← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀)

လန်ရှီး

ကျောက်ဝူစီရင်စု၏ စီရင်စုနယ်စားမင်း ရုံးတော်အတွင်း၌ အရုဏ်တက်စအချိန်တွင် လန်ရှီးသည် အစေအပါးများ၏ လုပ်ကျွေးပြုစုမှုဖြင့် ခုတင်ထက်မှ ထလိုက်လေသည်။

သူသည် အသက်သုံးဆယ်မျှသာ ရှိသေးသော်လည်း မျက်နှာပေါ်ရှိ သေးငယ်သော အရေးအကြောင်းများက သူ့အား အသက်လေးဆယ်အရွယ်နှင့် ပိုမိုနီးစပ်သကဲ့သို့ ထင်ရစေပေသည်။ အာဟာရဖြည့်စွက်ဆေး မြောက်မြားစွာကို မှီဝဲနေရသော်လည်း သူ၏ အမြဲမပြတ် ပင်ပန်းကြီးစွာ အလုပ်လုပ်ရမှုများကြောင့် လျော့နည်းခမ်းခြောက်နေသော အသက်စွမ်းအင်များကို ပြန်လည်မဖြည့်တင်းပေးနိုင်တော့ချေ။

ဝတ်ရုံကို ဆင်ယင်ပြီးနောက် လန်ရှီးသည် ကြေးမုံပြင်ကို စိုက်ကြည့်လိုက်ရာ သူ၏အမူအရာမှာ အနည်းငယ် မိန်းမောတွေဝေသွားခဲ့သည်။ သူ၏ နဖူးပြင်ထက်တွင် ဆံပင်ဖြူအချို့ကို မြင်လိုက်ရရုံမျှမက မည်သည့်အချိန်ကတည်းကပင် ဖြစ်သည်မသိ... သူ၏ နားထင်နှစ်ဖက်စလုံးသည်လည်း ဆီးနှင်းများပမာ ဖြူဆွတ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိသဖြင့် သူ၏စိတ်ကို လျင်မြန်စွာ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်၊ သူ စီမံခန့်ခွဲရမည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။

ဘုရင်ခံ၏ ရုတ်တရက် ကွယ်လွန်မှုကြောင့် သူသည် ပြည်နယ်ရုံးတော်သို့ မဖြစ်မနေ သွားရောက်ရမည် ဖြစ်ရာ၊ မထွက်ခွာမီ သူသည် အဘက်ဘက်မှ အသေးစိတ် စီစဉ်ထားရန် လိုအပ်ပေသည်။

ဘဏ္ဍာတိုက်အတွင်းရှိ အခွန်ငွေများကို စနစ်တကျ ခွဲဝေခြင်း၊ ခရိုင်အသီးသီးမှ တင်ပြလာသော ပြဿနာအားလုံးကို ဖြေရှင်းခြင်းနှင့် ယခုနှစ်အတွက် လုပ်အားပေးအလုပ်သမားများကို မည်သည့်နေရာတွင် တာဝန်ချရမည်ကို ဆုံးဖြတ်ခြင်း စသည့် ကိစ္စရပ်အားလုံးကို သူ ကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်သည်။

သူသည် ထူးချွန်ထက်မြက်ပြီး စွမ်းဆောင်ရည်ရှိသူ ဖြစ်သဖြင့် အရာရာကို ကိုယ်တိုင်ကိုယ်ကျ စီမံလေ့ရှိသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုရှိခြင်းကြောင့်လည်း ဖြစ်သကဲ့သို့ ဘေးနားရှိ လူများ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

အခြားစီရင်စုများကို များစွာ ကျော်လွန်နေသော ကျောက်ဝူစီရင်စု၏ စည်ပင်ဝပြောမှုနှင့် ချမ်းသာကြွယ်ဝမှုတို့သည် လန်ရှီး၏ စိတ်နှစ်မြှုပ်၍ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံတွင် လန်ရှီးသည် တွေးတောမိသည်... အကယ်၍ သူသည် ကျောက်ဝူစီရင်စုကို ဤမျှ ကောင်းမွန်အောင် အုပ်ချုပ်နိုင်လျှင် မင်ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်ရပါက မည်သို့ရှိမည်နည်းဟူ၍ ဖြစ်သည်။

