အခန်း ၅၀၁
Vol. 51 Ch. 501
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၅၀၁)
နောက်တစ်နေ့တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်ခံရသူများက ရှန်းယန်မှ ထွက်ခွာသွားကြသည်။ စခန်းကြီးငါးခုမှ စစ်သေနာပတိချုပ်များက ထျန်းရွှမ်ကြေးမုံများကို ခွဲပေးခဲ့ပြီး စစ်သည်တစ်သန်းကျော်ကို ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် သိုင်းပညာကို ရရှိစေခဲ့သည်။ ချင်အင်ပါယာ၏ သိုင်းတာအိုခေတ်သစ်တစ်ခုက စတင်တော့မည်ဖြစ်သည်။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ပြည်နယ်များကို တာဝန်ယူပြီးနောက် အရည်အချင်းရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူးများအဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် ထိုအစီရင်ခံစာများကို ကျောက်ဖုန်းက စစ်ဆေးပြီး သစ္စာရှိမှုနှုန်း ၇၀ အောက်ရှိသူများကို တိုက်ရိုက်ပယ်ချခဲ့သည်။ ကျောက်ဖုန်း၏ အစီအစဉ်များဖြင့် ချင်အင်ပါယာက ကြီးမားသော အသွင်ကူးပြောင်းမှုကို ကြုံတွေ့နေရသည်။
ဝေနယ်မြေ။
မြေအောက်ခန်းတစ်ခုထဲတွင် စုဝေးနေကြသော နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက စိတ်မသက်မသာဖြစ်နေကြသည်။ သူတို့က လွန်ခဲ့သောခြောက်လအတွင်း အလွန်ဒုက္ခရောက်ခဲ့သည်မှာ ထင်ရှားသည်။
" ကဲ အခြေအနေတွေကို ဆွေးနွေးရအောင်။ " ကျန်းလျန်က သက်ပြင်းချပြီး ပြောလိုက်သည်။
" ချင်အင်ပါယာက ရှန်းကျိုးနယ်မြေကို ပြည်နယ်ကိုးခုအဖြစ်ခွဲခြားပြီး သူတို့ရဲ့ ထိန်းချုပ်မှုကို ပိုပြီး တင်းကျပ်လိုက်တယ်။ ပြီးတော့ ကြေးနီ၊ သံတွေနဲ့ ပက်သက်ပြီးတော့လည်း ချင်အင်ပါယာက အရင်ကြေညာခဲ့တဲ့အတိုင်း အကောင်အထည်ဖော်လိုက်ပြီ။ "
" မြို့တိုင်းမှာ ပန်းပဲဆရာအားလုံးက ချင်အစိုးရဆီမှာ စာရင်းသွင်းရတယ်။ ပန်းပဲဆိုင်တွေမှာ လာဝယ်တဲ့သူတွေကိုလည်း မှတ်တမ်းတင်ထားတယ်။ ကြေးနီနဲ့ သံတွေကို ကုန်သွယ်လို့ မရတော့ဘဲ ပန်းပဲဆရာတွေက လိုအပ်တဲ့ ကြေးနီနဲ့ သံတွေကို အစိုးရခွင့်ပြုချက်နဲ့ ဝယ်ယူရတယ်။ " ဝေနိုင်ငံသားတစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။
" ဒါ့အပြင် ကြေးနီနဲ့ သံအားလုံးကို သိမ်းဆည်းပြီး ရှန်းယန်ကို ပို့ဆောင်နေတယ်။ ချင်စစ်တပ်က စောင့်ရှောက်နေတာဆိုတော့ ငါတို့ ကြားဖြတ်လုဖို့ အခွင့်အရေးလုံးဝမရှိဘူး။ " ကျောက်နိုင်ငံသားတစ်ယောက်က ပြောလိုက်သည်။
" အခု ငါတို့အတွက် ချပ်ဝတ်နဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားပြီ။ " ယန်နိုင်ငံသားတစ်ယောက်က ပြောလိုက်သည်။
" ဇီဖန် ဒီညီအကိုတွေပြောသလို ငါတို့ နယ်မြေတွေ အားလုံးက အတူတူပဲ။ ကြေးနီနဲ့ သံတွေအပေါ် ချင်နိုင်ငံရဲ့ ထိန်းချုပ်မှုက အထွတ်အထိပ်ကို ရောက်နေပြီ။ ငါတို့ စစ်တပ်စုစည်းဖို့က မလွယ်တော့ဘူး။ ငါတို့ ဘာလုပ်သင့်လဲ။ " ရှန်းလျန်က ကျန်းလျန်ကို မေးလိုက်သည်။
