← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 25 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 25 Ch. 253-254

အခန်း (၂၅၃) - မိဘတို့၏ စီမံမှု

"နင်က အရူးလား... ငတုံးရဲ့"

ချန်က‌တော်သည် သူမ၏ လက်ညှိုးဖြင့် သားဖြစ်သူ၏ နဖူးကို‌ ထောက်လိုက်ပြီး

"အဲဒီဆေးကျောင်းက လူလိမ်ကျောင်းကြီး... နင်က ဘာလို့ သွားပြီး နာမည်စာရင်းသွင်းရတာလဲ"

ချန်ကော်ရှန့်သည် စကားပြောမကောင်းသော ရိုးအအကောင်လေး တစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို ခံရပြီးနောက် သူ၏မျက်နှာတစ်ခုလုံး နီရဲသွားကာ အတော်ကြာမှ စကားသံ တိုးတိုးလေး ထွက်လာခဲ့၏။

"ကျွန်တော် သွားချင်လို့ပါ... အစ်မချင်းချင်းကလည်း ကျွန်တော့်အတွက် နာမည်စာရင်း ပေးပြီးပြီ"

"နင်က ဘာကိစ္စ သွားပြီး နာမည်စာရင်းသွင်းရတာလဲ"

ချန်ကတော်၏ တံတွေးများသည် သားဖြစ်သူ၏ မျက်နှာပေါ်သို စင်သွားခဲ့၏။

"ချင်းချင်းဆီ သွားပြီး နင့်လျှောက်လွှာကို ပြန်တောင်းခိုင်းလိုက်... ငါတို့က အဲဒီအသုံးမကျတဲ့ ဆေးကျောင်းကိုနင့်ကို မသွားခိုင်းဘူး..."

မိမိ၏သားကို ဆေးကျောင်းသို့ ပို့ရန်နှင့် ကော်ရှန့်ကို ဝူကျိရှန်း၏ တပည့်တစ်ဦး ဖြစ်လာစေရန်မှာချန်ကတော်၏ အကြီးမားဆုံး အိပ်မက် ဖြစ်ခဲ့ဖူး၏။ သူမသည် ကပ်စေးနှဲတတ်သော်လည်း လက်ဆောင်အဖြစ် ကြက်ဥတစ်တောင်းလုံးကိုပင် ပေးခဲ့ဖူးသည်။

သို့သော် ယခုချိန်တွင် သူမ၏ သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူမသည် သားဖြစ်သူ ဆေးကျောင်းတက်မည့် ကိစ္စကို ပြတ်ပြတ်သားသား ကန့်ကွက်နေခြင်းမှာ ဆေးကျောင်းက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တရားဝင် ကြေညာလိုက်သောကြောင့် ဖြစ်သည်။

ဆေးကျောင်း၏ စည်းမျဉ်းများအရ ကျောင်းပြီးရန် လေးနှစ်မှ ခြောက်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး ကျောင်းပြီးပါက ကျေးလက်ဒေသများတွင် "အခြေစိုက်သမားတော်" အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ရမည် ဖြစ်၏။

ချန်က‌တော်သည် မူလက မိမိ၏သား ချန်ကော်ရှန့်သာ ဆေးကျောင်းတက်လျှင် အရာရှိရာထူးတစ်ခုကို အလိုအလျောက် ရရှိနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ တရားဝင် "ဆေးဘက်ဆိုင်ရာအရာရှိ" မဖြစ်နိုင်လျှင်ပင် အဆင့်နိမ့်စာရေးတစ်ဦး ဖြစ်လာလိမ့်မည်ဟု တွေးခဲ့၏။ ဝူကျိရှန်းနောက်တွင် နှစ်အနည်းငယ်မျှ လိုက်ပါသွားရုံဖြင့် နန်းတွင်းသမားတော်ဌာနသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။

သို့သော် တရားဝင် စည်းမျဉ်းများ ထွက်လာချိန်တွင်ချန်ကတော်သည် ဆေးကျောင်း၏ အခြေအနေမှန်ကို သဘောပေါက်သွားခဲ့၏။ ထိုနေရာသည် အရာရှိများ မွေးထုတ်ပေးသည့်နေရာ လုံးဝမဟုတ်ဘဲ ပညာတတ်မြောက်လျှင်ပင် နန်းတွင်းသမားတော် ဖြစ်မလာနိုင်ဘဲ ဝေးလံခေါင်ဖျားပြီး ဆင်းရဲမွဲတေသော ကျေးလက်ဒေသများသို့ "အခြေစိုက်သမားတော်" အဖြစ် အပို့ခံရမည် ဖြစ်သည်။

