အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း (၂၅၀)
ပျက်စီးခြင်း
ကျုံးဟိန်းသည် သူ၏စစ်သူကြီးအချို့၏ ထူပေးမှုဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်လျက် ဒဏ်ရာများကို ကုသရန်အတွက် ဗဟိုစစ်တပ်မတော်ကြီးဆီသို့ ဆုတ်ခွာသွားခဲ့တော့သည်။ သူသည် ကျန်းလျောင်နှင့် တိုက်ခိုက်နေခဲ့စဉ်အတွင်း၌ပင် ရှေ့တန်းတပ်ဦးနှင့် ဗဟိုစစ်တပ်ကြီးတို့သည် တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြဆဲ ဖြစ်သည်။ နောက်တန်းစစ်တပ်၏ အင်အားချည်းနဲ့မှုနှင့်မတူဘဲ အနောက်ဒေသစစ်တပ်ကြီးသည် ယွဲ့ပြည်နယ်စစ်တပ်၏ ခြေလျင်တပ်များကို ရင်ဆိုင်ရာတွင် အရေးနိမ့်ခြင်းမရှိဘဲ နှစ်ဦးနှစ်ဖက်လုံး ပြင်းထန်စွာ လုံးထွေးသတ်ပုတ်နေကြသည်။
မြို့ရိုးထက်ရှိ ဝမ်ကျင့်သည် အောက်ခြေတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော သူ၏လက်အောက်ခံများကို တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် ကြည့်ရှုနေပြီး အောင်ပွဲမှာ သူ၏လက်ခုပ်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည့်အလားပင်။ သူ၏နောက်ကွယ်ရှိ အတူလိုက်ပါလာသော အရာရှိများထဲမှ ထော့ရှန်းနှင့် မေလီဇေတို့နှစ်ဦးစလုံးမှာမူ ရှုပ်ထွေးလှသော မျက်နှာထားများ ရှိနေကြသည်။
ဤအခိုက်အတန့်တွင် သူတို့သည် ကြီးမားလှသော ကွာဟချက်ကြီးကို ခံစားလိုက်ရသည်။ သူတို့သည် မူလက ဝမ်ကျင်းနှင့် ယွဲ့ပြည်နယ်စစ်တပ်သာလျှင် အားကောင်းသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ကျုံးဟိန်းဦးဆောင်သော အနောက်ဒေသစစ်တပ်ကြီးကို မြင်တွေ့ရပြီးနောက်တွင်မူ မဟာကျင်းအင်ပါယာသည်လည်း အလွန်တရာ အစွမ်းထက်လှကြောင်းကို သဘောပေါက်သွားခဲ့ကြတော့သည်။
အကယ်၍ ယခင်က အနောက်ဒေသစစ်တပ်ကြီးသာ လော့နန်နိုင်ငံကို တိုက်ခိုက်ခဲ့လျှင်လည်း ခုခံရန် ထပ်တူထပ်မျှ ခက်ခဲလိမ့်မည်ဟု ပြောရခြင်းမှာ အနည်းငယ်မျှ လွန်ကဲခြင်းမရှိချေ။ ထို့ပြင် မဟာကျင်းအင်ပါယာအတွင်း၌ ဤကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော စစ်တပ်ကြီးမှာ တစ်ခုတည်းသာ ရှိသည်မဟုတ်ပေ။ အမှန်စင်စစ် အလယ်ပိုင်းလွင်ပြင်ကြီး၏ မဟာနိုင်ငံတော်ကြီးသည် မဟာနိုင်ငံတော်ကြီးပီသပေရာ နက်ရှိုင်းလှသော အခြေခံအုတ်မြစ်များကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။
