← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂)

ကျင်းရှန်း (၄)

ကျောက်ကျန့် နှင့် ကျောက်ဖန်တို့ ရှေ့ဆက်နောက်ဆက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် သတင်းဆိုးသည် ပြင်းထန်သော မုန်တိုင်းတစ်ခုပမာ ပျံ့နှံ့သွားခဲ့တော့သည်

ချွေမျိုးနွယ်စုသည် ကျန်းပေမင်းသားစံအိမ်တော် တိုက်ခိုက်ခံရပြီး ကျောက်ဖန် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ တစ်ကိုယ်လုံး ဆွံ့အမှင်တက်သွားကြပြီး၊ အထူးသဖြင့် ချွေယူ၏ မျက်နှာမှာမူ ဒေါသအမျက်ချောင်းချောင်းထွက်ကာ စိမ်းဖတ်သွားခဲ့ရလေသည်။

အကယ်၍ သူသာ နက်နဲသော ကိုယ်ခံပညာကျင့်စဉ်နှင့် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ခဲ့ပါက၊ ယခုအခါတွင် မတ်တတ်ပင် ရပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

ချွေမျိုးနွယ်စုအနေဖြင့် ကျောက်ကျန့်နှင့် သူ၏နောက်လိုက်များကို အဓမ္မသတ်ဖြတ်ရန်အတွက် အတိုင်းအတာတစ်ခုအထိ တန်ဖိုးပေးဆပ်ခဲ့ရသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့ စွမ်းဆောင်နိုင်ခဲ့ပေသည်။

သို့သော် ယခုအခါ ဝမ်ကျင်းက သူ၏ခေါင်းပေါ်သို့ နောက်ထပ် ကြီးမားသော ပြဿနာထုပ်ကြီးတစ်ခုကို ပစ်ချလိုက်ပြန်ရာ၊ ၎င်းတို့ တကယ်ပင် ဆက်လက်မခံနိုင်တော့ပေ။

လူသတ်ခြင်းနှင့် မိသားစုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ခြင်းသည် လွန်ကဲသော လုပ်ရပ်များ ဖြစ်ကြသော်လည်း၊ မည်သို့လျှင် တူညီနိုင်ပါမည်နည်း။

ဝမ်ကျင်း၏အစား အပြစ်တင်ခြင်းကို ခံယူရမည်ဖြစ်သောကြောင့်၊ ချွေမျိုးနွယ်စုသည် ကျောက်ကျန့်ကို သတ်ဖြတ်ရန် လှုပ်ရှားစဉ်က သဲလွန်စအချို့ကို တမင်တကာ ချန်ထားခဲ့ကြသည်။

မကြာမီအချိန်အတွင်း မဟာကျင်းနိုင်ငံတော်၏ ထိပ်သီးအရာရှိကြီးများအားလုံးသည် ကျောက်ကျန့်၏ သေဆုံးမှုမှာ ချွေမျိုးနွယ်စုနှင့် ခွဲခြားမရအောင် ပတ်သက်နေကြောင်း သိရှိသွားကြပေလိမ့်မည်။

ထိုကဲ့သို့သော အချိန်၌ပင် ကျန်းပေမင်းသားစံအိမ်တော်ပါ အမှန်တကယ် တိုက်ခိုက်ခံလိုက်ရခြင်းမှာကား မီးလောင်ရာလေပင့် ဖြစ်သွားခဲ့ရသည်။ ဤအခြင်းအရာသည် ဂျိုင်းကြားထဲ ရွှံ့ပေသွားသကဲ့သို့ မည်သို့မျှ ဆေးကြော၍ စင်ကြယ်နိုင်တော့မည် မဟုတ်ချေ။

