← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉)

ထိုးနှက်ချက်

စိတ်အာရုံကို ပြန်လည်စုစည်းလိုက်ရင်း ဝမ်ကျင်း၏ အကြည့်သည် စီမာယီထံသို့ ရောက်ရှိသွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စီမာယီ၏ အကြည့်ကလည်း သူ၏အကြည့်နှင့် ဆုံစည်းသွားခဲ့သည်။ ထိုလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြသော်လည်း ထိုအပြုံးများထဲတွင်မူ အေးစက်လှသော သတ်ဖြတ်ခြင်းအရှိန်အဝါများကိန်းအောင်းနေကြလေသည်။

မြို့တော်အတွင်း၌ ဧကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိကြသေးသည့် လူအမြောက်အမြား ရှိနေဆဲဖြစ်ပြီး ထိုလူများသည် ဖယ်ရှားပစ်ရမည့် အတားအဆီးများသာ ဖြစ်ကြပေသည်။

ဥပမာအားဖြင့် ကာကွယ်ရေးအမတ်ကြီး ဖေးကျန့်၊ အမတ်ကြီး နင်တယ်နှင့် နန်းရင်းဝန် ကုရှို့တို့ ဖြစ်ကြသည်။ ဝမ်ကျင်းသည် ထိုလူသုံးဦး၏အကြောင်းကို ချွေရှန့်ထံတွင် စုံစမ်းမေးမြန်းခဲ့ဖူးသလို မြို့တော်အတွင်းရှိ 'ကွန်ရက်' ၏ လျှို့ဝှက်ထောက်လှမ်းရေးသမားများ ပေးပို့လာသော သတင်းအချက်အလက်များအရလည်း သူတို့သည် မဟာကျင်းနိုင်ငံတော်အပေါ် အမှန်တကယ် သစ္စာစောင့်သိကြသည့် အမာခံသစ္စာတော်ခံများ ဖြစ်ကြပေသည်။

ထိုလူသုံးဦး ရှိနေသရွေ့ ပျက်စီးယိုယွင်းနေပြီဖြစ်သော ဤနန်းတွင်းအဖွဲ့အစည်းကို အချိန်အတန်ကြာ ထောက်ကန်ထားနိုင်ဦးမည် ဖြစ်သည်။ နယ်ပယ်အသီးသီးမှ မြို့စား၊ နယ်စားများနှင့် စစ်သေနာပတိများသည် နန်းတွင်းအမိန့်ကို အပေါ်ယံ၌သာ နာခံဟန်ဆောင်နေကြသော်လည်း အပေါ်ယံစည်းစနစ်ကမူ တည်ရှိနေဆဲ ဖြစ်ပေသည်။ အလုံးစုံ ဖရိုဖရဲဖြစ်ပျက်မှုများနှင့် စစ်ဘုရင်များ ထကြွသောင်းကျန်းလာမည့် အခြေအနေသို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည်။

ဝမ်ကျင်း ပြုလုပ်ရမည့်အရာမှာ မဟာကျင်းနိုင်ငံတော်၏ နောက်ဆုံးကျန်ရှိနေသော သိက္ခာတရားကို ဆုတ်ဖြဲပစ်ကာ ရည်မှန်းချက်ကြီးမားသော အာဏာမက်သူများအား အမြင့်မြတ်ဆုံးသော အချုပ်အခြာအာဏာကို မက်မောလိုချင်လာစေရန် အခွင့်အရေး ပေးရုံသာ ဖြစ်ပေသည်။

မဟာကျင်းနိုင်ငံတော်သည် အခြားသူများ၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားနိုင်သော်လည်း သူ၏လက်၊ သို့မဟုတ် ကျန့်နန်မင်းသား၏ လက်ချက်ဖြင့်မူ ပျက်သုဉ်းသွား၍ မဖြစ်ချေ။ သူသည် ပျက်စီးသွားသော အင်ပါယာမြေကို ပြန်လည်စုစည်းပြီး နိုင်ငံတော်သစ် တည်ထောင်သူ သူရဲကောင်းဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သော်လည်း ထီးနန်းကို မတရားလုယူသည့် သစ္စာဖောက်အမတ်ဆိုးတစ်ဦးတော့ အဖြစ်မခံနိုင်ချေ။ ထိုအရာနှစ်ခု၏ ကွာခြားချက်မှာ အနည်းငယ်မျှသာ ရှိပုံရသော်လည်း သက်ရောက်မှုကမူ လုံးဝဥဿုံ ကွဲပြားခြားနားပေသည်။