" အခြေအနေအရ ငါတို့ တိုင်းတစ်ပါးမျိုးနွယ်စုတွေနဲ့ ကြေးနီနဲ့ သံတွေ ကုန်သွယ်တာက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်နိုင်တယ်။ " ကျန်းလျန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
"ငါတို့ ပိုင်ယွဲ့နဲ့ ကုန်သွယ်လို့ရတယ်။ မြောက်ဘက်နယ်စပ်ကတော့ ချင်စစ်တပ်ရဲ့ စောင့်ကြပ်မှုက တင်းကြပ်လို့ ကုန်သွယ်ဖို့ မဖြစ်နိုင်ဘူး။ ချင်အင်ပါယာက အုပ်ချုပ်ရေးကို ပိုပြီးတင်းကျပ်လာပြီ။ အရင်ကငါတို့ကို ထောက်ပံ့ခဲ့တဲ့သူတွေတောင် အခုဆို ထွက်မလာရဲတော့ဘူး။ " ရှန်းလျန်က ပြောလိုက်သည်။
" ငါတို့ ပိုင်ယွဲ့နဲ့ပဲ ကုန်သွယ်နိုင်လိမ့်မယ်။ " ကျန်းလျန်က စိတ်ပျက်စွာ ပြောလိုက်သည်။
" ကျောက်ဖုန်းက အမိန့်အသစ်တွေ ထုတ်ပြန်လိုက်ပြီ။ အားလုံးသိကြမယ်ထင်တယ်။ ချီနိုင်ငံသားတစ်ယောက်က ပြောလိုက်သည်။
" နယ်မြေတစ်ခုလုံးမှာ ကျောင်းတော်တွေ တည်ထောင်ပြီး ပြည်သူတွေကို ပညာသင်ပေးဖို့တဲ့။ ကျောင်းတော်တွေ တည်ထောင်တာ အဲ့လောက်လွယ်တယ်များ ထင်နေလား။ သူ အဲ့လိုသာ ဆက်လုပ်နေရင် ချင်က သေချာပေါက် ကျဆုံးသွားလိမ့်မယ်။ " ဟန်နိုင်ငံသားတစ်ယောက်က ပြောလိုက်သည်။
" ချင်က အခု သူတို့နယ်မြေတွေကို ပိုပြီး ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေတယ်။ သူတို့ရဲ့ မူဝါဒလေးခုက ရှန်းကျိုးရဲ့ ယဉ်ကျေးမှုကို ပေါင်းစည်းဖို့နဲ့ ငါတို့နိုင်ငံအသီးသီးရဲ့အမွေအနှစ်နဲ့ ယဉ်ကျေးမှုတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားတာပဲ။ အဲ့ဒီကျောင်းတော်တွေကလည်း ငါတို့ နိုင်ငံသားတွေကို ချင်အပေါ် သစ္စာရှိဖို့ သင်ပေးမှာ သေချာတယ်။ " ကျန်းလျန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်းက ချင်အင်ပါယာကို အားကောင်းအောင် မူဝါဒများအား အကောင်အထည်ဖော်နေသည်ကို သူတို့ကက တားဆီးနိုင်စွမ်းမရှိဘဲ ရပ်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ သူတို့က အမှောင်ထဲတွင် ပုန်းအောင်းနေသော ကြွက်များနှင့်တူသည်။
" ငါတို့ ဟန်နိုင်ငံမှာသာ ဒီလိုအရည်အချင်းရှိတဲ့ အုပ်ချုပ်သူရှိခဲ့ရင် ဟန်နိုင်ငံကလည်း တိုးတက်လာလိမ့်မယ်။ နောက်ဆုံးတော့ ငါတို့က ရန်သူတွေဖြစ်နေပြီ။ " ကျန်းလျန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
" အခု ငါတို့လုပ်နိုင်တာက ပုန်းအောင်းပြီး စောင့်နေဖို့ပဲ။ " ကျန်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ငါတို့က ဘယ်အချိန်အထိ ပုန်းအောင်းနေရမှာလဲ။ ငါတို့ ချင်အစိုးရရုံးတွေကို ဝင်စီးတာ ပိုကောင်းလိမ့်မယ်။ " ရှန်ယုက ဒေါသတကြီး ပြောလိုက်သည်။