ချွေမျိုးနွယ်စုအနေဖြင့် မိမိတို့ ကျန်းပေမင်းသားစံအိမ်တော်ကို မတိုက်ခိုက်ခဲ့ပါကြောင်း ရှင်းပြလိုလျှင်ပင်၊ ယခုကဲ့သို့သော အခြေအနေမျိုး၌ မည်သူက ယုံကြည်ပါတော့မည်နည်း။ အကြောင်းမူကား အမှန်တရားသည် မျက်ဝါးထင်ထင် ရှိနေပြီး၊ လူအများစုသည် မိမိတို့ မျက်စိဖြင့် မြင်တွေ့ရသည်ကိုသာ ပိုမိုယုံကြည်လိုကြသောကြောင့် ဖြစ်ပေသည်။

ယခုအခါတွင်မူ ချွေမျိုးနွယ်စုသည် မည်သို့မျှ အပြစ်မှ ကင်းစင်အောင် မရှင်းလင်းနိုင်တော့ဘဲ၊ မိမိတို့၏ ခါးသီးလှသော ခံစားချက်ကို မျိုသိပ်ကာ အသံတိတ်သာ ခံစားနေကြရတော့သည်။

"ဝမ်ကျင်း... မင်းလို သူငယ်နှပ်စားက ငါ့ကို ဒီလောက်အထိ အကျပ်ကိုင်ဝံ့တယ်ပေါ့... တော်တော်လွန်လွန်းတယ်... အလွန်အမင်း လွန်လွန်းလှတယ်"

ဤအခိုက်အတန့်တွင် မြင့်မားသော ရာထူးအာဏာထက်၌ နှစ်ပေါင်းများစွာ တည်ငြိမ်အေးဆေးစွာ ကျင့်ကြံနေထိုင်ခဲ့သော ချွေယူပင်လျှင် သူ၏ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ ဒေါသအမျက် အကြီးအကျယ် ပေါက်ကွဲသွားခဲ့ရလေသည်။

ချွေယူသည် မိမိတို့ ချွေမျိုးနွယ်စု ရင်ဆိုင်ရတော့မည့် အခြေအနေကို ကြိုတင်မြင်ယောင်နေမိတော့သည်။ ထိုအရာမှာ မဟာကျင်းနိုင်ငံတော်အပေါ် သစ္စာစောင့်သိသူများ၏ ရူးသွပ်စွာ တိုက်ခိုက်မှုများနှင့် တော်ဝင်မျိုးနွယ်စု၏ ပစ်မှတ်ထား နှိပ်ကွပ်ခြင်းတို့ပင် ဖြစ်ပေသည်။ သူကိုယ်တိုင်ပင်လျှင် ယနေ့ညဉ့်အခါ၌ အသက်ရှင်ကျန်ရစ်နိုင်ပါ့မလားဟူသည်မှာ မသေချာတော့ချေ။

မကြာသေးမီနှစ်များအတွင်း မဟာကျင်းနိုင်ငံတော်၌ တော်ဝင်အာဏာ စိုးမိုးမှု ကျဆင်းလာခဲ့သော်လည်း၊ တော်ဝင်မျိုးနွယ်စု၏ အင်အားအဆီအနှစ်မှာမူ လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ခြင်း မရှိသေးပေ။

ကျောက်ကျန့်နှင့် ကျောက်ဖန်တို့၏ ဆက်တိုက် သတ်ဖြတ်ခံရမှုသည် တော်ဝင်ကျောက်မျိုးနွယ်စုဝင်များအားလုံးကို ချွေမျိုးနွယ်စုအား ဆန့်ကျင်ရန်အတွက် စည်းလုံးညီညွတ်သွားစေရန် လုံလောက်လှပေသည်။

ချွေယူ ခန့်မှန်းခဲ့သည့်အတိုင်းပင်၊ ယခုအခါ တော်ဝင်ညီလာခံ အတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်ပွားလျက် ရှိသည်။ ကျောက်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီး ဖြစ်သော ကျောက်ရှီသည် မြို့တော်အတွင်းရှိ မျိုးနွယ်စုဝင်အားလုံးကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။

အသက် ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သော ထိုအဖိုးအိုသည် ဒေါသအမျက်ချောင်းချောင်းထွက်မှုကြောင့် ခေါင်းမူးဝေကာ မိမိကိုယ်ကိုယ် မနည်းထိန်းထားရရှာပြီး၊ မျိုးဆက်သစ်လူငယ်အချို့က ဖေးမပြု၍ ဘေးမှ တွဲပေးထားရကာ အသက်ရှူမှန်အောင် ပြုလုပ်နေရရှာသည်။