သူတို့နှစ်ဦးနှင့်မတူဘဲ ယွဲ့ပြည်နယ်ဇာတိဖြစ်ကြသည့် ချန်ကန်းအပါအဝင် အဆင့်မြင့်အရာရှိအများအပြားမှာမူ ဤအခိုက်အတန့်တွင် နောင်တရိပ်များ လွှမ်းမိုးနေကြသည်။ သူတို့အားလုံးသည် မဟာကျင်းအင်ပါယာ၏ ထိပ်တန်းတိုက်ခိုက်ရေးအင်အားစုများဖြစ်ကြပြီး ကျင်းလူမျိုးများပင် ဖြစ်ကြသော်လည်း ယခုအခါ ဤနေရာ၌ အပြန်အလှန် သတ်ဖြတ်နေကြရသည်။ မည်မျှ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလိုက်သနည်း၊ မည်မျှ နှမြောတသဖွယ် ကောင်းလိုက်သနည်း။ ထိုအရာများအားလုံးသည် အသုံးမကျသော ဧကရာဇ်မင်းမြတ်၏ အပြစ်များဖြစ်သလို တော်ဝင်နန်းတွင်းမှ အမတ်များရဲ့ လှည့်ကွက်တွက်ချက်မှုများကြောင့်လည်း ဖြစ်သည်။
စစ်မြေပြင်၏ ဗဟိုချက်တွင်မူ လီထျန်းရှင်းသည် သူ၏စုတ်ပြဲနေသော သံချပ်ကာကို ဆွဲခွာပစ်လိုက်ပြီး ထွက်ကျသွားသော ဦးထုပ်ကြောင့် ဖရိုဖရဲဖြစ်နေသည့် ဆံပင်များကို သပ်တင်လျက် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးဖြင့် ပတ်ပတ်လည်ကို ဝှေ့ကြည့်လိုက်သည်။ သူ၏ဘေးတွင် ဖန့်ရိသည် သူ၏လှံရှည်ကြီးကို လက်နှစ်ဖက်ဖြင့် ထောက်ကာ မှီရပ်နေပြီး သူ၏ဒဏ်ရာများမှ စီးကျလာသော သွေးများသည် သူ၏ခြေဖျားအောက်တွင် သွေးအိုင်ငယ်တစ်ခုအသွင် စုဝေးနေခဲ့သည်။
သူ၏မျက်ဝန်းများသည်လည်း အာရုံစူးစိုက်မှု ကင်းမဲ့လျက် ဝေးကွာလှသော ဖုန်းခရိုင်မြို့ရိုးကြီးကို ငေးမောကြည့်ရှုနေမိသည်။ ဤအရာသည် မည်မျှပင် သိုင်းပညာထူးချွန်သည်ဖြစ်ပါစေ၊ စစ်တပ်ကြီးတစ်ခု၏ ဝိုင်းရံပိတ်ဆို့မှုအတွင်းသို့ ကျရောက်သွားပါက အသက်ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်း ရလဒ်ကို မရေမရာ ဖြစ်စေနိုင်ကြောင်း သက်သေပြနေခဲ့သည်။
"ငါ စစ်တပ်ရဲ့ အလံတော်ကို မြင်နေရပြီ။ နည်းနည်းလောက် ထပ်တောင့်ခံထားစမ်း။ မင်း ဒီနေရာမှာ အသေမခံလိုက်နဲ့ဦး။"
လီထျန်းရှင်း၏ အော်ဟစ်သံသည် မိန်းမောနေသော ဖန့်ရိကို နိုးကြားသွားစေခဲ့သည်။ ပြင်းထန်လှသော အသက်ရှင်သန်လိုစိတ်သည် သူ၏ရင်တွင်း၌ ထပ်မံရုန်းကြွလာခဲ့ပြီး သူ၏လှံရှည်ကြီးကို ပိုမိုမြဲမြံစွာ ဆုပ်ကိုင်လိုက်စေခဲ့သည်။
"ဟုတ်တယ်... ငါ ဒီနေရာမှာ သေလို့မဖြစ်ဘူး... မသေနိုင်သေးဘူး။ ငါ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။"
အသိဉာဏ်ကင်းမဲ့စွာဖြင့် သွေးဆာနေကြသော သူပုန်သုံ့ပန်းများသည် အနောက်ဒေသစစ်တပ်၏ ကြားဖြတ်ခွဲထုတ်ခြင်းကို ခံလိုက်ရပြီး တစ်စုချင်းစီ အကုန်အစင် ချေမှုန်းသတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။ သူတို့နှစ်ဦးမှာမူ လူတစ်စုကို ဦးဆောင်ကာ အောင်မြင်စွာ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီး ယွဲ့ပြည်နယ်စစ်တပ်၏ စစ်ဗျူဟာဆီသို့ စစ်ကြောင်းဖောက်ထွက်နိုင်ခဲ့သဖြင့် ကံကောင်းခဲ့ကြသော်လည်း သူတို့ပတ်ပတ်လည်တွင် စုဝေးခဲ့ကြသော သူပုန်သုံ့ပန်းများမှာမူ အကုန်နီးပါး သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။ လီထျန်းရှင်း၏ အကာကွယ်အရှိန်အဝါမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီး ဖန့်ရိသည်လည်း အင်အားကုန်ခမ်းကာ လမ်းဆုံးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုအခါ သူတို့သည် အသက်ရှင်သန်ခွင့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီဖြစ်ရာ လွယ်လွယ်နှင့် လက်လျှော့အရှုံးပေးရန် လုံးဝအလိုမရှိကြချေ။ ဖန့်ရိသည် သူ၏လှံရှည်ကြီးကို မြှောက်ကိုင်လျက် လီထျန်းရှင်း၏ အနီးသို့ တိုးကပ်သွားခဲ့သည်။ ထို့နောက် လီထျန်းရှင်းသည်လည်း သူ၏လက်နက်ကို မြှောက်ကိုင်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးကျန်ရှိနေသော အကာကွယ်အရှိန်အဝါ အစအနကို ညှစ်ထုတ်လျက် ဟိန်းဟောက်လိုက်လေသည်။
"ငါ့နောက်ကို လိုက်ခဲ့ကြ။ သတ်ကြစို့။"
ဖန့်ရိနှင့် ကျန်ရှိနေသော သုံ့ပန်းများသည်လည်း အက်ကွဲလှသော အသံများဖြင့် အော်ဟစ်လျက် လီထျန်းရှင်း၏ နောက်ကွယ်မှ ထက်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။ မျှော်လင့်ချက်မဲ့သော စစ်မြေပြင်အတွင်း ပိတ်မိနေသည့်တိုင်အောင် အသက်ရှင်သန်လိုသော စိတ်ဆန္ဒသည် သွေးဆာခြင်းစွမ်းရည် သက်ရောက်မှု လျော့ပါးသွားပြီးနောက် ဖြစ်ပေါ်လာသော အားအင်ချည်းနဲ့မှုကို ကျော်လွှားကာ သူတို့၏ နောက်ဆုံးခွန်အားကို ထုတ်ဖော်ရန် တွန်းအားပေးနေခဲ့သည်။
အခြားသော ပိတ်မိကျန်ရစ်ခဲ့သည့် ရဲဘော်ရဲဘက်များနှင့် ပတ်သက်၍မူ ဤလူများသည် အကုန်အစင် မေ့လျော့ထားခဲ့ကြလေပြီ။ သူတို့ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာမူ သူတို့၏ ကံကြမ္မာအပေါ်၌သာ တည်မှီပေတော့မည်။
လီထျန်းရှင်းသည် ထက်မြက်လှသော မြှားတစ်စင်အလား ယွဲ့ပြည်နယ်စစ်တပ်၏ စစ်တံခွန် လွင့်ပျံနေသည့် အရပ်မျက်နှာဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ကန်းချီအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ အသက်စွန့်ကာ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်မှုကြောင့် သူ့ကို ပိတ်ဆို့ရန် ဝံ့ရဲကြသော အနောက်ဒေသစစ်သည်တော်များသည် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားခဲ့ရပြီး စစ်မြေပြင်တွင် ဖရိုဖရဲ ယောက်ယက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် ရှေ့တန်း၌ တိုက်ခိုက်နေသော ယွဲ့ပြည်နယ်စစ်တပ်၏ ဒုတိယစစ်သူကြီးတစ်ဦးသည် ဤအခွင့်အရေးကို လျင်မြန်စွာ ရိပ်မိလိုက်ပြီး သူ၏ကိုယ်ရံတော်များကို ချက်ချင်း စုစည်းလျက် လီထျန်းရှင်း စစ်ကြောင်းဖောက်ထွက်လာသည့် အရပ်မျက်နှာဆီသို့ ဦးဆောင်ကာ တဟုန်ထိုး ဝင်ရောက်ကူညီတော့သည်။ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုအောက်တွင် ဤနေရာရှိ အနောက်ဒေသစစ်သည်တော်များသည် ခဏချင်းပင် ပြိုကွဲပျက်စီးသွားခဲ့ရတော့သည်။
