← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 25 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 25 Ch. 251-252

အခန်း (၂၅၁) - လောကကြီးသည် မိသားစုပိုင်ဖြစ်၏

"ချင်းချင်း... ငါ့ဆံပင်ကို ဒီလောက်အကျပ်ကြီး မစည်းနဲ့"

ဝူကျိရှန်းသည် ရယ်မောရင်း ပြောလိုက်၏။

"မိုးလည်း တော်တော်ချုပ်နေပြီ စားသောက်ပြီးရင် အိပ်တော့မှာပဲကိုဒီတိုင်းပဲစည်းပေး"

"သခင်လေးကလည်း ဆက်ပြောဦး"

ချင်းချင်းက တခစ်ခစ်ရယ်ရင်း မေးလိုက်၏။

"ချင်မင်းသားက ဘယ်လိုလဲ အရှင်မင်းကြီးရဲ့ အပြစ်ပေးတာကို ခံရပြီလား"

"ဒီကိစ္စက ရိုးရိုးအပြစ်ပေးရုံတင် မဟုတ်လောက်ဘူး"

သခင်မလေးရွန့်သည် သူမ၏ ကလဝဲလ်နှင့် ဆီးသီးနီစွပ်ပြုတ်ကို ဖြည်းညှင်းစွာ သောက်ရင်း စိတ်မဝင်စားသလို ပြောလိုက်၏။

"ငါ့အထင်တော့ နန်းတော်က မင်းသားတွေရဲ့ အာဏာကို လျှော့ချတော့မယ် ထင်တယ်"

နယ်စားမင်းသားများက နန်းတော်ကို ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ အာဏာကို လျှော့ချခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်၏။

အိမ်ရှေ့စံမင်းသား နေမကောင်းဖြစ်နေသောကြောင့် အာဏာရှိသော နယ်စားမင်းသားအချို့သည် လှုပ်ရှားချင်သည့် အရိပ်အယောင်များ ပြသလာကြသည်။ ကျူးယွမ်ကျန်းသည် ၎င်းတို့ကို နှိမ်နင်းမည်မှာ အသေအချာပင် ဖြစ်သော်လည်း မင်းသားများ၏ အာဏာကို လျှော့ချလိမ့်မည်က ဖြစ်နိုင်ခြေ နည်းပါးလှ၏။

"ရှင်မ... ကျွန်တော် လောင်းရဲတယ် နန်းတော်က ဒေသဆိုင်ရာ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ အာဏာကို လျှော့ချမှာ မဟုတ်ဘူး"

သခင်မလေးရွန့်သည် လောင်းကစားခြင်းကို လုံးဝစိတ်မဝင်စားပေ။ သို့သော် ချင်းချင်းကမူ အလွန်စိတ်ဝင်စားသွား၏။

"သခင်မလေးက မလောင်းရင် ကျွန်မက လောင်းမယ်။ နန်းတော်က မင်းသားတွေရဲ့ အာဏာကို အသေအချာ လျှော့ချလိမ့်မယ်လို့ ထင်တယ်"

"ငါတို့ ဘာကြေးနဲ့ လောင်းကြမလဲ"

"ဘာကြေး လုပ်မလဲ"

ချင်းချင်းသည် ခေါင်းကို စောင်းကာ ခဏမျှ စဥ်းစားလိုက်ပြီးနောက် ပြုံးရွှင်စွာ ပြောလိုက်၏။

"ထမင်းတစ်နပ်ကြေးပေါ့... သခင်လေး ချက်ကျွေးတဲ့ ထမင်းကို မစားရတာ ကြာပြီ တကယ်လို့ သခင်လေး ရှုံးရင် ကျွန်မတို့ကို မြိန်ရည်ရှက်ရည် ဟင်းတစ်နပ် ကိုယ်တိုင်ချက်ကျွေးရမယ် ဟုတ်ပြီလား"

"ကောင်းပြီ... ထမင်းတစ်နပ်ကြေးနဲ့ လောင်းကြတာပေါ့"

ထူးဆန်းသောလောင်းကြေးကြောင့်သခင်မလေးရွန့်ကပြုံးနေခဲ့၏။

"နန်းတော်က မင်းသားတွေရဲ့ အာဏာကို လျှော့ချမှာ မဟုတ်ဘူးလို့ ယုံကြည်နေမှတော့ မလျှော့ချရတဲ့ အကြောင်းရင်းကိုလည်း ပြောပြသင့်တာပေါ့"

မင်းသားများ၏ အာဏာကို လျှော့ချရခြင်း၏ အခြေခံအကြောင်းရင်းမှာ ၎င်းတို့က အာဏာကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်၏။ သို့သော် မင်းသားများဖြစ်ကြသည့် ချင်မင်းသား၊ ကျင်းမင်းသား ၊ယန့်မင်းသားတို့သည် အမှန်တကယ် အင်အားကြီးမားကြသော်လည်းအာဏာကို ခြိမ်းခြောက်နိုင်သည့် အခြေအနေနှင့်