ဒီလောက်အထိ အပင်ပန်းခံပြီး နှစ်အနည်းငယ်မျှ အချိန်ဖြုန်းခဲ့ကာ တန်ဖိုးမရှိသော ခြေဗလာသမားတော်တစ်ဦး ဖြစ်လာမည်ဆိုသဖြင့်အတွက်အချက်ကျွမ်းကျင်သူချန်ကတော်က သူ၏သားကိုထိုလမ်းကြောင်းကို လုံးဝရွေးချယ်ခွင့်မပြုနိုင်တော့ပေ။

ခြေဗလာသမားတော်တစ်ယောက်က ငွေဘယ်လောက် ရှာနိုင်မှာလဲ။ မိသားစုရဲ့ ရိုးရာလက်မှုပညာကို သင်ယူပြီး ဆိုင်ကိုပဲ ဦးစီးခိုင်းတာက ပိုကောင်းသေးသည်။

ထိုနှစ်များကို အလဟသ အကုန်မခံဘဲ ငွေရှာရန် အသုံးချပြီး အလုပ်လုပ်နိုင်သော မိန်းမတစ်ယောက်နှင့် အိမ်ထောင်ချကာ ကလေးမွေးခိုင်းလိုက်လျှင် ချန်ကော်ရှန့်၏ ဘဝက အခြေတကျ ဖြစ်သွားပေလိမ့်မည်။

သူမ၏သားဖြစ်သူချန် ကော်ရှန့်သည် ရိုးအသော လူငယ်လေးတစ်ဦးဖြစ်ပြီး အနည်းငယ် တုံးအသည်ဟုပင် ပြော၍ရပေသည်။ သူသည် စာတစ်လုံးမှ မတတ်သော်လည်းမိခင်ဖြစ်သူ စီမံပေးသော ဘဝကို လက်ခံရန်ငြင်းဆန်နေခဲ့သည်။

မိသားစုရဲ့ ရိုးရာလက်မှုပညာကို သင်ယူပြီး မိန်းမယူကာ အခြေချရမယ်။ပြီးရင် သားသမီးတွေကိုလည်း အဲဒီပညာကိုပဲ သင်ပေးပြီး မိန်းမပေးစားရမယ့် ဘဝမျိုးက ဘာအဓိပ္ပာယ် ရှိမှာလဲ။

ဒါက ငါ့အဖေ ချန်လျိုယီရဲ့ ဘဝမျိုးပဲ။တည်ငြိမ်ပေမဲ့ ဘာလှိုင်းတံပိုးမှ မရှိဘဲ အရာအားလုံးက ဒီအတိုင်းပဲ ဖြစ်နေရသလိုမျိုး။

ချန် ကော်ရှန့်သည် သူ၏အဖေကဲ့သို့ မထင်မရှားဘဝဖြင့် မနေချင်တော့ပေ။ သူသည် မိမိ၏ဘဝကို ပြောင်းလဲရမည်ဟု သိရှိနေသော်လည်းမည်သို့ ပြောင်းလဲရမည်ကိုမူ မသိခဲ့ပေ။

သူသည် ဆေးကျောင်းတက်ခြင်းက အခွင့်အရေးတစ်ခု ဖြစ်သည်ဟု ဝေဝေဝါးဝါး ခံစားမိရုံသာ ရှိပြီး ထိုအခွင့်အရေးက အဆုံးသတ်တွင် မည်သို့ ဖြစ်လာမည်ကိုမူ သေချာမပြောတတ်ခဲ့ချေ။

"အစတုန်းက ဆေးကျောင်းတက်ဖို့ တိုက်တွန်းခဲ့တာလည်း အမေပဲ... အခုကျတော့ မသွားခိုင်းပြန်ဘူး..."

ခေါင်းမာသော သားကို ကြည့်ရင်း ဒေချန်က‌တော်သည် ဒေါသအလွန်ထွက်သွားကာ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

"ငါ နင့်ကို ဆေးကျောင်းပို့တာက အစိုးရအရာရှိရာထူး ရဖို့အတွက်ပဲ... တကယ် ဆေးပညာသင်ဖို့ မဟုတ်ဘူး"

မိမိ၏သား အရာရှိရာထူးတစ်ခု ရရှိနိုင်လျှင် သူမသည် ဘာမဆိုလုပ်ရန် အသင့်ရှိသူ ဖြစ်သည်။ သားဖြစ်သူ၏ စိတ်ဝင်စားမှုနှင့် ကိုယ်ပိုင်သဘောထားများကို ချန်က‌တော်သည် ဘယ်သောအခါမျှ ထည့်သွင်းစဥ်းစားခဲ့ခြင်း မရှိပေ။