မဟာကျင်းနိုင်ငံတော်၏ ရိက္ခာကို စားသုံးပြီး မဟာကျင်းနိုင်ငံတော်၏ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ကာ မဟာကျင်းနိုင်ငံတော်ကို ပြန်လည်ပုန်ကန်သည်ဟူသော အချက်သည် မည်မျှပင် နားဝင်ချိုအောင် ပြောဆိုပါစေ ဂုဏ်သိက္ခာရှိလှမည် မဟုတ်ချေ။ မင်းဆက်သစ်တစ်ခုကို တည်ထောင်ပြီးနောက်တွင် သူ၏ လက်အောက်ငယ်သားများက မိမိအပေါ် သစ္စာစောင့်သိလာရန် မည်သို့ မျှော်လင့်နိုင်တော့မည်နည်း။

ဖြောင့်မတ်မှန်ကန်ခြင်းသည် အသုံးမဝင်ဟု ထင်ရသော်လည်း ၎င်းသည် နိုင်ငံတော်၏ အခြေခံအုတ်မြစ် တည်ငြိမ်မှုကို များစွာ သက်ရောက်မှု ရှိပေသည်။

ထိုလူနှစ်ဦး လျှို့ဝှက်ကြံစည်နေကြစဉ်မှာပင် ကုရန်သည် တံခါးကို ခေါက်ကာ သွေးစွန်းနေသော ဝန်ခံချက်တစ်ခုကို လာရောက်ပေးအပ်ခဲ့သည်။

“အရှင်မင်းသား... အဲဒီအစေခံမက နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်ဘဲ ဝန်ခံသွားပါပြီ။ သူမက ဝေယွမ်နယ်စားကြီး ပိုင်တင့်ဆီကနေ ငွေကြေးလက်ခံပြီး လက်ဖက်ရည်ထဲ အဆိပ်ခတ်ကာ တည်းခင်းဧည့်ခံပွဲက မွန်မြတ်တဲ့ ဧည့်သည်တော်တွေကို လုပ်ကြံဖို့ ကြံစည်ခဲ့တာလို့ ပြောပါတယ်။”

ဝမ်ကျင်းသည် ထိုဝန်ခံချက်ကို လှမ်းယူကာ အမြန်ဖတ်ရှုလိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်လေသည်။

“ညံ့ဖျင်းလိုက်တာ...”

ကုရန်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီလက်အောက်ခံကတော့ ဒီမိန်းမရဲ့စကားတွေက မမှန်ကန်ဘူးလို့ ထင်ပါတယ်။ သူမက ကိုယ်ခံပညာ မတတ်မြောက်ထားတဲ့ သာမန်မိန်းကလေးတစ်ယောက် ဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အားနည်းလွန်းတာကြောင့် ထပ်ပြီး နှိပ်စက်မယ်ဆိုရင်... သူမရဲ့ နီးစပ်ရာ ဆွေမျိုးတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် ကြီးမားတဲ့ ဆုလာဘ်တွေပေးပြီး စည်းရုံးမယ်ဆိုရင် ကွယ်ရာက ကြိုးကိုင်သူအစစ်အမှန်ကို ရှာဖွေနိုင်ပါလိမ့်မယ်။”

