွလေး ဖိကပ်လိုက်ပေ၏။
သူမ၏ မူလကတည်းက နူးညံ့သိမ်မွေ့နေသော နှုတ်ခမ်းအစုံမှာ မင်္ဂလာကျက်သရေဆောင်သော ကြက်သွေးရောင်အဆင်းဖြင့် ပိုမိုလှပတောက်ပသွားခဲ့ချေပြီ။
ကြေးမုံပြင်ထက်မှ သူမ၏ ပုံရိပ်လေးကို ကြည့်ရင်း ချင်စီယောင်က ခေါင်းလေးကို အနည်းငယ် စောင်းလိုက်သည်။ သူမ၏ ဦးခေါင်းထက်ရှိ ဆံထိုးလေးများက ညင်သာစွာ ယိမ်းနွဲ့သွားပြီး ကျောက်စိမ်းများ အချင်းချင်း ထိခတ်သွားသည့် ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
အခန်းတွင်းရှိ အစေခံမလေးများအားလုံးမှာ သူတို့၏ မင်းသမီးလေးကို ကြည့်ကာ မှင်သက်ငေးမောနေမိကြပေ၏။
သူတို့၏ မျက်ဝန်းများထဲတွင်မူ ယောကျာ်းတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာမရှိ အမျိုးသမီးများဖြစ်သည့် သူတို့ကိုယ်တိုင်ပင် သူတို့ရှေ့မှောက်ရှိ သတို့သမီးလေးကို သူတို့၏ အရိုးတွင်းခြင်ဆီများအထိ ဆွဲသွင်းကာ အမြတ်တနိုး ယုယပွေ့ဖက်ထားချင်စိတ်များ ပေါက်လာခဲ့ကြလေတော့သည်။
အရှင်မင်းမြတ် အဲလေ မင်းသမီးလေး မင်ယွဲ့က အခန်းထဲသို့ ဝင်လာရင်း လှမ်းခေါ်လိုက်သည်။
သို့သော် သူမသခင်မ၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမက ကြောင်အမ်းအမ်းဖြင့် မှင်သက်သွားခဲ့ပြီး ပြောရမည့် စကားများကိုပင် ခဏတာမျှ မေ့လျော့သွားခဲ့ချေပြီ။
သခင်မ၏ မင်္ဂလာဝတ်စုံကြီးမှာ သူမနှင့် အတိအကျ ကွက်တိကျလှပြီး တင်းကျပ်နေသော ခါးစည်းလေးက ပခုံး၊ လည်တိုင်၊ ရင်အုံနှင့် ခါးဆီမှနေ၍ စီးဆင်းလာသော ပြည့်ဖြိုးလှပသည့် အကွေးအကောက်အချိုးအစားကို ပိုမိုထင်ရှားပေါ်လွင်စေကာ တင်ပါးဆီသို့ ရောက်ချိန်တွင် ကျယ်ပြန့်သော ဝတ်ရုံစွန်းကြီးအဖြစ် သဘာဝကျကျ ဖြန့်ကြက်သွားလေ၏။
သို့တိုင်အောင် သူမ လမ်းလျှောက်လိုက်သည့်အခါ ဘေးဘက်ခွဲကြောင်းများကြားမှ သူမ၏ ဖြောင့်စင်းသွယ်လျသော ခြေတံလေးများ၏ ပုံရိပ်က ရေးရေးမျှ ပေါ်ထွက်လာတတ်ပေသည်။ ထိုခြေတံလေးများကို အရောင်တူ ပိုးသားဘောင်းဘီလေးက ချောင်ချောင်ချိချိ ဖုံးအုပ်ထားပြီး ခြေသလုံးနေရာတွင် ကျဉ်းမြောင်းသွားကာ သူမ၏ နူးညံ့လှပသော ခြေကျင်းဝတ်လေးများကို တစ်စိတ်တစ်ပိုင်း ဖော်ပြနေခဲ့လေသည်။
သခင်မ၏ မျက်ခုံးလေးများကို မင်နက်ရောင်ဖြင့် သေသပ်သေချာစွာ ဆွဲသားထားပြီး အဝေးဆီမှ တောင်တန်းများ၏ အရိပ်အယောင်များအလား ကွေးညွတ်လှပနေပေ၏။
သူမ၏ မက်မွန်စေ့ပုံစံ မျက်ဝန်းလေးများက နူးညံ့သိမ်မွေ့မှုတို့ကို ထုတ်လွှတ်နေပြီး မျက်တောင်လေးများက သဘာဝအတိုင်း အပေါ်သို့ ကော့တက်နေလေသည်။ သူမက မျက်လွှာချလိုက်သည့်အခါ သူမ၏ ရှည်လျားသော မျက်တောင်လေးများက မျက်ဝန်းအောက်၌ ငြိမ်သက်နေသော အရိပ်ငယ်လေးတစ်ခုကို ဖန်တီးပေးနေခဲ့ချေပြီ။
သူမ၏ နှုတ်ခမ်းအစုံကိုမူ ပါးနီဆိုးဆေး အပြည့်အဝ ခြယ်သထားပြီး ဝန်းကျင်ရှိ အနီရောင်များအားလုံးထဲတွင် အနက်ရှိုင်းဆုံးနှင့် အတောက်ပဆုံးသော အရောင်အဆင်း ဖြစ်နေခဲ့သည်။ နူးညံ့ကာ စေ့ပိတ်ထားသော ထိုနှုတ်ခမ်းလေးများက မည်သည့်စကားကိုမျှ ဆိုမနေသော်ငြား စကားတွေ အများကြီး ပြောနေသည့်အလား ထင်မှတ်ရလေ၏။