အလှမ်းဝေးနေသေးသည်။

ကျူးယွမ်ကျန်း သက်ရှိထင်ရှား ရှိနေသရွေ့ မည်သူမျှ မဆင်မခြင် လုပ်ရဲကြမည်မဟုတ်ပေ။ ကျူးယွမ်ကျန်းက ချင်မင်းသား၏အာဏာကိုလျှော့ချရခြင်း၏ အဓိကအကြောင်းရင်းမှာ အိမ်ရှေ့စံမင်းသား၏ အာဏာကို တည်ဆောက်ပေးရန်အတွက်သာ ဖြစ်၏။

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် အားလုံးထက်သာလွန်သောအခြေအနေတွင် ရှိနေသောကြောင့် ကျူးယွမ်ကျန်း မရှိတော့လျှင်ပင် ကျူးပြန်ကိုမည်သူမျှမဆင်မခြင်ယှဉ်ပြိုင်ရဲမည်မဟုတ်ပေ။

ကျူးယွမ်ကျန်းနှင့် ကျူးပြန်တို့အတွက် မင်းသားများ၏ အာဏာကို လျှော့ချရန် အရေးတကြီး လိုအပ်ချက် မရှိပေ။

ထိုမင်းသားများအားလုံးသည်မင်အင်ပါယာတည်တံ့ရန် ကျူးယွမ်ကျန်းကိုယ်တိုင် ခန့်အပ်ထားခဲ့ခြင်း ဖြစ်၏။ သူသာမင်းသားတွေကို အားနည်းအောင် လုပ်ချင်ပါကလွယ်လွယ်လေးသာဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်ကပင် မတ်အချို့က မင်းသားများ၏ အာဏာက ကြီးမားလွန်းသဖြင့် "မင်းသားများ၏ အာဏာကို လျှော့ချရန်" အကြံပြုခဲ့ကြဖူး၏။ သို့သော် ကျူးယွမ်ကျန်းက ၎င်းတို့အား "မင်းမျိုးမင်းနွယ်များအကြား သွေးခွဲသည်" ဟု စွပ်စွဲကာ ချက်ချင်း ကွပ်မျက်ခဲ့သည်။

ထိုအချိန်မှစ၍ မည်သူမျှ "နယ်စားမင်းသားများ၏ အာဏာကို လျှော့ချခြင်း" ဟူသော အကြောင်းအရာကို ထပ်မံ၍ မပြောရဲကြတော့ပေ။

သို့သော် လက်တွေ့ကြုံ တွေ့ နေရသည့်အမှန်တရားများကဝူကျိရှန်းကိုအံ့အားသင့်စေခဲ့၏။

သူတို့လောင်းကြေးထပ်ပြီးရက်အနည်းငယ်အကြာတွင် တော်ဝင်အမိန့်တော် ပြန်တမ်းတစ်ခုထွက်လာခဲ့သည်။ ချင်မင်းသား၏ ကွပ်ကဲမှုအောက်တွင် ရှိခဲ့သော စစ်တပ်များကို နန်းတော်တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းသုံးခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်၏။ ချင်မင်းသား အိမ်တော်၏ ကိုယ်ရံတော်များကို အကြီးအကျယ် လျှော့ချလိုက်ပြီး ချင်မင်းသား၏ ဘဏ္ဍာရေးအာဏာ အချို့ကိုလည်း ရှမ်းစီပြည်နယ် စီမံခန့်ခွဲရေးကော်မရှင်မှ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက် လေသည်။

ချင်မင်းသား၏ စစ်ရေးနှင့် ဘဏ္ဍာရေးအာဏာသည် သိသိသာသာ လျော့နည်းသွားခဲ့၏။ချင်မင်းသား ကံဆိုးမှုနှင့် ရင်ဆိုင်ရပြီးနောက်တွင် ကျင်းမင်းသားသည်လည်း ချက်ချင်းပင် သူ၏ခြေရာအတိုင်း လိုက်ပါလာခဲ့သည်။

ချင်မင်းသား၏ ကြုံတွေ့ရမှုနှင့် ထပ်တူပင် ကျူးယွမ်ကျန်းသည် ကျန်းမင်းသား၏ အာဏာထဲမှ "အပြစ်အနာအဆာ" တစ်ခုကို ရှာဖွေတွေ့ရှိကာ ကျန်းမင်းသား၏ အာဏာကို အကြီးအကျယ် လျှော့ချပစ်လိုက်၏။

ချင်မင်းသားနှင့် ကျင်းမင်းသားနှစ်ဦးစလုံး၏ အာဏာသည် ထက်ဝက်နီးပါးခန့် ကျဆင်းသွားခဲ့သည်။

"ဟားဟား... နန်းတော်က မင်းသားတွေရဲ့ အာဏာကို တကယ်ပဲ လျှော့ချလိုက်ပြီ သခင်လေး လောင်းကြေးရှုံးပြီ... သခင်လေး ရှုံးပြီ"

