အခန်း ၉၆၉
Vol. 65 Ch. 969
အခန်း (၉၆၉) ကောင်းကင်မြစ်ဂိုဏ်းနှင့် စူးချန်ခုန်း။ (၃)
သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးပင်လျှင် ဤကဲ့သို့သော နေရာမျိုး၌ ကျင့်ကြံပါက မိမိ၏ ပင်ပန်းခက်ခဲလှသော ကျင့်ကြံမှု အချိန်ကာလကို တိုတောင်းစေနိုင်ပေသည်။
“ဒီကောင်းကင်မြစ်ဂိုဏ်းကတင် ဒီလောက်တောင် အံ့ဩစရာ ကောင်းနေပြီ။ ထိပ်တန်း ရှေးဟောင်းမိသားစုကြီးတွေနဲ့ ရှေးဟောင်းဂိုဏ်းကြီးတွေဆိုရင် ကောင်းကင်မြစ်ဂိုဏ်းထက် အဆပေါင်းများစွာ သာမယ်လို့ ထင်တယ်” စူးချန်ခုန်းက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“သိုင်းဝိဇ္ဇာသူတော်စင်တွေပါလား” ကောင်းကင်မြစ်ဂိုဏ်း တည်ရှိရာ ကောင်းကင်မြစ်တောင်၏ တောင်တက်လမ်းတစ်လျှောက်တွင် ဂိုဏ်းဝတ်စုံများ ဝတ်ဆင်ထားသော တပည့်များစွာသည် ကောင်းကင်ယံမှ ပျံသန်းလာပြီး ဆင်းသက်လိုက်ကြသော လူသုံးဦးကို မျက်လုံးများအတွင်း၌ အားကျစိတ်များ အပြည့်နှင့် မော့ကြည့်နေကြသည်။
မည်သည့်ဂိုဏ်းတွင်မဆို သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိမှသာ ဂိုဏ်း၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပြီး ပိုမိုကျယ်ပြောသော လောကကြီးကို ထိတွေ့နိုင်ခွင့် ရှိသည်။ ဤအဆင့်က လူတစ်ရာတွင် ကိုးဆယ့်ကိုးယောက်မကသော လူများကို ပိတ်ပင်ထားသည်။
တပည့်ပေါင်း တစ်သိန်းကျော်ရှိသော ကောင်းကင်မြစ်ဂိုဏ်းတွင် တပည့်တစ်ဦးချင်းစီမှာ တင်းကျပ်လှသော ရွေးချယ်မှုနှင့် စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးမှ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခွင့် ရရှိကြသူများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြပြီး အချို့မှာ သိုင်းဝိဇ္ဇာသူတော်စင်များ၏ မျိုးဆက်များ ဖြစ်ကြသော်လည်း အဆုံးတွင် သူတို့၏ သက်တမ်းမကုန်ဆုံးမီ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သူမှာ တစ်ထောင်တွင် တစ်ဦးပင် မပြည့်ပေ။
မိမိတို့၏ သက်တမ်းကုန်ဆုံးချိန်အခြေအနေအထိ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ မရောက်နိုင်သူ အများစုမှာ အကယ်၍ ဂိုဏ်းထံမှ ရရှိနိုင်ပါက နတ်ဘုရားမျိုးစေ့တစ်ခုကို သန့်စင်ရန် ရွေးချယ်ကြလေ့ရှိသည်။
သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် ခဲယဉ်းလှသကဲ့သို့ ဤနယ်ပယ်တွင် ပိုမိုဝေးကွာသော နေရာသို့ တက်လှမ်းရန်မှာ ပိုမို၍ပင် ခက်ခဲလှသည်။
“အစ်ကိုလျို၊ ညီမလေးဝမ့်” ကောင်းကင်မြစ်ဂိုဏ်း၏ တံခါးဝတွင် စူးချန်ခုန်းနှင့် အခြားသူနှစ်ဦး ဆင်းသက်လိုက်ကြရာ လျိုဖေးရှင်းနှင့် ဝမ့်ရှောင်ယွီတို့ကို မြင်လိုက်ရသဖြင့် တံခါးစောင့်တပည့်များက အရိုအသေ ပေးလိုက်ကြသည်။