သူသည်လည်း ထပ်တူထပ်မျှ ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ ကျားဖေပင် လုပ်နိုင်သေးလျှင် သူက ဘာကြောင့် မလုပ်နိုင်ရမည်နည်း။ အနည်းဆုံးတော့ သူသည် ကာမဂုဏ်နှင့် အပျော်အပါးကို မမက်မောချေ။

ဤအရာကို တွေးမိသောအခါ သူ၏နှလုံးသားသည် အနည်းငယ် နွေးထွေးလှုပ်ရှားလာခဲ့သည်။ လန်ရှီးသည် မိန်းမပျိုများကို မမက်မောသကဲ့သို့ စည်းစိမ်ဥစ္စာနှင့် အပျော်အပါးကိုလည်း မတက်မက်ချေ။ သူ၏ တစ်သက်တာလုံး ဆန္ဒမှာ သမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်မည့် အရာရှိကြီးတစ်ဦး ဖြစ်လာရန်သာ ဖြစ်သည်။

မှန်ပေသည်၊ အရာရှိငယ်လေး မဟုတ်ဘဲ အရာရှိကြီးတစ်ဦး ဖြစ်သည်။ လူတိုင်းတွင် အလိုဆန္ဒ ရှိကြသည်၊ သို့သော် ရှာဖွေသည့်အရာချင်းသာ ကွာခြားခြင်း ဖြစ်ပြီး သူကမူ အာဏာကို စွဲလန်းနှစ်သက်သူ ဖြစ်သည်။

ဒေသတစ်ခုကို သူ အလိုရှိသော ပုံစံအတိုင်း ဖြစ်လာအောင် အုပ်ချုပ်ရသည့် လုပ်ငန်းစဉ်က သူ့ကို အလွန် စွဲမက်စေသည်။ မင်ပြည်နယ်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင်သာ ရှိမနေသင့်ကြောင်း သူ ယုံကြည်သည်၊ ဤပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိနေသေးသည်။

သူ၏ ငယ်စဉ်ဘဝက သူသည် စာဖတ်ခြင်းကို အလွန် ဝါသနာပါခဲ့ပြီး၊ ထ္ထုပ္ပတ်တ်များ၊ သမိုင်းမှတ်တမ်းများ သို့မဟုတ် တစ်ပါးပြည်နယ်မှ ထူးဆန်းသော ကောလာဟလ သတင်းများ ဖြစ်ပါစေ သူ အကုန်လုံးကို စိတ်ဝင်တစား ဖတ်ရှုခဲ့သည်။

အရှေ့ဘက် ပင်လယ်ပြင်ကို ဖြတ်ကျော်လျှင် တိုင်းပြည်တစ်ခု တည်ရှိသော ကျွန်းကြီးတစ်ကျွန်း ရှိပြီး၊ အရှေ့တောင်ဘက်တွင်မူ ကောင်းကင်ပြင်ရှိ ကြယ်တာရာများပမာ ပျံ့ကြဲနေသော ကျွန်းစုများ ရှိပေသည်။

မဟာကျင်းနိုင်ငံတော်သည် ချူးယွင်၊ လျိုချိုး၊ လူသူန့် နှင့် ဆူးလီမန် ဟူသော ကျွန်းနိုင်ငံအားလုံးကို သိရှိထားပြီး ဖြစ်သည်။ ထိုကျွန်းကြီးများနှင့် ပတ်ပတ်လည်ရှိ ကျွန်းငယ်လေးများ ပေါင်းစည်းကာ တိုင်းပြည်တစ်ခုအဖြစ် တည်ထောင်ထားကြခြင်း ဖြစ်သည်။