" ချင်က ငါတို့တိုက်ခိုက်တာကို လိုချင်တာ။ အဲ့ဒီကျရင် ငါတို့ကို အမြစ်ပြတ် သုတ်သင်ပစ်လိမ့်မယ်။ " ကျန်းလျန်က ရှန်းယုကို ကြည့်ပြီး ပြောလိုက်သည်။
" ပုန်းနေရင် ငါတို့ နိုင်ငံတွေ ပြန်ထူထောင်ဖို့နဲ့ လက်စားချေဖို့ အခွင့်အရေးက ဘယ်ကရောက်လာမှာလဲ။ ကျောက်ဖုန်းက ရက်စက်တယ်။ သူက ငါတို့ကို သေလမ်းကို တွန်းပို့နေတာ။ " ရှန်းယုက ဒေါသတကြီး ပြောလိုက်သည်။
" ယုအာ တိတ်တိတ်နေစမ်း။ " ရှန်းလျန်က အေးစက်စွာ ပြောလိုက်သည်။
အချိန်များ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်လကြာသွားခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများက တာဝန်ယူပြီး ခရိုင်အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ခဲ့သည်။ ကျောက်ဖုန်းက သူတို့ကို ထျန်းရွှမ်ကြေးမုံနှင့် ဆက်သွယ်နိုင်အောင် လုပ်ပေးခဲ့သည်။
ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံကို ချင်အင်ပါယာ၏ ဆက်သွယ်ရေးကွန်ရက်အဖြစ် အသုံးပြုခဲ့သည်။ ကျောက်ဖုန်းနှင့် ရင်ကျန့်တို့က ထျန်းရွှမ်ကြေးမုံ၏ အမြင့်ဆုံးအာဏာကို ဆုပ်ကိုင်ထားကြသည်။ ရင်ကျန့်က ထျန်းရွှမ်ကြေးမုံကို အသုံးပြုပြီး ပြည်နယ်အုပ်ချုပ်ရေးမှူနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်အမိန့်ပေးနိုင်သည်။ စခန်းငါးခုမှ စစ်သေနာပတိချုပ်များနှင့် စစ်သူကြီးများကို တိုက်ရိုက်ကွပ်ကဲနိုင်သည်။ ရင်ကျန့်က ရှန်းယန်တွင် နေပြီး ကမ္ဘာကြီးကို ထိန်းချုပ်ထားသည်။
သူ၏ အောက်မှ လွီပုဝေက ဝန်ကြီးချုပ်နှစ်ယောက်နှင့် ဝန်ကြီးကိုးယောက်ကို တိုက်ရိုက်ဆက်သွယ်နိုင်သည်။စစ်ဦးစီးချုပ်က စစ်သေနာပတိချုပ်ငါးယောက်နှင့် ပင်မစစ်သူကြီးများကို တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ထိုအာဏာဆက်သွယ်မှုက ပိရမစ်ပုံစံမျိုး ဖြစ်ပေစေသည်။ ရာထူးပိုမြင့်လေ ထျန်းရွှမ်ကြေးမုံက ပေးထားသော အာဏာက ပိုကြီးလေဖြစ်သည်။
ရှန်းယန်မြို့ပြင်တွင် လယ်ကွင်းတစ်ခုကို နန်းတွင်းကိုယ်ရံတော်များက စောင့်ကြပ်နေကြသည်။
" ဧကရာဇ်မင်းမြတ် ဝိညာဉ်စပါးတွေကို ရိပ်သိမ်းပြီးပါပြီ။ တစ်ဧကကို ဝိညာဉ်စပါး ၅၀ ဒေါင် ထွက်ပါတယ်။ သာမန်စပါးထက် အများကြီး ပိုထွက်ပါတယ်။ " ကျန်းကောင်းက စပါးတစ်စည်းကို ကိုင်ပြီး ရင်ကျန့်နှင့် ကျောက်ဖုန်းကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဖုန်းအာ ဒါက မင်းပြောတဲ့ အံ့ဩစရာလား။ " ရင်ကျန့်က စပါးကိုယူပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" တစ်ဧကကို ငါးဆယ်ဒေါင်ထွက်တာ အံ့ဩစရာမဟုတ်ဘူးလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင်တော့ မင်း ဒီစပါးကိုပြရင် ငါ သေချာပေါက် အံ့ဩမိမှာပဲ။ ဒါပေမယ့် အခုတော့ အဲ့လောက်လည်း မဟုတ်ပါဘူး။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" ဟားဟား.... " ကျောက်ဖုန်းကလည်း ရယ်မောလိုက်သည်။