သူ အသက်ရှူ အနည်းငယ် ပြန်လည်မှန်ကန်လာပြီးနောက်၊ ပထမဆုံး မြွက်ဟလိုက်သော စကားမှာ "ချွေယူကို သတ်ပစ်ကြ" ဟူ၍ ဖြစ်ပေသည်။

ပုံမှန်အားဖြင့် အတွင်းချင်းချင်း အာဏာလုရန်သာ ကျွမ်းကျင်ကြသော တော်ဝင်မျိုးနွယ်စုဝင်များသည် ယခုအခါတွင်မူ ထူးဆန်းစွာပင် တစ်စိတ်တစ်ဝမ်းတည်း တညီတညွတ်တည်း ဖြစ်နေကြပြီး မည်သူမျှ ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။

အတိတ်ကာလက ချွေမျိုးနွယ်စုနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော အင်အားစုများပင်လျှင် ယခုအခါ နှုတ်ဆိတ်နေကြတော့သည်။ အကြောင်းမူကား ချွေမျိုးနွယ်စု၏ လုပ်ရပ်များသည် သာမန် နိုင်ငံရေးအာဏာလုပွဲမျှ မဟုတ်တော့ဘဲ၊ မဟာကျင်းနိုင်ငံတော်၏ အခြေခံအုတ်မြစ်ကြီးကို လှုပ်ခါစေခဲ့ပြီး တော်ဝင်ကျောက်မျိုးနွယ်စုကြီးကို ဗြောင်ကျကျ စိန်ခေါ်စော်ကားလိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်ပေသည်။

အကယ်၍ ၎င်းတို့ကို ပြစ်ဒဏ်မခတ်ဘဲ တော်ဝင်အရှိန်အဝါကို မပြသနိုင်ခဲ့ပါက၊ ဤလောက၌ မည်သူက ကျောက်မျိုးနွယ်စုကို ရိုသေပါတော့မည်နည်း။

ကျောက်ကျန့်သည် ၎င်းတို့အားလုံး၏ လေးစားကြည်ညိုခြင်းကို မခံရသည်မှာ မှန်သော်လည်း၊ သူသည် ကျောက်မျိုးနွယ်စုဝင်တစ်ဦး ဖြစ်ပေသည် ဘွဲ့ထူးဂုဏ်ထူးကို ဆက်ခံပြီးကတည်းက သူ၏လုပ်ရပ်များသည် အချို့သောသူများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သော်လည်း၊ သူသည် ဧကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိကာ မိမိ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ကျောက်မျိုးနွယ်စုအတွက် အလုပ်အကျွေးပြုခဲ့သူ ဖြစ်ပေသည်။

ကျောက်ကျန့် ကွယ်လွန်သွားခြင်းသည် တော်ဝငကျောက််မျိုးနွယ်စုအတွက် ကြီးမားလှသော ကပ်ဘေးကြီး ဖြစ်ပြီး၊ သူ သေဆုံးသွားခြင်းမှာ မဟာကျင်းနိုင်ငံတော်တော်ကြီး၏ အဓိကမဏ္ဍိုင်ကြီးတစ်ခု ကျိုးပျက်သွားရခြင်းပင် ဖြစ်တော့သည်။

တော်ဝင်မျိုးနွယ်စုဝင်များကို ပိုမိုဒေါသထွက်စေသည့်အချက်မှာ ချွေမျိုးနွယ်စုသည် ကျောက်ကျန့်ကို လုပ်ကြံရုံမျှဖြင့် မတင်းတိမ်ဘဲ ကျန်းပေမင်းသားစံအိမ်တော်ကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။

၎င်းတို့ ဘာလုပ်ရန် ကြံရွယ်နေကြသနည်း။ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ချင်နေကြသည်လား။ ၎င်းတို့၏ ကျောက်မျိုးနွယ်စုဝင်များ အားလုံး အသက်ပျောက်မသွားသေးပေ။