ထိုကျွန်းများတွင် စိုက်ပျိုးနိုင်သော မြေယာများစွာမရှိဘဲ စားနပ်ရိက္ခာ ထုတ်လုပ်မှု အလွန် နည်းပါးကြောင်း သူ မှတ်တမ်းများ၌ ဖတ်ဖူးသည်၊ သို့သော် အချို့သော နေရာများတွင် မြေပေါ်ငွေတွင်းကြီးများပင် ရှိနေတတ်သည်။ ထို့အပြင် ကြေးနီနှင့် သံသတ္တုကြောများလည်း ရှိနေသေးသည်။

မင်ပြည်နယ်သည်လည်း စားနပ်ရိက္ခာ ရှားပါးပြီး ကုန်သွယ်ရန် ပစ္စည်းနည်းပါးသော်လည်း၊ သူ၏ လက်အောက်ရှိ တောင်ပေါ်သားစစ်သည်များ၏ မြှားချက်များသည် အလွန်တရာ ထက်မြက်လှပေသည်။

‘ကုန်သွယ်မှု မလုပ်နိုင်ရင် ငါ လုယက်တိုက်ခိုက်ယူ၍ မရနိုင်ဘူးလား’

သူ့အား အသုံးပြုနိုင်မည့် ရေတပ်တစ်ခုကို တည်ထောင်ရန်နှင့် ပင်လယ်ရေကြောင်းပြမြေပုံများကို ရယူရန် အချိန်တစ်ခု ပေးမည်ဆိုပါက၊ ရွှေ၊ ငွေ၊ ကြေး၊ သံမြောက်မြားစွာကို တိုက်ခိုက်လုယူနိုင်မည်ဟု သူ ယုံကြည်ချက်အပြည့်ရှိပြီး ထိုအရင်းအမြစ်များကို အသုံးပြု၍ မင်ပြည်နယ်ကို ချမ်းသာကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။

သူသည် ကြိုတင်၍ပင် စီစဉ်ထားခဲ့သေးသည်... မင်ပြည်နယ်အတွင်းရှိ 'ပင်လယ်ကျားဂိုဏ်း' သည် သူ၏ လျှို့ဝှက်ကျောထောက်နောက်ခံပေးမှုကို ရရှိထားခြင်း ဖြစ်သည်။ သူသည် ထိုကျွန်းနေ လူရိုင်းများနှင့် ကုန်သွယ်မှုပြုရန် ငွေကြေးထောက်ပံ့ပေးခဲ့ပြီး၊ ပင်လယ်ရေကြောင်းပြမြေပုံများနှင့် လမ်းကြောင်းများကို အမြဲမပြတ် မှတ်တမ်းတင်စေခဲ့သည်။

ယခုအခါ သူ လိုအပ်နေသည်မှာ သင်္ဘောကြီးများသာ ဖြစ်သည်။ ဝေးလံသော ပင်လယ်ပြင်ခရီးစဉ်များကို မောင်းနှင်နိုင်သည့် သင်္ဘောကြီးများ ဖြစ်ပေသည်။

ထိုအချိန်ကျလျှင် အရင်းအမြစ်များကို ရယူနိုင်ရုံမျှမက၊ သူသည် နယ်မြေများကိုပင် စစ်မက်ပြုချဲ့ထွင်နိုင်လိမ့်မည် ဖြစ်သည်။ လန်ရှီးဟူသော အမည်နာမသည် မင်ပြည်နယ်၏ မြေထုထက်တွင် ဧကန်မုချ ကမ္ပည်းတင်ကျန်ရစ်ပေလိမ့်မည်။

သို့သော် သူ၏ ကြီးမားသော ရည်မှန်းချက်များသည် ကျားဖေ၏ နာရေးသို့ ဂါရဝပြုရန် ပြည်နယ်ရုံးတော်သို့ ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် လုံးဝ ကွဲအက်ပျက်စီးသွားခဲ့ရလေသည်။