ဝမ်ကျင်းက သူ၏လက်ထဲမှ ဝန်ခံချက်ကို မမှုမဆန်ဘဲ စုတ်ဖြဲပစ်လိုက်သည်။

“ဝန်ခံချက်အသစ်တစ်ခုကို ထပ်ရေးလိုက်၊ အမတ်ကြီး နင်တယ်ဟာ ကာကွယ်ရေးအမတ်ကြီး ဖေကျန့်၊ နန်းရင်းဝန် ကုရှို့တို့နဲ့ ပူးပေါင်းပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်ခဲ့တယ်လို့ ရေးလိုက်။ ပြီးရင် အဲဒီမိန်းမရဲ့ လက်ဗွေကိုသာ နှိပ်လိုက်တော့။”

အကြွင်းမဲ့အာဏာ၏ ရှေ့မှောက်တွင် တရားခံအစစ်အမှန် သို့မဟုတ် ကွယ်ရာက ကြိုးကိုင်သူကို ပင်ပန်းကြီးစွာ စုံစမ်းစစ်ဆေးနေရန် မလိုချေ။

သူ ဝမ်ကျင်းသည် သက်သေအထောက်အထားနှင့် ဥပဒေကို အမှီပြုကာ အမှန်တရား ပေါ်ပေါက်လာမှသာ ပြစ်ဒဏ်စီရင်လေ့ရှိသည့် နန်းတွင်းတရားသူကြီး မဟုတ်ချေ။ သူသည် စစ်အင်အားအလုံးအရင်းကို ကိုင်စွဲထားပြီး မြို့တော်ကို ထိန်းချုပ်ထားသည့် ကျန့်နန်မင်းသား ဖြစ်ပေသည်။

အကယ်၍ သူက တစ်ဦးတစ်ယောက်တွင် အပြစ်ရှိသည်ဟု ဆိုပါက ထိုသူတွင် အပြစ်ရှိသည်သာ ဖြစ်ရမည်။ မည်သူ့တွင် အပြစ်ရှိခြင်းက သူ့အတွက် အကျိုးအမြတ်အရှိဆုံး ဖြစ်စေမည်နည်း၊ ထိုသူ၏ခေါင်းပေါ်သို့သာ ဤပြစ်မှုကို ပုံချပစ်မည် ဖြစ်သည်။

လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားပြီးဖြစ်ရာ မည်သည့်အတွက်ကြောင့် အသုံးမပြုဘဲ ထားရမည်နည်း။

မကြာမီမှာပင် ကျန့်နန်မင်းသားသည် အမတ်ကြီး၊ မြို့တော်စောင့်တပ်မှူးနှင့် နန်းရင်းဝန် ဟူသော အဆင့်မြင့် 'နန်းတွင်းအမတ်ကြီး ကိုးဦး' ထဲမှ သုံးဦးအား မိမိကို လုပ်ကြံရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲကာ နန်းတွင်းသို့ အစီရင်ခံစာ တင်သွင်းလိုက်ကြောင်း သတင်းသည် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေတော့သည်။

ဝမ်ကျင်း၏ ပြင်းထန်လှသော ဖိအားပေးမှုများအောက်တွင် ဧကရာဇ်ငယ်သည် မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ လမ်းပျောက်နေခဲ့ရသည်။ တစ်ဖက်တွင်လည်း စစ်အင်အားကြီးမားပြီး သူ့ကို အမြဲတစေ ထိတ်လန့်စေသည့် ဝမ်ကျင်း ရှိနေကာ အခြားတစ်ဖက်တွင်မူ ကျောက်ကျန့်က သူ့အပေါ် သစ္စာစောင့်သိလိမ့်မည်ဟု သေချာပြောကြားခဲ့သော အမတ်ကြီးများ ရှိနေသဖြင့် မည်သို့ရွေးချယ်ရမည်ကို မပြတ်မသား ဖြစ်နေခဲ့သည်။

ကျယ်ပြန့်လှသော တော်ဝင်ညီလာခံအတွင်း၌ လူနည်းစုမှလွဲ၍ မည်သူမျှ စကားမပြောဝံ့ကြချေ။ အမတ်ချုပ် ကျန်းကျင့်၊ တရားရေးအမတ်ကြီး ကျစ်တုနှင့် ဝတ်လုံတော်အမတ်ကြီး ဝမ်ကျယ်စသည့် ထိပ်တန်းအရာရှိကြီးများ၏ နှုတ်ဆိတ်ကာ သဘောတူညီမှု ပေးထားကြခြင်းမှစ၍ လတ်တလော အလတ်စားအရာရှိများစွာ၏ ငြိမ်သက်နေမှုများကြောင့် အဆင့်မြင့် နန်းတွင်းအမတ်ကြီး ကိုးဦးထဲမှ သုံးဦးသည် ကြီးမားလှသော အန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်လိုက်ရတော့သည်။

