အခန်း (၂၅၇-၂၅၈)
Vol. 25 Ch. 257-258
အခန်း ၂၅၇ ကမ္ဘာသစ်တစ်ခု
"မဟော်ဂနီပြုတ်ရည်ကို ကန်စွန်းရိုး၊ ချင်းချင်းစေ့နဲ့ နွယ်ချို အပါအဝင် ဆေးဖက်ဝင်ပစ္စည်း လေးမျိုးနဲ့ ဖော်စပ်ထားတာ ဖြစ်တယ်။ အဲဒါက ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ အသက်ရှုမဝခြင်းနဲ့ ချွေးမထွက်ခြင်းတို့အတွက် သင့်တော်တယ်"
ကလေးများသည် ဆေးပညာနဲ့ ကုသရေးအကြောင်း ဘာမှမသိကြတဲ့အတွက် သမားတော်စွန်းက အခြေခံအကျဆုံးဖြစ်တဲ့ အပြင်လက္ခဏာဖြေဖျောက်ခြင်း ကဗျာကနေစပြီး အစကနေ ပြန်သင်ပေးနေရခြင်း ဖြစ်သည်။
"ဒီကဗျာလေးကြောင်းက အပြင်လက္ခဏာတွေကို သက်သာစေပြီး အပူငြိမ်းစေတဲ့ နည်းလမ်းကို ဖော်ပြထားတာ ဖြစ်ပေမဲ့ ခေါင်းကိုက်ဖျားနာတဲ့ ရောဂါလက္ခဏာအားလုံးအတွက်တော့ မသင့်တော်ပါဘူး။ မဟော်ဂနီပြုတ်ရည်က အလွန် ထိရောက်ပေမဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးအားနည်းသူတွေမှာ သတိထားပြီး သုံးစွဲရမယ်"
သမားတော်စွန်း၏ ကျန်းမာရေးက အစကတည်းက သိပ်မကောင်းရာ သင်ခန်းစာသင်ပြီးချိန်တွင် သူ၏ နာတာရှည် ခြေထောက်နာ ဝေဒနာက ပြန်လည် ထကြွလာ၏။
"မင်းတို့အားလုံး ဒီကဗျာလေးကြောင်းကို အလွတ်မှတ်ထားရမယ်။ နောက်သင်ခန်းစာကျရင် ကလေးငယ်တွေနဲ့ သင့်တော်တဲ့ နဂါးစိမ်းလေးပြုတ်ရည်အကြောင်း ပြောပြမည်။ ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး လူစုခွဲနိုင်ပြီ..."
"သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ"
ကျောင်းသားများက ဆရာဖြစ်သူကို ညီတူညီမျှ ဦးညွှတ်အလေးပြုကာ ကျေးဇူးတင်စကား ပြောကြစဉ်သမားတော်စွန်းက ပြုံးရွှင်သော မျက်နှာဖြင့် သူအတွက်ပေးထားသော အဆောင်သို့ ပြန်သွား၏။
"အခုန ဆရာစွန်း ပြောသွားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကဗျာက ဘာကို ဆိုလိုတာလဲ"
"အဲဒါက ခေါင်းကိုက်တာနဲ့ ဖျားတာကို ကုသတဲ့ ဆေးနည်းထင်တယ် ဟုတ်လား"
"ဆရာစွန်းက မဟော်ဂနီပြုတ်ရည်ရဲ့ ပြင်းထန်တဲ့ အာနိသင်ကို လျှော့ချဖို့ နွယ်ချိုကို သုံးရတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ငါမသိဘူး။ မဟော်ဂနီပြုတ်ရည်က အဓိက ဆေးဖက်ဝင်ပစ္စည်း ဖြစ်နေမှတော့ ဘာလို့ နွယ်ချိုနဲ့ ထိန်းပေးဖို့ လိုရတာလဲ။ အဲဒါက ပိုမနေဘူးလား"
အရှင်းလင်းဆုံး အပြင်လက္ခဏာဖြေဖျောက်ခြင်း ကဗျာတွင်ပင် အလွန် နက်နဲသော တရုတ်ရိုးရာဆေးပညာ သီအိုရီများ ပါဝင်နေ၏။ အထူးသဖြင့် အပူအအေး၊ အတွင်းအပြင်၊ ယင်နှင့်ယန်၊ ဓာတ်ကြီးငါးပါး သဘောတရားများ ဖြစ်ကြသည်။ ထိုနယ်ပယ်ထဲသို့ ခြေမနင်းရသေးသော ဆေးကျောင်းသားများအတွက်မူ အမှန်တကယ်ပင် နက်နဲလွန်းလှသဖြင့် သူတို့ လုံးဝ နားမလည်နိုင်ကြချေ။