တောက်ပြောင်သော ဝတ်စုံများကို ဝတ်ဆင်၍ ထက်မြက်သော မြင်းများကို စီးနင်းကာ ဓားကိုင်စွဲ၍ ချပ်ဝတ်တန်ဆာ ဆင်ယင်ထားသည့် စစ်သည်တော်တစ်စုသည် ကျန့်နန်မင်းသားကြီး၏ အမိန့်တော်ကို ကိုင်ဆောင်ကာ မင်ပြည်နယ်၏ ဘုရင်ခံရုံးတော်သို့ ရောက်ရှိလာပြီး၊ မင်ပြည်နယ်၏ စီရင်စုရှစ်ခုမှ စီရင်စု နယ်စားမင်းအားလုံးကို လာရောက်တွေ့ဆုံရန် ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

လန်ရှီး၏ ဦးနှောက်သည် အလျင်အမြန် လည်ပတ်သွားခဲ့သည်၊ ဤကဲ့သို့သော အချိန်မျိုးတွင် ဆင့်ခေါ်ရခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်နိုင်ပါမည်နည်း။

၎င်းမှာ သူတို့ထဲမှ မင်ပြည်နယ်၏ ဘုရင်ခံရာထူးကို ဆက်ခံမည့်သူတစ်ဦးကို ရွေးချယ်ရန် ဖြစ်သည်မှာ သေချာသည်။ သို့ဆိုလျှင် ထိုသူက မည်သူ ဖြစ်မည်နည်း။

စွမ်းဆောင်ရည်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အောင်မြင်မှုများအပေါ် အခြေခံလျှင်မူ ၎င်းမှာ လန်ရှီး ဖြစ်လာရန် အခွင့်အလမ်း အများဆုံးဖြစ်ပြီး၊ သူသည် မိမိကိုယ်ကိုယ် ဤမျှအထိ ယုံကြည်ချက် ရှိပေသည်။

သို့သော် အကယ်၍ စွမ်းဆောင်ရည်နှင့် အုပ်ချုပ်ရေး အောင်မြင်မှုများကို ထည့်သွင်းမစဉ်းစားပါကမူ ထိုသူမှာ သူ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ သူသည် ဝမ်ကျင်းကို တစ်ခါမျှ မတွေ့ဖူးသော်လည်း ထိုမင်းသားသည် လူတော်လူကောင်းများကို သိမြင်အသုံးပြုရာတွင် ကျွမ်းကျင်ပြီး သူ၏လက်အောက်တွင် စွမ်းဆောင်ရည်ရှိသူ မြောက်မြားစွာ ရှိသည်ဟူသော ကောလာဟလများကိုမူ ကြားဖူးထားသည်။

ဝေးလံသော လူများကို ထည့်မပြောပါနှင့်ဦး၊ ဝမ်မျိုးနွယ်စု၏ သားမြေးများနှင့် ဥပဒေပြုရေးဝါဒဂိုဏ်း၏ ထူးချွန်သော တပည့်များထဲတွင်ပင် စွမ်းဆောင်ရည်ရှိသူ အများအပြား ရှိနေသည်။ သူသည် ဤမျှ အရေးကြီးသော ရာထူးနေရာကို မိမိ၏ ယုံကြည်စိတ်ချရသော လူရင်းများကို မပေးဘဲ လန်ရှီးအား အဘယ်ကြောင့် ပေးရပါမည်နည်း။

ကျန့်နန်မင်းသားကြီးသည် ဤမျှအထိ အာဏာစက် ပြင်းထန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ... ထိုမင်းသားသည် ဧကရာဇ်၏ အမိန့်တော်ကိုပင် မစောင့်ဆိုင်းဘဲ ဘုရင်ခံရာထူးကို ဆုံးဖြတ်ရန် သူတို့အား တိုက်ရိုက်ဆင့်ခေါ်ခဲ့သည်။ ဤသည်မှာ သူ၏ ကြိုတင်ခန့်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်နေခဲ့သည်။

