အခန်း ၅၀၅
Vol. 51 Ch. 505
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၅၀၅)
" သားတော်တို့ နိုင်ငံခြောက်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့ အကြောင်းရင်းက စစ်သည်တွေအပြင် သာမန်ပြည်သူတွေက အသက်ရှင်ဖို့တောင် ရုန်းကန်နေတာမလို့ သူတို့ကို မထိခိုက်သရွေ့ သူတို့နိုင်ငံပျက်စီးသွားလည်း ဂရုမစိုက်တော့ဘူး။ ဒါကြောင့် နိုင်ငံခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့တာက မြေယာစုစည်းမှုကြောင့်ပဲ။ ချင်က စစ်ရေးစွမ်းဆောင်မှုစနစ်ကြောင့် စွမ်းဆောင်မှုတွေအရ ပြည်သူတွေကို စိုက်ပျိုးဖို့ မြေယာတွေ ပေးနိုင်ခဲ့တယ်။ ပြောရရင် သမိုင်းတစ်လျှောက်မှာ မွေးရာပါ သူပုန်နဲ့ သစ္စာဖောက်ဆိုတာ မရှိပါဘူး။ အသက်ရှင်ဖို့ ရုန်းကန်နေရလို့ ဖြစ်သွားကြတာပဲ။ ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
" မင်းပြောတာမှန်တယ်။ မြေယာစုစည်းမှုက အဓိကပြဿနာပဲ။ " ရင်ကျန့်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။
" မြေယာတွေကို ပေးအပ်ပြီးရင် သေချာစစ်ဆေးခိုင်းရမယ်။ မြေယာတွေကို မစိုက်ပျိုးရင် ဒါမှမဟုတ် ရောင်းချတာမျိုးရှိရင် ပြန်သိမ်းယူပြီး ထောင်ချပစ်ရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဟားဟား မင်းသဘောအတိုင်းလုပ်ပါ။ ဒီကိစ္စပြီးရင် နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေက ပိုဒေါသထွက်မှာ မြင်ယောင်သေးတယ်။ သူတို့က သူတို့နိုင်ငံ ပြန်ထူထောင်ဖို့နဲ့ လက်စားချေဖို့ကို စိတ်ကူးယဉ်နေတုန်းပဲ။ ဒါပေမယ့် နိုင်ငံတော်မူဝါဒတွေကို အကောင်အထည်ဖော်ပြီးတဲ့နောက် သူတို့ပြည်သူတွေက အရင်နိုင်ငံတွေကို သတိမရတော့တာကြာပြီ။ ဒီတစ်ခါ အခွန်တွေကို လျှော့ချပြီး မြေယာတွေ ပေးအပ်မယ်။ ပြည်သူတွေက ချင်ကို သစ္စာခံလာမှာ သေချာတယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုမူဝါဒက အထက်တန်းလွှာများအတွက် ကပ်ဘေးတစ်ခုဖြစ်သော်လည်း သာမန်ပြည်သူများအတွက် ကောင်းချီးတစ်ခုဖြစ်သည်။ ကျောက်ဖုန်း၏ မူဝါဒများကို အကောင်အထည်ဖော်ပြီးနောက် နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက မျှော်လင့်ချက်မရှိတော့ပေ။ ချင်နယ်မြေက လုံးဝ စည်းလုံးသွားပေလိမ့်မည်။ ထိုအချိန်မှသာ ကျောက်ဖုန်းက သိုင်းတာအိုအင်ပါယာကို တည်ထောင်ပြီး ကံကြမ္မာစွမ်းအားကို စုစည်းနိုင်မည်ဖြစ်သည်။
" ဖုန်းအာ အဲ့ဒီအထက်တန်းလွှာတွေက အလွယ်တကူ လက်ခံလိမ့်မယ်လို့ထင်လား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဉာဏ်ကောင်းတဲ့သူတွေက လက်ခံလိမ့်မယ်။ ဉာဏ်နည်းတဲ့သူတွေကတော့ လူစုပြီး ပြဿနာရှာဖို့ ကြိုးစားကြလိမ့်မယ်။ ဒီအမိန့်ကို ကြေညာလိုက်ရင် ချင်စစ်တပ်က လှုပ်ရှားဖို့တောင် မလိုလောက်ဘူး။ ပြည်သူတွေက သူတို့ဘာသာသူတို့ ဖြေရှင်းကြလိမ့်မယ်။ နောက်ဆုံးမှာ ဒါက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဝန်ကြီးချုပ်စံအိမ်။