အရာရှိလည်း ဖြစ်မလာနိုင်သလို ငွေလည်း အများကြီး မရှာနိုင်ရင် အခြားအရာတွေကို ဆွေးနွေးနေဖို့ အကြောင်းမရှိဘူး။

၎င်းမှာချန်ကတော်၏ခံယူချက်ဖြစ်၏။

"နင်က ငတုံးပဲ... ကိုယ့်နာမည်တောင် ကိုယ်မသိဘဲ ဘာဆေးပညာကို သင်မှာလဲ... ဆေးညွှန်းစာ ရေးတတ်လို့လား... ဆေးပေးတတ်လို့လား... နင်က လူပြက်လုပ်နေတာပဲ"

"အစ်မချင်းချင်းက ကျွန်တော့်ကို စာရေးစာဖတ် သင်ပေးမယ်လို့ ပြောထားတယ်"

"ချင်းချင်း... ချင်းချင်းနဲ့... နင်က သူ့ကို တမ်းတမ်းစွဲ ခေါ်နေတာပဲလား"

"အဲဒီတုန်းက အမေကိုယ်တိုင်ပဲ သူ့ကို ဒေါ်လေးချင်းလို့ ခေါ်ခိုင်းခဲ့တာပဲကို..."

ချန်ကော်ရှန့်

သည် မိခင်ဖြစ်သူကို ပြန်မပြောရဲသဖြင့် တိုးတိုးလေးသာ ရေရွတ်လိုက်၏။

"အတိတ်က အတိတ်ပဲ... အခုက အခု... မတူတော့ဘူး... နင်သာ အရာရှိအငယ်စားလေး ဖြစ်လာရင် သူ့ကို အဘွားကြီးချင်းချင်းလို့ ခေါ်ရခေါ်ရ ဘာကွာမှာလဲ"

ချန်ကတော်က မထောက်မညှာ ပြောလိုက်၏။

"ချင်းချင်းက ဘာလဲ... သူက ရေနွေးကြမ်းငှဲ့ပေးရတဲ့ အစေခံမလေး သက်သက်ပဲ စာဘယ်နှစ်လုံး တတ်လို့လဲ... နင့်ကို ဘယ်လိုလုပ် စာသင်ပေးနိုင်မှာလဲ"

"အစ်မချင်းချင်းက တကယ် စာတတ်ပါတယ်... သူလည်း ကျောင်းတက်ခဲ့ဖူးတယ်"

"စာတတ်တော့ ဘာလုပ်ရမှာလဲ"

မိမိ၏ စကားကိုအမြဲနားထောင်တတ်သော သားဖြစ်သူက မိမိကို ထပ်ခါတလဲလဲ ပြန်ပြောနေသောကြောင့် ချန်က တော်သည် ဒေါသအလွန်ထွက်သွားခဲ့၏။

"အဲဒီစာတတ်ပေတတ်တွေက ချမ်းသာတဲ့ မိသားစုက လူတွေပဲ... ငါတို့လို နိမ့်ပါးတဲ့ မိသားစုက လူတွေ စာသင်လို့ ဘာထူးမှာလဲ... ငါတို့ကို ထမင်းကျွေးနိုင်လို့လား... ငွေပေးနိုင်လို့လား... နင်က နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီး ကျင်ရှီးအရာရှိ ဖြစ်ဖို့ အိပ်မက်မက်နေတာလား"

နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီး ကျင်ရှီးအရာရှိ ဖြစ်လာခြင်းသည် အရာရှိဖြစ်ရန် အဓိကလမ်းကြောင်း ဖြစ်သော်လည်း ချန်ကော်ရှန့်တို့ကဲ့သို့ မိသားစုမျိုးနှင့်မူ ကိုက်ညီမှု မရှိပေ။

စာသင်သားအများစုက မိမိတို့ကိုယ်ကို နိမ့်ပါးသော မိသားစုမှ လာသည်ဟု ပြောကြသော်လည်း ထိုသူများသည် အမှန်တကယ် ဆင်းရဲမွဲတေကြသူများ မဟုတ်ကြပေ။

သာမန်မိသားစုများသည် စာသင်သားတစ်ဦးကို မထောက်ပံ့နိုင်ကြချေ။ စာသင်ခြင်းဖြင့် အရာရှိရာထူး ရယူလိုသော မိသားစုမှန်သမျှသည် မည်မျှပင် ဆင်းရဲသည်ဟု ဆိုစေကာမူ အနည်းဆုံးတော့ အသင့်အတင့် ချမ်းသာကြသူများ ဖြစ်ကြသည်။