မူလက သူသည် ဤရာထူးကို ရရှိရန် သေချာနေသည်ဟု ထင်သော်လည်း ယခုမူ မရေမရာ ဖြစ်သွားခဲ့ပြီ။ လက်ရှိ အခြေအနေအရ ဧကရာဇ်ငယ်သည် မင်ပြည်နယ်နှင့် ယွဲ့ပြည်နယ်တို့၏ စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိတော့ကြောင်း ထင်ရှားနေသည်။

ယခုအခါ သူသည် မရေရာသော ကံတရားအပေါ်၌သာ မျှော်လင့်ချက် ထားနိုင်တော့သည်။ တော်လှန်ပုန်ကန်ရန် ဟူ၍မူ... သူ တစ်ခါမျှ မတွေးဝံ့ခဲ့ချေ။ အင်အားကွာခြားချက်က အားလျော့စိတ်ပျက်စရာ ကောင်းလှပေသည်။ လန်ရှီးသည် ရည်မှန်းချက်ကြီးမားပြီး အာဏာမက်သူဖြစ်သော်လည်း ရူးသွပ်သူတစ်ဦး မဟုတ်ချေ။

လန်ရှီးသည် သူ၏စိတ်အခြေအနေကို လျင်မြန်စွာ ပြန်လည်ပြင်ဆင်လိုက်ပြီး ဝမ်ကျင်းနှင့် တွေ့ဆုံသည့်အခါ ကောင်းမွန်သော အထင်အမြင်တစ်ခု ပေးနိုင်ရန် ပြင်ဆင်လိုက်သည်။ သူ၏ လုပ်ရပ်များက သူ့အား လျှို့ဝှက်အကဲခတ်နေသော ကျားယွင်ကို များစွာ စိတ်ပျက်သွားစေခဲ့သည်။

အခြားစီရင်စုများမှ စီရင်စု နယ်စားမင်းများသည်လည်း ဝမ်ကျင်း၏ ဆင့်ခေါ်မှုကို လိုလိုလားလား နာခံကြပြီး မည်သည့် လျစ်လျူရှုမှုကိုမျှ မပြဝံ့ကြချေ။ သူတို့၏ နာခံလွန်းသော အမူအရာများက ကျားယွင်ကို များစွာ စိတ်ပျက်စေခဲ့သည်။ သို့သော်လည်း မတတ်နိုင်ချေ၊ စီရင်စု နယ်စားမင်းရာထူးနေရာအထိ တက်လှမ်းနိုင်သူများသည် အရာရှိလောကတွင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြပြီးသား ဖြစ်သည်။

အရည်အချင်းမရှိသော လူမိုက်များ သို့မဟုတ် အသုံးမကျသူများ ဤရာထူးသို့ တက်လှမ်းရန်မှာ များစွာ ခက်ခဲလှသည်။ ကောင်းမွန်သော နောက်ခံရှိ၍ လမ်းလွဲမရှိခဲ့သူများပင်လျှင် များသောအားဖြင့် ဩဇာကြီးမားသော မိသားစုကြီးများမှ ဖြစ်ကြပြီး၊ ထိုသူများသည် မိမိတို့၏ လူကြီးမိဘများ၏ သွန်သင်ဆုံးမမှုအောက်တွင် အရာရှိလောက၏ လျှို့ဝှက်စည်းမျဉ်းများကို စောစီးစွာကတည်းက ကျွမ်းကျင်ထားကြပြီး ဖြစ်သည်။

ကျားယွင် နားလည်ထားသောအရာကို အခြားသူများလည်း ထပ်တူ နားလည်ကြသည်။ သာမန်လူများနှင့် သိုင်းလောကသားများသည် ဝမ်ကျင်း၏ အရှိန်အဝါကို ကောင်းစွာ မသိမြင်နိုင်သော်လည်း၊ ဤအရာရှိကြီးများကမူ ၎င်းကို အလွန် ကောင်းမွန်စွာ နားလည်ကြပေသည်။