"သူပြောတာကို ငါလည်း နားမလည်ဘူး၊ ဒါပေမဲ့ ငါတို့ အဲဒီကဗျာလေးကြောင်းကို အလွတ်ကျက်ထားဖို့ပဲ လိုသည်။ မဟုတ်ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်"
သမားတော်စွန်းသည် ဆေးကျောင်း၏ ဆရာတစ်ယောက် ဖြစ်လာကတည်းက စည်းကမ်းကြီးသောဆရာအဖြစ်နာမည်ကြီး၏။ ကျောင်းသားများ၏ အိမ်စာများကို နေ့တိုင်း စစ်ဆေးကာ သူပေးထားသော အိမ်စာများကို မပြီးမြောက်ပါက ရိုက်နှက်အပြစ်ပေးတတ်သည်။
ဤခေတ်ကာလရှိ ကိုယ်ပိုင်စာသင်ကျောင်းများမှ ဆရာများကဲ့သို့ပင် သူသည် စာအုပ်ကို ကျွမ်းကျင်စွာ မရွတ်ဆိုနိုင်သော ကျောင်းသားများ၏ လက်ဖဝါးကို ရိုက်လေ့ရှိ၏။ စာလုံးတစ်လုံး မှားတိုင်း လက်ဖဝါးကို တစ်ချက်ရိုက်သဖြင့် လူငယ်များမှာ လက်ဖဝါးများ နီမြန်းရောင်ရမ်းကာ မခံမရပ်နိုင်အောင် နာကျင်ရလေ့ရှိသည်။
ဤခေတ်ကာလတွင် ကျောင်းသားများကို ပြင်းထန်စွာ အပြစ်ပေးခြင်းက အ တွေ့ရဆုံး စာသင်ခန်း မြင်ကွင်းဖြစ်ပြီး စည်းကမ်းကြီးသော ဆရာကသာ တော်သောတပည့်ကို မွေးထုတ်နိုင်သည်ဟူသော မူဝါဒကိုလည်းလက်ခံကျင့်သုံးကြ၏။
သမားတော်စွန်းကသင်ကြားမှုတွင် အလွန် တာဝန်ယူမှု ရှိကာ ကျောင်းသားများကို သင်ကြားပေးသော ဆေးပညာဗဟုသုတများအားလုံးက လက်တွေ့ကျသော်လည်း ကျောင်းသားများ၏ အချစ်ကိုမူ မရရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော်သမားတော်စွန်းက စည်းကမ်းကြီးလွန်းပြီး သူ၏ သင်ကြားမှု အကြောင်းအရာများကလည်း ပျင်းရိဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အစားထိုးဆရာအဖြစ် တာဝန်ယူထားသော ချင်းချင်းကမူ ထိုလူငယ်များကြားတွင် အလွန် ရေပန်းစားလှ၏။
အမှန်တော့ ဆေးကျောင်းသည် ထိုလူငယ်များကို စာရေးစာဖတ် သင်ကြားပေးရန်နှင့် အခြေခံစာတတ်မြောက်စေရန် ကိုယ်ပိုင်ကျောင်းဆရာ အနည်းငယ်ကို ရှာဖွေခဲ့ဖူးသည်။ သို့သော် ထိုဆရာများအားလုံးက လစာကိစ္စကြောင့် အလုပ်ထွက်သွားကြသဖြင့် သူတို့သည် ချင်းချင်းကိုသာ အစားထိုးဆရာမအဖြစ် ဆက်တိုက် ခေါ်ယူနေရခြင်း ဖြစ်၏။
ချင်းချင်းတွင် သီးခြားသင်ကြားရေး တာဝန်များ မရှိသလိုစနစ်ကျသော သင်ရိုးညွှန်းတမ်းလည်း မရှိချေ။ သူမသည် ထိုကလေးများကို စာလုံးများများ သိစေချင်ရုံသာ ဖြစ်သည်။
သို့သော် ချင်းချင်း၏ ဖော်ရွေပျူငှာမှုနှင့် ရင်းနှီးလွယ်မှုတို့က ထိုလူငယ်များ၏ ထောက်ခံမှုကို ရရှိစေခဲ့၏။
"ပြီးခဲ့တဲ့အကြိမ်က ငါတို့ ဘယ်နားမှာ ရပ်သွားတာလဲ"
ချင်းချင်းက သင်ခန်းစာအတွက် ဘာမှ ပြင်ဆင်မထားဘဲ စိတ်ထဲပေါ်လာတာကိုသာ ပြောလေ့ရှိရာ တစ်ခါတစ်ရံတွင် ပြီးခဲ့သည့် သင်ခန်းစာ၌ ဘာအကြောင်း ပြောခဲ့သည်ကိုပင် မမှတ်မိချေ။
"ပြီးခဲ့တဲ့အကြိမ်က ဆရာမချင်းချင်းက မင်းသား၊ မင်းသမီး၊ လမင်း၊ ကြယ်တာရာ ဆိုတဲ့ စာလုံးတွေကို ရေးတတ်အောင် သင်ပေးခဲ့တာပါ..."