“အင်း” လျိုဖေးရှင်းက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး စူးချန်ခုန်းကို ကောင်းကင်မြစ်ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ခန့်ညားထည်ဝါလှသော နန်းတော်ကြီးများသည် မြင့်မားစွာ တည်ရှိနေပြီး နဂါးဓာတ်စွမ်းအားများမှ ထွက်ပေါ်လာသော များပြားလှသော ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ဤနေရာသည် စူးချန်ခုန်း ယခင်က မဟာမီးလျှံအင်ပါယာတွင် မြင်တွေ့ခဲ့ဖူးသော ကောင်းကင်ဂူနန်းနှင့် မင်္ဂလာနယ်မြေများထက်ပင် သာလွန်လှသည်။
“အစ်ကိုစူး၊ ကျွန်တော့်ရဲ့ ဖေးရှင်းဂူဗိမာန်ကို ခေါ်သွားပေးပါ့မယ်” လျိုဖေးရှင်းက ပြောလိုက်သည်။
ကောင်းကင်မြစ်ဂိုဏ်းတွင် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ဂူနန်းနှင့် တူညီသော ဝိညာဉ်စွမ်းအားများ ထူထပ်လှသည့် ကိုယ်ပိုင်ဂူဗိမာန်တစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိကြသည်။
“အင်း” စူးချန်ခုန်းကလည်း သဘာဝကျစွာပင် သဘောတူလိုက်ပြီး ကောင်းကင်မြစ်တောင်၏ ထိပ်ဖျားတွင် တည်ရှိသော အတွင်း၌ အခြားကမ္ဘာတစ်ခုကဲ့သို့ ဆန်းပြားလှသည့် ဂူဗိမာန်အတွင်းသို့ လျိုဖေးရှင်း၏ နောက်ကွယ်မှ လိုက်ပါသွားခဲ့သည်။
မွှေးပျံ့လှသော ပန်းပွင့်များ၊ ထူထပ်လှသော ဝိညာဉ်စွမ်းအားများ၊ ကျောက်ဆောင်တောင်တန်းများ၊ ရေတံခွန်များနှင့် မြောက်မြားစွာသော ဝိညာဉ်မြက်ပင်များ ရှိနေကြသည်။
ကောင်းကင်မြစ်ဂိုဏ်းမှ အချို့သော တပည့်များသည် ဝိညာဉ်ဆေးပင်စိုက်ခင်းများကို ပြုစုပျိုးထောင်နေကြသည်ကိုလည်း စူးချန်ခုန်း မြင်တွေ့လိုက်ရသည်။
သူတို့က လျိုဖေးရှင်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ မရောက်မီကပင် သူနှင့် ရင်းနှီးခဲ့ကြသည့် သူ၏ သူငယ်ချင်း တပည့်များ ဖြစ်ကြသည်။
သူတို့အတွက် လျိုဖေးရှင်းက သူ၏ ဝိညာဉ်စွမ်းအား ပြည့်ဝလှသော ဂူဗိမာန်အတွင်း၌ လာရောက်ကျင့်ကြံခွင့် ပြုထားခြင်းမှာပင် ကြီးမားလှသော ကူညီစောင့်ရှောက်မှု ဖြစ်သည်။
ဖေးရှင်းဂူဗိမာန်၏ ခန်းမဆောင်ကြီးအတွင်း၌ လျိုဖေးရှင်းသည် စူးချန်ခုန်းကို နွေးထွေးစွာ ဧည့်ခံပြီး သူအမြဲတမ်း တန်ဖိုးထားရသော ဝိညာဉ်လက်ဖက်ရည်ကိုပင် တိုက်ကျွေးခဲ့သည်။
မကြာမီပင် အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အပြေးအလွှား ဝင်လာခဲ့သည်။ သူ၏ ရုပ်ရည်မှာ လျိုဖေးရှင်းနှင့် ဆင်တူနေပြီး အသက်လေးဆယ်ကျော်အရွယ် ရှိကာ ဒေါသကင်းကာ ခန့်ညားထည်ဝါမှုကို ထုတ်ဖော်နေသည်။ သူ၏ အရှိန်အဝါများမှာ ငြိမ်သက်နေသော်လည်း နက်နဲလှပြီး ကောင်းကင်နှင့်မြေကမ္ဘာ တစ်သားတည်းဖြစ်ခြင်း အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
“ဖေးရှင်း၊ ဝမ့်ရှောင်ယွီဆီကနေ မင်း နတ်ဘုရားမျိုးစေ့ကို သန့်စင်လိုက်တယ်လို့ ကြားခဲ့တယ်” ဟု ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန် မေးလိုက်သည်။
“ဟုတ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ အခြေအနေမို့ပါ” လျိုဖေးရှင်းက စိတ်မကောင်းစွာဖြင့် ပြုံးလျက် ပြန်ဖြေသည်။