ချင်းချင်းသည် ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့၏။

"သခင်လေး... မြန်မြန်လုပ်... ကျွန်မတို့ကို အရသာရှိတဲ့ ထမင်းချက်ကျွေးတော့"

"ငါ မရှုံးသေးပါဘူး"

ဝူကျိရှန်းက ရယ်မောရင်း ပြောလိုက်၏။

"ချင်မင်းသားနဲ့ ကျင်းးမင်းသားတို့ရဲ့ အင်အားက သိသိသာသာ လျော့ကျသွားတာ မှန်ပေမဲ့ ရှန်းစီနဲ့ ရှမ်းစီဒေသဆိုင်ရာ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာနတွေကတော့ အကောင်းတိုင်း ရှိနေသေးတယ်"

ရှန်းစီနှင့် ရှမ်းစီဒေသဆိုင်ရာ စစ်ဘက်ဆိုင်ရာ ကော်မရှင်များသည် မင်မင်းဆက်၏ အထူးအုပ်ချုပ်ရေးနယ်မြေများဖြစ်ပြီး လွတ်လပ်သော စစ်ဒေသများနှင့် အလားတူပင် ဖြစ်၏။

ထိုအရာက ချင်မင်းသားနှင့် ကျင်းမင်းသားနှစ်ဦး နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သော အခြေခံအုတ်မြစ် ဖြစ်၏။ အခြေစိုက်စခန်းကိုတောင် မထိခိုက်ရသေးရင် အာဏာလျှော့ချသည်ဟုယူဆ၍မရချေ။

ထို့အပြင် နန်းတော်သည် ချင်မင်းသားနှင့် ကျင်းးမင်းသားတို့၏ အာဏာနှင့် နယ်မြေကိုသာ လျှော့ချခဲ့ခြင်းဖြစ်ပြီး ယန်မင်းသား ကျူးဒီကိုမူ စိုးစဥ်းမျှ မထိခဲ့ပေ။

တစ်နည်းအားဖြင့် ပြောရသော် နန်းတော်သည် နယ်စားမင်းသားများ၏ အာဏာကို အကြီးအကျယ် အားနည်းစေရန် ရည်ရွယ်ချက် မရှိဘဲ "စကားမနားထောင်သော" ချင်မင်းသားနှင့် ကျင်းမင်းသားတို့ကို သတိပေးရုံသာ ဖြစ်၏။

"ရိုးသားပြီး ဥပဒေလိုက်နာသောယန့်မင်းသားသည် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။

"ရှုံးရင်တော့ လက်ခံရမှာပဲ။ သခင်လေး လောင်းကြေးကို ပေးရမယ်။ ညစ်လို့မရဘူး"

"ကောင်းပြီ... ကောင်းပြီ... မင်းတို့အားလုံးက ငါရှုံးတယ်လို့ ပြောနေမှတော့ ငါ အရှုံးပေးရတာပေါ့"

ဝူကျိရှန်းက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်၏။

"ထမင်းတစ်နပ်ပဲဟာ... ပြဿနာမရှိပါဘူး မင်းတို့ကို ငါးကြင်းအစိမ်းသုပ် ချက်ကျွေးမယ် မြည်းကြည့်ကြတာပေါ့"

မီးဖိုချောင်ထဲတွင် အချိန်အတော်ကြာအောင် ချွေးတပြိုက်ပြိုက်ကျရင်း အလုပ်ရှုပ်ပြီးနောက်တွင် "ငါးကြင်းအစိမ်းသုပ်" တစ်ပွဲကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့၏။ သူက ချင်းချင်းနှင့် သခင်မလေးရွန့်တို့ကို မြည်းစမ်းစေသော်လည်း ထိုနှစ်ဦးစလုံးကလုံးဝနှစ်သက်ပုံမရပေ။

"ဒါကို ပြောတာလား ငါးကြင်းအစိမ်းသုပ်ဆိုတာ... တကယ်ကို ထူးဆန်းတဲ့ ဟင်းပွဲပဲ"

သခင်မလေးရွန့်က ရယ်မောလျက် ပြောလိုက်၏။

"ဒါက ငါးအစိမ်းသက်သက် မဟုတ်ဘူးလား"

ဝူကျိရှန်းသည် ငါးအစိမ်းသုပ်က နိုင်ငံခြားအစားအစာဖြစ်သဖြင့် ဆန်းသစ်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ လုံးဝမှားသွားခဲ့သည်။

ငါးအစိမ်းသုပ်သည် နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းရှိသည့်ဟင်းပွဲ သာ ဖြစ်ပြီး အခေါ်အဝေါ်သာ ကွဲပြားခြင်း ဖြစ်၏။

ငါးအစိမ်းသုပ်နှင့် ဆင်တူသော ဟင်းပွဲများအားလုံးကို "ခွန့်" ဟု ခေါ်ဆိုကြပြီး ၎င်းတို့ကို ပြင်ဆင်ပုံနှင့် စားသုံးပုံမှာ အတူတူပင် ဖြစ်သည်။