ဘာဖြစ်လို့လဲ ချင်စီယောင်က ခေါင်းလှည့်ကာ မင်ယွဲ့ကို ပြုံး၍ ကြည့်လိုက်ပေသည်။
မင်ယွဲ့က အလျင်အမြန် သတိပြန်ဝင်လာပြီး ဦးညွှတ်လိုက်သည် သခင်မလေးကို လျှောက်တင်ပါရစေ။ အစီအစဉ်အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ နန်းတော်က မင်္ဂလာယာဉ်တန်းကြီးကလည်း လာနေပြီဖြစ်ပြီး ချင်တိုင်းပြည်က တင်တောင်းလာတဲ့ လက်ဖွဲ့ပစ္စည်းတွေကိုလည်း စီစဉ်ပြီးပါပြီ။ သခင်မလေး ကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ချင်ပါသလား။
အင်း ဒါဆိုလည်း သွားကြည့်ကြတာပေါ့ ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့လေ၏။
ခြံဝင်းအတွင်း၌ အနီရောင် သေတ္တာကြီးများကို ချထားပြီး သေတ္တာတိုင်းတွင် အနီရောင် ပန်းပွင့်ကြီးတစ်ပွင့်စီဖြင့် ချည်နှောင်ထားပေသည်။
ဖွင့်လိုက်ကြ မင်ယွဲ့၏ အမိန့်ပေးသံနှင့်အတူ အနီးရှိ အစေခံမလေးများက လက်ဖွဲ့ပစ္စည်းများ ပါဝင်သော သေတ္တာများကို ဖွင့်လိုက်ကြလေသည်။
အထဲတွင်တော့ အမျိုးမျိုးသော ဝိညာဉ်ဆေးဝါးများနှင့် ဝိညာဉ်ပန်းများ၊ ရွှေငွေရတနာများ၊ တန်ဖိုးကြီးမားလှသော လက်ရေးလှစာပုရပိုက်များနှင့် ပန်းချီကားများအပြင် အခြားသော တန်ဖိုးကြီးပစ္စည်းများ အပြည့်ပါဝင်နေခဲ့ချေပြီ။
ချင်စီယောင်က သေတ္တာများအနီးမှ ဖြတ်လျှောက်သွားရင်း အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ကာ ပြုံးလိုက်သည် တကယ်ပဲ ပစ္စည်းတချို့ လိုနေသေးတာကိုး။
ထိုစကားနှင့်အတူ ချင်စီယောင်က သူမ၏ အနီရောင် အင်္ကျီလက်စများထဲမှ မျက်နှာဖုံးတစ်ခုနှင့် ရွှံ့ရုပ်သေးသေးလေးတစ်ရုပ်ကို ထုတ်ယူလိုက်ပြီး သေတ္တာတစ်လုံးထဲသို့ သေသပ်လုံခြုံစွာ ထည့်သွင်းလိုက်လေ၏။
ဤပစ္စည်းနှစ်ခုကို မြင်လိုက်ရသောအခါ မင်ယွဲ့မှာ အံ့အားသင့်သွားခဲ့သည် သခင်မလေး... ဒီပစ္စည်းနှစ်ခုကိုလည်း သခင်မလေးရဲ့ လက်ဖွဲ့ပစ္စည်းတွေထဲ ထည့်မလို့လား။
ချင်စီယောင်၏ အစေခံမလေးတစ်ဦးအနေဖြင့် ငယ်စဉ်ကတည်းက သူမနောက်သို့ လိုက်ပါလာခဲ့သူဖြစ်ရာ ဤရွှံ့ရုပ်သေးသေးလေးနှင့် မျက်နှာဖုံးက သခင်မအတွက် အလွန်တရာ အရေးပါလှကြောင်း မင်ယွဲ့က သဘာဝကျကျပင် သိရှိထားပေသည်။
ဤပစ္စည်းနှစ်ခုတွင် မည်သည့်အရာများ ထူးခြားနေသနည်းဆိုတာကို မင်ယွဲ့ မသိသော်ငြားလည်း။
မင်ယွဲ့အမြင်တွင်တော့ ၎င်းတို့မှာ ထင်ရှားစွာပင် အလွန်တရာ သာမန်ဆန်လွန်းသော ပစ္စည်းများဖြစ်နေသော်လည်း သခင်မကမူ ၎င်းတို့ကို ရတနာများအလား သဘောထားကာ သူမအနားမှ တစ်ခဏမျှပင် အကွာခံခဲ့ခြင်း မရှိချေ။
၎င်းတို့က လောကကြီးရှိ အခြားမည်သည့်အရာများထက်မဆို ပို၍ တန်ဖိုးကြီးမားနေသည့်အလားပင်။
သေချာတာပေါ့။
ချင်စီယောင်က သူမ၏ ဖြူဝင်းနူးညံ့သော လက်ချောင်းလေးများကို ဆန့်တန်းကာ မျက်နှာဖုံးနှင့် ရွှံ့ရုပ်သေးသေးလေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်များတွင် နွေဦးလေပြေထက်ပင် ပိုမိုနူးညံ့သိမ်မွေ့လှသော အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့လေ၏။
ဒီအရာတွေက မူလကတည်းက သူ့ရဲ့ပစ္စည်းတွေပဲလေ...