လွန်စွာ ဆင်းရဲလွန်းသဖြင့် စာသင်သားတစ်ဦးက ဆယ်နှစ်ပတ်လုံး ကြိုးစားစာသင်ကာ စာမေးပွဲအဆင့်ဆင့်ကို အောင်မြင်ပြီး အဆုံးတွင် နန်းတွင်းစာမေးပွဲတွင် ပထမရသွားသည်ဟူသော ဇာတ်ကွက်မျိုးသည် ပြဇာတ်များနှင့် ဝတ္ထုများထဲတွင်သာ ရှိတတ်ပြီး လက်တွေ့ဘဝတွင်မူ ဖြစ်နိုင်ခြေ မရှိသလောက်ပင် ဖြစ်၏။

"အခုကစပြီး နင် ဒီမှာပဲနေပြီး ဆိုင်ကို ကူဦးစီးရမယ်... ငွေရသလောက် ရှာထား... ငါ အောင်သွယ်ရှာပြီး နင့်အတွက် သန်သန်မာမာနဲ့ ကလေးအများကြီး မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်ကို ရှာပေးမယ်"

ချန်ကတော်သည် သားဖြစ်သူ၏ ဘဝတစ်ခုလုံးကို စီမံထားပြီးဖြစ်ရာ သူမ၏ ပုံမှန်အမိန့်ပေးသံဖြင့် ပြောလိုက်၏။

"ဆေးကျောင်းအကြောင်းကို ထပ်မစဥ်းစားနဲ့တော့... စဥ်းစားနေလည်း ဘာမှ အသုံးမဝင်ဘူး"

"ဘာတွေ ကြောင်ကြည့်နေတာလဲ... အခန်းထဲပြန်ပြီး သွားအိပ်တော့... မနက်ဖြန် မနက်အစောကြီး ထပြီး အလုပ်လုပ်ရမယ်"

ယခင်အတိုင်းပင် ချန် ကော်ရှန့်သည် မိခင်ဖြစ်သူ၏ စကားကို နားထောင်ကာ အခန်းထဲသို့ ပြန်၍ အိပ်လိုက်၏။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလပတ်လုံး ချန်ကော်ရှန့်သည် မိခင်ဖြစ်သူ၏ စကားကို အမြဲတမ်း နားထောင်ခဲ့သည်။ သူမက အရှေ့သို့ သွားခိုင်းလျှင် သူသည် ဘယ်သောအခါမျှ အနောက်သို့ မသွားခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ချန်ကုရှန်း၌ ကိုယ်ပိုင်အတွေး ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် သစ်သားကုတင်ပေါ်တွင် ပက်လက်လှဲကာ လက်မောင်းကို ခေါင်းအုံးရင်း ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေခဲ့၏။

ချန်ကော်ရှန့်သည် ပထမဆုံးအကြိမ်အဖြစ် အိပ်မပျော်သော ဝေဒနာကို ခံစားခဲ့ရသည်။

သူသည် ဟိုလှည့်ဒီလှည့်ဖြင့် ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေသောကြောင့် ကုတင်အဟောင်းကြီးမှာ တကျွိကျွိနှင့်မြည်နေခဲ့၏။

လူငယ်လေးသည် အစကတည်းက အဆုံးသတ်ကို မြင်တွေ့နေရသော ဘဝမျိုးကို မုန်းတီးပြီး မိမိ၏အဖေကဲ့သို့ မဖြစ်ချင်ပေ။ သူ၏ဘဝကို ဤကဲ့သို့ ဝေဝေဝါးဝါးဖြင့်ဖြတ်သန်းမသွားသင့်ဟုခံစားနေရ၏။

မိုးလင်းခါနီးငှက်ကလေးများ၏ တွန်ကျူးသံများ ထွက်ပေါ်လာခဲ့ချိန်တွင်ချန်ကော်ရှန့်သည် ပြတ်သားသောဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

ထို့နောက်သူသည် ပြတင်းပေါက်ကို ဖွင့်ကာ မိုးလင်းစ အလင်းဖျော့ဖျော့ထဲတွင် အပြင်သို့ ခုန်ချလိုက်ပြီးနောက် အတောင်ပံဖြန့်ကာ ပျံသန်းသွားသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဆေးကျောင်းရှိရာဆီသို့ အပြေးလှမ်းခဲ့လေတော့သည်။

*********

အခန်း (၂၅၄) - နဂါးပျံစပြုခြင်း

ဆေးတက္ကသိုလ်။လက်ရှိတွင် ထိုဆေးတက္ကသိုလ်သည် ယန်ဇီမြစ်ကမ်းပါးဘေး၌ ရှိသော စွန့်ပစ်မြေရိုင်းကွက်တစ်ခုမျှသာ ဖြစ်၏။