"ဒီတစ်နပ်က အတည်မဖြစ်ဘူး သခင်လေး... နောက်တစ်နပ် ထပ်ချက်ပေးရမယ်"

ဝူကျိရှန်းက ရယ်မောလိုက်ပြီး ပြောလိုက်၏။

"ဒီတစ်ခေါက် ရှုံးတာကို ငါ နည်းနည်း မကျေနပ်ဘူး မင်းတို့နဲ့ နောက်တစ်ခေါက် ထပ်လောင်းချင်သေးတယ်"

"ဘာကြေးနဲ့ လောင်းမှာလဲ"

"မင်းသားတွေရဲ့ အာဏာလျှော့ချတဲ့ ကိစ္စနဲ့ပဲ ထပ်လောင်းမယ်"

ဝူကျိရှန်းက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။

"အိမ်ရှေ့စံမင်းသား နန်းတက်တာနဲ့ ချင်မင်းသားနဲ့ ကျင်းမင်းသားတို့ရဲ့ အာဏာကို အသေအချာ ပြန်ပေးလိမ့်မယ်။ ဒါမှမဟုတ် အနည်းဆုံး အစိတ်အပိုင်းအတော်များများကို ပြန်ရစေရမယ်"

"ဖြတ်တောက်ပြီးသားကို ဘာလို့ ဒုက္ခခံပြီး ပြန်ပေးမှာလဲ"

"အသေအချာ ပြန်ပေးမှာပါ"

"သခင်လေးက ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား"

"ငါ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်"

"ဒါက ပဒေသရာဇ်မင်းတွေရဲ့ဆန္ဒနဲ့ဆုံးဖြတ်တာဖြစ်ပြီး ဘယ်သူ့ရဲ့ ဆန္ဒနဲ့မှ ပြောင်းလဲလို့ မရဘူး ။ဧကရာဇ်မင်းက ဘယ်လောက်ပဲ အာဏာကြီးပါစေ ပဒေသရာဇ်မင်းတစ်ပါးရဲ့အမိန့်အာဏာကိုတော့ မပြောင်းလဲနိုင်ဘူး"

ပဒေသရာဇ်မင်း။

ထိုဝေါဟာရသည် ချင်းချင်းအတွက် အသစ်အဆန်းဖြစ်သော်လည်း သခင်မလေးရွန့်ကမူ အံ့သြခြင်းမရှိပေ။ သခင်မလေးရွန့်သည် ချင်းချင်းထက် "ပညာတတ်" သဖြင့် "ပဒေသရာဇ်စနစ်" ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်ထား၏။

"ဝူမင်းကြီးက ဇူမင်းကြီးကို အောင်နိုင်တာက ကျိုးမင်းဆက်ရဲ့ အစပြုခြင်းပဲ အဲဒီတုန်းက နယ်စားမင်းတွေကို မြေယာတွေ ခွဲဝေပေးပြီး နိုင်ငံတွေ တည်ထောင်စေခဲ့တယ် ဒါကြောင့် ပဒေသရာဇ်စနစ် ပေါ်ပေါက်လာခဲ့တာပေါ့ ။ဒါပေမဲ့ ချင်မင်းဆက်နဲ့ ဟန်မင်းဆက်နောက်ပိုင်းမှာတော့ ပဒေသရာဇ်စနစ်က နည်းပါးသွားခဲ့ပြီ ။အခုမင်မင်းဆက်မှာ မင်းသားတွေကို ပေးအပ်တဲ့ နယ်မြေတွေက ကျိုးမင်းဆက်တုန်းက နယ်မြေတွေနဲ့တော့ မတူဘူး..."

"ငါတို့မင်မင်းဆက်ရဲ့ နယ်စားစနစ်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်က ကျိုးမင်းဆက်ရဲ့ စနစ်က ဖွဲ့စည်းပုံ ကွဲပြားတာ မှန်ပေမဲ့ အဓိပ္ပာယ်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး အဆုံးသတ်က အတူတူပဲ"

"ကျိုးမင်းဆက်တုန်းက နယ်စားနိုင်ငံအသီးသီးက ကျိုးဧကရာဇ်ကို ကာကွယ်ပေးခဲ့ကြသလို အခုလည်း နယ်စားမင်းသားတွေက တော်ဝင်အာဏာကို ကာကွယ်ပေးထားကြတယ်။ အာဏာရှိတဲ့ အမတ်တွေ နန်းတော်ကို ဖျက်ဆီးတာမျိုး ဒါမှမဟုတ် မိဖုရားရဲ့ ဆွေမျိုးတွေ အာဏာလုတာမျိုး ဖြစ်ဖို့ အခွင့်အရေး မရှိဘူး။ နယ်စားမင်းသားတစ်ယောက်က ပုန်ကန်ရင်တောင် သူက ငါတို့လူပဲ ပြဿနာက မိသားစုအတွင်းမှာတင် ပြီးသွားမှာ"

"သခင်လေးက စကားတွေ အများကြီး ပြောလွန်းလို့ ကျွန်မ ဉာဏ်မမီတော့ဘူး ဖြည်းဖြည်းချင်း ပြော။ ကျွန်မ စဥ်းစားပြီး နားလည်အောင် လုပ်ပါ့မယ်"

"ဒါက တကယ်တော့ နားလည်ရ လွယ်ပါတယ်"

ဝူကျိရှန်းက ချင်းချင်းကို ပြုံးပြရင်း ပြောလိုက်၏။

"ပဒေသရာဇ်မင်းဆက်အားလုံးက အတူတူပါပဲ အဆုံးသတ်မှာတော့ စကားလုံး သုံးလုံးထဲနဲ့ တင် အနှစ်ချုပ်လို့ ရတယ်..."