ကျောက်ဖုန်း အိမ်ရှေ့စံမင်းသားဖြစ်လာသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။ ထိုတစ်နှစ်အတွင်း ချင်အင်ပါယာက များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဝိညာဉ်စပါးများသာ ချင်အင်ပါယာအနှံ့ ပျံ့နှံ့သွားလျှင် ငတ်မွတ်ခေါင်းပါးမှုကို ခံစားရတော့မည်မဟုတ်ပေ။
" ဒီဝိညာဉ်စပါးတွေကို ဘယ်တော့ဖြန့်ဝေမှာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဒီဝိညာဉ်စပါးတွေရဲ့ အထွက်နှုန်းက အရမ်းများတယ်။ ရှန်းကျိုးနယ်မြေရဲ့ အပြင်ဘက်ကို ရောက်သွားရင် ချင်အင်ပါယာအတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ဝိညာဉ်စပါးတွေ ချင်အင်ပါယာက ထွက်သွားတာနဲ့ မရှင်နိုင်အောင် လုပ်ထားလိုက်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါက ဖြစ်နိုင်လို့လား။ " ရင်ကျန့်က အံ့အားသင့်စွာ ပြောလိုက်သည်။
" ခမည်းတော် ကံကြမ္မာစွမ်းအားက အရမ်းနက်နဲတယ်။ မူဝါဒတွေကို အကောင်အထည်ဖော်တာ ကံကြမ္မာစွမ်းအားကို စုစည်းဖို့ပဲ။ သိုင်းတာအိုအင်ပါယာကို တည်ဆောက်ပြီး ပြည်သူတွေကို စည်းလုံးအောင်လုပ်တာက ကံကြမ္မာစွမ်းအားကို မြှင့်တင်ဖို့ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းပြောတာကို ငါနားမလည်ပေမယ့် ငါ အမြဲပြောနေကျပဲ။ မင်းလုပ်ချင်တာကို လုပ်ပါ။ ကောင်ကင်ပြိုကျရင်တောင် ခမည်းတော်က မင်းအတွက် ထမ်းထားပေးမယ်။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ခမည်းတော်။ ကောင်းကင်က မပြိုကျပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ရထားလုံးအချို့ ရောက်လာခဲ့သည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား။ " လွီပုဝေက စိတ်လှုပ်ရှားစွာဖြင့် ဆင်းလာပြီး ဟန်ဖေးနှင့် လီစီတို့ကလည်း လိုက်ပါလာကြသည်။
" ကျုံးဖု မြို့တော်ကနေ ထွက်လာရအောင် ဘာအရေးကြီးကိစ္စရှိလို့လဲ။ အရေးကြီးရင် ထျန်းရွှမ်ကြေးမုံက သတင်းပို့လို့ရတာပဲ။ "ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီက သတင်းရောက်လာပါတယ်။ ရှစ်လကြာပြီးတဲ့နောက်မှာ နိုင်ငံတော်မူဝါဒလေးခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ " လွီပုဝေက ဝမ်းသာစွာ ပြောလိုက်သည်။
" တစ်နှစ်အတွင်းမှာ မူဝါဒလေးခုလုံး အကောင်အထည်ဖော်ပြီးသွားပြီလား။ " ရင်ကျန့်က အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုမူဝါဒလေးခုကို အကောင်အထည်ဖော်ရန် အနည်းဆုံးနှစ်နှစ်လောက်ကြာမည်ဟု ထင်ခဲ့ကြသည်။ အကြောင်းမှာ မူဝါဒတစ်ခုစီက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။