အခန်း ၉၆၆
Vol. 65 Ch. 966
အခန်း (၉၆၆) ကန်းသတ္တုရွှေပိုးချည်မျှင်နှင့် ရှေးဟောင်းသူတော်စင်တို့၏ နယ်မြေ။ (၃)
စူးချန်ခုန်းက တည်းခိုခန်းရှိရာ ဦးတည်ချက်သို့ လျှောက်သွားခဲ့သည်။
“ကျေးဇူးပြုပြီး ထိုင်ပါခင်ဗျာ” ဆိုင်အကူအဖြစ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက တက်ကြွစွာဖြင့် ပြောလိုက်သည်။
“မင်းတို့ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာတွေကို တစ်မျိုးစီ ယူလာပေးပါ” စူးချန်ခုန်းက တိုက်ရိုက်ပင် မှာလိုက်သည်။
“ဟုတ်ကဲ့ပါ၊ ခဏလောက် စောင့်ပေးပါ” ဆိုင်အကူက ပြန်လည်ဖြေကြားပြီး ပြင်ဆင်ရန် ထွက်သွားခဲ့သည်။
စူးချန်ခုန်းသည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ဆိုင်အတွင်းရှိ အခြားဧည့်သည်များ၏ စကားပြောသံများကို နားထောင်နေခဲ့သည်။
“အစ်ကိုကြီးလျို၊ အစ်ကို့ရဲ့ သိုင်းပညာတိုးတက်မှုက တကယ်ကို ချီးကျူးစရာကောင်းတယ်ဗျာ။ ချီသွေးအသွင်ပြောင်းခြင်း ဆယ့်နှစ်ဆင့်ကို မကြာခင် ရောက်နိုင်ပြီး မူလချီစွမ်းအင်ရဲ့ အကူအညီနဲ့ မူလနယ်ပယ်အဆင့်ကို တက်လှမ်းနိုင်တော့မယ်။ အဲဒီနောက်မှာ ဓားဆွဲဂိုဏ်းထဲကို ဝင်ဖို့ အခွင့်အရေး ရတော့မှာ”
အနီးနားရှိ စားပွဲတစ်ခုတွင် သိုင်းပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး သောက်စားနေကြသည်။ သူတို့နှစ်ဦိးအနက် အနက်ရောင် ဝတ်ဆင်ထားသူက အခြားတစ်ဦးကို မြှောက်ပင့်ပြောဆိုနေခြင်း ဖြစ်သည်။
အပြာရောင် ဝတ်စုံနှင့် အခြားအမျိုးသားက ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်ပြီး “ချိတ်ဆွဲဓားဂိုဏ်းမှာ သိုင်းဝိဇ္ဇာသူတော်စင်တွေ အုပ်ချုပ်နေကြတာ။ သူတို့က တပည့်တွေ လက်ခံဖို့အတွက် အရမ်း တင်းကျပ်တဲ့ အခြေအနေတွေကို သတ်မှတ်ထားကြတယ်။ တကယ်လို့ ငါတို့က ဓားဆွဲဂိုဏ်းထဲကို တကယ် ဝင်နိုင်မယ်ဆိုရင် အနာဂတ်က အကန့်အသတ်မရှိ ကောင်းသွားလိမ့်မယ်။ သောက်ကြစို့၊ သောက်ကြစို့” ဟု ပြောလိုက်သည်။
သူတို့၏ ပြောစကားများက စူးချန်ခုန်းကို တိတ်တဆိတ် သက်ပြင်းချမိစေသည်။ မဟာမီးလျှံအင်ပါယာတွင် သာမန် မူလနယ်ပယ်သိုင်းပညာရှင်များသည် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး၏ ပုံရိပ်ကိုပင် မြင်တွေ့ရန် ခဲယဉ်းလှသည်။ သို့သော် ဤမြို့ငယ်လေးတွင်မူ သိုင်းဝိဇ္ဇာသူတော်စင်များ အုပ်ချုပ်သော သိုင်းဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားကြသော သိုင်းပညာရှင်များ ရှိနေကြသည်။
မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်တွင် သိုင်းဝိဇ္ဇာသူတော်စင်များကို နေရာတိုင်း၌ မတွေ့နိုင်သော်လည်း အခြားသော ကိုးနိုင်ငံ ပေါင်းစပ်ထားသည်ထက် ပိုမိုများပြားလှသည်။ ၎င်း၏ ကျယ်ပြောလှသော နယ်မြေ၊ များပြားလှသော လူဦးရေနှင့် ပေါကြွယ်ဝသော အရင်းအမြစ်များသည် ရှေးဟောင်းသူတော်စင် ကိုးဦးကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးဖွားပေးနိုင်သည့် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