"ဘယ်စကားလုံး သုံးလုံးလဲဟင်"

"လော-က-ကြီး-သည်-မိ-သား-စု-ပိုင်-ဖြစ်-၏"

*********

အခန်း (၂၅၂) - အရပ်ရပ်မှ စုဆောင်းခြင်း

"သမားတော်ဝူ... မင်းရဲ့ ဆေးသစ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ပဲစေ့ထက်ပင် ငယ်သော ဆေးလုံးလေးကို ကိုင်ထားရင်း ပြုံး၍ ပြောလိုက်၏။

"လျှာအောက်မှာ ငုံထားရုံတင်နဲ့ ရင်တုန်တာကို သက်သာစေတယ် တကယ်ကို ထူးဆန်းအံ့ဩဖို့ကောင်းတဲ့ အရာပဲ"

နှလုံးငြိမ်ဆေးသည် ခေတ်သစ်ဆေးပညာ၏ ထုတ်ကုန်တစ်ခု မဟုတ်ပေ။ထိုဆေးသည် တန်မင်းဆက်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး ထိုခေတ်က "ဟွာကျန့်မှုန့်" ဟု ခေါ်ဆိုခဲ့ကြသည်။

အမည်များ ကွဲပြားသော်လည်း တန်မင်းဆက်၏ "ဟွာကျန့်မှုန့်" နှင့် ၂၁ ရာစု၏ "နှလုံးငြိမ်ဆေးလုံး" တို့၏ ပါဝင်ပစ္စည်းများမှာ အတူတူပင် ဖြစ်၏။ ၎င်းတို့သည် ချွမ်ရှုန်း၊ ပရုတ်နှင့် တန်းရှင်း ကဲ့သို့သော အဓိကဆေးဖက်ဝင်အပင် အနည်းငယ်ကိုသာ အသုံးပြုထားကြသည်။

ကွာခြားချက်မှာ "ဟွာကျန့်မှုန့်" သည် ဆေးမြစ်များကို ပြုတ်၍ သောက်ရသော ရိုးရာဆေးနည်းဖြစ်၍ ဝူကျိရှန်း၏ "နှလုံးငြိမ်ဆေးလုံး" ကမူ အသည်း၏ ဆေးအာနိသင်လျှော့ချမှုကို ကျော်လွှားနိုင်ရန် သန့်စင်ဖော်စပ်ထားသော ဆေးဖြစ်သောကြောင့် ပိုမို အာနိသင်ပိုရှိ၏။

ဝူကျိရှန်း ဖော်စပ်ထားသော အခြေခံ "နှလုံးငြိမ်ဆေးလုံး" သည် သူကိုယ်တိုင် တီထွင်ခဲ့ခြင်း မဟုတ်ဘဲအဆင့်မြှင့်တင်ထား‌သော‌ဆေးသာ ဖြစ်သည်။

"အရှင်မင်းသားရဲ့ နှလုံးရောဂါက မွေးရာပါ အခြေအနေဖြစ်လို့ ကျွန်တော်မျိုး ဖော်စပ်ထားတဲ့ ဆေးက ယာယီသက်သာစေရုံပဲ ရှိပါသေးတယ်"

အိမ်ရှေ့စံမင်းသား ကျူးပြန်၏ နှလုံးရောဂါသည် မျိုးရိုးလိုက်သော မွေးရာပါ နှလုံးသွေးကြောကျဥ်းရောဂါ အမျိုးအစား ဖြစ်နိုင်ခြေ အလွန်များ၏။ ၎င်းအခြေအနေကိုဆေးဝါးမှီဝဲခြင်းက ယာယီသက်သာရာရစေရုံသာ တတ်နိုင်ပေသည်။

"ဒါက လက်ရှိပြဿနာကို ဖြေရှင်းဖို့ လုံလောက်ပါတယ်"

အိမ်ရှေ့စံမင်းသား ကျူးပြန်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်ရင်း တောင်ပုံရာပုံ ရှိနေသော အသနားခံစာများထဲမှ အစီရင်ခံစာတစ်စောင်ကို ဆွဲထုတ်ကာ ဝူကျိရှန်းထံသို့ ကမ်းပေးလိုက်၏။

"ဒီအစီရင်ခံစာက မင်းနဲ့ ပတ်သက်နေတယ် သေချာကြည့်လိုက်ဦး..."