ကျောင်းသားများ၏ သတိပေးမှုကြောင့် ချင်းချင်းကမှတ်မိသွား၏။
"အားလုံးပဲ နေ၊ လ၊ ကြယ် ဆိုတဲ့ စာလုံးတွေကို ရေးတတ်ကြပြီလား"
"တတ်ပါပြီ တတ်ပါပြီ"
"ဒီနေ့တော့ မင်းတို့ကို နောက်ထပ် စာလုံးအနည်းငယ် သင်ပေးမည်"
ချင်းချင်းက မြေဖြူကို ယူကာ ကျောက်သင်ပုန်းပေါ်တွင် မြေကြီး ဆိုသော စာလုံးကို ရေးလိုက်၏။
"ဒီစာလုံးရဲ့ အသံထွက်က တီ ဖြစ်ပြီး နေရာ ဆိုတဲ့ စာလုံးက အသံထွက်နဲ့ တူတယ်" ဟု ချင်းချင်းက ထိုစာလုံး၏ အသံထွက်ကို အလေးအနက် ပြောကြားသည်။
"ကျန်တဲ့ စာလုံးရဲ့ အသံထွက်က ချို ဖြစ်ပြီး အသားလုံး ဆိုတဲ့ အသံထွက် ဒါမှမဟုတ် ကမ္ဘာ ဆိုတဲ့ အသံထွက်နဲ့ တူသည်။ အားလုံး ငါ့နောက်က လိုက်ဆိုကြပါ။ ကမ္ဘာ--လုံး--"
"ကမ္ဘာလုံး"
"ဒီကမ္ဘာလုံးဆိုတာ ငါတို့ ခြေထောက်အောက်က မြေပြင်ကို ပြောတာ ဖြစ်ပါသည်"
"ငါတို့ ခြေထောက်အောက်က မြေပြင်က ပြားချပ်ချပ် စတုရန်းပုံစံ မဟုတ်ဘဲ လုံးဝန်းတဲ့ ပုံသဏ္ဌာန်၊ အလွန် အလွန်ကြီးမားတဲ့ အလုံးကြီးတစ်လုံး ဖြစ်တယ်"
ကမ္ဘာကြီးက အလုံးကြီးတစ်လုံး ဟုတ်လား။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှေးခေတ်ကတည်းက အချို့သော ပညာရှိများက ကမ္ဘာကြီးသည် လုံးဝန်းသည်ဟူသော အမှန်တရားကို သိရှိခဲ့ကြသော်လည်း မြောက်ပိုင်းဆုန်းမင်းဆက် ခေတ်ရောက်မှသာ ထိုအမြင်ကို အဆင့်မြင့်ပညာရှင် အချို့က တရားဝင် အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ သာမန်လူအများစုကမူ မိုးကောင်းကင်က အဝိုင်း၊ မြေကြီးက အပြား ဟူသော ရိုးရာသီအိုရီကိုသာ ဆက်လက် ယုံကြည်နေကြဆဲ ဖြစ်၏။
ချင်းချင်းက ထိုကျောင်းသားများအနေဖြင့် ကမ္ဘာလုံး ဟူသော သဘောတရားကို နားမလည်နိုင်မှန်း သိသဖြင့် ဝူကျိရှန်း သူမကို ပြောပြဖူးသည်များကိုသာ ကိုးကားပြီး ပြောလိုက်သည်။
"ကမ္ဘာကြီးက လုံးဝန်းတယ်ဆိုတာကို သက်သေပြဖို့ တကယ်တော့ လွယ်လွယ်လေးပဲ။ စဉ်းစားကြည့်ပါဦး။ ရွက်လှေတစ်စင်းက ဝေးလံတဲ့ ပင်လယ်ပြင်ကနေ ကုန်းမြေဆီ ပြန်လာတဲ့အခါ မင်းတို့က မြင့်မားတဲ့ ရွက်တိုင်ကို အရင်မြင်ရပြီးမှ လှေကိုယ်ထည်ကို မြင်ရတာ ဖြစ်တယ်..."
သူမ၏ အချက်ကို သက်သေပြရန်အတွက် ချင်းချင်းက ရွက်လှေ ဥပမာကိုပင် ပေးခဲ့၏။
ထိုအရာအားလုံးကို ဝူကျိရှန်းက သူမကို သင်ကြားပေးခဲ့ခြင်း ဖြစ်သော်လည်း သူမက ချက်ချင်း သင်ယူပြီး ချက်ချင်း ပြန်လည် အသုံးချခြင်းဖြစ်သည်။
ချင်းချင်း၏ အားသာချက်မှာ နက်နဲသော သိပ္ပံပညာဗခုသုတများကို အလွန် ရိုးရှင်းပြီး စိတ်ဝင်စားစရာကောင်းသော နည်းလမ်းဖြင့် ရှင်းပြနိုင်ခြင်း ဖြစ်ကာ ယင်းက ထိုလူငယ်များအတွက် နားလည်ရန် ပိုမို လွယ်ကူစေသည်။
သင်ယူမှုကို ပျော်စရာကောင်းအောင် လုပ်ဆောင်ခြင်းက အကောင်းဆုံး သင်ကြားနည်းပင် ဖြစ်၏။
"ငါတို့ ကမ္ဘာလုံးအကြောင်း ပြောပြီးပြီဆိုတော့ သေချာလေး ဆက်ပြောကြတာပေါ့..."