"ဘိုးဘိုးကြီး... ကျွန်တော်က လူအင်အားကို ဦးဆောင်ပြီး ချွေယူရဲ့ ခွေးခေါင်းကို ဖြတ်ယူဖို့ အဆင်သင့်ပါပဲ"

"သူ့ရဲ့ ချွေမျိုးနွယ်စုမှာ ကန်းချီအဆင့် ထိပ်သီးပညာရှင်တွေ ရှိနေရုံနဲ့တင်လား... ငါတို့ ကျောက်မျိုးနွယ်စုမှာကော မရှိဘဲ နေပါ့မလား"

ထိုသို့ ပြောဆိုလိုက်သူမှာ အသက် လေးဆယ်၊ ငါးဆယ်ခန့်ရှိပြီး ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် စူးရှထက်မြက်လှသော မျက်ဝန်းအစုံမှ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖြာထွက်နေသူ ဖြစ်ပေသည်။

သူ၏ တင်းတင်းဆုပ်ထားသော လက်သီးအစုံထက်၌ ပူပြင်းလှသော အကာအကွယ်အရှိန်အဝါများ ဖုံးလွှမ်းလျက် ရှိနေသည်။ ထိုသူ၏အမည်မှာ ကျောက်ဖုန်းဖြစ်ပြီး၊ သွေးသားတော်စပ်မှုအရ သူသည် ကျန်းပေမင်းသားစံအိမ်တော်၏ မျိုးနွယ်စုခွဲနှင့် လွန်စွာ နီးစပ်လှပေသည်။

ငယ်စဉ်အခါက သူသည် ကိုယ်ခံပညာရပ်များကို လေ့ကျင့်ရခြင်းနှင့် သိုင်းလောကအတွင်း လှည့်လည်သွားလာရခြင်းကို လွန်စွာ ဝါသနာထုံခဲ့သူ ဖြစ်သည်။ သူ၏ ထူးခြားလှသော ပါရမီရည်စွမ်းချက်နှင့် တော်ဝင်မျိုးနွယ်စု၏ ပံ့ပိုးကူညီမှုကြောင့်၊ သူသည် အတွင်းအားစုစည်း၍ ကန်းချီအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေသည်။

ယခုအခါတွင်မူ သူ၏နှလုံးသားအတွင်း၌ ဝမ်းမြောက်ခြင်းနှင့် ဒေါသအမျက်ထွက်ခြင်းဟူသော ခံစားချက်နှစ်ရပ် ရောပြွမ်းလျက် ရှိနေတော့သည်။

ဒေါသထွက်ရခြင်းမှာ ချွေမျိုးနွယ်စု၏ ရဲတင်းလှသော လုပ်ရပ်များသည် အခြားသော ကျောက်မျိုးနွယ်စုဝင်များအားလုံးကို အနည်းငယ်မျှ အလေးမထားဘဲ စော်ကားလိုက်ခြင်းကြောင့် ဖြစ်ပေသည်။

ဝမ်းမြောက်ရခြင်းမှာကား ကျောက်ကျန့်နှင့် သူ၏ညီဖြစ်သူတို့ တဆက်တည်း လုပ်ကြံခံလိုက်ရသဖြင့်၊ ကျန်းပေမင်းသားစံအိမ်တော်ကြီးကို ဆက်လက်မတ်တတ်ရပ်စေရန် မစွမ်းဆောင်နိုင်တော့သော မိခင်မုဆိုးမနှင့် မိဘမဲ့ကလေးငယ်များသာ ကျန်ရစ်ခဲ့ရခြင်းကြောင့် ဖြစ်ပေသည်။

အကယ်၍ သူသာ ကျောက်ကျန့်နှင့် သူ၏ညီအတွက် ကလဲ့စားချေပေးနိုင်ခဲ့ပါက၊ နီးစပ်လှသော သွေးသားတော်စပ်မှု အခွင့်အရေးကို အသုံးချ၍... ကျန်းပေမင်းသား ဟူသော မင်းသားဘွဲ့ထူးကို ၎င်းအနေဖြင့် ဆက်ခံခွင့်ရရှိနိုင်ပေလိမ့်မည်...။