နေရာအနှံ့တွင် ခါးလောက်ရှိသော မြက်ရိုင်းများ ဖုံးလွှမ်းနေပြီး မြစ်မှ တိုက်ခတ်လာသော ရေငွေ့များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိုထိုင်းနေခဲ့သည်။ လူသူကင်းမဲ့သော ထိုမြေရိုင်းကြီးထဲတွင် တဲအနည်းငယ်ကသာ အထီးကျန်စွာ တည်ရှိနေ၏။

ထွက်ပြူလာသော နေရောင်ခြည်အောက်တွင် အဝေးမှ လက်သမားများနှင့် အလုပ်သမား အများအပြားသည် ထုံးဖြူလိုင်းများ သားနေကြပြီဖြစ်ရာ ကျောင်းဆောင်အချို့အတွက် အုတ်မြစ်ချခြင်းကို စတင်နေကြပြီ ဖြစ်သည်။

မပြည့်စုံသော အဆောက်အအုံများက ပြဿနာမဟုတ်ပေ။ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးပါက လအနည်းငယ်အတွင်း ကျောင်းဆောင်သစ်များ ပေါ်ထွက်လာပေလိမ့်မည်။ ဝူကျိရှန်းကိုစိတ်ပျက်စေခဲ့အချက်မှာ ဆေးတက္ကသိုလ်အပေါ် ထားရှိကြသော လူတို့၏ သဘောထားပင် ဖြစ်၏။

အစပိုင်းတွင်မူလာရောက်၍ နာမည်စာရင်းပေးကြသော လူငယ်အများအပြား ရှိခဲ့သည်။

သို့သော် ထိုလူများသည် လူနာကို ကုသ၍ အသက်ကယ်တင်လိုသော ကရုဏာစိတ်ထားကြောင့် လာကြခြင်းမဟုတ်ဘဲ အရာရှိဖြစ်ချင်သောကြောင့်သာ လာရောက်ကြခြင်း ဖြစ်၏။

ဆေးတက္ကသိုလ်သည် အရာရှိဖြစ်ရန် ဖြတ်လမ်းမဟုတ်ကြောင်း သိရှိသွားကြပြီးနောက်တွင်၎င်းတို့သည်စိတ်ပျက်သွားကြကာ လှည့်ပြန်သွားကြလေတော့သည်။

သူတို့စိတ်ထဲတွင်အရာရှိဖြစ်မလာနိုင်ရင် စာသင်နေလို့ ဘာထူးမှာလဲ။ဆေးပညာသင်ယူဖို့ အဖိုးတန်တဲ့ နှစ်အနည်းငယ်ကို အလဟသ အကုန်ခံမယ့်အစား အလုပ်တစ်ခုရှာပြီး ငွေအရင်ရှာတာက ပိုကောင်တယ်ဟုသာတွေးထင်နေကြခြင်းဖြစ်သည်။

အထူးသဖြင့် ဆေးပညာသင်ယူရန်အတွက် သတ်မှတ်ထားသော အရည်အချင်းများ ရှိနေခြင်းက ပြဿနာတစ်ခု ဖြစ်၏။ မည်သူမဆို ဆေးကျောင်းသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခြင်း မရှိပေ။

အနည်းဆုံးတော့ စာရေးစာဖတ် တတ်ရမည်ဖြစ်သည်။ စာမတတ်ပါကဆေးပညာ၊ ရောဂါဗေဒနဲ့ ဆေးဝါးဗေဒ ဗဟုသုတတွေကို သင်ယူရန်မဖြစ်နိုင်ချေ။

ဝမ်းနည်းစရာကောင်းသည်မှာ ဤခေတ်ကာလတွင် စာတတ်မြောက်မှုနှုန်းက အလွန်ပင် နိမ့်ပါးလွန်းလှ၏။ လူအများစုမှာ စာမတတ်ကြချေ။ မိမိ၏ နာမည်ကို ရေးတတ်ရုံ၊ ရိုးရှင်းသော စာရင်းအင်းအချို့ တွက်ချက်တတ်ရုံမျှဖြင့် ပညာတတ် ဟု သတ်မှတ်ထားပြီ ဖြစ်သည်။

စာတတ်ပေတတ် များကလည်းဆေးပညာသင်ယူရန်စိတ်မဝင်စားကြဘဲ နန်းတွင်းစာမေးပွဲ အောင်မြင်ရေးကိုသာ ရည်မှန်းချက် ထားကြ၏။

စာရေးစာဖတ် တတ်ပြီး ဆေးပညာသင်ယူရန် စိတ်ဝင်စားသူဟူ၍ အလွန် ရှားပါးလှကာ ထိုသူများသည်လည်း အများအားဖြင့် သမားတော်များ၏ သားသမီးများသာ ဖြစ်ကြသည်။