မင်မင်းဆက်တွင် အရာရှိများက ဧကရာဇ်ထံ တင်ပြသော တရားဝင်အစီရင်ခံစာများသည် တင်းကျပ်သော ပုံစံများကို လိုက်နာရ၏။ ကိုယ်ရေးကိုယ်တာကိစ္စများကို "ကျိုးပန်" ဟု ခေါ်ဆိုပြီး ရုံးလုပ်ငန်းကိစ္စများကို "ထီပန်" ဟု ခေါ်ဆိုသည်။

ကိုယ်ရေးကိုယ်တာကိစ္စအတွက် "ကျိုးပန်" တွင် လက်မှတ်ထိုးရသော်လည်း တံဆိပ်တုံး ထုရန်မလိုဘဲ ရုံးလုပ်ငန်းကိစ္စအတွက် "ထီပန်" တွင်မူ လက်မှတ်နှင့် ရုံးတံဆိပ်တုံး နှစ်ခုစလုံး လိုအပ်သည်။

ထိုစာရွက်စာတမ်းများကို မူလက ကျူးယွမ်ကျန်းကိုယ်တိုင် "တော်ဝင်အတည်ပြုချက်" ပေးရန် ရည်ရွယ်ထားသော်လည်း အိမ်ရှေ့စံမင်းသား ကျူးပြန်သည် စီမံခန့်ခွဲရေးကိစ္စအများစုကို လွှဲပြောင်းရယူထားပြီး ဖြစ်သောကြောင့်စာရွက်စာတမ်းများကို အိမ်ရှေ့စံမင်းသားထံသို့ လွှဲအပ်ထားခဲ့ခြင်း ဖြစ်၏။

ဝူကျိရှန်းသည် "ထီပန်အစီရင်ခံစာ" ကို ကောက်ယူ၍ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒင်္ဂါးပြားရှစ်ထောင်တွဲလား... ဒါ... ဒါနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ"

ဤ "အစီရင်ခံစာ" ထဲတွင် တင်ပြထားသော ကိစ္စသည်ရိုးရှင်းလှ၏။ နန်းတော်၏ အသုံးစရိတ်များက မြင့်မားလွန်းပြီး သုံးစွဲမှုများပြားနေသောကြောင့် "အသုံးစရိတ်" အချို့ကို ဖြတ်တောက်ရန် နည်းလမ်းရှာဖွေရမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ ထိုဖြတ်တောက်မည့် အသုံးစရိတ်များထဲတွင် ဝူကျိရှန်း တည်ထောင်လိုသော ဆေးတက္ကသိုလ်လည်း ပါဝင်နေသည်။

"မင်မင်းဆက်သည် အတိုင်းထက်အလွန် ချမ်းသာကြွယ်ဝသည်" ဟူသော စကားစုသည် အရှိန်အဝါပြရုံ သက်သက်သာဖြစ်ပြီး လက်တွေ့တွင်နန်းတော်ဘဏ္ဍာတိုက်သည် ထင်သလောက် မချမ်းသာပေ။ အထူးသဖြင့် မြောက်ပိုင်းစစ်ဆင်ရေးအပြီး ကာလတွင် စစ်စရိတ်များသည် ဘတ်ဂျက်ထက် သိသိသာသာ ကျော်လွန်သွားခဲ့သဖြင့် ဘဏ္ဍာရေးလိုငွေပြမှု မြင့်မားနေခဲ့၏။ ထို့ကြောင့် အချို့က ဘဏ္ဍာရေးအသုံးစရိတ်ကို လျှော့ချရန် အသနားခံခဲ့ကြပြီး ဝူကျိရှန်း အဖန်ဖန်ပြောဆိုနေခဲ့သော "ဆေးတက္ကသိုလ်" ကိစ္စသည်လည်း ထိုအသနားခံစာများထဲတွင် ပါဝင်သွားခဲ့သည်။

ထိုအရာရှိများ၏ အဆိုအရ "ဆေးတက္ကသိုလ် တည်ထောင်ခြင်းက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိတဲ့ကိစ္စတစ်ခုဆိုတာ သိပါတယ်" သို့သော် "နန်းတော်မှာ ဒီလောက်အထိ ငွေအများကြီး မရှိဘူး" ဟု ဖြစ်နေ၏။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ဘတ်ဂျက်အချို့ကို ဖြတ်တောက်ပြီး ဝူကျိရှန်းကို ဒင်္ဂါးပြားရှစ်ထောင်တွဲမျှသာ "ငွေကြေးပံ့ပိုးမှု" ပေးရန် ဖြစ်သည်။

ငွေစင်ခြောက်ထောင်ပိဿာကျော်နှင့် ညီမျှသော ဒင်္ဂါးပြားရှစ်ထောင်တွဲသည် ဝူကျိရှန်းအတွက် အဆင့်မြင့် "အမျိုးသားဆေးတက္ကသိုလ်" တစ်ခု တည်ထောင်ရန် လုံးဝ မလုံလောက်ပေ။