ချင်းချင်းက ကျောက်သင်ပုန်းပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီးနောက် စက်ဝိုင်းအတွင်း၌ အရိပ်အချို့ကို ဖြစ်သလို ဆွဲလိုက်သည်။ "ဒီကြီးမားတဲ့ ကမ္ဘာကြီးမှာ စုစုပေါင်း ကုန်းမြေကြီး ခုနစ်ခု ရှိပြီး အဲဒါက တိုက်ကြီးခုနစ်တိုက် ဖြစ်တယ်။ ပြီးတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီး လေးခု ရှိပြီး အဲဒါက ပင်လယ်လေးခု ဖြစ်ပါတယ်"
ဝူကျိရှန်းက ချင်းချင်းကို တိုက်ကြီးခုနစ်တိုက်နှင့် သမုဒ္ဒရာလေးခု အကြောင်းကို လွန်ခဲ့သည့် အချိန်ကတည်းက ပြောပြခဲ့ဖူးသော်လည်း သူမက အပေါ်ယံမျှသာ သိရှိခြင်း ဖြစ်၏။ သူမသည် ဩစတေးလျတိုက်ကို တောင်ဝင်ရိုးစွန်းနှင့် တိုက်ရိုက် ဆက်စပ်ပေးလိုက်ရာ ယင်းက ကြီးမားသော အမှားတစ်ခု ဖြစ်သွားသည်။
ကျောင်းသားများကမူ ချင်းချင်း၏ ကမ္ဘာ့မြေပုံတွင် ကြီးမားသော အမှားများ ပါဝင်နေသည်ကို မသိကြသော်လည်း သူတို့က ရေတွက်ခြင်းတွင်တော့ တော်ကြ၏။
"နေပါဦး ဆရာမချင်းချင်း။ ဆရာမက တိုက်ကြီးခုနစ်တိုက် ရှိတယ်လို့ အပြတ်ပြောပြီး အခု နှစ်ခု လိုနေတာက ဘာလို့လဲ"
"အဲဒီ တိုက်နှစ်ခုက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ရှိလို့ပါ..." ချင်းချင်းက ကမ္ဘာကြီး၏ အခြားတစ်ဖက်ကို ကိုယ်စားပြုရန် ကျောက်သင်ပုန်းပေါ်တွင် အခြားစက်ဝိုင်းတစ်ခုကို ဆွဲလိုက်ပြီး အရိပ်နှစ်ခုကို ဖြစ်သလို ထပ်မံ ဆွဲလိုက်၏။
"ဒါတွေက အခြား တိုက်နှစ်ခု ဖြစ်သည်။ အဲဒါတွေကို ဘာလို့ ခေါ်လဲတော့ မသိတော့ဘူး။ ထားလိုက်ပါ၊ အဲဒါက အရေးမကြီးပါဘူး။ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ကြီးမားတဲ့ ကုန်းမြေကြီး နှစ်ခု ရှိတယ်ဆိုတာကို မင်းတို့ သိထားရင် ရပါပြီ"
ချင်းချင်းတွင် အနောက်ကမ္ဘာခြမ်းရှိ မြောက်အမေရိကနှင့် တောင်အမေရိကအကြောင်း အခြေခံ နားလည်မှု မရှိချေ။ သူမသည် ကုန်းမြေကို ကိုယ်စားပြုသော အရိပ်နှစ်ခုကိုသာ ဆွဲလိုက်ခြင်း ဖြစ်ပြီး ဆက်စပ်နေသော မြောက်အမေရိကနှင့် တောင်အမေရိကတို့ကို သီးခြား တိုက်နှစ်ခုအဖြစ်ပင် ပုံဖော်ခဲ့၏။
မှားတာမှန်တာသည်သူ့အတွက်လုံးဝ အရေးမပါဘဲ ဤခေတ်ကာလရှိ လူသားများသည် ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင် ယခင်က မရှာဖွေရသေးသော ကမ္ဘာသစ်တစ်ခု ရှိနေကြောင်းကို ပထမဆုံးအကြိမ်အဖြစ် သိရှိသွားခဲ့ကြခြင်း ဖြစ်သည်။
*********
အခန်း ၂၅၈ ကမ္ဘာ့မြေပုံ
"နင်ကတော့ ကျောင်းသားတွေကို လမ်းမှားပို့နေတာပဲ"