ထိုဘွဲ့ထူးမှာ မည်သူမဆို လောဘဇော တက်မက်ရမည့် အရာ ဖြစ်ပေသည် မဟုတ်ပါလား။

ကျောက်ရှီ၏ အိုမင်းရင့်ရော်ကာ မှုန်ဝါးနေသော မျက်ဝန်းအစုံသည် ကျောက်ဖန့်ထံသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။

"ကျောက်ဖန့်၊ ကျောက်ယူ၊ ကျောက်ချင်၊ ကျောက်ယီ... မင်းတို့ လေးယောက်က ငါတို့ ကျောက်မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ကိုယ်ခံပညာရှင်တွေပဲ"

"မင်းတို့ လေးယောက်က အဖွဲ့ကို ဦးဆောင်ပြီး၊ မျိုးနွယ်စုထဲက အတော်ဆုံး တိုက်ခိုက်ရေးသမားတွေကို ရွေးချယ်ကာ ချွေယူရဲ့ ဦးခေါင်းကို ငါ့ထံ ဖြတ်ယူခဲ့ကြစမ်း... ကျောက်ကျန့်နဲ့ ကျောက်ဖန်တို့ ကို ဝိညာဉ်ကန်တော့တဲ့အနေနဲ့ပေါ့"

"မှတ်ထားကြ... နိုင်သလောက် များများသတ်ပစ်ကြစမ်း ချွေမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ရင်တောင်မှ၊ ၎င်းတို့ကို နောင်တရသွားအောင် မှတ်လောက်သားလောက် ဖြစ်အောင် လုပ်ပြရမယ်"

"ဤလောကကမ္ဘာကြီးဟာ... အခုထိ ကျောက်မျိုးနွယ်စုရဲ့ ပိုင်နက်သာ ဖြစ်သေးတယ်"

ကျောက်ရှီ အမည်နာမ ခေါ်ဆိုလိုက်သော လူလေးယောက်သည် လူအုပ်ကြီးထဲမှ ရှေ့သို့ တညီတညွတ်တည်း လှမ်းထွက်လာခဲ့ကြတော့သည်။

"အမိန့်တော်အတိုင်းပါ"

ဤလူလေးယောက်စလုံးမှာ အတွင်းအားစုစည်း၍ ကန်းချီအဆင့်သို့ ရောက်ရှိထားကြသော ထိပ်သီးပညာရှင်များ ဖြစ်ကြပေသည်။ ကျောက်မျိုးနွယ်စုသည် မဟာကျင်းနိုင်ငံတော်ကြီးကို နှစ်ပေါင်းရာချီ၍ စိုးမိုးအုပ်ချုပ်ခဲ့ပြီး၊ ထိပ်တန်း ကိုယ်ခံပညာလျှို့ဝှက်ကျမ်းစာများနှင့် များပြားလှသော ကျင့်စဉ်ရတနာများကို ပိုင်ဆိုင်ထားသော်လည်း၊ မျိုးနွယ်စုအတွင်း၌ ဤအဆင့်သို့ ရောက်ရှိသူမှာ ၎င်းတို့ လေးယောက်မျှသာ ရှိပေသည်။

ပထမအချက်အနေဖြင့် အတွင်းအားစုစည်း၍ ကန်းချီအဆင့်သို့ တက်လှမ်းရန်မှာ လွန်စွာ ခက်ခဲလှပေသည်။ ဒုတိယအချက်အနေဖြင့်မူကား သိုင်းနတ်ဘုရား လက်ထက်အတွင်း၌ ထိုက်မင်းသား ပုန်ကန်မှု ဖြစ်ပွားခဲ့ပြီး၊ ရာဇပလ္လင် အပြောင်းအလဲဖြစ်ကာ အတွင်းချင်းချင်း အာဏာလုပွဲများကြောင့် ထိပ်သီးပညာရှင်မြောက်မြားစွာ သေဆုံးခဲ့ရသောကြောင့် ဖြစ်ပေသည်။