ဆေးဘက်ဆိုင်ရာ မိသားစု နောက်ခံရှိသော ထိုကလေးများသည် စာတတ်မြောက်ကြပြီး အခြေခံဆေးပညာ ဗဟုသုတအချို့ ရှိကြသဖြင့် အမှန်ပင် အရည်အချင်းပြည့်မီသူများဖြစ်ကြ၏။ သို့သော် ၎င်းတို့အနေဖြင့် မိသားစုအမွေအနှစ်အဖြစ် အိမ်တွင်တင် ဆေးပညာကို လွယ်လွယ်ကူကူ သင်ယူနိုင်ပါလျက်နှင့် ဆေးတက္ကသိုလ်သို့လာရောက်ဒုက္ခမခံလိုကြချေ။

ဆေးတက္ကသိုလ် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပြီး တည်ဆောက်ရေးလုပ်ငန်းများကို အကြီးအကျယ် စတင်နေပြီ ဖြစ်သော်လည်း လျှောက်ထားသူတစ်ဦးမျှ ရှိမနေခဲ့ချေ။

ဝူကျိရှန်းသည် ဆေးတက္ကသိုလ်တစ်ခု တည်ထောင်ခြင်းဖြင့် ဤခေတ်ကာလသို့ အဆင့်မြင့် ဆေးပညာနှင့် ကျန်းမာရေး ဗဟုသုတများကို ယူဆောင်လာပေးနိုင်မည်ဟု မူလက ထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင်မူ သူသည် ရိုးအလွန်းပြီး အကောင်းမြင်လွန်းခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ကျောင်းသား ရှာမရသောကြောင့် ဝူကျိရှန်းသည်ကျောင်းဝင်ခွင့် စံနှုန်းများ ကို ထပ်ခါတလဲလဲ လျှော့ချခဲ့ရပြီး ထမင်းကျွေးမည် ၊ ရာသီအလိုက် အဝတ်အထည်များ ထောက်ပံ့မည် ဟူသော အကျိုးခံစားခွင့်အချို့ ပေးခဲ့သော်လည်း လျှောက်ထားသူက အလွန် နည်းပါးနေဆဲ ဖြစ်၏။

ကျောင်းကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကျောင်းသား တစ်ဆယ့်နှစ်ယောက်သာ လက်ခံရရှိခဲ့သည်။

ဝူကျိရှန်းသည် ဆေးတက္ကသိုလ် ဖွင့်လှစ်လိုက်သည်နှင့် ကျောင်းသားများ အလုံးအရင်းဖြင့် ရောက်ရှိလာလိမ့်မည်ဟု မူလက စိတ်ကူးယဉ်ခဲ့သော်လည်း လက်တွေ့အ‌‌ခြေအနေကသူ့ကိုအလွန်စိတ်ပျက်စေခဲ့၏။

ဧက ရာပေါင်းများစွာ ကျယ်ဝန်းသော ဆေးတက္ကသိုလ်ကြီးတွင် ကျောင်းသား တစ်ဆယ့်နှစ်ယောက်သာ ရှိနေပြီး အတန်းတစ်တန်းစာပင် မပြည့်သည်မှာတကယ်ကို အရှက်ရစရာ ကောင်းလှသည်။

"အစပိုင်းမှာတော့ အရာရာက ခက်ခဲတတ်တာပဲ ။ နောက်မှ အဆင်ပြေသွားမှာပါ"

ဤကဲ့သို့သော စကားများသည် မိမိကိုယ်ကို နှစ်သိမ့်ခြင်း သက်သက်သာဖြစ်ပြီး အချင်းချင်းပင် ထိုစကားကို သဘောမတူနိုင်ချေ။

"သခင်လေး... ကျွန်မအမြင်ကို ပြောရရင်တော့ ဒီအသုံးမကျတဲ့ ဆေးကျောင်းကို မတည်ထောင်ခဲ့သင့်ဘူး"

ချင်းချင်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။

"နန်းတော်က ရန်ပုံငွေ မပေးတာကို ထားပါဦး... ကျွန်မတို့ ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ထားရတာတောင် အခုတော့ ဒီလိုအခြေအနေမျိုး ဖြစ်သွားပြီ..."

"ထားလိုက်ပါတော့...အရင်ဆုံး ဆေးကျောင်းကို စတင်လည်ပတ်နိုင်အောင်ပဲ လုပ်ကြရအောင်"

ဝူကျိရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်၏။

"ကျောင်းသား တစ်ယောက်ပဲ ရှိရင်တောင် ဆေးကျောင်းက လည်ပတ်နေရမှာပဲ... သင်ခန်းစာတွေကိုတော့ ဆက်ပြီး သင်ကြားပေးရမယ်..."