“သုံးဆောင်နိုင်ပါပြီခင်ဗျာ” ဟု ဆိုင်အကူက ပြောလိုက်သည်။
ရုတ်တရက် စူးချန်ခုန်း မှာယူထားသော ဟင်းလျာများကို စားပွဲပေါ်သို့ တင်ဆောင်လာခဲ့သည်။ ထမင်းနှင့် အသားဟင်းလျာများ ရှိနေပြီး စူးချန်ခုန်းသည် ကြည်လင်တောက်ပနေသော ထမင်းတစ်ဇွန်းကို ခပ်ယူကြည့်လိုက်ရာ ယင်းမှာ ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော နေရာများတွင် ပေါက်ရောက်တတ်သည့် ဝိညာဉ်မြက် အမျိုးအစား ဖြစ်နေသည်။ မဟာမီးလျှံအင်ပါယာတွင်မူ ဂိုဏ်းကြီးများမှ တပည့်များသာ ဤကဲ့သို့သော အစားအစာများကို စားသုံးခွင့် ရရှိကြသည်။
စူးချန်ခုန်းသည် ထိုအရသာရှိသော ဟင်းလျာကို ဆိတ်ငြိမ်စွာပင် စားသုံးလိုက်သည်။
ရုတ်တရက် စူးချန်ခုန်းသည် မျက်ခုံးကို အသာအယာ တွန့်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ အဝေးမှ ပြင်းထန်သော ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို သူခံစားမိလိုက်ခြင်း ဖြစ်သည်။ ဤလှုပ်ခတ်မှုများသည် သိုင်းဝိဇ္ဇာသူတော်စင်များ အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်ပြီး တစ်ဦးက အခြားတစ်ဦးကို လိုက်လံတိုက်ခိုက်ရင်း ဤမြို့ငယ်လေး၏ ကောင်းကင်ယံသို့ လျင်မြန်စွာ နီးကပ်လာနေပုံရသည်။
မြို့ငယ်လေးနှင့် မိုင်ပေါင်းရာချီ ဝေးကွာသော ကောင်းကင်ယံ၌ လူနှစ်စုသည် အချင်းချင်း လိုက်လံတိုက်ခိုက်နေကြသည်။ လိုက်လံတိုက်ခိုက်သူများတွင် အမျိုးသားသုံးဦး ပါဝင်ပြီး လိုက်လံခြင်း ခံရသူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဗဟတောင့်တောင့် အမျိုးသားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ကောင်းကင်မြစ်ဂိုဏ်းက သိုင်းပညာရှင်တွေက ကြွက်တွေလိုပဲလား။ မင်းတို့က ပြေးရတာကို တကယ် ကျွမ်းကျင်တာပဲ” ဟု အော်ပြောလိုက်သည်။
အလိုက်ခံနေရသော အပြာရောင် ဝတ်စုံနှင့် လူငယ်က ဒေါသတကြီးဖြင့် “ချောင်မင်ယန်၊ မင်းက ပရမ်းပတာ လူသတ်သမားပဲ။ ငါတို့ကို တိုက်ရဲတယ်ဆိုတော့ ကောင်းကင်မြစ်ဂိုဏ်း ကလဲ့စားချေမှာကို မကြောက်ဘူးလား” ဟု ပြန်အော်ပြောလိုက်သည်။
အညိုရောင် ဝတ်စုံနှင့် ချောင်မင်ယန်၏ မျက်လုံးများအတွင်း ရက်စက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူသည် သာမန်လူတစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်လည်း တိုက်ဆိုင်စွာဖြင့် နတ်ဘုရားမျိုးစေ့တစ်ခု ရရှိခဲ့ပြီး နှစ်ပေါင်းတစ်ရာခန့် ကြာပြီးနောက်တွင် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် နတ်ဘုရားမျိုးစေ့အပေါ်၌သာ အမှီပြု၍ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခဲ့သဖြင့် သူ၏ စွမ်းအားမှာ ရွယ်တူများအကြား အောက်ခြေအဆင့်တွင်သာ ရှိနေခဲ့သည်။