ဟင်။
သခင်မ၏စကားများကို ကြားလိုက်ရသောအခါ မင်ယွဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူမ၏ ဦးခေါင်းဘေးတွင် မေးခွန်းသင်္ကေတတစ်ခု အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့ချေပြီ။
သခင်မက ခုနက ဘာပြောလိုက်တာလဲ။
ဒီပစ္စည်းနှစ်ခုက ကျိုးတိုင်းပြည်ရဲ့ဘုရင် ပိုင်ဆိုင်တာတွေတဲ့လား။
ဒါပေမဲ့ ဒါတွေက ရှင်းရှင်းလင်းလင်းကြီး သခင်မ ပိုင်ဆိုင်တာတွေလေ။ ဘယ်လိုလုပ်ပြီး ကျိုးတိုင်းပြည်ရဲ့ဘုရင် ပိုင်ဆိုင်တဲ့အရာတွေ ဖြစ်သွားရတာလဲ။
ကျိုးတိုင်းပြည်ရဲ့ဘုရင်က သခင်မနဲ့ အရင်က တွေ့ဖူးထားလို့များလား။
ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ခြေ သိပ်မရှိဘူးလေ။
ငါက သခင်မနောက်ကို အမြဲတမ်း လိုက်ပါခဲ့ပြီး သခင်မနဲ့အတူ ကြီးပြင်းလာခဲ့တာပဲ။ တကယ်လို့ သခင်မနဲ့ လက်ရှိ ကျိုးတိုင်းပြည်ရဲ့ဘုရင်တို့က အရင်ကတည်းက သိကျွမ်းခဲ့ကြတယ်ဆိုရင်တောင် ငါက ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။
ကဲပါ... အရာအားလုံး အဆင်သင့်ဖြစ်နေပြီဆိုတော့ တခြားသူတွေကို ခေါ်ပြီး အိမ်တော်အပြင်ဘက်မှာ သွားစောင့်နေကြတော့။ ငါ တစ်ယောက်တည်း ခဏလောက် နေချင်သေးတယ်။ တစ်ခုခုဖြစ်ရင် ငါ့ကို လာပြောလှည့် ချင်စီယောင်က ပြုံး၍ပြောလိုက်ပြီး မင်ယွဲ့ကို နောက်ထပ် မည်သည့် ဖြေရှင်းချက်မျှ မပေးတော့ချေ။
“မှန်လှပါ သခင်မလေး။”
မင်ယွဲ့လည်း ထပ်မံ၍ မမေးရဲတော့ဘဲ ဦးညွှတ်လိုက်ကာ အစေခံမလေးများကို ခေါ်ဆောင်လျက် ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။
ချင်စီယောင်က ကောင်းကင်ယံကို မော့ကြည့်လိုက်ပေ၏။
မင်္ဂလာအချိန်ကျရောက်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် ချင်စီယောင်က ဤချင်တိုင်းပြည်သံအမတ်အိမ်တော်အတွင်း တစ်ကိုယ်တည်း လမ်းလျှောက်နေခဲ့လေသည်။
ရင်းနှီးကျွမ်းဝင်နေသော်လည်း သူစိမ်းဆန်နေသည့် ဤခြံဝင်းကြီးကို ကြည့်ရင်း ချင်စီယောင်၏ မှတ်ဉာဏ်များက အဆက်မပြတ် လွင့်မျောနေခဲ့ပြီး ဤချင်တိုင်းပြည်သံအမတ်အိမ်တော်ကို လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ရှေးဟောင်းချင်တိုင်းပြည်၏ ရှောင်အိမ်တော်နှင့် နှိုင်းယှဉ်နေမိလေ၏။
တိုက်ဆိုင်စွာပင် ထိုစဉ်က ကျန်းပေမင်းသား၏ ရှောင်အိမ်တော်သည် နှစ်သောင်းပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် သံအမတ်အိမ်တော်တစ်ခု အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ချင်စီယောင် ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့မိချေ။
သို့သော် အချိန်ကာလများက အလွန်တရာ ကြာမြင့်ခဲ့ပြီဖြစ်ရာ မူလ ဆီးနှင်းမင်းသားအိမ်တော်မှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခု ပြန်လည်တည်ဆောက်ထားသော ဤသံအမတ်အိမ်တော်တွင် ယခင်က အရိပ်အယောင်ဟူ၍ လုံးဝ မကျန်ရစ်တော့ချေ။
မူလက ရှိခဲ့သော ရေကန်လေးမှာ ယခုအခါ သစ်တောအုပ်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။
ပထမသခင်မကြီးရှာချင်ခယ် နေထိုင်ခဲ့ဖူးသော သီးသန့်ခြံဝင်းငယ်လေးမှာလည်း ယခုအခါ စာကြည့်ဆောင်တစ်ခု ဖြစ်လာခဲ့လေ၏။