ဝမ်ကျင်းသည် ယခုအခါ အရှေ့တောင်ဘက်တစ်ခုလုံး၏ အရှင်သခင်ဖြစ်ပြီး ယွဲ့ပြည်နယ်၊ မင်ပြည်နယ်နှင့် သူ တိုက်ခိုက်သိမ်းပိုက်ထားသော ယွဲ့လူမျိုးများ၏ နယ်မြေဟူသော ဒေသသုံးခုကို လွှဲပြောင်းထိန်းချုပ်ထားသည်။ မြို့တော်ရှိ တရားရုံးတော်အမတ်ကြီး ကိုးဦးအနက် အနည်းဆုံး သုံးဦးမှာ သူ၏နောက်ကွယ်တွင် ရှိနေသည်...။

သူတို့မှာ ဥပဒေပြုရေးဝါဒဂိုဏ်းမှ အမတ်ကြီး ကျစ်တု၊ ဝမ်မျိုးနွယ်စုမှ ဝတ်လုံတော်အမတ်ကြီး ဝမ်ကျဲ နှင့် သူကိုယ်တိုင် ကျောထောက်နောက်ခံပြုပေးထားသော မြို့တော်ကာကွယ်ရေးအမတ်ကြီး ကျုံးယန် တို့ ဖြစ်သည်။ ကျယ်ပြောလှသော ရှီပြည်နယ်မှ ကျုံးဟိန်း ကဲ့သို့သော ဩဇာကြီးပုဂ္ဂိုလ်ပင်လျှင် ထိုမင်းသား၏ရှေ့၌ မိမိ၏ မာနကြီးသော ဦးခေါင်းကို ညွှတ်ခဲ့ရပြီး ဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ဝမ်ကျင်းကို ယှဉ်ပြိုင်ရန် မည်သည့်အရာ ရှိပါသနည်း။ လုံးဝ အောင်နိုင်မည့် အခွင့်အရေး မရှိချေ။ ထို့ကြောင့် ဝမ်ကျင်းက သူတို့နှင့် တွေ့ဆုံသည့်အခါ တစ်ဦးချင်းစီသည် အလွန်တရာ ကျိုးနွံနာခံကြပြီး မင်ပြည်နယ်၏ ကိစ္စရပ်အားလုံးမှာ ဝမ်ကျင်း၏ အလိုတော်အတိုင်းသာ ဖြစ်စေရမည်ဟု ဂါရဝပြု တင်ပြခဲ့ကြသည်။

သူတို့နှင့် မတွေ့ဆုံမီ ဝမ်ကျင်းသည် 'ကွန်ရက်' အဖွဲ့မှ တင်ပြလာသော လျှို့ဝှက်သတင်းအချက်အလက်များကို သေချာစွာ စစ်ဆေးပြီး ဖြစ်သည်။ သူသည် သူတို့အားလုံး၏ အကြောင်းကို နားလည်ထားပြီး ဖြစ်ရာ၊ အခြားသူများကို စိတ်ဝင်စားခြင်းမရှိဘဲ ပြည်နယ်တည်ငြိမ်မှုကိုသာ ထိန်းသိမ်းရန် လိုအပ်သည်ဟု ယူဆသည်။ သို့သော် ဝမ်ကျင်းသည် ဤလန်ရှီးကိုမူ အလွန် စိတ်ဝင်စားနေခဲ့သည်။

“သင်တို့အားလုံး ခရီးဝေးမှ လာခဲ့ကြတာဆိုတော့ ပင်ပန်းလှချေပြီ။ အခြားသူများ အနားယူဖို့ သွားနိုင်ပါတယ်၊ ကျောက်ဝူစီရင်စုရဲ့ စီရင်စု နယ်စားမင်း လန်ရှီး တစ်ယောက်တည်းပဲ နေခဲ့”

အခြားသူများ ထရပ်ကာ ဂါရဝပြု၍ ဆုတ်ခွာသွားကြသည်။ လန်ရှီး၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာခဲ့သည်။ စည်းကမ်းတကျ ရှိလှပြီး မည်သည့် ရမ်းကားသော လှုပ်ရှားမှုမျှ မပြုဝံ့သော လန်ရှီးကို ကြည့်ရင်း ဝမ်ကျင်းသည် စကားကို လှည့်ပတ်ပြောမနေခဲ့ချေ။