လွီပုဝေက ထျန်းရွှမ်ကြေးမုံကို အသုံးပြုပြီး ပြည်နယ်ကိုးခု၏ အုပ်ချုပ်ရေးမှူးများကို ဆက်သွယ်ပြီး ကျောက်ဖုန်း၏ အမိန့်ကို ထုတ်ပြန်လိုက်သည်။
" ဝန်ကြီးချုပ် ကြေညာစာရွက်တွေကို ရေးဆွဲပြီးပါပြီ။ " အရာရှိတစ်ယောက်က လွီပုဝေကို ပြောလိုက်သည်။
" အမိန့်တော်ကို မြန်မြန်ကြေညာလိုက်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကျေးဇူးကို နယ်မြေတစ်ခုလုံး သိစေရမယ်။ " လွီပုဝေက အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " အရာရှိက ချက်ချင်း ထွက်ခွာသွားသည်။
" အိမ်ရှေ့စံမင်းသားက တကယ်အရည်အချင်းရှိတဲ့ ဆက်ခံသူပဲ။ သူ့ရဲ့ မူဝါဒတွေအားလုံးသာ အကောင်အထည်ဖော်ပြီးရင် ချင်နယ်မြေတစ်ခုလုံးက စည်းလုံးသွားလိမ့်မယ်။ " လွီပုဝေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှန်းယန်တွင်သာမက ပြည်နယ်ကိုးခုလုံးတွင် ကျောက်ဖုန်း၏ မူဝါဒနှစ်ခုကို ကြေညာခဲ့သည်။ ထိုမူဝါဒများကို ကြားလိုက်ရသောအခါ ပြည်သူအားလုံးက တုန်လှုပ်သွားခဲ့ရသည်။ မရေတွက်နိုင်သော ပြည်သူများက ဝမ်းသာကြပြီး ယခင်နိုင်ငံနှင့်အစိုးရကိုလည်း ကျိန်ဆဲခဲ့ကြသည်။ ယခုအချိန်တွင် ချင်အင်ပါယာက ယခင်နိုင်ငံအသီးသီးမှ ပြည်သူများ၏ စိတ်နှလုံးကို သိမ်းပိုက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အထက်တန်းလွှာများက စိုးရိမ်ပူပန်လာကြပြီး နည်းလမ်းများစွာကို ရှာဖွေနေကြသည်။
ထိုအချိန်တွင် စခန်းကြီးလေးခုကလည်း လှုပ်ရှားလာကြသည်။ မြောက်ဘက်နယ်စပ်စခန်းက မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်သည်။ ထို့ကြောင့် စခန်းလေးခုက ပြည်နယ်ကိုးခုကို စောင့်ကြပ်ရန် ဖြန့်ကျက်ခဲ့သည်။ တပ်စခန်းများ၏ တည်နေရာများကို ကျောက်ဖုန်းနှင့် ဝမ်ကျန့်တို့က ဆွေးနွေးပြီး နေရာချခဲ့သည်။
" အားလုံးပဲ။ ချင်ရဲ့ လုပ်ရပ်ကို ဘယ်လိုမြင်ကြလဲ။ အထက်တန်းလွှာတွေရဲ့ မြေယာတွေကို သိမ်းယူပြီး ပြည်သူတွေကို ခွဲဝေပေးတယ်။ " ရှန်းလျန်က ပြောလိုက်သည်။
" ဒါက တကယ်ဆိုးတာပဲ။ " ကျန်းလျန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ဇီဖန် ဒါက ကောင်းတာမဟုတ်ဘူးလား။ ချင်အင်ပါယာက အထက်တန်းလွှာတွေကို ပစ်မှတ်ထားပြီး မြေယာတွေကို သိမ်းလိုက်တာပဲ။ သူတို့က လက်ခံမှာမဟုတ်ဘူး။ ချင်ကို အစွမ်းကုန် ဆန့်ကျင်မှာ သေချာတယ်။ အရင်တုန်းက သူတို့ကို အကူအညီတောင်းတုန်းက သူတို့က ဘေးဖယ်နေကြတယ်။ အခုတော့ သူတို့ စည်းစိမ်းဥစ္စာတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရတော့မယ်။ ဒါက ကောင်းတဲ့အရာမှာမဟုတ်ဘူးလား။ " ရှန်းလျန်က အံ့ဩစွာ ပြောလိုက်သည်။