မူလ ရှောင်အိမ်တော်၏ သိုင်းပညာလေ့ကျင့်ရေးကွင်းမှာမူ ယခုအခါ ပန်းမန်များနှင့် မြက်ပင်များ ဖုံးလွှမ်းနေပြီး ပန်းခြံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
နောက်ဆုံးတွင် ချင်စီယောင်က လမ်းသွယ်လေးတစ်ခုတစ်လျှောက် ဆက်လက်လျှောက်လှမ်းသွားခဲ့လေသည်။
ချင်စီယောင် ရပ်တန့်လိုက်ချိန်တွင်တော့ သူမက ခြံဝင်းငယ်လေးတစ်ခု၏ တံခါးဝသို့ ရောက်ရှိနေခဲ့ပေ၏။
ဤခြံဝင်းငယ်လေးက မူလကတည်းက တည်ရှိနေခဲ့ခြင်း မဟုတ်ဘဲ မြက်ခင်းပြင်ငယ်လေးတစ်ခုမျှသာ ဖြစ်လေသည်။
သို့သော် ချင်စီယောင် ရောက်ရှိလာပြီးနောက်တွင် သူမက အစေခံများကို အသစ်ပြန်လည် တည်ဆောက်ခိုင်းခဲ့ခြင်း ဖြစ်ပေသည်။
ခြံဝင်းငယ်လေးမှာ အလွန်တရာ သာမန်ဆန်ပြီး ကြီးမားကျယ်ဝန်းခြင်း မရှိပေ။ ၎င်းတွင် ရှေ့ဖက်ခြံဝင်းငယ်လေးတစ်ခု၊ အခန်းသုံးခန်းနှင့် မီးဖိုဆောင်ငယ်လေးတစ်ခုသာ ပါဝင်လေ၏။
ရှေ့ဖက်ခြံဝင်း၏ အပြင်အဆင်ကလည်း ရိုးရှင်းလှပြီး ကျောက်စားပွဲတစ်လုံးနှင့် ကျောက်ထိုင်ခုံ အနည်းငယ်သာ ရှိပေသည်။
ဤခြံဝင်းငယ်လေးကို ကြည့်ရင်း ချင်စီယောင်၏ မျက်ဝန်းများက တဖြည်းဖြည်း ဝေဝါးသွားခဲ့ချေပြီ။
ခြံဝင်းအတွင်းရှိ မီးဖိုဆောင်လေးမှ မီးခိုးငွေ့များ လွင့်ပျံတက်လာသည့်အလားပင်။
လောကဓံကို ဂရုမစိုက်တတ်သည့် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးက သူမ၏ အစေခံမလေးနှင့်အတူ ထမင်းဟင်းများကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပြင်ဆင်နေပြီး ထိုအမျိုးသမီး၏ ချွေးမဖြစ်သူက မီးဖိုဆောင်ထဲတွင် ကူညီပေးနေသယောင် ရှိပေသည်။
လက်တွေ့တွင်တော့ သူမ၏ ဆိုးရွားလှသော ချက်ပြုတ်ရေးစွမ်းရည်ဖြင့် အနှောင့်အယှက် မပေးမိရုံလေးတင် တော်လှပြီ ဖြစ်လေ၏။
ခြံဝင်းထဲတွင်မူ စစ်သူကြီးတစ်ဦးဖြစ်သော်လည်း စာဖတ်ခြင်းကို နှစ်သက်သော အမျိုးသားတစ်ဦးက တစ်ခါတစ်ရံ စာအုပ်ကိုကိုင်ထားရင်း တစ်ခါတစ်ရံ မီးဖိုဆောင်ဘက်သို့ လှမ်းကြည့်ကာ မတတ်သာသည့်အလား၊ သို့သော် နွေးထွေးကြင်နာစွာ ပြုံးနေတတ်ပေသည်။
နွေဦးလေပြေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားလေ၏။
ထိုအမျိုးသမီး၏ မျက်စိရှေ့မှ မြင်ကွင်းက သဲပွင့်များအလား ပြန့်ကျဲပျောက်ကွယ်သွားခဲ့ချေပြီ။
ခြံဝင်းထဲတွင် သူမ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပေသည်။
ချင်စီယောင်က သူမ၏ မင်္ဂလာဝတ်စုံနီလေးကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ကျောက်ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်လေ၏။
အေးမြသော လေပြေလေးက သူမ၏ ဆံကေသာကို ဖြတ်သန်းတိုက်ခတ်သွားပြီး သူမ၏ ခန္ဓာကိုယ်လေးကို ပွတ်တိုက်သွားခဲ့သည်။ သူမက ခေါင်းမော့ကာ အဝေးဆီမှ ကောင်းကင်ယံကို ငေးမောကြည့်နေခဲ့ပေ၏။
အကွာအဝေးကို မသိနိုင်သော ထိုကောင်းကင်ယံထက်တွင် တစ်စုံတစ်ယောက်က သူမကို အဆက်မပြတ် စောင့်ကြည့်နေပြီး အမြဲတမ်း ကောင်းချီးပေးနေသည့်အလားပင်။
မယ်မယ်...
ချင်စီယောင်၏ မျက်ဝန်းများတွင် မျက်ရည်စများက ပါးလွှာသော မြူခိုးများအလား ဖုံးလွှမ်းလာခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်လေးများက အိပ်မက်ကမ္ဘာထဲမှ လခြမ်းကွေး လှေငယ်လေးအလား အနည်းငယ် ကွေးတက်သွားခဲ့လေတော့သည်။
မယ်မယ် မြင်ရဲ့လားဟင်...
ဒီနေ့ စီယောင်နဲ့ ရှောင်မိုတို့ လက်ထပ်တော့မယ်နော်...