ထိုလူသုံးဦးမှာ မဟာကျင်းနိုင်ငံတော်အပေါ် သစ္စာရှိပြီး ဧကရာဇ်ကိုသာ အမှုထမ်းကြသူများဖြစ်ကာ မှူးမတ်မျိုးနွယ်စုကြီးအများစုနှင့် ပူးပေါင်းထားခြင်း မရှိကြချေ။ ဝမ်ကျင်း၏လက်ကို အသုံးပြု၍ ထိုလူသုံးဦးကို ဖယ်ရှားပစ်ခြင်းက သူတို့အတွက် အကျိုးရှိစေရုံသာမက မည်သည့်ထိခိုက်မှုကိုမျှ ရှိစေမည်မဟုတ်ချေ။

အထူးသဖြင့် အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်သော အမတ်ချုပ် ကျန်းကျင့်အတွက် ဖြစ်ပေသည်။ မဟာကျင်းနိုင်ငံတော်၏ တော်ဝင်အာဏာ ကျဆင်းလာရခြင်းမှာ ဤမြေခွေးအိုကြီးကြောင့် အဓိက ဖြစ်ပေသည်။ သူနှင့် ချွေယူတို့သည် မှူးမတ်မျိုးနွယ်စုကြီးများ၏ ရှေ့မှောက်တွင် ဦးညွတ်ခြင်းမရှိသော အရာရှိများစွာကို ဖယ်ရှားပစ်ခဲ့ကြဖူးသည်။

ယခုအခါ မဟာကျင်းနိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို လှုပ်ခါပစ်နိုင်မည့် အခွင့်အရေးကို ရရှိထားရာ သူသည် လွယ်လွယ်ကူကူ လက်လွှတ်ခံမည် မဟုတ်ချေ။

ခေတ္တမျှအတွင်းမှာပင် ပြစ်တင်ရှုတ်ချသည့် အစီရင်ခံစာအမြောက်အမြားသည် ဧကရာဇ်မင်းမြတ်ထံသို့ စုပြုံရောက်ရှိလာခဲ့ပြီး သူတို့ထဲတွင် ထိုလူသုံးဦး၏ ပြစ်မှုအမျိုးမျိုးကို သက်သေအထောက်အထားအပြည့်အစုံဖြင့် ဖော်ပြထားကြလေသည်။ နန်းတွင်းအမတ်ကြီး ကိုးဦးအဆင့်သို့ ခြေလှမ်းတစ်လှမ်းချင်း တက်လှမ်းလာနိုင်ခဲ့ကြသည့် အရာရှိများတွင် အာဏာလုပွဲများ၌ အသုံးပြုခဲ့သော နည်းလမ်းများ ရှိနေမည်သာဖြစ်ပြီး အပြစ်အနာအဆာကင်းစင်နေရန် မဖြစ်နိုင်ချေ။

လူတိုင်းတွင် လောဘဆန္ဒနှင့် အားနည်းချက်များ ရှိကြစမြဲ ဖြစ်ပေသည်။ မိမိကိုယ်ကိုယ် မည်မျှပင် ထိန်းချုပ်ကာ ရဟန္တာတစ်ပါးကဲ့သို့ နေထိုင်ပါလျှင်တောင်မှ၊ မိမိ၏ မိသားစုဝင်များကကော ထိုသို့ နေထိုင်နိုင်ပါမည်လား။ သေချာပေါက် မဖြစ်နိုင်ချေ။