တော်ဝင်နန်းတော်အတွင်းရှိ အထူးထိပ်သီးပညာရှင်များကိုမူကား ကျောက်ရှီသည် တော်ဝင်ညီလာခံ၏ အမတ်ချုပ်တစ်ဦး ဖြစ်သော်လည်း စေခိုင်းပိုင်ခွင့် မရှိပေ၊ ဧကရာဇ်မင်းမြတ် တစ်ဦးတည်းသာလျှင် အမိန့်ပေးစေခိုင်းပိုင်ခွင့် ရှိပေသည်။

ထိုကဲ့သို့သော အချိန်၌ တော်ဝင်နန်းတော်အတွင်း၌လည်း အထူးသဖြင့် ဧကရာဇ်ငယ်နှင့် သူ၏ မယ်တော်တို့အတွက် သောကလှိုင်းလုံးများ ဆူညံလှုပ်ခတ်လျက် ရှိနေတော့သည်။ ၎င်းတို့၏ ရာဇပလ္လင်တည်ငြိမ်မှုမှာ ကျောက်ကျန့်၏ ခိုင်မာလှသော ပံ့ပိုးကူညီမှုအပေါ်လုံးဝ မှီခိုနေရခြင်းဖြစ်ရာ၊ ယခုအခါတွင်မူ ကျောက်ကျန့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဧကရာဇ်ငယ်မှာ ကလေးငယ်တစ်ဦးမျှသာ ရှိသေးသော်လည်း၊ သူ၏မယ်တော်ဖြစ်သူကမူ ကျောက်ကျန့်မရှိတော့ပါက ရာဇပလ္လင်ကို ထိန်းသိမ်းရန်ထက် ဧကရာဇ်ငယ်၏ အသက်အန္တရာယ်ကိုပင် ကာကွယ်နိုင်ပါ့မလားဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ကောင်းစွာ နားလည်ထားပေသည်။ ယခုအခါ ထိုသားအမိနှစ်ယောက်သည် ၎င်းတို့ကို ကျောထောက်နောက်ခံပြုပေးမည့် အားကိုးရာအသစ်တစ်ခုကို ရှာဖွေရန် လိုအပ်သည်။

ကလဲ့စားချေရန် ကိစ္စရပ်ကိုမူကား၊ ကုန်သည်မျိုးနွယ်မှ ဆင်းသက်လာပြီး မယ်တော်ကြီးအဖြစ် တစ်နှစ်ကျော်မျှသာ တက်လှမ်းရသေးသော ထိုအမျိုးသမီးသည် အနည်းငယ်မျှပင် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။

သို့သော်လည်း သူမက မစဉ်းစားခဲ့လျှင်ပင်၊ ကျောက်ကျန့် ချန်ထားခဲ့သော လူယုံတော်မြောက်မြားစွာမှာမူကား ကြံရွယ်နေကြပြီ ဖြစ်ပေသည်၊ အထူးသဖြင့် ကျောက်ကျန့်၏ ကန်းချီအဆင့်ထိပ်သီးပညာရှင်ဖြစ်သော ဟယ်လီမှာမူ ဒေါသအမျက်ချောင်းချောင်းထွက်ကာ သွားကြိတ်လျက် ရှိနေတော့သည်။

သူသည် ကျန်းပေမင်းသားစံအိမ်တော်၌ပင် ကြီးပြင်းခဲ့သူဖြစ်ပြီး၊ ကျောက်ကျန့်၏ ခမည်းတော်နှင့် တစ်ကိုယ်တည်း မျိုးဆက်တူ တော်စပ်သူ ဖြစ်ပေသည်။ မင်းသားကြီး စစ်မြေပြင်၌ ကျဆုံးခဲ့စဉ်က သူ အနား၌ မရှိခဲ့ခြင်းကြောင့် သူ၏ စိတ်အတွင်း၌ လွန်စွာ နောင်တရကာ အပြစ်မကင်းသကဲ့သို့ ခံစားခဲ့ရဖူးသည်။