အခန်း (၄၈၀)
မဟာကျိုး၏ နန်းတော်အတွင်း၌ ရှောင်မိုက မင်္ဂလာသတို့သားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနေခဲ့ချေပြီ။
ဤဝတ်စုံကို ယန်ရုရွှယ် ကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားခြင်း ဖြစ်ပေသည်။
ရှောင်မို၏အမြင်တွင် သူက ဤဝတ်စုံကို ဤထက် များစွာစောစီးစွာကတည်းက ဝတ်ဆင်ခဲ့သင့်ပေ၏။
သို့သော်လည်း ကိစ္စရပ်များစွာက အမှန်တကယ် ဖြစ်ပျက်ခဲ့သောကြောင့် ယခုအချိန်အထိ နှောင့်နှေးကြန့်ကြာသွားခဲ့ရလေသည်။
နန်းတွင်းအစေခံများက ရှောင်မိုအား မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ပေးပြီးနောက် ဘေးတွင်ရပ်နေသော စစ်လီက ရှောင်မို၏ အသွင်အပြင်ကို ကြည့်ကာ သူမ၏မျက်ဝန်းများတွင် ကြည်လင်တောက်ပသော အရောင်အဝါတစ်ခု လင်းလက်သွားခဲ့လေ၏။
စစ်လီ၏အမြင်တွင် သူမ၏သခင်က မူလကတည်းက အလွန်တရာ အချိုးကျခန့်ညားနေခဲ့ပြီးသား ဖြစ်ပေသည်။
ယခု သခင်ဖြစ်သူက သတို့သားဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ သူ၏ကိုယ်ဟန်သွင်ပြင်က ပို၍ပင် တက်ကြွလန်းဆန်းကာ ကျက်သရေရှိလွန်းနေခဲ့ချေပြီ။
သို့သော် စစ်လီ့အတွက် နှမြောတသဖြစ်စေခဲ့သောအရာမှာ သူမသခင်ဝတ်ဆင်ထားသော သတို့သားဝတ်စုံကြီးသည် သူမကို လက်ထပ်ရန်အတွက် မဟုတ်ဘဲ အခြားတစ်ယောက်ကို လက်ထပ်ရန်အတွက် ဖြစ်နေခြင်းပင်တည်း။
"ထားလိုက်ပါလေ။ ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ။ အဲဒီ သာမန်လူသား မိန်းမနှစ်ယောက်ကို လောလောဆယ် နာမည်ခံအဖြစ် အခွင့်အရေးပေးထားလိုက်ပါဦးမယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ ဓားတစ်သောင်းဂိုဏ်းချုပ်ကို ငါ ရှင်းလင်းပြီးသွားတာနဲ့ သခင်နဲ့အတူ ဘာကိုမှဂရုစိုက်စရာမလိုဘဲ နှစ်ကိုယ်တူကျင့်ကြံလို့ရပြီဖြစ်သလို သခင့်ကိုလည်း အချိန်မရွေး ခေါ်သွားလို့ရပြီပဲ"
စစ်လီက သူမ၏နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်လေ၏။
"စစ်လီ... စစ်လီ... စစ်လီ"
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
စစ်လီတစ်ယောက် အတွေးထဲ နစ်မြောနေစဉ်မှာပင် ရှောင်မိုက အကြိမ်အနည်းငယ် လှမ်းခေါ်လိုက်မှသာ စစ်လီက သတိပြန်ဝင်လာခဲ့ပေသည်။
"ငါတို့ နန်းတော်ထဲကနေ ထွက်ရတော့မှာလေ။ မင်း ဘာတွေ ငေးမောနေတာလဲ" ရှောင်မိုက မေးလိုက်၏။
"ခွင့်လွှတ်ပေးတော်မူပါ ဧကရာဇ်မင်းမြတ်" စစ်လီက ခေါင်းငုံ့လိုက်သည်။ "ဒီမင်္ဂလာဝတ်ရုံကြီးနဲ့ဆိုရင် ဧကရာဇ်မင်းမြတ်က တကယ်ကို ခန့်ညားလွန်းတယ်လို့ ကျွန်တော်မျိုးမ ခံစားမိသွားလို့ပါ။ ဒီမင်္ဂလာဝတ်စုံကို ဘယ်ပညာရှင်ကြီးက ချုပ်လုပ်ပေးထားတာလဲမသိပေမဲ့ တကယ်ကို အံ့မခန်းပါပဲ"
"ဒီမင်္ဂလာဝတ်စုံလား" ရှောင်မိုက သူ၏လက်မောင်းများကို ဆန့်တန်းကာ သူဝတ်ဆင်ထားသော သတို့သားဝတ်စုံကို ငုံ့ကြည့်လိုက်လေ၏။ "ဒီမင်္ဂလာဝတ်စုံကို သခင်မလေးယန်က ချုပ်ပေးထားတာ။ သခင်မလေးယန်က မဟာကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးဆိုတဲ့အတိုင်း သူမရဲ့ လက်ရာက တကယ်ကို သေသပ်လှပလွန်းပါတယ်"
"..." ဧကရာဇ်မင်းမြတ်၏ အဖြေကို ကြားလိုက်ရသောအခါ စစ်လီ၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သော်လည်း သူမက ၎င်းကို အပြင်သို့ ထုတ်ဖော်မပြခဲ့ချေ။ ၎င်းအစား သူမက ပြုံး၍ ပြောလိုက်ပေသည်၊ "ဪ... ဒီလိုကိုး။ ကြင်ယာတော်က တကယ့်ကို ဒီလောကမှာ ရှားပါးတဲ့ အမျိုးသမီးတစ်ဦးပါပဲ"