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လျိုဖေးရှင်း၏ဖခင်ဖြစ်သူ လျိုယွဲ့ဖျင် ဖြစ်ပြီး ကောင်းကင်မြစ်ဂိုဏ်း၏ အကြီးအကဲ တစ်ဆယ့်တစ်ဦးအနက် အဆင့်ခြောက်နေရာ၌ တည်ရှိကာ ဂိုဏ်းအတွင်း လွန်စွာ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ကောင်းကင်မြစ်ဂိုဏ်းသို့ ပြန်ရောက်လာချိန်တွင် လျိုဖေးရှင်းနှင့် ဝမ့်ရှောင်ယွီတို့သည် တံခါးပိတ်ကျင့်ကြံနေသော လျိုယွဲ့ဖျင်ထံသို့ သတင်းပေးပို့ခဲ့ပြီး ဖြစ်သဖြင့် သတင်းကို ရသည်နှင့် သူသည် အခြေအနေကို သိရှိနိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းမှ ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
သားဖြစ်သူ၏ ပြောစကားကို အတည်ပြုပြီးနောက် လျိုယွဲ့ဖျင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး စိတ်ထဲ၌ မချိမဆံ့ ခံစားလိုက်ရသည်။ အစွမ်းထက်သော ပုဂ္ဂိုလ်များအတွက် သားသမီး ရရှိရန်မှာ ပိုမိုခက်ခဲသည်ကို သူ ကောင်းစွာ နားလည်ထားသည်။
သူ့တွင် လျိုဖေးရှင်းတစ်ဦးတည်းသာရှိသည် မဟုတ်သော်လည်း မိမိကိုယ်ပိုင်ကျင့်ကြံမှုဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် လျိုဖေးရှင်းမှာ သူ၏ တန်ဖိုးအထားရဆုံးသော သားဖြစ်ရုံမျှမက အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်သည်။
ယခုအခါ လျိုဖေးရှင်းသည် နတ်ဘုရားမျိုးစေ့ကို သန့်စင်လိုက်သဖြင့် သူ၏ ပါရမီနှင့် အလားအလာမှာ များစွာ ထိခိုက်ပျက်စီးသွားခဲ့ပြီး သူ၏ အနာဂတ်တိုးတက်မှုမှာလည်း ကန့်သတ်ချက်များ ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ထဲ၌ လေးလံဆိုးရွားနေသော်လည်း လျိုယွဲ့ဖျင်သည် သာမန်လူတစ်ဦး မဟုတ်သသဖြင့် သူ၏ စိတ်ခံစားမှုများကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။ သူသည် စူးချန်ခုန်းဘက်သို့ လှည့်လိုက်ပြီး ဦးညွှတ်ကာ ရိုသေစွာဖြင့် “ဒီကမိတ်ဆွေလေးက စူးချန်ခုန်းလား” ဟု နှုတ်ဆက်စကား ဆိုလိုက်သည်။
“မိတ်ဆွေ အချိန်မီ ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အစ်ကို့သားရဲ့ အသက်က အဲ့ဒီလူဆိုးတွေရဲ့ လက်ထဲ ပျောက်သွားမှာ”
“အကြီးအကဲလျိုက အားနာစရာ ပြောနေပါပြီ” စူးချန်ခုန်းက ပြောလိုက်သည်။
လျိုယွဲ့ဖျင်နှင့် စူးချန်ခုန်းတို့သည် အတူတူ ထိုင်လိုက်ကြပြီး လျိုယွဲ့ဖျင်က “မိတ်ဆွေလေးစူးက သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးကို သတ်ခဲ့တယ်လို့ ဖေးရှင်းဆီကနေ ကြားခဲ့ရတယ်။ မိတ်ဆွေကို လမ်းညွှန်ပေးခဲ့တဲ့ ဆရာက ဘယ်သူဖြစ်မလဲ။ အစ်ကိုတို့ ကောင်းကင်မြစ်ဂိုဏ်းနဲ့ ပတ်သက်မှုများ ရှိနိုင်မလားလို့ပါ” ဟု စူးစမ်းမေးမြန်းလိုက်သည်။