ဂိုဏ်းကြီးများသည် သူကဲ့သို့ အလားအလာမရှိသော တပည့်များကို လက်ခံမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမျိုးစေ့ဖြင့် တက်လှမ်းလာသူများကို ပြုစုပျိုးထောင်ခြင်းမှာ အရင်းအမြစ်များကို ဖြုန်းတီးရာ ရောက်သောကြောင့် ဖြစ်သည်။ မိမိ၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ပိုမိုသန်မာလာစေရန် ချောင်မင်ယန်သည် လမ်းမှားသို့ ရောက်ရှိသွားခဲ့ပြီး မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကာ လုယူမှုများကို ပြုလုပ်ခဲ့သည်။
သူသည် သူနှင့် အတွေ့အကြုံတူသော အခြားသိုင်းဝိဇ္ဇာသူတော်စင်နှစ်ဦးကို စုစည်းခဲ့ပြီး ယနေ့တွင်မူ ကောင်းကင်မြစ်ဂိုဏ်းမှ သိုင်းပညာရှင်နှစ်ဦးကို လုယူရန်အတွက် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းကြီးများမှ တပည့်များသည် သာမန်အားဖြင့် အလွန်ပင် ချမ်းသာကြသဖြင့် သူတို့ကို သတ်ဖြတ်ခြင်းက များပြားလှသော ရတနာများကို ရရှိစေနိုင်သည်။
ထိုသူနှစ်ဦး၏ ဂိုဏ်းထံမှ ကလဲ့စားချေမှုကို စိုးရိမ်သလားဆိုတာကတော့ သေဆုံးသွားသော လူများသည် စကားမပြောနိုင်တော့ပေ။ အကယ်၍ ကိစ္စကြီးမားလာပါက သူသည် ဤချန်းယောင်ဒေသမှ ထွက်ခွာသွားရုံသာ ရှိသည်။
“လေတိုက်စေ” ချောင်မင်ယန်၏ အပေါင်းအဖော် သုံးဦးအနက် မျက်နှာပေါ်တွင် အမာရွတ်ရှိသော အမျိုးသားက မိစ္ဆာကျင့်စဉ်ကို အသုံးပြုလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး သူတို့၏ အရှိန်ကို မြှင့်တင်ပေးလိုက်သဖြင့် နှစ်ဖက်အကြား အကွာအဝေးမှာ လျင်မြန်စွာ ကျဉ်းမြောင်းသွားခဲ့သည်။
“ညီမလေး၊ အရင် ထွက်ပြေး။ အစ်ကို သူတို့ကို တားပေးထားမယ်” အပြာရောင် ဝတ်စုံနှင့် လူငယ်လေးက ရန်သူများ ချဉ်းကပ်လာသည်ကို သတိပြုမိပြီး သွားကို တင်းတင်းကြိတ်ကာ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးငယ်ထံသို့ တိတ်တဆိတ် သတင်းပို့လိုက်သည်။
“အစ်ကိုကြီးလျို” အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက စိုးရိမ်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ထိုလူငယ်လေးက နောက်ပြန်လှည့်ပြီး လိုက်လံတိုက်ခိုက်သူ သုံးဦးကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ တစ်ပြိုင်နက်တည်းတွင် သူ၏ အရှိန်အဝါများမှာ မြင့်တက်လာပြီး ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအားများကို လျင်မြန်စွာ စုစည်းလိုက်သည်။
“သတိထားကြ၊ ဒီကောင်လေးက နတ်ဘုရားမျိုးစေ့တစ်ခုကို သန့်စင်လိုက်တာပဲ။ သူ့ရဲ့ အရှိန်အဝါက သိုင်းဝိဇ္ဇာသူတော်စင် ဒုတိယအဆင့်ကို ရောက်နေပြီ” ချောင်မင်ယန်သည် ထိုအပြာရောင်ဝတ်စုံနှင့် လူငယ်လေးက နတ်ဘုရားမျိုးစေ့တစ်ခုကို သန့်စင်လိုက်ကြောင်း သိသွားသဖြင့် သူ၏ အပေါင်းအဖော် နှစ်ဦးထံသို့ ချက်ချင်း သတင်းပို့လိုက်သည်။