နောက်ဆုံးတွင် ဖိအားမျိုးစုံအောက်၌ မယ်တော်မိဖုရားကြီး၏ အကြံပြုချက်အရ ဧကရာဇ်ငယ်သည် ထိုလူသုံးဦးကို ရာထူးမှ ထုတ်ပယ်ကာ သူတို့၏ ဇာတိမြေသို့ ပြန်လည်အနားယူစေရန် အမိန့်တော် ထုတ်ပြန်ခဲ့ရလေတော့သည်။

ဧကရာဇ်ငယ်သည် မည်သို့ရွေးချယ်ရမည်ကို မသိနားမလည်သော်လည်း မယ်တော်မိဖုရားကြီးကမူ အခြေအနေမှန်ကို ကောင်းစွာ သဘောပေါက်ပေသည်။ သစ္စာရှိအမတ် သုံးဦးကို ဆုံးရှုံးရခြင်းသည် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း အကယ်၍ ဝမ်ကျင်း၏ ဆန္ဒကို ဆန့်ကျင်မိ၍ သူက ဧကရာဇ်ကို နန်းချပစ်ရန် ဆုံးဖြတ်လိုက်ပါက မည်သို့ ဖြစ်သွားမည်နည်း။

ဧကရာဇ်ငယ်၏ ရာထူးသည် သူတို့သားအမိအတွက် အသက်ဘေးကင်းဝေးစေမည့် အဆောင်လက်ဖွဲ့တစ်ခု ဖြစ်ပေသည်။ ဧကရာဇ်ငယ်သာ နန်းချခံရပါက သူတို့သားအမိနှစ်ဦးသည် အသက်ရှင်သန်နိုင်မည့် လမ်းစ ရှိတော့မည်မဟုတ်ချေ။ ဝမ်ကျင်းက သူတို့ကို မသတ်ဖြတ်ခဲ့လျှင်ပင် နန်းတက်လာမည့် ဧကရာဇ်အသစ်က ဆက်ဆက် ရှင်းလင်းပစ်မည် ဖြစ်သည်။ မဟာကျင်းနိုင်ငံတော် တည်ငြိမ်ရေးနှင့် မိမိတို့ သားအမိ၏ အသက်ရှင်သန်ရေးတို့အကြားတွင် မယ်တော်မိဖုရားကြီးသည် ဒုတိယအချက်ကိုသာ ရွေးချယ်လိုက်တော့သည်။

ဤရလဒ်သည် တော်ဝင်မိသားစုကို ထောက်ခံအားပေးကြသည့် နန်းတွင်းထဲမှ လက်တစ်ဆုပ်စာမျှသာ ကျန်ရှိတော့သော သစ္စာရှိအရာရှိကြီးများအားလုံးကို စိတ်ပျက်အားလျော့သွားစေခဲ့သည်။ ဤပြင်းထန်လှသော ရိုက်ချက်သည် တော်ဝင်အင်အားစုကို အပြင်းအထန် ဒဏ်ရာရရှိသွားစေခဲ့တော့သည်။ စိတ်ဓာတ်တုန်လှုပ်နေကြသူများသည် ချက်ချင်းပင် အင်အားကြီးသူဘက်သို့ ပြောင်းလဲခိုလှုံရန် ဆုံးဖြတ်လိုက်ကြတော့သည်။

မည်သည့် မျှော်လင့်ချက်နှင့် အနာဂတ်မျှ မမြင်တွေ့ရတော့သည့် အာဏာလုပွဲထဲတွင် တစ်ကိုယ်တည်း ဆက်လက်တောင့်ခံနိုင်သူဟူ၍ မရှိသလောက် နည်းပါးလှပေသည်။ မိမိ၏ အသက်ကို ငဲ့ညှာခြင်းမရှိလျှင်တောင်မှ၊ မိမိတို့၏ ဆွေမျိုးသားချင်းများ၏ ဘေးအန္တရာယ်ကိုမူ ထည့်သွင်းစဉ်းစားကြရပေမည်။