လီထျန်းရှင်းနှင့် သူ၏လူစုသည် ဒဏ်ရာဗရပွဖြစ်နေသော ခန္ဓာကိုယ်များကို ဆွဲလျက် ထိုဒုတိယစစ်သူကြီးနှင့် ဆုံတွေ့ခွင့် ရရှိသွားခဲ့ကြသည်။ လီထျန်းရှင်းသည် အသက်ကို လုရှူလျက် ကြီးမားလှသော ဘေးအန္တရာယ်မှ ကပ်သီးကပ်သတ် လွတ်မြောက်လာသည့် အသက်ရှင်သန်ခြင်း အရသာကို ခံစားနေခဲ့သည်။ သူ၏ အကာကွယ်အရှိန်အဝါနှင့် ခန္ဓာကိုယ်အင်အားများ ကုန်ခမ်းသွားခဲ့ပြီဖြစ်ရာ အကယ်၍သာ နောက်ထပ် အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကြာမြင့်သွားခဲ့လျှင် သူသည် စစ်မြေပြင်တွင် သွေးမြေကျ သေဆုံးသွားလောက်ပေသည်။
ဖန့်ရိမှာမူ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့တော့သည်။ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရရှိထားသဖြင့် အကယ်၍ သူ၏ ကောင်းမွန်လှသော ခန္ဓာကိုယ်အခြေခံနှင့် စိမ့်ထွက်နေဆဲဖြစ်သော အတွင်းအားသာ ရှိမနေခဲ့လျှင် သူသည် စစ်ကြောင်းဖောက်ထွက်စဉ် လမ်းခုလတ်မှာပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သေမင်းတွင်းဝမှ လွတ်မြောက်လာကြသော အခြားသူပုန်သုံ့ပန်းများမှာလည်း အလားတူပင် သတိလစ်မေ့မြောခြင်း သို့မဟုတ် ခြေကုန်လက်ပန်းကျကာ လဲကျကုန်ကြတော့သည်။
သူတို့ကို ဆီးကြိုခဲ့သော ဒုတိယစစ်သူကြီးသည် သူတို့ကို နောက်တန်းသို့ ပို့ဆောင်ရန် ချက်ချင်းပင် စီစဉ်ပေးလိုက်တော့သည်။ သူသည် သွေးဆာခြင်းဟူသော စွမ်းရည်အကြောင်းကို မသိရှိသော်လည်း ဤလူများသည် အမှန်တကယ်ပင် ရဲစွမ်းသတ္တိရှိကြကြောင်း ခခံစားလိုက်ရသည်။ ၎င်းတို့သည် အသိဉာဏ်ကင်းမဲ့လျက်၊ စည်းစနစ်မရှိဘဲ ဖရိုဖရဲဖြစ်နေကာ လွယ်ကူစွာ ဝိုင်းရံချေမှုန်းခြင်း ခံခဲ့ရသည်ဟု ဆိုနိုင်သော်လည်း သူတို့၏ မဆုတ်မနစ်သော စရိုက်လက္ခဏာနှင့် အသက်စွန့်ကာ တိုက်ခိုက်လိုသော ပြတ်သားမှုတို့ကမူ သူ့အား အလွန်တရာ လေးစားမိစေခဲ့သည်။
စစ်တပ်အတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူပီသစွာ သူသည် အမြဲတစေ ယုံကြည်ထားသည်မှာ အားနည်းသော ခန္ဓာကိုယ်ကို လေ့ကျင့်ပေး၍ရသည်၊ ညံ့ဖျင်းသော သိုင်းပညာကို မြှင့်တင်ပေး၍ရသည်၊ စစ်ဗျူဟာစစ်ကြောင်းများနှင့် ရင်းနှီးမှုမရှိခြင်းကိုလည်း သင်ကြားပေး၍ရသော်လည်း ရဲရင့်သော နှလုံးသားတစ်ခုကိုမူ ပျိုးထောင်ရန် အလွန်တရာ ခက်ခဲလှကြောင်း ဖြစ်ပေသည်။