ချင်းချင်းက ဆေးကျောင်းသားတွေကို ကမ္ဘာ့ပထဝီဝင်အကြောင်း ဟောပြောပို့ချနေမှန်း သိရကတည်းက ဝူကျိရှန်းက တတွတ်တွတ် ညည်းညူနေခဲ့၏။
"ဩစတေးလျတိုက်က ဘယ်နားမှာရှိမှန်း၊ အာဖရိကတိုက်က ဘယ်လောက်ကြီးမှန်းတောင် နင်မသိဘဲနဲ့ သူများကို ဆရာလုပ်ရဲသေးတယ်။ နင်ကတော့ ကျောင်းသားတွေကို လမ်းမှားပို့နေတာပဲ"
ချင်းချင်း၏ ကမ္ဘာကြီးအပေါ် အပေါ်ယံ နားလည်မှုက ဝူကျိရှန်း ပြောပြခဲ့ဖူးသည်များသာဖြစ်သည်။ သူမ၏ ဗဟုသုတအဆင့်က ကမ္ဘာကြီးက လုံးဝန်းသည်၊ ကမ္ဘာပေါ်တွင် တိုက်ကြီးခုနစ်တိုက်နှင့် သမုဒ္ဒရာလေးခု ရှိသည်ဟူသော အချက်လောက်တွင်သာ ရပ်တန့်နေခဲ့၏။
ချင်းချင်းကိုယ်တိုင်ကပင် အပေါ်ယံမျှသာ သိရှိခြင်း ဖြစ်ရာ သူမ သင်ကြားပေးမည့် ကျောင်းသားများမှာလည်း မည်သို့သော အခြေအနေ ဖြစ်မည်ကို ခန့်မှန်းရလွယ်ကူလှ၏။
ဗဟုသုတတစ်ခုတွင် အရေးကြီးဆုံးအချက်မှာ တိကျခိုင်မာမှု ဖြစ်သည်။
အကယ်၍ ၎င်းက ကွန်ဖြူးရှပ်ကျမ်းစာများ၊ အလယ်အလတ်လမ်းစဉ်ကျမ်း သို့မဟုတ် စနစ်တကျကျင့်ဝတ်ကျမ်းတို့ကဲ့သို့ ရိုးရာကျမ်းစာများ ဖြစ်ပါက နားလည်မှုလွဲမှားခြင်းများ ရှိလျှင်ပင် သိပ်ပြီး ပြဿနာမရှိချေ။ သို့သော် ကမ္ဘာ့ပထဝီဝင်သည် အလွန် တိကျလှသော သဘာဝသိပ္ပံ ဗဟုသုတ ဖြစ်သဖြင့် အတော်လေး တိကျခိုင်မာမှု ရှိရမည်ဖြစ်သည်။
ထို့ကြောင့် ဝူကျိရှန်းသည် ပိုမိုတိကျသော ကမ္ဘာ့မြေပုံတစ်ခုကို ဆွဲသားရန် ရက်အနည်းငယ်မျှ အချိန်ပေးခဲ့ရ၏။
"ဒါက မင်အင်ပါယာပဲ"
ဝူကျိရှန်းက မြေပုံပေါ်ရှိ မင်အင်ပါယာ၏တည်နေရာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မြို့တော်က ဒီနားတစ်ဝိုက်မှာ ရှိရမည်၊ ပြီးတော့ ဒါက ထိုက်ယွမ်ခရိုင်..."
ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကို ချင်းချင်း၏ ရှေ့မှောက်တွင် ရှင်းလင်းစွာ ချပြလိုက်ခြင်း ဖြစ်၏။ ဤကမ္ဘာ့မြေပုံကိုကြည့်လိုက်ရခြင်းက တစ်ကမ္ဘာလုံးကို ရင်ဆိုင်ရသကဲ့သို့ ခံစားရစေသည်။ ချင်းချင်းသည် အလွန် စိတ်လှုပ်ရှားနေပြီး မြေပုံကို တောက်လျှောက် လက်ညှိုးထိုးပြကာ မေးမြန်းနေတော့၏။
"ဒါက ဘယ်နေရာလဲ"
"ဒါက ယိုးဒယား၊ ဒါက ဖိလစ်ပိုင်... ဩော်... လူဇုန်လို့ ခေါ်ရမယ်၊ ဒါက လျူချူးပဲ"
ချင်းချင်းနှင့် သခင်မလေးရွန့်တို့အတွက် ထိုနေရာနာမည်များက စိမ်းဆမနေချေ။ တန်မင်းဆက်နှင့် ဆုန်းမင်းဆက် ကာလကတည်းက ယိုးဒယား၊ လူဇုန်တို့နှင့် အလယ်ပိုင်းဒေသ မင်းဆက်များအကြား ကုန်သွယ်မှုက အလွန် စည်းကားခဲ့ဖူးသည်။ ယနေ့တိုင်အောင် မြို့တော်ရှိ ဂျူပေါင်တံခါးအပြင်ဘက်တွင် ဆင်ဥယျာဉ် ရှိနေဆဲ ဖြစ်ပြီး ထိုဆင်များမှာ ယိုးဒယားဘုရင်က မင်အင်ပါယာသို့ လက်ဆောင်အဖြစ် ဆက်သခဲ့ခြင်း ဖြစ်၏။