ထို့ပြင် ယခင်က အနည်းငယ် ထိန်းချုပ်ထားခဲ့ကြသည့် ရည်မှန်းချက်ကြီးမားသော အချို့သူများသည် ယခုအခါတွင်မူ ဆက်လက်အောင့်အည်းမထားနိုင်ကြတော့ချေ။ ပြည်နယ်အသီးသီးတွင် ငြိမ်သက်နေခဲ့ကြသော သူပုန်တပ်ဖွဲ့များသည် တစ်ကျော့ပြန် လှုပ်ခတ်လာခဲ့ကြပြန်သည်။

အထူးသဖြင့် သန့်ရှင်းသော နှလုံးသားဂိုဏ်း၏ သွေးထိုးလှုံ့ဆော်မှုနှင့် ဝမ်ကျင်း၏ လျှို့ဝှက်ထောက်ပံ့မှုများကြောင့် ကျွင်းမြစ်မှ အလုပ်သမားတပ်ဖွဲ့သည် ခရိုင်သုံးခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ လျှော့တွက်၍မရသော အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့ပေသည်။

ဝမ်ကျင်း၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ကျွင်းမြစ်အလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ချန်ရှန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး သူသည် မိမိကိုယ်ကိုယ် 'ထျန်းဝေ စစ်သူကြီး' ဟု နာမည်တပ်ကာ 'ရက်စက်ကြမ်းကြုတ်သော ကျင်းမင်းဆက်ကို ချေမှုန်းအံ့' ဟူသည့် အလံတော်ကို လွှင့်ထူ၍ ကြီးမားသော လုပ်ငန်းစဉ်ကြီးကို အောင်မြင်ရန်အတွက် လောကတစ်ခွင်ရှိ သူရဲကောင်းများကို စည်းရုံးသိမ်းသွင်းလိုက်တော့သည်။

ဖိနှိပ်ချုပ်ချယ်ခြင်း ခံရပြီး အသက်ရှင်သန်ရန် လမ်းစပျောက်နေသည့် ပြည်သူများဖြင့် ဖွဲ့စည်းထားသော အသေးစား ပုန်ကန်မှုအင်အားစု အမြောက်အမြားသည် ကျွင်းမြစ်ဆီသို့ တရဟော စုရုံးရောက်ရှိလာကြလေသည်။

ကျင်းပြည်နယ်တွင် မျိုးဆက်ပေါင်းများစွာ တရားမဝင် ဆားမှောင်ခိုရောင်းချလာခဲ့သည့် မုန့်ကျောင်းသည် ခရိုင်အရာရှိကို ချုံခိုတိုက်ခိုက် သတ်ဖြတ်ကာ ပုန်ကန်ထကြွခဲ့လေသည်။ သူ၏ များပြားလှသော မိစုစည်းစိမ်နှင့် သိုင်းသူရဲကောင်းတစ်ဦးအဖြစ် လောကတွင် ကျော်ကြားလှသော သူ၏ ဂုဏ်သတင်းကို အခြေပြုကာ မုန့်ကျောင်းသည် ကြီးမားသော စစ်အင်အားစုကို လျင်မြန်စွာ စုစည်းနိုင်ခဲ့ပေသည်။

ဆားကုန်သည်များအကြားတွင် စည်းစိမ်ချမ်းသာအတွက် အသက်ကို ရင်းဝံ့သည့် သွေးသောက်ရဲဘော်များ လျော့နည်းခြင်းမရှိချေ။ တရားမဝင် ဆားမှောင်ခိုရောင်းချခြင်းသည် အသက်ပေးရမည့် ပြစ်မှုကြီးဖြစ်ရာ သူတို့သည် အစိုးရတပ်များကို သတိထားရရုံမျှမက အချင်းချင်း သစ္စာဖောက်ဖျက်ကာ လုယက်ကြမည့် အခြားသော ကုန်သည်များကိုလည်း အမြဲမပြတ် သတိပြု စောင့်ကြည့်နေကြရသည်။ ထို့ကြောင့် အထွတ်အထိပ်သို့ ရောက်ရှိလာနိုင်သူများအားလုံးသည် ရက်စက်ကြမ်းကြုတ်လှသော သွေးအေးလူသတ်သမားများသာ ဖြစ်ကြပေသည်။