"အမှန်ပဲ။ သိပ်ကို ရှားပါးတာပေါ့" ရှောင်မိုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး စစ်လီနှင့် ထပ်မံ၍ စကားမပြောတော့ဘဲ အိပ်ဆောင်အပြင်ဘက်သို့ လျှောက်သွားလေတော့သည်။ "သွားကြစို့။ မင်္ဂလာအချိန်ကျရောက်ဖို့ နီးနေပြီ"
"မှန်လှပါ ဧကရာဇ်မင်းမြတ်" စစ်လီက ရှောင်မို၏ အနောက်မှ ကမန်းကတမ်း လိုက်ပါသွားခဲ့၏။
သို့သော် မကြာမီမှာပင် စစ်လီက တစ်ခုခုကို သတိရသွားပြီး ရှောင်မို၏ ဘေးတိုက်မျက်နှာလေးကို မော့ကြည့်လိုက်ပေသည်၊ "ဧကရာဇ်မင်းမြတ်... ကြင်ယာတော်နှစ်ပါးထဲကနေ ဘယ်သူ့ကို အရင်သွားကြိုမှာလဲဟင်"
နန်းတော်အတွင်း နေထိုင်ခဲ့ရသော အချိန်ကာလများအတွင်း စစ်လီသည် ရှောင်မို၏ အခြေအနေကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်လေသည်။
ဓလေ့ထုံးတမ်းဝန်ကြီး၏ သမီးဖြစ်သော ယန်ရုရွှယ်ဖြစ်စေ၊ ချင်တိုင်းပြည်၏ အကြီးဆုံးမင်းသမီးဖြစ်သော ချင်မုကျိုးဖြစ်စေ မောင်းမဆောင်အတွင်းရှိ သူတို့၏ အဆင့်အတန်းမှာ အတူတူပင် ဖြစ်ပေ၏။
သူတို့၏ ဘွဲ့အမည်မှာ ကြင်ယာတော်ငါးပါး၏ အကြီးအကဲဖြစ်သော ကြင်ယာတော်ပင် ဖြစ်ကြသည်။
သို့ရာတွင် ကျိုးတိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ဧကရာဇ်တစ်ပါး မင်္ဂလာဆောင်သည်ဖြစ်စေ တရားဝင်လက်ထပ်ပွဲဖြစ်နေသရွေ့ သတို့သမီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုရမည် ဖြစ်လေ၏။
ပြဿနာက သခင်ဖြစ်သူက ဘယ်သူ့ကို အရင်သွားကြိုမလဲ ဆိုသည်ပင်။
ဤအရာက ပြဿနာသေးသေးလေးဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ချင်တိုင်းပြည်နှင့် ယန်မိသားစုတို့၏ မျက်နှာဂုဏ်သိက္ခာနှင့် သက်ဆိုင်နေခဲ့ပေသည်။
"ဒီကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး" ရှောင်မိုက ပြုံး၍ ပြောလိုက်သည်၊ "ဓလေ့ထုံးတမ်းဝန်ကြီးဌာနက လူတွေ တစ်ချိန်လုံး အလုပ်များနေခဲ့ကြတာက နှစ်ဖက်စလုံးကို ကျေနပ်စေမယ့် အစီအစဉ်တစ်ခု ရလာဖို့အတွက်ပဲလေ။ သူတို့ ကြိုတင်ပြင်ဆင်ထားပြီးသားပါ"
ရှောင်မို၏ စကားများ အဆုံးသတ်သွားချိန်တွင် သူက လှေကားထစ်များမှ ဆင်းသွားခဲ့ပြီး သူ၏အသံက စစ်လီ၏ နားထဲသို့ ရောက်ရှိလာခဲ့လေ၏၊ "သဘာဝကျကျပဲ ငါက ကြင်ယာတော်နှစ်ပါးလုံးကို တစ်ပြိုင်နက်တည်း ကြိုဆိုမှာပေါ့"
"ဟင်"
သူမများ နားကြားမှားသွားသလားဟု တွေးတောမိရင်း စစ်လီ၏ မျက်တောင်များက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ချေပြီ။
"နှစ်ယောက်လုံးကိုလား"
"တစ်ပြိုင်နက်တည်း ကြိုဆိုမယ်"
မိစ္ဆာကမ္ဘာ၊ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ နန်းတော်ကြီး။
အိပ်ဆောင်တစ်ခုအတွင်း၌ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက သူမ၏မျက်လုံးများကို မှိတ်ထားပြီး သူမ၏ ဖြူဝင်းသော လက်ဖဝါးလေးဖြင့် ခေါင်းကိုထောက်ကာ နူးညံ့သော ထိုင်ခုံရှည်ပေါ်တွင် ဘေးတိုက်လှဲလျောင်းနေလေ၏။ သူမ၏ ရှည်လျားသော အမြီးကိုးချောင်းက ပိုးသားများအလား လေထဲတွင် ယိမ်းနွဲ့နေခဲ့ပေသည်။