ယခုအခါတွင်မူ မကြာသေးမီကမှ ဘွဲ့ထူးကို ဆက်ခံခဲ့ရသော အမွေခံမင်းသားငယ်မှာလည်း အသက်ပျောက်သွားခဲ့ရပြန်ချေပြီ။ ကျန်းပေမင်းသား နှစ်ဆက်တိုင်တိုင် ကွယ်လွန်သွားခဲ့ရသော်လည်း၊ သူသည် နှစ်ကြိမ်စလုံး ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍ ယခုအခါတွင်မှ သူ ကလဲ့စားမချေပေးနိုင်ပါက၊ ဤလောက၌ မည်သို့သော မျက်နှာဖြင့် ဆက်လက်ရှင်သန်နေနိုင်ပါတော့မည်နည်း

"မယ်တော်ကြီး... ကျန်းပေမင်းသား လုပ်ကြံခံလိုက်ရတဲ့အပြင်၊ ရဲတင်းလှတဲ့ လူယုတ်မာတွေက ကျန်းပေမင်းသားစံအိမ်တော်ကိုပါ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်"

"ကျွန်တော်မျိုးအနေနဲ့ မယ်တော်ကြီးရဲ့ အပါးတော်၌ ဆက်လက်ခစားခြင်း မပြုနိုင်တော့တာကို ခွင့်လွှတ်ပေးတော်မူပါ... အကယ်၍ ကျွန်တော်မျိုးသာ ကျန်းပေမင်းသားအတွက် ကလဲ့စားမချေပေးနိုင်ခဲ့ရင်၊ အသက်ရှင်နေဖို့ မျက်နှာမရှိတော့ပါဘူး"

မယ်တော်ကြီးသည် စကားအချို့ကို မြွက်ဟရန် တုံ့ဆိုင်းသွားခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ သူ့အား တားဆီးခဲ့ခြင်း မရှိပေ။ အကြောင်းမူကား ဟယ်လီအပါအဝင် သားအမိနှစ်ယောက်၏ ဘေးပတ်ဝန်းကျင်ရှိ လူအများစုမှာ ကျောက်ကျန့်၏ လူယုံတော်များ ဖြစ်ကြသောကြောင့် ဖြစ်ပေသည်။

ယခုအခါ ကျောက်ကျန့် လုပ်ကြံခံလိုက်ရပြီဖြစ်ရာ၊ သူမအနေဖြင့် ကလဲ့စားချေရန် နည်းလမ်းမရှာဖွေပေးနိုင်လျှင်ပင် အကယ်၍ ၎င်းတို့ကိုသာ တားဆီးမိပါက ထိုသူတို့၏ ကျောထောက်နောက်ခံပြုမှုကို ဆုံးရှုံးရပေလိမ့်မည်။

သူမသည် သာမန်ကုန်သည်သမီးဘဝမှသည် ဧကရာဇ်မင်းမြတ်က သူမအတွက်ကြောင့် မိဖုရားခေါင်းကြီးကိုပင် ရာထူးမှ ထုတ်ပယ်သည်အထိ မြှင့်တင်ခြင်း ခံခဲ့ရသူ ဖြစ်ပေသည်။

ထို့ကြောင့် အထက်တန်းလွှာ အသိုင်းအဝိုင်းနှင့် ပတ်သက်မှုကင်းစင်သော သူမ၏ အခြေအနေအပြင်၊ သူမကိုယ်တိုင်သည်လည်း ဉာဏ်ပညာ ကင်းမဲ့သူတစ်ဦး မဟုတ်ပေ။

ထို့ကြောင့် သူမသည် မိမိနှင့် မိမိသားတော်၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မိသော်လည်း၊ ဟယ်လီကို တားဆီးရန် စကားမဆိုခဲ့သည့်အပြင်၊ သူ့အား အားပေးနှစ်သိမ့်သည့် စကားကိုပင် မြွက်ဟလိုက်တော့သည်။