လျိုဖေးရှင်းအား နတ်ဘုရားမျိုးစေ့ကို အတင်းအကျပ် သန့်စင်စေခဲ့သော သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးမှာ သိသာစွာပင် အင်အားကြီးမားကြသော်လည်း စူးချန်ခုန်းက သူတို့ကို လွယ်ကူစွာ သုတ်သင်နိုင်ခဲ့ခြင်းမှာ အလွန်ပင် ဆန်းပြားလှသဖြင့် စူးချန်ခုန်း၏ နောက်ကြောင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို လျိုယွဲ့ဖျင်က အလွန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“အကြီးအကဲလျို၊ ကျွန်တော့်မှာ တကယ့်ဆရာ မရှိပါဘူး။ ကျွန်တော်က ဝေးလံတဲ့ နေရာတွေမှာ ကိုယ်တိုင် နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တာဖြစ်ပြီး ဒီချန်းယောင်ဒေသကို အခုမှ ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ” စူးချန်ခုန်းက ခေါင်းကို ခါယမ်းလျက် အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။
လျိုယွဲ့ဖျင် အနည်းငယ်တော့ သံသယဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် သာမန်အားဖြင့် ဂိုဏ်းကြီးတစ်ခု သို့မဟုတ် ထင်ရှားသော မိသားစုကြီးတစ်ခုမှသာ ထွက်ပေါ်လာလေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော် စူးချန်ခုန်းက ပြောပြရန် ဆန္ဒမရှိသဖြင့် လျိုယွဲ့ဖျင်သည်လည်း ဆက်လက်၍ အတင်းအကျပ် မမေးတော့ပေ။
ထိုအစား လျိုယွဲ့ဖျင်သည် ကျောက်စိမ်းသေတ္တာငယ်တစ်ခုကို ထုတ်ယူကာ စူးချန်ခုန်းထံသို့ ပေးအပ်လိုက်ပြီး “မိတ်ဆွေလေးစူးက ဖေးရှင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် အစ်ကို့အနေနဲ့ ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး။ ဒီလက်ဆောင်လေးကိုတော့ လက်ခံပေးပါ” ဟု ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ပါဘူး” စူးချန်ခုန်းက ခဏမျှ စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ အကယ်၍ သူသာ ငြင်းပယ်ခဲ့ပါက လျိုယွဲ့ဖျင်သည် စိတ်မအေးမချမ်း ဖြစ်နေမည်ကို သူနားလည်ထားသည်။ လက်ဆောင်ကို လက်ခံလိုက်ခြင်းက လျိုယွဲ့ဖျင်၏ ကျေးဇူးကြွေးကို တစ်စိတ်တစ်ပိုင်း ဆပ်ပြီးသားဖြစ်စေသဖြင့် နောင်တွင် စကားပြောဆိုရာ၌ ပိုမိုလွယ်ကူစေပေလိမ့်မည်။
“ဒါက တကယ့်ကို ရက်ရောတဲ့ လက်ဆောင်ပဲ” စူးချန်ခုန်းက ကျောက်စိမ်းသေတ္တာအတွင်းရှိ ပစ္စည်းများကို ကြည့်ရှုရင်း စိတ်ထဲ၌ ချီးကျူးမိသည်။
ထိုကျောက်စိမ်းသေတ္တာအတွင်း၌ မူလအဆီအနှစ်ရည် စုစုပေါင်း ကျပ်သား ငါးဆယ်ခန့် ပါဝင်နေသည်။
သာမန်အားဖြင့် နတ်ဘုရားမျိုးစေ့တစ်ခု၏ တန်ဖိုးမှာ ၎င်း၏ စွမ်းရည်နှင့် အရည်အသွေးအပေါ် မူတည်၍ မူလရည် ကျပ်သား တစ်ဆယ်မှ တစ်ရာခန့်အထိ တန်ဖိုးရှိသည်။
ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ ထိပ်တန်းတပည့်ဖြစ်သော ဝမ်ကျန့်ချိုးထံ၌ပင် မူအဆီအနှစ်လရည် ကျပ်သား တစ်ရာခန့်သာ ပါရှိခဲ့သည်။
လျိုယွဲ့ဖျင်က ကျေးဇူးတုံ့ပြန်မှုအဖြစ် ပေးအပ်ခဲ့သော မူလအဆီအနှစ်ရည် ကျပ်သား ငါးဆယ်မှာ တကယ်ကို ကြီးမားလှသော လက်ဆောင်တစ်ခု ဖြစ်ပေသည်။