အမျိုးသမီး၏ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဆံကေသာရှည်ကြီးက သူမ၏ ပခုံးထက်မှနေ၍ သွယ်လျသော ခါးလေးဆီသို့ ဖြာကျနေပြီး သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေခဲ့ချေပြီ။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော မြေခွေးနားရွက်တစ်စုံက သားရဲနားရွက် ဆံထုံးအလှဆင်ပစ္စည်းလေးတစ်ခုအလား အမျိုးသမီး၏ ဆံကေသာနှင့် တသားတည်း ပေါင်းစပ်နေသယောင် ရှိပေသည်။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံရှည်အောက်တွင်မူ အမျိုးသမီး၏ မို့မောက်နေသော ရင်အုံရှိလေ၏။
သူမက ဘေးတိုက်လှဲလျောင်းနေသောကြောင့် မူလကတည်းက ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီး၏ ခန္ဓာကိုယ်အချိုးအစားမှာ ပို၍ပင် ထင်ပေါ်နေခဲ့ချေသည်။
အောက်ဘက်တွင်တော့ အမျိုးသမီး၏ တင်းရင်း၍ ပြားချပ်နေသော ဝမ်းဗိုက်သားလေး ရှိပေ၏။
ဆက်လက်၍ အောက်သို့ဆင်းသွားလျှင် တောင်ကုန်းလေးများအလား အကွေးအကောက်လေးများကို ထပ်မံတွေ့ရှိရမည် ဖြစ်လေသည်။
ထို့နောက်တွင်တော့ စကတ်အောက်နားစအောက်မှ အမျိုးသမီး၏ ဖြူဝင်းနူးညံ့လှသော ခြေတံသွယ်သွယ်လေးများ ရှိနေခဲ့ပေသည်။
အမျိုးသမီး၏ ခြေတံလေးများမှာ သိုးဆီဥကျောက်စိမ်းဖြင့် ထုဆစ်ထားသည့်အလား အနည်းငယ် ဟဟနေသော စကတ်ခွဲကြောင်းကြားမှ ဖြူဝင်းသောအသားအရေလေးကို ဖော်ပြနေပြီး တစ်ခုနှင့်တစ်ခု အသာအယာ ဖိကပ်ထားလေ၏။
အမျိုးသမီး၏ အပြစ်အနာအဆာကင်းမဲ့သော ခြေတံရှည်များမှနေ၍ အောက်ဘက်သို့ ထပ်မံကြည့်ရှုလိုက်မည်ဆိုလျှင် ချောမွေ့သော မျဉ်းကြောင်းနှစ်ခု ဆုံမှတ်တွင် သူမ၏ ခြေကျင်းဝတ်လေး ရှိနေပေသည်။
နံနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်တံခါးမှတစ်ဆင့် စောင်းလျှက်ဝင်ရောက်လာပြီး အမျိုးသမီး၏ ခြေကျင်းဝတ်လေးပေါ်သို့ ကျရောက်သွားသောအခါ ကြွေထည်များ၏ အေးစက်စက် အဖြူရောင်မျိုး မဟုတ်ဘဲ နွေးထွေးသော ရေထဲသို့ ကျဆင်းသွားသည့် ဆောင်းဦးနှင်းပွင့်၏ အဖြူရောင်ကဲ့သို့ တောက်ပနေခဲ့ချေပြီ။ ၎င်း၏အောက်တွင် သွေးကြောစိမ်းလေးများက ခပ်ရေးရေးမျှ ပေါ်လွင်နေလေ၏။ ခြေကျင်းဝတ်အရိုးလေးက ကတ္တီပါစများအောက်တွင် ပုန်းကွယ်နေသော ပုလဲကြယ်သီးလေးတစ်ခုအလား အနေတော်လေး မို့မောက်နေပြီး လုံးဝန်းကာ အမြင်မရိုင်းစေဘဲ အလင်းရောင်ကို နူးညံ့သိမ်မွေ့သော ထောင့်ချိုးလေးများအဖြစ်သာ အလင်းယိုင်စေခဲ့ပေသည်။
ထိုခြေဖမိုးလေးများက အနည်းငယ် တင်းမာနေပြီး ခြေဖဝါးနှင့် ဖနောင့်များက ပြီးပြည့်စုံသော အကွေးအဝိုင်းလေးတစ်ခုကို ပုံဖော်နေကာ အဖြူရောင်ကြားမှ ပန်းရောင်သမ်းနေသည့် အရိပ်အယောင်လေးက ခပ်ရေးရေးမျှ ပေါ်လွင်နေခဲ့လေသည်။
အမျိုးသမီး၏ ခြေချောင်းလေးများမှာ ပုလဲလုံးလေးများအလား သို့မဟုတ် ရေစက်များဖြင့် စိုရွှဲနေသော ဆန်ဖြူလုံးလေးများအလား တောက်ပနေပြီး ၎င်းတို့ကို မြင်လိုက်ရသည်နှင့် မြေကြီးပေါ်သို့ ပြုတ်ကျကာ ညစ်ပေသွားမည်ကို စိုးရွံ့မိသဖြင့် လက်နှစ်ဖက်ဖြင့် ယုယစွာ ပွေ့ချီထားချင်စိတ် ပေါက်လာစေပေ၏။
"အရှင်မင်းမြတ်"
ကြောင်နားရွက်နှင့် အမျိုးသမီးတစ်ဦးက အိပ်ဆောင်အတွင်းသို့ ဝင်လာပြီး ဦးညွှတ်လိုက်လေသည်။
အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ ထိုမြေခွေးမျက်ဝန်းလေးများက သဘာဝအတိုင်း ဆွဲဆောင်မှုအပြည့်ရှိနေပြီး အမျိုးသမီးတစ်ဦး မြင်တွေ့လိုက်ရလျှင်ပင် သူမ၏ ဝိညာဉ်က ချိတ်နဲ့ချိတ်ဆွဲခံလိုက်ရသည့်အလား ခံစားသွားရနိုင်ချေရှိပေသည်။
"အခြေအနေ ဘယ်လိုရှိလဲ" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက အစေခံမလေးကို မေးလိုက်လေ၏။