"ဆရာဟယ်... သွားပါလော့ တော်ဝင်နန်းတော်ထဲက စွမ်းရည်ထက်မြက်တဲ့ ကိုယ်ရံတော်တွေကိုလည်း ခေါ်ဆောင်သွားပါ... ကျန်းပေမင်းသားအတွက် သေချာပေါက် ကလဲ့စားချေပေးရပါမယ်"

မယ်တော်ကြီး၏ နောက်ဆုတ်ခြင်းဖြင့် ရှေ့တိုးသည့် ထိုပရိယာယ်စကားကြောင့်၊ ဟယ်လီသည် လူအင်အားထပ်မံတောင်းဆိုရန် ပြင်ဆင်ထားသော စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်ရတော့သည်။

သူ၏ မူလတာဝန်မှာ ဧကရာဇ်မင်းမြတ်နှင့် မယ်တော်ကြီးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပေသည်။ မိမိ၏ တာဝန်ကျရာနေရာကို စွန့်ခွာခြင်းမှာ တစ်ကြောင်းဖြစ်ပြီး၊ အကယ်၍ လူအင်အားမြောက်မြားစွာကိုသာ ခေါ်ဆောင်သွားပါက ထိုသားအမိနှစ်ယောက်အတွက် ကာကွယ်ရေးအင်အား ဆုံးရှုံးသွားပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ရာ ဘေးဒုက္ခဆိုးနှင့် ရင်ဆိုင်ရပါက၊ သူသည် ကျောက်ကျန့်၏ ယုံကြည်ကိုးစားမှုကို မျက်နှာပျက်ရပေလိမ့်မည်။

"မယ်တော်ကြီးရဲ့ ဂရုဏာတော်ကို ကျေးဇူးတင်လှပါတယ်... ကျွန်တော်မျိုးအနေနဲ့ ညီအစ်ကို သုံးလေးယောက်လောက်ပဲ လိုအပ်ပါတယ်... ဧကရာဇ်မင်းမြတ်နဲ့ မယ်တော်ကြီးရဲ့ ဘေးကင်းလုံခြုံရေးကို လျစ်လျူရှုလို့ မဖြစ်ပါဘူး"

မယ်တော်ကြီးသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် ဆိုလိုက်တော့သည်။

"ဒါဆိုရင်လည်း ဆရာဟယ်... ကိစ္စရပ်တိုင်းမှာ အထူးသတိပြုပါလော့... လုပ်ကြံသူတွေက ရဲတင်းလွန်းလှပြီး ကျန်းပေမင်းသားကိုတောင် လုပ်ကြံဝံ့ကြတာမို့၊ သူတို့ဟာ ရူးသွပ်နေတဲ့ လူအုပ်စုတစ်စု ဖြစ်ရပါမယ်။"

"သားတော်ဧကရာဇ်က ငယ်ရွယ်သေးတာမို့ ဆရာ့ရဲ့ ကာကွယ်မှုကို လိုအပ်နေပါသေးတယ် နောင်အခါ သားတော်ကြီးပြင်းလာပြီး နိုင်ငံတော်အရေးကို စီမံခန့်ခွဲနိုင်တဲ့အခါ၊ ဆရာဟယ်ရဲ့ ကာကွယ်စောက်ရှောက်ခဲ့တဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မေ့လျော့မှာ မဟုတ်ပါဘူး"

မယ်တော်ကြီးသည် ဝင့်ဝါသောအရှိန်အဝါဖြင့် အမိန့်ပေးခြင်းမျိုး မဟုတ်ဘဲ၊ လွန်စွာ နှိမ့်ချသော အမူအရာဖြင့် ဟယ်လီအပေါ် ဂရုစိုက်တတ်သော သဘောထားမျိုး ပြသကာ ကတိစကားကို ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။ ဤအခြင်းအရာသည် ဆရာကြီးဟယ်ကို လွန်စွာ စိတ်ကျေနပ်အားရသွားစေခဲ့သည်။

"မှန်လှပါ... ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"

All Chapters