" ချင်အင်ပါယာက မူဝါဒတွေကို အစီအစဉ်အတိုင်း အကောင်အထည်ဖော်နေတာ မင်းမသိဘူးလား။ အရင်ဆုံး စာပေတွေကို ဖျက်သိမ်းတယ်။ တူညီတဲ့ စည်းမျဉ်းတစ်ခု သတ်မှတ်တယ်။ ပြီးတော့ ကြေးနီနဲ့ သံတွေကို သိမ်းလိုက်တယ်။ ချင်က ကမ္ဘာတစ်ဝန်းမှာ တပ်စွဲထားတဲ့ စစ်သည်သန်းချီရှိတယ်။ ဖြစ်နိုင်တာ ရင်ကျန့်နဲ့ ကျောက်ဖုန်းတို့က အထက်တန်းလွှာတွေ ပုန်ကန်ဖို့တောင် မျှော်လင့်နေလောက်တယ်။ သူတို့ပုန်ကန်မှ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို သိမ်းဆည်းပြီး နိုင်ငံတော်ဘဏ္ဍာတိုက်ကို ဖြည့်တင်းနိုင်လိမ့်မယ်။ " ကျန်းလျန်က ခါးသီးစွာ ပြောလိုက်သည်။
" ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ " ရှန်းလျန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" လက်ရှိ ငါတို့မှာ လမ်းနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ဆက်ပုန်းနေပြီး အသက်ရှင်ဖို့ ကြိုးစားတာပဲ။ ဒုတိယတစ်ခုက ချင်ကို ခုခံတဲ့ အထက်တန်းလွှာတွေနဲ့ ပူးပေါင်းပြီး ချင်ကို ပုန်ကန်တာပဲ။ ဒါပေမယ့် နောက်ဆုံးကလဒ်က ပျက်စီးခြင်းပဲ ဖြစ်နိုင်တယ်။ " ကျန်းလျန်က ပြန်ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ လူအားလုံးက အတွေးနက်သွားကြသည်။ ကျန်းလျန်၏ စကားများက သူတို့ကို ဝေခွဲမရဖြစ်စေခဲ့သည်။
" ကျောက်ဖုန်း ဘယ်လိုလူမျိုးလဲ။ မူဝါဒတွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်ပြီး ကမ္ဘာကို ထိန်းချုပ်နေတယ်။ ဒီကိစ္စပြီးရင် နိုင်ငံအသီးသီးက သူတို့ရဲ့ အရင်နိုင်ငံတွေကို သတိရတော့မှာမဟုတ်ဘူး။ ငါတို့မှာလည်း အခွင့်အရေးမရှိတော့ဘူး။ " ကျန်းလျန်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ သူက ထိုအခြေအနေကို မြင်နိုင်သော်လည်း ဘာမှမတတ်နိုင်ပေ။
ချင်အင်ပါယာနှင့် အလွန်ဝေးကွာသော နေရာတစ်ခုတွင် ကျွန်းတစ်ခုရှိနေသည်။ ထိုကျွန်းက မြူများအုံ့စိုင်းနေပြီး မည်သည့်အရာကိုမှ မမြင်ရအောင် မှောင်မိုက်နေသည်။ မြူများကြားထဲတွင် အင်မော်တယ်နယ်မြေတစ်ခုကဲ့သို့ ကျွန်းကြီးတစ်ခု ရှိနေသည်။ သို့သော် ထိုကျွန်းပေါ်တွင်တော့ အရာအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေသည်။ အနက်ရောင်တိမ်တိုက်များက ဖုံးလွှမ်းနေပြီး သွေးနံ့များနှင့် အလောင်းများ၏ အပုပ်နံ့က ကျွန်းတစ်ခုလုံး ဖုံးလွှမ်းနေသည်။ ထိုနေရာက ငရဲခန်းတစ်ခုနှင့်တူပြီး အပြင်မှ မြင်တွေ့ခဲ့ရသော အင်မော်တယ်ကျွန်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
ကျွန်း၏ အနက်ရှိုင်းဆုံးနေရာတွင် နန်းတော်ကြီးတစ်ခု ရှိနေသည်။ သာမန်လူများဆိုလျှင် အလောင်းများနှင့် သွေးနံ့များကို မြင်နိုင်မည်မဟုတ်ပေ။ သူတို့က အင်မော်တယ်စွမ်းအား ဝန်းရံနေသော အင်မော်တယ်ကျွန်းဟုသာ မြင်ရပေလိမ့်မည်။