လီထျန်းရှင်းနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူသည် သူ၏လက်အောက်ခံများကို အနောက်ဒေသစစ်တပ်နှင့် ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းခဲ့သည်။ လီထျန်းရှင်းနှင့် သူ၏လူစု၏ အသက်စွန့်ထိုးစစ်ကြောင့် ပျက်ပြားသွားသော အနောက်ဒေသစစ်တပ်၏ စစ်ဗျူဟာကြီး ပြန်လည်မပြင်ဆင်နိုင်သေးသည့် အခွင့်အရေးကို ဆုပ်ကိုင်ကာ သူသည် တိုက်ပွဲ၏ အောင်မြင်မှုရလဒ်များကို လျင်မြန်စွာ တိုးချဲ့လိုက်တော့သည်။
တိုက်ပွဲကြာမြင့်လာသည်နှင့်အမျှ ရှေ့တန်းစစ်မျက်နှာ၌ ယွဲ့ပြည်နယ်စစ်တပ်နှင့် ပြင်းထန်စွာ ယှဉ်ပြိုင်နေရသော အနောက်ဒေသစစ်တပ်၏ ရှေ့တန်းတပ်ဦးသည် တရွေ့ရွေ့နှင့် စတင်၍ မကြံ့ကြံ့ခံနိုင်တော့ဘဲ အရေးနိမ့်လာခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် သူပုန်သုံ့ပန်းများကို ချေမှုန်းနေစဉ်အတွင်း အထိအခိုက် အကျအဆုံး အလွန်များပြားခဲ့သည့်အပြင် ပို၍အရေးကြီးသည်မှာ ခန္ဓာကိုယ်အင်အား အမြောက်အမြား ကုန်ခမ်းသွားခဲ့ရသော ဗဟိုစစ်တပ်ကြီးသည်လည်း ထိရောက်သော စစ်ကူများကို ပံ့ပိုးပေးနိုင်ခြင်း မရှိခဲ့ချေ။
နောက်တန်းစစ်တပ်ကြီးမှာမူ ကျုံးဟိန်း၏ တင်းကြပ်လှသော အမိန့်အောက်တွင် နေရာ၌ပင် ငြိမ်သက်စွာ ရပ်တန့်နေခဲ့ရပြီး မည်သို့မျှ လှုပ်ရှားဝံ့ခြင်း မရှိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူ့အား ပြင်းထန်လှသော စစ်အာဏာကို ပြသခဲ့သည့် ကျန်းလျောင်သည် သူ၏ သံချပ်ကာမြင်းတပ်ကြီးနှင့်အတူ အနောက်ဘက်၌ ခြိမ်းခြောက်လျက် ပုန်းအောင်း စောင့်ဆိုင်းနေဆဲ ဖြစ်သောကြောင့်ပင်။
အကယ်၍ နောက်တန်းစစ်တပ်သာ အရပ်မျက်နှာ ပြောင်းလဲလိုက်ပါက ကျန်းလျောင်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ တဟုန်ထိုး စီးနင်းတိုက်ခိုက်လာပေလိမ့်မည်။ ထိုအခါ လေးလံသော သံချပ်ကာမြင်းတပ်ကို ခုခံရန် ရုန်းကန်နေရသော နောက်တန်းစစ်တပ်ကြီးသည် အလုံးစုံ ပြိုကွဲပျက်စီးသွားပြီး အကြီးအကျယ် ဆုတ်ခွာထွက်ပြေးရသည့် အခြေအနေသို့ ဆိုက်ရောက်သွားပေလိမ့်မည်။
ရှေ့တန်းမှ စတင်ပျက်စီးယိုင်နဲ့လာနေပြီဖြစ်သော တပ်ဦးကို ကြည့်ရင်း ကျုံးဟိန်းသည် သွေးများ စိမ့်ထွက်နေဆဲဖြစ်သော သူ၏ဒဏ်ရာကို ဖိကပ်ထားကာ နှုတ်ခမ်းထက်တွင် ခါးသီးလှသော အရသာနှင့်အတူ မျက်နှာပျက်နေခဲ့တော့သည်။
သုံးထောင်ထက်မကသော သံမဏိသံချပ်ကာမြင်းတပ်သားများသည် သူ၏ အင်အားတစ်သောင်းကျော်ရှိသော နောက်တန်းစစ်တပ်ကြီးကို နေရာ၌ပင် အသေသတ် ပိတ်ဆို့ထားနိုင်ခဲ့သဖြင့် သူတို့ကို မဆင်မခြင် လှုပ်ရှားခွင့် မပေးတော့ဘဲ ရှေ့တန်းတပ်ဦးကို ကယ်တင်နိုင်ခြင်း မရှိအောင် ပြုလုပ်ထားခဲ့လေပြီ။
"စစ်သေနာပတိကြီး။ ကျေးဇူးပြုပြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးပါ။ အကယ်၍ ဒီထက်မက ထပ်မံနှောင့်နှေးနေမယ်ဆိုရင် ကျွန်တော်တို့..."