ပြည်နယ်နှင့် ခရိုင်အသီးသီးတွင် အရပ်မျက်နှာအနှံ့မှ သူပုန်များ ထွက်ပေါ်လာခဲ့ကြတော့သည်။ ယခင်က နန်းတွင်း၏ သြဇာအာဏာ ရှိနေသေးသဖြင့် လူများတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေသေးသည်။ သို့သော် ယခုအခါတွင်မူ အဆင့်မြင့် နန်းတွင်းအမတ်ကြီး သုံးဦး ရာထူးမှ ပြုတ်ကျသွားခြင်းနှင့် ကျန့်နန်မင်းသား မြို့တော်တွင် ရှိနေခြင်းတို့က ရည်မှန်းချက်ကြီးမားသော အာဏာမက်သူများအား နန်းတွင်း၏ အားနည်းချက်ကို အထင်အရှား မြင်တွေ့သွားစေခဲ့သည်။

ဝမ်ကျင်း စစ်ချီတက်ရာလမ်းတွင် မြင်တွေ့ခဲ့ရသည့် ငတ်မွတ်ခေါင်းပါးကာ လူသားချင်း ပြန်လည်စားသောက်နေကြရသည့် ရင်နင့်ဖွယ်ရာ မြင်ကွင်းများသည် မဟာကျင်းနိုင်ငံတော်အပေါ် ပြည်သူလူထု၏ ထောက်ခံမှုကို ကြာမြင့်စွာကပင် ဆုံးရှုံးသွားစေခဲ့ပြီး ဖြစ်သည်။

ပညာရေးအခွင့်အလမ်း မညီမျှမှုများကြောင့် သာမန်ပြည်သူများသည် အသိပညာကင်းမဲ့ကာ အမျှော်အမြင် နည်းပါးကြပေလိမ့်မည်။ သို့သော် သူတို့သည်လည်း လူသားများသာ ဖြစ်ကြပြီး သတ်ဖြတ်ခံရန် စောင့်ဆိုင်းနေကြသည့် ကျွဲနွားတိရစ္ဆာန်များ မဟုတ်ကြချေ။ သူတို့ ဆက်လက်အသက်ရှင်ရန် လမ်းစမရှိတော့သည့်အခါ မိမိနှင့် မိမိတို့၏ မိသားစုများအတွက် အသက်လုကာ လမ်းစတစ်ခုကို ရှာဖွေရန် သေရဲသတ်ရဲ တိုက်ခိုက်ကြမည်မှာ သဘာဝပင် ဖြစ်ပေသည်။

ငတ်မွတ်ပြီး သေဆုံးရမည့်အတူတူ ပုန်ကန်ထကြွကာ ရသမျှကို လုယူပြီး မသေခင် ဗိုက်ဝအောင် စားသောက်သွားရခြင်းက ပို၍ အမြတ်ထွက်ပေလိမ့်မည်။

တိုးပွားလာသော ဤဖရိုဖရဲဖြစ်ပျက်မှုများကို မြို့တော်ရှိ မှူးမတ်မျိုးနွယ်စုကြီးများနှင့် သြဇာအာဏာရှိသူများ သတိပြုမိကြသော်လည်း လုံလောက်သော ဂရုပြုမှုမျိုး မရှိခဲ့ကြချေ။ သူတို့သည် အာဏာကို ကြာမြင့်စွာ စိုးမိုးထားခဲ့ကြလွန်းလှပြီ ဖြစ်သည်။

ကြာမြင့်လွန်းလှသဖြင့် အချို့သော လူများသည် လယ်ကွင်းပြင်၌ ပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရသည့် သာမန်ဆင်းရဲသား ပြည်သူများကို လူသားများအဖြစ်ပင် မမှတ်ယူကြတော့ချေ။

သူတို့သည် မိမိတို့၏ မာန်မာနထောင်လွှားမှုအတွက် ထိုက်တန်သော တန်ဖိုးကို မလွဲမသွေ ပြန်လည်ပေးဆပ်ကြရတော့မည် ဖြစ်ပေသည်။

All Chapters