မိမိ၏ အနာဂတ်ကို ဖျက်ဆီးခဲ့ရသော်လည်း ဤပြင်းထန်သော ရန်သူသုံးဦးကို ရင်ဆိုင်ရသောအခါ အပြာရောင် ဝတ်စုံနှင့် လူငယ်လေးသည် အသက်လု တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသဖြင့် သူ၏ စွမ်းအားကို အစွန်းကုန် မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ ထိုလူငယ်လေး၏ လက်ထဲရှိ နတ်ဘုရားဓားသည် ကြီးမားလှသော ဓားဓာတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
“ဒါဆိုရင်လည်း ငါ့ရဲ့ အရိုးဖြူမိစ္ဆာဓားရဲ့ အရသာကို မြည်းစမ်းကြည့်စမ်း” ချောင်မင်ယန်သည် အရိုးဖြူဓားရှည်ကို ကိုင်စွဲကာ တိုက်ရိုက်ခုခံလိုက်ပြီး အခြားအပေါင်းအဖော် နှစ်ဦးကလည်း မိစ္ဆာကျင့်စဉ်များကို ထုတ်ဖော်ကာ ဘေးတစ်ဖက်စီမှ ဝိုင်းရံတိုက်ခိုက်ကြသည်။ ယင်းမှာ သုံးယောက်တစ်ယောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
“ချွမ်း ချွမ်း ချွမ်း” လက်နက်များ အချင်းချင်း တိုက်ခိုက်မိသံများသည် မိုင်ပေါင်းရာချီ ပဲ့တင်ထပ်သွားပြီး ဓားဟိန်းသံများနှင့် တိုက်ခိုက်သံများမှာ လေထုထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။
အကယ်၍ တစ်ဦးချင်း တိုက်ခိုက်ခြင်း ဖြစ်ပါက ဂိုဏ်းကြီးမှဖြစ်ပြီး နတ်ဘုရားမျိုးစေ့ကို သန့်စင်ကာ သိုင်းဝိဇ္ဇာသူတော်စင် ဒုတိယကောင်းကင်ဘုံအဆင့်သို့ အတင်း မြှင့်တင်ထားသော အပြာရောင် ဝတ်စုံနှင့် လူငယ်သည် ချောင်မင်ယန်ထက် သာလွန်မည် ဖြစ်သော်လည်း ချောင်မင်ယန်တွင် အကူ နှစ်ဦး ရှိနေသည်။
အမာရွတ်နှင့် အမျိုးသားက သူ၏ မိစ္ဆာကျင့်စဉ်ကို အသုံးပြုကာ လေပြင်းများဖြင့် အပြာရောင် ဝတ်စုံနှင့် လူငယ်ကို အပြင်းအထန် တိုက်ခိုက်နေပြီး အဝါရောင်ဝတ်စုံနှင့် အမျိုးသားကလည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားမျိုးစေ့ကို လှုပ်ခတ်စေကာ လက်သီးဆုပ်ခန့်ရှိသော်လည်း တောင်တန်းကြီးကဲ့သို့ လေးလံသော ရေလုံးများကို ကောင်းကင်မှ တိုက်ရိုက် ပစ်ခတ်နေသည်။
လူငယ်လေးသည် တစ်ဦးတည်း ရန်သူသုံးဦးကို ရင်ဆိုင်နေရသဖြင့် ခဏချင်းအတွင်း၌ပင် ခံစစ်ကိုသာ အသုံးပြုနိုင်တော့ပြီး သူ၏ ဓားရှည်ကို လေမုန်တိုင်းကဲ့သို့ ဝှေ့ယမ်းကာ ဓားအကာအကွယ်တစ်ခု ပြုလုပ်ထားရသည်။ သူ၏ ဓားကို ကိုင်ဆောင်ထားသော လက်မှာလည်း ဒဏ်မခံနိုင်တော့ဘဲ နာကျင်နေသည်။
အစိမ်းရောင်နှင့်မိန်းကလေးငယ်လေးကတော့ အတော်လေး စိုးရိမ်နေ၏။ သူက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ပင် မပြည့်သေးသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားမျိုးစေ့နှင့် နတ်ဘုရားအမှတ်အသားများမှာ အလွန်နည်းပါးလှသဖြင့် ပြင်းထန်သော ဤတိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း မရှိပေ။
“မြန်မြန် ပြေးတော့” အပြာရောင် ဝတ်စုံနှင့် လူငယ်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