"သမားတော်ကြီးဝူ... သင်ကြားရေးကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့"

စကားပြောလိုက်သူမှာ နန်းတွင်းသမားတော်ဌာနမှ အသစ်ခန့်အပ်ထားသော နန်းတွင်းသမားတော်တစ်ဦး ဖြစ်သည်။ သူ၏ ဆေးပညာကထူးချွန်သဖြင့် ဝူကျိရှန်းက သူ့ကို ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

နန်းတော်မှ နန်းတွင်းသမားတော်များက ဆေးကျောင်းသားများကို ဆရာအဖြစ် သင်ကြားပေးခြင်းသည် သိပ္ပံအကယ်ဒမီမှ ပညာရှင်များကို ကျောင်းသို့ ပါမောက္ခအဖြစ် ခေါ်ဆောင်လာခြင်းနှင့် အလားတူပင် ဖြစ်သော်လည်း ကျောင်းတွင် ကျောင်းသားက အလွန် နည်းပါးလွန်းနေသည်။

ပို၍ ဆိုးသည်မှာ ဝူကျိရှန်း မူလက ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ခြင်းပင် ဖြစ်၏။ ထိုကျောင်းသား တစ်ဆယ့်နှစ်ယောက်ထဲတွင် နှစ်ယောက်သာ စာတတ်ပြီး ကျန်တစ်ဆယ်ယောက်မှာမူ စာလုံးဝ မတတ်ကြချေ။

ဆေးကျောင်းသားများ ကျောင်းတက်ရန် စာတတ်ရမည် ဖြစ်သော်လည်း... ထိုသို့သတ်မှတ်လျှင် လူပြည့်အောင် ဘယ်လိုလုပ် စည်းရုံးနိုင်ပါ့မလဲ။

၎င်းတို့အနေဖြင့် ကျောင်းဝင်ခွင့် စံနှုန်းများကို ထပ်ခါတလဲလဲ လျှော့ချခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။ နောက်ပိုင်းတွင်မူ စာတတ်ရမည် ဟူသော တင်းကျပ်သည့် သတ်မှတ်ချက်ကို လုံးဝပယ်ဖျက်လိုက်ပြီး စာသင်ရန် လာရောက်ကြသော လူငယ်အားလုံးကို လက်ခံလိုက်တော့သည်။

ထိုကလေးများသည် စာလုံးဝ မတတ်ကြသဖြင့် နန်းတော်မှ နန်းတွင်းသမားတော်များပင်လျှင် ၎င်းတို့ကို ကူညီနိုင်စွမ်း မရှိခဲ့ကြချေ။

မြင့်မားသော စံနှုန်းများနှင့် တင်းကျပ်သော သတ်မှတ်ချက်များ ရှိသည့် ဆေးတက္ကသိုလ်တစ်ခုသည် လက်ရှိတွင် အလုပ်မဖြစ်နိုင်သဖြင့် အစကနေ ပြန်စရမည် ဖြစ်သည်။

"ချင်းချင်း... နင်လည်း အိမ်မှာ ဘာမှလုပ်စရာ မရှိတာနဲ့ အတူတူ ဒီကလေးအနည်းငယ်ကို စာသင်ပေးပါလား"

"နောက်မှ ဒီကလေးတွေကို စာရေးစာဖတ် တရားဝင်သင်ပေးဖို့ ကိုယ်ပိုင်ဆရာတစ်ယောက် ရှာပေးပါ့မယ်"

ထို့ကြောင့် ဝူကျိရှန်းသည် နန်းတွင်းသမားတော်များနှင့်အတူ နန်းတွင်းသမားတော်ဌာနသို့ ပြန်သွားခဲ့ပြီး ကျယ်ဝန်းလှသော ဆေးတက္ကသိုလ်ကြီးထဲတွင် ချင်းချင်းတစ်ယောက်တည်းသာ ဆရာမ အဖြစ် ကျန်ရစ်ခဲ့လေတော့သည်။

တစ်ဦးတည်းသော ဆရာ ဖြစ်သည့် ချင်းချင်းသည်ပင် ယာယီကူညီပေးသူမျှသာ ဖြစ်၏။ မကြာမီအချိန်တွင် ဝူကျိရှန်းသည် ကလေးများကို စာရေးစာဖတ် သင်ကြားပေးရန် ကိုယ်ပိုင်ဆရာတစ်ယောက်ကို ခေါ်ဆောင်လာပေလိမ့်မည်။

ကလေးများကို စာသင်ပေးရင်း အခြေခံဆေးပညာ ဗဟုသုတများကိုပါ ပေးစွမ်းခြင်းသည် ဝူကျိရှန်း၏ စီမံမှုတစ်ခု ဖြစ်သည်။