ကျုံးဟိန်း၏အနီးရှိ ဒုတိယစစ်သူကြီးတစ်ဦးသည် ဤအခိုက်အတန့်တွင် မပြောဘဲမနေနိုင်တော့ဘဲ ထွက်ဆိုလိုက်သည်။ သူသည် စကားကို အဆုံးမသတ်ခဲ့သော်လည်း ကျုံးဟိန်းသည် သူဘာပြောချင်သည်ကို ကောင်းစွာ သိရှိပေသည်။ ယခုအချိန်သည် တုံ့ဆိုင်းနေရမည့် အချိန်မဟုတ်ကြောင်းကို သူ ရှင်းလင်းစွာ သဘောပေါက်ထားသည်။
"အမိန့်ပေးလိုက်စမ်း။ ဆုတ်ခွာဖို့အတွက် စည်တော်တီးစေပြီး စစ်စခန်းကို အခိုင်အမာ ကာကွယ်ထားကြ။။။"
"အမိန့်အတိုင်းပါ။"
ဤစစ်မိန့်ကို ထုတ်ပြန်ပြီးနောက် ကျုံးဟိန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး အမြဲတစေ မတ်မတ်ရပ်တည်ခဲ့သော သူ၏ကျောရိုးကြီးသည်ပင် အနည်းငယ် ကုန်းကွသွားခဲ့ရတော့သည်။ သူသည် ယခုအခါ စစ်ရေးအရ အသာစီးရမှု နယ်မြေအဝန်းအဝိုင်းကို စွန့်လွှတ်လိုက်ရရုံသာ ရှိတော့ပြီး စစ်စခန်းအတွင်းသို့ ဆုတ်ခွာကာ ကျုံးယန်၏ စစ်ကူများကို စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။
ကျုံးဟိန်းအနေဖြင့် ကျုံးယန်နှင့် အင်အားခွဲထုတ်ခဲ့သည့် ဆုံးဖြတ်ချက်မှာမူ မှားယွင်းခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့ အင်အားခွဲထုတ်ခြင်း မပြုခဲ့လျှင်ပင် လျောင်မြစ်ဘက်မှ ယွဲ့ပြည်နယ်စစ်တပ်နှင့် ဖုန်းခရိုင်ဘက်မှ ယွဲ့ပြည်နယ်စစ်တပ်တို့ ပြန်လည်ဆုံတွေ့သွားချိန်၌ အခြေအနေမှာ ယခုကဲ့သို့ပင် ဖြစ်ပျက်လာမည် ဖြစ်သောကြောင့်ပင်။ အရာအားလုံးမှာ စစ်အင်အား မလုံလောက်မှုကြောင့်သာ မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး စစ်မဟာဗျူဟာ အမှားအယွင်းကြောင့် မဟုတ်ချေ။
အကယ်၍သာ ကျုံးယန်သည် စစ်ကူများနှင့်အတူ ပြန်လည်ရောက်ရှိလာနိုင်ခဲ့လျှင် စစ်မြေပြင်အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ ကျုံးဟိန်းသည် မျှော်လင့်ချက်အလင်းတန်း အစအနလေးကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လျောင်မြစ်ဘက်ရှိ ယွဲ့ပြည်နယ်စစ်တပ်သည် ယခု သူရင်ဆိုင်နေရသော စစ်တပ်ကဲ့သို့ အစွမ်းမထက်ပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ ကျုံးယန်သာ ထပ်မံ၍ အရေးနိမ့်သွားခဲ့ပါက သူတို့သည် ဤနေရာ၌သာ ပိတ်မိနေတော့မည်ဖြစ်ပြီး အသက်ရှင်လျက်နှင့် သေမင်းကို ဖြည်းညှင်းစွာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့မည် ဖြစ်သည်။ သူတို့၏ ရိက္ခာများ ကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် သူတစ်ပါး၏ စီရင်သတ်ဖြတ်ခြင်းကိုသာ ခံယူရပေတော့မည်။
ဤအခိုက်အတန့်တွင် ကျုံးဟိန်း၏ မာနတရားများနှင့် ယုံကြည်ချက်များသည် ဝမ်ကျင်း၏ အကြွင်းမဲ့ အစွမ်းသတ္တိအောက်တွင် အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားခဲ့ရတော့သည်။