“အစ်ကိုကြီးလျို၊ သေရမယ်ဆိုရင်လည်း အတူတူ သေကြတာပေါ့” အဆုံးတွင် အစိမ်းရောင်မိန်းကလေးသည် အံကို တင်းတင်းကြိတ်ကာ ထွက်ပြေးရန် အခွင့်အရေးကို လျစ်လျူရှု၍ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ဟားဟားဟား၊ တကယ်ကို သံယောဇဉ်ကြီးကြတာပဲ။ ငါက အမြဲတမ်း စိတ်ကောင်းရှိတဲ့သူမို့ မင်းတို့နှစ်ယောက်လုံးကို အတူတူ သေခွင့်ပေးလိုက်မယ်” အညိုရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဗလတောင့်တောင့် လူထွားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ အရိုးဖြူဓားရှည်ပေါ်တွင် မည်းနက်နက် မီးတောက်များ တောက်လောင်လာကာ ဟင်းလင်းပြင်အတွင်း၌ပင် ညည်းတွားသံများ ထွက်ပေါ်လာစေလျက် သူ၏ တိုက်ခိုက်မှုကို ပိုမိုပြင်းထန်စေခဲ့သည်။
အသစ်ဝင်ရောက်ခါစ သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်သော အစိမ်းရောင် ဝတ်ဆင်ထားသည့် မိန်းကလေးငယ် ဝင်ရောက်လာခြင်းက တိုက်ပွဲ၏ အခြေအနေကို မပြောင်းလဲစေနိုင်ဘဲ အချိန်ကို ယာယီဆွဲထားနိုင်ရုံသာ ရှိသည်။
“အဲဒီမိန်းကလေးကိုတော့ ခဏလောက် ချန်ထားလို့ရတယ်” အခြားနှစ်ဦးကလည်း ရက်စက်စွာ ရယ်မောလိုက်ကြသည်။
ထိုအချိန်တွင် အညိုရောင်နှင့် ချောင်မင်ယန်၏ စိတ်ထဲ၌ ရုတ်တရက် အန္တရာယ်ကြီးမားသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ရွှေရောင်ပိုးမျှင်တန်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ တားဆီး၍မရသော စွမ်းအားများဖြင့် သူ၏ နဖူးဆီသို့ တိုက်ရိုက် ဦးတည် ပျံသန်းလာခြင်း ဖြစ်သည်။
ချောင်မင်ယန်သည် တုံ့ပြန်မှု လျင်မြန်လှသဖြင့် သူ၏ အရိုးဖြူဓားရှည်၏ ပြားသောအပိုင်းကို အသုံးပြုကာ ပြေးဝင်လာသော ရွှေရောင်ပိုးမျှင်တန်းကို အလျင်အမြန် ခုခံလိုက်သည်။ ဤဓားသည် လူနှင့် သားရဲမြောက်မြားစွာ၏ အရိုးများဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး သူ၏ နတ်ဘုရားမျိုးစေ့မှ ထွက်ပေါ်လာသော မိစ္ဆာကျင့်စဉ်၏ ပံ့ပိုးမှုအောက်တွင် သာမန်နတ်ဘုရားလက်နက်များနှင့် တူညီသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
“ရှူး”
သို့သော် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သာမန်မျှသာ ထင်ရသော ထိုရွှေရောင်ပိုးမျှင်တန်းသည် စက္ကူတစ်ရွက်ကို ဖြတ်သန်းသွားသကဲ့သို့ အရိုးဖြူဓားရှည်ကို အသံမထွက်ဘဲ ထိုးဖောက်သွားခဲ့ပြီး သူ၏ နဖူးဆီသို့ ဆက်လက် တိုးဝင်သွားကာ ဦးခေါင်းနောက်ဘက်သို့ ထိုးထွက်သွားခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချောင်မင်ယန်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ သူ၏လက်နက်ကို ဖျက်ဆီးပြီး တစ်ကြိမ်တည်းဖြင့်ပင် သူ့ကို သတ်ဖြတ်နိုင်ခဲ့သော ဤရွှေရောင်ပိုးမျှင်တန်းမှာ မည်သည့် နတ်ဘုရားလက်နက် သို့မဟုတ် မည်သည့် မိစ္ဆာကျင့်စဉ် ဖြစ်ပါသနည်း။