အဆန်းဆုံးအချက်မှာ ထိုဒင်္ဂါးပြားရှစ်ထောင်တွဲသည်ပင် အားလုံးငွေအဖြစ် ရရှိခြင်း မဟုတ်ဘဲ အချို့မှာ အဝတ်အထည်၊ ပိုးထည်အကြမ်း၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားတန်ဖိုးတူ ပစ္စည်းများ ဖြစ်နေသဖြင့် ဝူကျိရှန်းအနေဖြင့် ၎င်းတို့ကို မသုံးစွဲမီ ငွေတုံးငွေခဲများအဖြစ် ပြောင်းလဲနိုင်ရန် နည်းလမ်းရှာရဦးမည် ဖြစ်၏။ ထို့အပြင် ဆောင်းဦးအခွန် ကောက်ခံပြီးမှသာ ထိုပစ္စည်းများကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ထိုဒင်္ဂါးပြားရှစ်ထောင်တွဲသည် စာရွက်ပေါ်တွင်သာ ရှိနေသေး၏။

"ဒီငွေအနည်းငယ်က လုံးဝကို မလုံလောက်ပါဘူး"

ဝူကျိရှန်းသည် သူ၏လက်ချောင်းများကို ရေတွက်ရင်း ဘဏ္ဍာရေးအခြေအနေကို စတင်တွက်ချက်လိုက်သည်။

"အခြားအရာတွေကို ထည့်မတွက်ရင်တောင် ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့တင် ဒီထက်မက ကုန်ကျမှာပါ..."

"ဒီငွေပမာဏက လုံးဝမလုံလောက်ဘူးဆိုတာ ငါသိပါတယ်"

အိမ်ရှေ့စံမင်းသားကသက်ပြင်းချရင်း ပြုံးလိုက်၏။

"ဒါပေမဲ့ နန်းတော်က ကိစ္စအကုန်လုံးအတွက် ငွေလိုနေတော့ မင်းကိုပေးဖို့ ငွေအများကြီး ရှိမနေဘူး ဖြစ်နိုင်ရင် ဆေးတက္ကသိုလ်ကိစ္စကို ခဏလောက် ရွှေ့ဆိုင်းလိုက်ရင်..."

ဘာကို ထပ်စောင့်ရမှာလဲ။ဆေးတက္ကသိုလ်ဆောက်ရန် အကြံဉာဏ်ကို ဝူကျိရှန်းသည် ထိုက်ယွမ်ဆေးဘက်ဆိုင်ရာဌာနတွင် တာဝန်စတင်ထမ်းဆောင်ကတည်းက တင်ပြခဲ့ခြင်း ဖြစ်၏။ အချိန်တော်တော်ကြာနေပြီဖြစ်သည်။

တကယ်လို့ ထပ်စောင့်ရမယ်ဆိုရင် ဘယ်လောက်အထိ စောင့်ရဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

"မင်းက ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်တင်မကဘဲ ပါးနပ်တဲ့ ကုန်သည်တစ်ယောက်လည်း ဖြစ်တယ်ဆိုတာ ငါသိပါတယ်"

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ဝူကျိရှန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။

"မင်း ထိုက်ယွမ်ဆေးဘက်ဆိုင်ရာဌာနမှာ အလုပ်လုပ်တုန်းက ဆေးဝါးတွေဝယ်ဖို့ နန်းတော်အတွက် ငွေပိဿာပေါင်း သောင်းနဲ့ချီပြီး စိုက်ထုတ်ပေးခဲ့ဖူးတယ် မဟုတ်လား..."

မင်မင်းဆက်၏ အရာရှိများသည် ယေဘုယျအားဖြင့် လစာနည်းပါးကြပြီး လာဘ်မစားပါက၎င်းတို့၏ ဘဝများသည် အလွန်ခြိုးခြံချွေတာကြရ၏။ သို့သော် ဝူကျိရှန်းကမူ ချွင်းချက်ဖြစ်ခဲ့သည်။သူက ချမ်းသာသောကြောင့် ဖြစ်၏။

သူသည် လွန်ခဲ့သောအချိန်က လင်ဇီးမှိုများကို စိုက်ပျိုးပြီး ငွေပိဿာပေါင်း သောင်းနှင့်ချီ၍ ရှာဖွေနိုင်ခဲ့သည်။ ထိုငွေများကို နန်းတော်သို့ ပေးဆောင်ခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများမှတစ်ဆင့် သူ့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ ကြာပြီဖြစ်ရာ ဘဏ္ဍာရေးဝန်ကြီးဌာနတစ်ခုလုံးက ထိုအကြောင်းကို သိရှိထားကြသည်။