“နောင်ကျရင် သင်က မင်ပြည်နယ်ရဲ့ ဘုရင်ခံ ဖြစ်လာလိမ့်မယ်။ ကန့်ကွက်ချင်တာ တစ်ခုခုရှိသေးလား”

လန်ရှီး၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာပြီး ချက်ချင်း ထရပ်ကာ ဝမ်ကျင်းအား အလေးအမြတ် ဂါရဝပြုလိုက်သည်။

“မင်းသားကြီးအား ကျေးဇူးအထူး တင်ပါတယ်”

ဤသည်မှာ ဟန်ဆောင်ခြင်းမဟုတ်ချေ... သူသည် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်၊ လူငယ်မင်းသား၏ တိုက်ရိုက်ကျမှုနှင့် ပြတ်သားမှုတို့ကြောင့် ဖြစ်သည်။

“ငါ့ကို ကျေးဇူးတင်စောမနေပါနှင့်ဦး။ သင် လုပ်ဆောင်ခဲ့တဲ့ အချို့သောအရာတွေကို ငါ အလွန် စိတ်ဝင်စားတယ်၊ ပြီးတော့ သင် အဲဒါတွေကို ဆက်လုပ်ဖို့ ငါ အလိုရှိတယ်”

“မင်းသားကြီး ညွှန်ကြားပြသပေးပါ။”

“ထိုဂိုဏ်းငယ်လေး... ပင်လယ်ကျားဂိုဏ်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်...”

လန်ရှီး၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားပြီး သူ၏ ကျောပြင်တစ်ခုလုံး အေးစက်သွားခဲ့သည်၊ သူ၏ နဖူးပြင်ထက်တွင်လည်း ချွေးစေးများ လျင်မြန်စွာ စို့တက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သောအရာကို အပျော့စားပြောရလျှင် စည်းစိမ်ဥစ္စာ ရှာဖွေခြင်းသာဖြစ်ပြီး၊ ကြီးကြီးမားမား ပြောရလျှင်မူ ရန်သူနှင့် ပူးပေါင်းကြံစည်ခြင်း ဟု ခေါ်ဆိုနိုင်ပေသည်။

ချူးယွင် နှင့် မဟာကျင်းနိုင်ငံတော်တို့သည် ကမ်းရိုးတန်းတစ်လျှောက် တိုက်ပွဲငယ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးပြီး သူတို့သည် မဟာမိတ်နိုင်ငံများ မဟုတ်ကြချေ။ သူသည် အရာရာကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ထားသော်လည်း ဝမ်ကျင်းက ထိုးဖောက်မြင်ရက်သား ဖြစ်နေခဲ့သည်... ဤသည်က သူ့အား အလွန်တရာ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ဝမ်ကျင်း၏ လက်အောက်တွင် သတင်းအချက်အလက် စုဆောင်းရာ၌ အလွန် ကျွမ်းကျင်သော အဖွဲ့အစည်းတစ်ခု ရှိသည်ဟု သူ ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း၊ ယခုအချိန်အထိ သူ အလေးမထားခဲ့မိချေ။ ယခုမူ ကြောက်ရွံ့ထိတ်လန့်မှုများက တရိပ်ရိပ် တက်လာခဲ့ရသည်။ ၎င်းမှာ အကယ်၍ ထိုသူတို့ အလိုရှိပါက သူတို့၏ရှေ့တွင် မည်သည့်လျှို့ဝှက်ချက်မျှ ရှိနိုင်မည်မဟုတ်ဟု အဓိပ္ပာယ်ရသည် မဟုတ်လား။

လန်ရှီး၏ မူလက ရှိခဲ့သော မာနစိတ်များနှင့် သူ၏ သေးငယ်သော အကြံအစည်များသည် ယခုအခါ လုံးဝ ကွဲအက်ပျက်စီးသွားခဲ့ရလေပြီ။

All Chapters