" ကျွန်တော်မျိုး အင်မော်တယ်တမန်တော်ကို ဂါရဝပြုပါတယ်။ " နန်းတော်ထဲတွင် အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေသူကို ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
ထိုင်ခုံပေါ်တွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကိုင်ဆောင်ထားသော လူတစ်ယောက်က အောက်မှလူကို ကြည့်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ဖိအားများ ထွက်ပေါ်နေသည်။
" မင်း ဒီတစ်ခေါက်ခေါ်လာတဲ့ လူတွေက မလုံလောက်ဘူး။ အများကြီးလိုသေးတယ်။ ငါ ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေ ပိုလိုချင်တယ်။ " အင်မော်တယ်တမန်တော်က အေးစက်စွာ ပြောလိုက်သည်။
" အင်မော်တယ်တမန်တော် ကျွန်တော်မျိုး လူတွေပိုခေါ်လာဖို့ အမိန့်ပေးလိုက်ပါမယ်။ " သက်လတ်ပိုင်းလူက ထိတ်လန့်တကြား ပြောလိုက်သည်။
" ဝေါလူမျိုး စိတ်ဝိညာဉ်စွမ်းအားမရှိတော့ အရသာမရှိဘူး။ ငါက ရှန်းကျိုးက လူသားတွေကို ပိုလိုချင်တယ်။ " အင်မော်တယ်တမန်တော်က မျက်မှောင်ကြုတ်သွားပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သက်လတ်ပိုင်းလူကို လေပေါ်သို့ မြှောက်တင်လိုက်သည်။
" အင်မော်တယ်တမန်တော် ကျွန် ကျွန်တော်မျိုး ရှန်းကျိုးကို ထပ်သွားလိုက်ပါမယ်။ " သက်လတ်ပိုင်းလူက ရုန်းကန်ရင်း ပြောလိုက်သည်။
ဝုန်း...
အင်မော်တယ်တမန်တော်က သူ၏ စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်လတ်ပိုင်းလူက ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
" အင်မော်တယ်တမန်တော် ကျွန်တော်မျိုး နားမလည်တာတစ်ခုရှိပါတယ်။ " သက်လတ်ပိုင်းလူက ကြောက်ရွံ့စွာ ပြောလိုက်သည်။
" ပြော " အင်မော်တယ်တမန်တော်က ပြောလိုက်သည်။
" အင်မော်တယ်တမန်တော်ရဲ့ စွမ်းအားနဲ့ဆို ရှန်းကျိုးကို ဝင်လို့ရတာပဲ။ အဲ့ဒီအခါ လူသားတွေကို ပိုယူလို့ရတာပေါ့။ ဘာလို့မဝင်တာလဲ။ " သက်လတ်ပိုင်းလူက သတိထားပြီး မေးလိုက်သည်။
" ရှန်းကျိုးနယ်မြေက အခုပေါင်းစည်းသွားပြီ။ ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကလည်း သန်မာသွားပြီ။ ငါ ဝင်သွားရင် ကံကြမ္မာစွမ်းအားရဲ့ တန်ပြန်မှုကို ခံရလိမ့်မယ်။ ကောင်းကင်နဲ့မြေကြီးအောက်မှာ ရှန်းကျိုးက အင်မော်တယ်တွေအတွက် တားမြစ်နယ်မြေပဲ။ " အင်မော်တယ်တမန်တော်က လိုချင်တပ်မက်မှုများဖြင့် ပြောလိုက်သည်။
" ဒါ ဒါဆို ကျွန်တော်မျိုးက ရှန်းကျိုးကို ဘာလို့ဝင်လို့ရတာလဲ။ ကျွန်တော်မျိုးလည်း ကျင့်ကြံနေတာပဲ။ " သက်လတ်ပိုင်းလူက နားမလည်နိုင်စွာ ပြောလိုက်သည်။
" မင်းက ရှန်းကျိုးမှာ မွေးဖွားလာတဲ့သူဖြစ်တဲ့အတွက် မင်းက ကျင့်ကြံနေရင်တောင် ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက မင်းကို ငြင်းပယ်မှာမဟုတ်ဘူး။ " အင်မော်တယ်တမန်တော်က ပြန်ဖြေလိုက်သည်။
ထိုစကားများကို ကြားသောအခါ သက်လတ်ပိုင်းလူ၏ မျက်လုံးများက တောက်ပသွားပြီး စိတ်ထဲမှ ဝမ်းသာသွားသည်။