ထို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများသည် ဝူကျိရှန်းအနေဖြင့် "နန်းတော်၏ အခက်အခဲကို ဖြေရှင်းပေးခြင်း" ဟူသော စိတ်ဓာတ်ကို အပြည့်အဝ ပြသနိုင်ရန် မျှော်လင့်နေကြပြီး "တိုင်းပြည်နှင့် ပြည်သူကို အကျိုးပြုမည့် ဆေးတက္ကသိုလ်" ကို တည်ထောင်နိုင်ရန်အတွက် သူ၏ ကိုယ်ပိုင်ငွေများကို နန်းတော်အတွက် နောက်ထပ်တစ်ကြိမ် စိုက်ထုတ်ပေးရန် မျှော်လင့်နေကြခြင်း ဖြစ်၏။

နန်းတော်၏ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်လာပါက ထိုငွေများကို သူ့ထံ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

နန်းတော်၏ ဘဏ္ဍာရေးအခြေအနေ မည်သည့်အချိန်တွင် ကောင်းမွန်လာမည်ကိုမူ... နတ်ဘုရားများသာ သိနိုင်ပေလိမ့်မည်။

"ကျွန်တော်မျိုး..."

ဝူကျိရှန်းသည် ကပ်စေးနှဲတတ်သူ မဟုတ်သော်လည်း ငွေပိဿာပေါင်း သောင်းနှင့်ချီ၍ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ထုတ်ရမည် ဖြစ်သောကြောင့် နှမြောမိသည်မှာ အမှန်ပင် ဖြစ်၏။

"အရှင်မင်းသား... ကျွန်တော်မျိုးရဲ့ မိသားစုစည်းစိမ်က ငွေပိဿာ သောင်းဂဏန်းအနည်းငယ်ပဲ ရှိတာပါ ။အဲဒါတွေကို အကုန်ပေးလိုက်ရင်တောင် ဒါက သမုဒ္ဒရာထဲ ရေစက် ချသလိုပဲ ဖြစ်မှာပါ"

ငွေစင် သုံးသောင်းပိဿာကျော်သည် ဝူကျိရှန်း၏ မိသားစုအတွက် တစ်သက်လုံး သက်သောင့်သက်သာ နေထိုင်ရန် လုံလောက်၏။

သို့သော် ဆေးတက္ကသိုလ်ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍မလုံလောက်နိုင်ပေ။

"မင်းပြောတဲ့ ဆေးတက္ကသိုလ်က လက်ရှိလူတွေတင်မကဘဲ နောင်လာနောက်သားတွေအတွက်ပါ အကျိုးရှိမယ့် အလွန်ကောင်းတဲ့ ကိစ္စတစ်ခုလို့ ငါထင်တယ်။ ဒါကြောင့် မနှောင့်နှေးဘဲ အမြန်ဆုံး စတင်သင့်တာပေါ့"

အိမ်ရှေ့စံမင်းသား ကျူးပြန်က ပြုံး၍ ပြောလိုက်၏။

"ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို လျှော့ချပေးနိုင်တဲ့ ဘယ်အရာမဆို ကောင်းမွန်တဲ့ မူဝါဒပဲ။ နန်းတော်မှာ မင်းကိုပေးဖို့ ငွေမရှိရင်တောင် မင်းအတွက် ရန်ပုံငွေတချို့ ရှာဖွေပေးဖို့ ငါနည်းလမ်းရှာပါ့မယ်..."

"ငါ မင်းကို ငွေစင်နှစ်ထောင်ပိဿာနဲ့ ဆန်ကြမ်းတွဲ သုံးထောင့်ခြောက်ရာ ထပ်ပြီး ပံ့ပိုးပေးမယ်"

အိမ်ရှေ့စံမင်းသားက ငွေစင်နှစ်ထောင်ပိဿာနှင့် ဆန်အချို့ကို "ပံ့ပိုး" ပေးခြင်းမှာ သူ၏ ထောက်ခံမှုကို ပြသရန်အတွက်သာ ဖြစ်၏။ လက်ရှိတွင် ဤမျှလောက်သော ငွေနှင့် ရိက္ခာသည် ဘာမှမရှိသည်ထက်စာလျှင် တော်သေးသည်ဆိုရုံမျှသာ ရှိပြီး ထိရောက်မှု မရှိပေ။

"ငါဆိုလိုတာက မင်းကို အဲဒီဆေးတက္ကသိုလ်ကို အရင်ဆုံး စတင်လည်ပတ်စေချင်တာပဲ"

"တကယ်လို့ မင်းစိုးရိမ်နေရင် ဘဏ္ဍာရေးဝန်ကြီးဌာနကို စာချုပ်တစ်ခု ထုတ်ပေးခိုင်းလို့ရတယ်။ ဒါကို နန်းတော်က ချေးငွေယူတယ်လို့ပဲ သတ်မှတ်လိုက်တာပေါ့..."

ကျူးပြန်က ထိုသို့ ပြောလာပြီဖြစ်သောကြောင့် ဝူကျိရှန်းဘာမှ ထပ်၍ မပြောနိုင်တော့ပေ။

ထို့ကြောင့် ဆေးတက္ကသိုလ် ဆောက်လုပ်ရေးအတွက် စည်းမျဉ်းစည်းကမ်းများကို အတည်ပြု ဆုံးဖြတ်လိုက်ကြလေတော့သည်။

All Chapters