လူဇုန်နှင့် ပတ်သက်၍မူ ဖူကျန့်နှင့် ကျဲ့ကျန်းတို့မှ ကုန်သည်များသည် ထိုနေရာသို့ ရွက်လွှင့်ကာ ကုန်သွယ်မှု ပြုလုပ်ကြပြီး တရားရုံးက ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင် အများစုသည် လူဇုန်သို့ ထွက်ပြေးကာ ပင်လယ်ဓားပြ လုပ်ကြပြီး လူသတ်၊ ဓားပြတိုက်ခြင်းများကို ပြုလုပ်လေ့ရှိသည်။
လျူချူးအကြောင်းကတော့ ပို၍ ထင်ရှား၏။ ပြီးခဲ့သည့် နွေဦးရာသီကပင် လျူချူးမှ သံတမန်များသည် ရာဇသံဆက်သရန် ရောက်ရှိလာခဲ့ဖူးသည်။
သခင်မလေးရွန့်က ဥရောပတိုက်နှင့် အာဖရိကတိုက်ကြားရှိ သမုဒ္ဒရာကို စိတ်ဝင်တစား ကြည့်ကာ မေးမြန်းလိုက်၏။
"ဒါက ဘယ်နေရာလဲ"
"အဲဒါက မြေထဲပင်လယ် "
"မြေထဲပင်လယ် ဟုတ်လား"
သခင်မလေးရွန့်က ပြုံးလိုက်သည်။
"ဒီပင်လယ်က ကုန်းမြေနှစ်ခုကြားထဲမှာ ညှပ်နေတာပဲ၊ ကုန်းမြေထဲက ပင်လယ် ဖြစ်နေတာ ထင်ရှားလို့ နာမည်က တကယ်ကို လိုက်ဖက်တာပဲ။ မြေထဲပင်လယ် ဒေသကတော့ စည်ကားပြီး ချမ်းသာတဲ့ နေရာ ဖြစ်လိမ့်မယ် ထင်တယ်"
"မြေထဲပင်လယ် ကမ်းရိုးတန်းက တကယ်ကို စည်ကားပါတယ်။အီတလီက ဒီနားမှာ ရှိတာ ..."
"အီတလီဆိုတာ ဘာလဲ"
ချင်းချင်းက သိချင်စိတ်ဖြင့် ခေါင်းလေးစောင်းကာ မေးလိုက်၏။
"အဲဒါက မာကိုပိုလိုရဲ့ ဇာတိမြေပဲ"
"မာကိုပိုလိုက ဘယ်သူလဲ"
"ဒီလူကို ကျွန်မ သိပါတယ်"
သခင်မလေးရွန့်က ပြုံးလျက် ပြောသည်။
"အဲဒီ မာ ဆိုတဲ့လူက ယွမ်မင်းဆက်တုန်းက ချင်အင်ပါယာကြီးရဲ့ သံတမန်ဟောင်းပဲ။ နှာခေါင်းကြီးကြီး၊ မျက်လုံးအောက်စိုက်နေတဲ့ နိုင်ငံခြားသား ဖြစ်ပေမဲ့ ယွမ်မြို့တော်မှာ အကြာကြီး နေခဲ့လို့ လူမျိုးခြားစကားကို ကျွမ်းကျင်စွာ ပြောနိုင်တယ်"
"ဟုတ်တယ်။ ငါပြောတဲ့ အီတလီဆိုတာက လူတွေ ခေါ်လေ့ရှိကြတဲ့ ချင်အင်ပါယာကို ပြောတာ "
"စာပေမှတ်တမ်းတွေအရ ချင်အင်ပါယာကြီးက အဝေးဆုံး အနောက်ဘက်မှာ ရှိတယ်လို့ ဆိုတယ်၊ ဒါပေမဲ့ ဒီမြေပုံအရဆိုရင် ချင်အင်ပါယာရဲ့ အနောက်ဘက်မှာ ကျယ်ပြောလှတဲ့ နယ်မြေကြီး ရှိနေသေးတာပဲ"
"ချင်အင်ပါယာက တစ်ချိန်က ချမ်းသာပြီး အနောက်ကမ္ဘာရဲ့ အင်အားကြီးနိုင်ငံ ဖြစ်ခဲ့ဖူးပေမဲ့ ပြိုကွဲသွားခဲ့တာ ကြာပါပြီ။ ကျန်ရှိတဲ့ နယ်မြေတွေက ကိုယ့်မင်းကိုယ်ချင်း လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် တည်ထောင်ခဲ့ကြတယ်.."