"အရှင်မင်းမြတ်ကို လျှောက်တင်ပါရစေ" ကြောင်နားရွက်နှင့် အစေခံမလေးက ပြန်လည်ဖြေကြားလိုက်သည်။ "ယနေ့က ကျိုးတိုင်းပြည်ရဲ့ဘုရင်ရဲ့ မင်္ဂလာရှိတဲ့နေ့ပါ။ ဓားတစ်သောင်းဂိုဏ်းချုပ်ကို ဘဝသုံးခု လောကသုံးခု ဆေးလုံး ဖော်စပ်ပေးဖို့ ကျွန်တော်မျိုးမတို့ သဘောတူညီပြီးပါပြီ။ ကျွန်တော်မျိုးမတို့ရဲ့ စည်းကမ်းချက်တွေကိုတော့ ချိုးယဲ့ကတစ်ဆင့် အဲဒီဂိုဏ်းချုပ်ဆီကို ပို့ပေးပြီးပါပြီ။ ဒါပေမဲ့ သူမက သဘောတူပါ့မလားဆိုတာတော့ ကျွန်တော်မျိုးမလည်း မသိပါဘူး"
"သူမ သဘောတူလိမ့်မယ်" အမြီးကိုးချောင်း မြေခွေးတိုင်းပြည် ဘုရင်မ၏ မျက်ဝန်းများတွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သော်လည်း သူမက ၎င်းကို အလျင်အမြန် ဖိနှိပ်ထားလိုက်ပေ၏။ "ငါ မပြောရင်တောင် သူမက အဲဒီလိုလုပ်မှာပဲလေ။ အဲဒီ တကိုယ်တော်ဆန်တဲ့ အမျိုးသမီးက အစကနေအဆုံးထိ အဲဒီလိုပဲ တကိုယ်တော်ဆန်နေခဲ့တာပဲကို"
တင့်တန်ဟု အမည်ရသော ကြောင်နားရွက်နှင့် အစေခံမလေး၏ မျက်ဝန်းများက အနည်းငယ် လည်ပတ်သွားပြီး တစ်စုံတစ်ရာကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည့်အသွင် ရှိနေလေသည်။
နောက်ဆုံးတွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် တင့်တန်က မေးလိုက်ပေသည်၊ "အရှင်မင်းမြတ်... အဲဒီ ကျိုးတိုင်းပြည်က တိုင်းပြည်ငယ်လေးတစ်ခုပဲလေ။ အဲဒီ ကျိုးတိုင်းပြည်ရဲ့ဘုရင်ဆီမှာများ ထူးခြားတာ တစ်ခုခုရှိနေလို့လားဟင်။ အရှင်မင်းမြတ်တောင် ဘာလို့များ ဒီလောက် ဂရုစိုက်နေရတာလဲ"
"ဒီကိစ္စက မင်း မေးရမယ့်ကိစ္စ မဟုတ်ဘူး" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက ကြောင်နားရွက်နှင့် အစေခံမလေးကို အေးစက်စွာ ကြည့်လိုက်လေ၏။
အဆုံးမရှိသော ဖိအားတစ်ခုက အခြားတစ်ဖက်လူအပေါ်သို့ ချက်ချင်းဆိုသလို ဖိဆင်းသွားခဲ့ချေပြီ။
တင့်တန်က အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ချက်ချင်း ဒူးထောက်ချလိုက်သည်၊ "ကျွန်တော်မျိုးမ စကားမှားသွားပါတယ်... ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းမြတ်"
"ဒုတိယအကြိမ် ဆိုတာ မရှိစေနဲ့" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက သူမ၏ ဝိညာဉ်ဖိအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပေသည်၊ "အပြင်ထွက်ပြီး မင်း လုပ်သင့်တာကို သွားလုပ်တော့"
"မှန်လှပါ အရှင်မင်းမြတ်"
အစေခံမလေး တင့်တန်က ကမန်းကတမ်း မတ်တပ်ရပ်လိုက်ပြီး နဖူးမှ အေးစက်သော ချွေးသီးချွေးပေါက်များကို သုတ်ဖယ်ကာ အိပ်ဆောင်အတွင်းမှ ဆုတ်ခွာသွားလေတော့သည်။
အစေခံမလေး ထွက်သွားပြီးနောက် အခန်းတွင်း၌ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ချေပြီ။
အမျိုးသမီးက ခေါင်းမော့လိုက်ပြီး ပြတင်းပေါက်ဘောင်ကို ဖြတ်ကျော်ကာ အဝေးဆီသို့ ငေးမောကြည့်နေခဲ့လေ၏။
ထိုနေရာသည် အနန္တဓမ္မလောက တည်ရှိရာ အရပ်မျက်နှာပင် ဖြစ်ပေသည်။
"ရှင်က လက်ထပ်တော့မှာလား။ ရှင်က လက်ထပ်တော့မှာပေါ့..."
အမြီးကိုးချောင်း မြေခွေးတိုင်းပြည် ဘုရင်မ၏ မြေခွေးမျက်ဝန်းလေးများတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့လေသည်။
အမျိုးသမီး၏ နှလုံးသားထဲတွင် တာအိုသီလရှင်တစ်ပါး၏ ပုံရိပ်က ပေါ်ထွက်လာခဲ့၏။
"စိတ်မပူပါနဲ့။ ဒီတစ်ကြိမ်မှာလည်း ရှင့်ကို ကျွန်မ သတ်ပစ်ဦးမှာပဲ"
"အရင်တစ်ခေါက်ကလိုမျိုးပေါ့"