လက်ရှိ သင်ကြားရေးနည်းလမ်းများအရ စာမတတ်သော ကလေးများကို လမ်းမှန်ပြသရန် သမားရိုးကျနည်းလမ်းမှာ စာလုံးသုံးလုံးကျမ်း၊ မျိုးရိုးတစ်ရာအမည်ကျမ်းနှင့် စာလုံးတစ်ထောင်ကျမ်းကဲ့သို့သော အခြေခံစာသားများကို သင်ကြားပေးခြင်း ဖြစ်၏။

သို့သော် ချင်းချင်းသည် တရားဝင်ဆရာတစ်ဦး မဟုတ်ပေ။ သူမ၏ သင်ကြားရေးနည်းလမ်းများသည် ရိုးရာကိုယ်ပိုင်ဆရာများနှင့် လုံးဝကွဲပြားပြီး စနစ်တကျရှိသော သင်ကြားရေးအစီအစဉ်လည်း မရှိချေ။

သူမသည် မျိုးရိုးတစ်ရာအမည်ကျမ်းစာအုပ်ကိုသာ ဖွင့်လိုက်ရင်း ပြောလိုက်သည်။

"ငါ့နာမည်က ချင်းချင်းပဲ။ နင်တို့အားလုံးက ငယ်သေးတော့ ငါ့ကို အစ်မချင်းချင်းလို့ပဲ ခေါ်ကြ ။ဒီရက်ပိုင်းမှာ ငါ နင်တို့တွေကို စာလုံးတွေသိအောင် သင်ပေးမယ် ။ဆရာရောက်လာရင်တော့ ဆရာက ဆက်သင်ပေးလိမ့်မယ်။ ဒီနေ့တော့ မျိုးရိုးတစ်ရာအမည်ကျမ်းကို အရင်ဆုံး သင်ကြတာပေါ့..."

"ကျောက်၊ ချန်၊ စွန်း၊ လီ၊ ကျိုး၊ ဝူ၊ ကျန်း၊ ဝမ်"

ချင်းချင်းကိုယ်တိုင်ကလည်း တစ်ပိုင်းတစ်စသာ တတ်မြောက်ထားသူဖြစ်ရာ သူမ၏ သင်ကြားမှုမှာ ပို၍ပင် ဆိုးရွားလှ၏။

တစ်မနက်ခင်းလုံး သင်ကြားပေးပြီးသည်ထိစာမတတ်သော ထိုကလေးများမှာ စာမဖတ်တတ်ကြသေးချေ။ ၎င်းတို့သည် မျိုးရိုးတစ်ရာအမည်ကျမ်း ထဲမှ ပထမဆုံးစာလုံး ဖြစ်သည့် ကျောက် ကိုပင် မရေးတတ်ကြသေးချေ။

ဒီကလေးတွေက ဘာလို့ ဒီလောက်တောင် ညံ့နေကြတာလဲ။

"အစ်မချင်းချင်း... ဒီကျောက်ဆိုတဲ့ စာလုံးက ရေးရတာ အရမ်းခက်တယ် ။ကျွန်တော်တို့ မမှတ်မိဘူး အဲဒါထက် ပိုပြီးလွယ်တဲ့ စာလုံးတွေကို ပြောင်းသင်ပေးပါလား"

"လွယ်တဲ့စာလုံးလား"

ချင်းချင်းသည် ခေါင်းကိုစောင်းကာ ခဏမျှ စဥ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"ကောင်းပြီ... ဒါဆိုရင် ငါ နင်တို့ကိုကျန့် ဆိုတဲ့ စာလုံးကို အရင်ဆုံး ဘယ်လိုရေးရမလဲဆိုတာ သင်ပေးမယ်..."

ထို ကျန့်ဟူသော စာလုံးမှာ ပို၍ရိုးရှင်းသဖြင့် ကလေးများသည် ချက်ချင်းပင် ရေးတတ်သွားကြ၏။

ကလေးများကို ကျန့်ဟူသော စာလုံးကို မှတ်မိအောင် သင်ပေးနိုင်ခြင်းက ချင်းချင်းကို ကြီးမားသော အောင်မြင်မှု ခံစားချက်တစ်ခု ပေးစွမ်းနိုင်ခဲ့သည်။

"ဒီ ကျန့် ဆိုတဲ့ စာလုံးက ဟွာရှမင်းမျိုးနွယ်ရဲ့ ကျန့်ကို ကိုယ်စားပြုတာပဲ"

"အစ်မချင်းချင်း... ဟွာရှမင်းမျိုးနွယ်ဆိုတာ ဘာလဲဟင်"

All Chapters