ဝူကျိရှန်းက ယခင် ရောမအင်ပါယာကို ရည်ညွှန်းပြီး ပြောခြင်း ဖြစ်၏။
သခင်မလေးရွန့်က ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။
"ချင်အင်ပါယာကြီးက ကျွန်မတို့ရဲ့ အရှေ့ပိုင်းကျိုးမင်းဆက်လို ဖြစ်ခဲ့တာ ထင်ပါတယ်။ကျိုးမင်းဆက် ဆုတ်ယုတ်သွားတဲ့အခါ စော်ဘွားတွေ ပေါ်ပေါက်လာပြီး နိုင်ငံအသီးသီးက အာဏာလုခဲ့ကြသလိုမျိုးပေါ့"
"ယေဘုယျအားဖြင့်တော့ ဒီလို သဘောပါပဲ"
ဝူကျိရှန်းသည် သမိုင်းအဓိက အထူးပြုကျောင်းသား မဟုတ်သဖြင့် အနောက်တိုင်း ယဉ်ကျေးမှု၏ အခြေခံဖြစ်သော ရောမအင်ပါယာအကြောင်းကို အပေါ်ယံမျှသာ သိရှိရာ ရိုးရိုးရှင်းရှင်းသာ ရှင်းပြနိုင်တော့၏။
"သခင်လေး... သခင်လေး... ကျွန်မကြည့်ရသလောက်တော့ အာဖရိကတိုက်က တော်တော် ကြီးပုံရသည်။ အဲဒီမှာ အင်အားကြီးတဲ့ မင်းဆက်အချို့ ရှိခဲ့ဖူးမှာ သေချာတယ် ဟုတ်လား"
"အာဖရိကတိုက်က... ရိုင်းစိုင်းပြီးယဉ်ကျေးမှုမရှိသေးတဲ့ မြေရိုင်း နေရာပဲ"
မွန်ဂိုအင်ပါယာ နယ်မြေချဲ့ထွင်မှုကြောင့် အနောက်ဥရောပနှင့် အလယ်ပိုင်းဒေသအကြား ယဉ်ကျေးမှုနှင့် ကုန်သွယ်မှု ဖလှယ်ခြင်းက ပိုမို တိုးတက်လာခဲ့ဖူးသဖြင့် မင်မင်းဆက်ခေတ်ရှိ လူများသည် ဥရောပအကြောင်းကို လုံးဝ မသိရှိကြသည် မဟုတ်ချေ။အာဖရိကအကြောင်းကိုသူတို့ လုံးဝ မသိကြချေ။
"အာဖရိကအကြောင်းကို... ငါလည်း ဘယ်လို ဖော်ပြရမှန်း မသိဘူး"
ဝူကျိရှန်းက ရယ်မောလိုက်၏။
"အာဖရိကက ကျယ်ပြန့်တဲ့ ကုန်းမြေကြီး ဖြစ်ပေမဲ့ မြောက်ဘက်မှာ သဲကန္တာရကြီး ရှိနေလို့ ဥရောပယဉ်ကျေးမှုနဲ့ အဆက်ပြတ်နေတာ။ သဲကန္တာရရဲ့ တောင်ဘက်ပိုင်းကတော့ လုံးဝ မြေရိုင်းပဲ။.. ဩော်... ငါ အခုမှ မှတ်မိတယ်။ မင်းတို့ ကွန်လွန်ကျွန်တွေအကြောင်း သိကြတယ် မဟုတ်လား"
"နည်းနည်းတော့ သိပါတယ်"
စာပေဖတ်ရှုသူ ပီပီ သခင်မလေးရွန့်က ပြောလိုက်၏။
"တန်မင်းဆက် မှတ်တမ်းဟောင်းအရ အနောက်ဘက်က ဒေသကသူတွေက ဆံပင်ကောက်ကောက်၊ ကိုယ်ခန္ဓာမည်းမည်းနဲ့ လူတွေကို ဧကရာဇ်ရွှန်းကျုံးကို ဖျော်ဖြေဖို့ ဆက်သခဲ့ဖူးတယ်လို့ ဆိုသည်။ အဲဒါတွေက ကွန်လွန်ကျွန်တွေပဲ။သူတို့ကို နိုင်ငံခြား သရဲတွေလို့လည်း ခေါ်ကြတယ်"
တန်မင်းဆက် ဧကရာဇ်ရွှန်းကျုံး လက်ထက်ကတည်းက အနောက်တိုင်းကုန်သည်များသည် အသားမည်း အာဖရိကန်များကို ချန်အန်မြို့တော်သို့ ဧကရာဇ်ရွှန်းကျုံးထံ လက်ဆောင်အဖြစ် ယူဆောင်လာခဲ့ဖူးခြင်း ဖြစ်သည်။
"အာဖရိကတိုက်က ကွန်လွန်ကျွန်တွေရဲ့ ဇာတိမြေပဲ"
"အာတိတ်သမုဒ္ဒရာက အလွန် အေးစက်တဲ့ ပင်လယ် ဖြစ်လို့ သင်္ဘောတွေ ဖြတ်သန်းဖို့ ခက်ခဲတယ်။အန္တာတ်ိကတိုက်ကတော့ တစ်နှစ်ပတ်လုံး ရေခဲနဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ အေးစက်တဲ့ ကုန်းမြေ ဖြစ်လို့ လူသူမရှိဘူး"
ဝူကျိရှန်းက ပုံမှန် စကားပြောသကဲ့သို့ပင် အခြေခံကျသော ပထဝီဝင် သဘောတရားများကို သခင်မလေးရွန့်နှင့် ချင်းချင်းတို့ကို ရှင်းပြနေ၏။
"ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ရှိတဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်ကတော့ မြေသြဇာကောင်းတဲ့ ကုန်းမြေတွေ။ အဲဒီကလူတွေက ရှေးဘိုးဘွားတွေလိုပဲ တောမီးရှို့ပြီး စိုက်ပျိုးရေး လုပ်ကြပေမဲ့ ဘယ်သူမှတော့ အဲဒီနေရာကို မရောက်ဖူးကြသေးဘူး"
ကိုလံဘတ်စ် မတိုင်မီက အနောက်ကမ္ဘာခြမ်းရှိ အမေရိကတိုက်သည် မည်သူမျှ မရှာဖွေရသေးသော မြေရိုင်းတစ်ခု ဖြစ်ခဲ့သည်။
"နေပါဦး... သခင်လေးက ဘယ်သူမှ မရောက်ဖူးသေးဘူးလို့ အခုနက ပြောတယ်လေ..."
ချင်းချင်းက ဝူကျိရှန်း၏ စကားထဲမှ ကြီးမားသော ဟာကွက်တစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွား၏။
"အမေရိကတိုက်ကို ဘယ်သူမှ မရောက်ဖူးသေးဘူးဆိုမှတော့ သခင်လေးက အဲဒါကို ဘယ်လို သိနေရတာလဲ"
ထိုအချက်ကို ပြောပြ၍ မရချေ။ ထိုပြဿနာကို ရှင်းလင်းစွာ ရှင်းပြရန်မှာ ခက်ခဲ လှ၏။အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဝူကျိရှန်းသည် ပုံပြင်တစ်ပုဒ်ကိုသာ လုပ်ကြံ ဖန်တီးလိုက်ရတော့သည်။
"အမေရိကတိုက်ကို အမှန်တကယ် ဘယ်သူမှ မရောက်ဖူးသေးဘူး ဆိုပေမဲ့ အမေရိကတိုက်က လူတွေက ငါတို့ဆီကို လာပြီး ရှာဖွေနိုင်တာပဲ"
"အမေရိကတိုက်က လူတွေ ထွက်လာတာ ဟုတ်လား။သူတို့က ဘယ်လို ထွက်လာတာလဲ။ကျယ်ပြောလှတဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီးတော့လား။ အဲဒါက မဖြစ်နိုင်တာ ထင်ရှားနေတာပဲ"
"အမေရိကန် တိုင်းရင်းသားတွေက သမုဒ္ဒရာကို ဖြတ်ကျော်နိုင်တယ်လို့ ငါမပြောပါဘူး"
ဝူကျိရှန်းက ဆက်လက်၍ ပုံပြင်ဆင်ရတော့သည်။ သူသည် ဘဲရင်းရေလက်ကြားကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဒီရေလက်ကြားကို မြင်လား။ ဒီရေလက်ကြားက တကယ်တော့ သိပ်မကျယ်ပါဘူး။ အထူးသဖြင့် ဆောင်းတွင်းမှာ ရေခဲသွားတဲ့အခါ လူတွေက ခဲနေတဲ့ ပင်လယ်ပြင်ကို လမ်းလျှောက်ပြီး ဖြတ်သွားနိုင်တယ်"
"ရှေးဦးပိုင်းတုန်းက အမေရိကန် တိုင်းရင်းသား အချို့က ခဲနေတဲ့ ဘဲရင်းရေလက်ကြားကို ဖြတ်ပြီး ငါတို့တိုက်ဆီကို ရောက်လာခဲ့ကြတာ။ ငါတို့ အဆက်အသွယ် ရသွားတာနဲ့ အမေရိကတိုက်ရဲ့ အခြားတစ်ဖက်က အခြေအနေတွေကို သိနိုင်တာ မဟုတ်ဘူးလား"
ဝူကျိရှန်း၏ ရှင်းပြချက်က အတော်လေး ဆွဲတွေးထားခြင်း ဖြစ်သော်လည်း ခဲနေသော ဘဲရင်းရေလက်ကြားကို ဖြတ်ကျော်ခြင်းက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ခြင်းထက် အများကြီး ပို၍ ရိုးရှင်းလှသဖြင့် ဖြစ်နိုင်ခြေ ရှိကောင်း ရှိနိုင်ပေသည်။