အဆင့်ကိုးကောင်းကင်ဘုံအရှင်သခင်၏ အရည်အသွေး
Vol. 017 Ch. 833
အပြင်လူများသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းမိသားစုများ၏ အဆင့်ခွဲခြားထားမှုကို မသိနိုင်ပေ။ ဥပမာ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်သည် ထိပ်ဆုံးက တည်ရှိမှု ဖြစ်လေ၏။
အဆင့်ရှစ်ကျင့်ကြံခြင်းဂြိုဟ်များကမူ အလွန်ရှားပါးလှကာ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင်ပင် စုစုပေါင်းမှ သုံးဂြိုဟ်သာ ရှိလေ၏။ အံ့အားသင့်ဖွယ်အကောင်းဆုံး အဆင့်ကိုးကျင့်ကြံခြင်းဂြိုဟ်ကတော့ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် တစ်ခုသာ ရှိပေသည်။
ထိုကဲ့သို့ပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင်လည်း အဆင့်ခွဲခြားထားမှုများ ရှိပေ။သို့သော် သူတို့က သမိုင်းပေါ်တွင် ပို၍ အာရုံစိုက်ကြ၏။ ရှည်လျားသည့် ကျင့်ကြံခြင်း သက်တမ်းရှိသော ကျင့်ကြံခြင်းမိသားစုများသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အဆုံးမရှိ တည်ရှိမှု ဖြစ်လေ၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မတူညီသောနယ်မြေလေးခု၏ အဓိကကျင့်ကြံခြင်းဂြိုဟ်များပေါ်တွင် ကျင့်ကြံခြင်းမိသားစုများ ရှိတက်ကြ၏။သူတို့၏ ခွန်အားကလည်း များစွာကွာခြားမှု မရှိကြပေ။ဂြိုဟ်တစ်ခုစီပေါ်၌ ကျင့်ကြံခြင်းမိသားစု သုံးစု၊သို့မဟုတ် လေးစု ရှိတက်ကြသည်။
ဥပမာအနေဖြင့် ထျန်မိသားစုနှင့်ကျန်မိသားစုတို့သည် သူတို့၏ ဂြိုဟ်များပေါ်တွင် အထွတ်အထိပ် တည်ရှိမှု ဖြစ်ကြ၏။
ထိုကျင့်ကြံခြင်းမိသားစုများအထက်၌ ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်နှင့် ကျင့်ကြံခြင်းမိသားစုကြီးလေးခု ရှိပြန်သည်။ သူတို့က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အပြင်ပိုင်း အားအကောင်းဆုံးသူများ ဖြစ်ကြသည်။
ထိုမိသားစုများ၏ ဇစ်မြစ်ကို ကြည့်ပါက သူတို့၏ဘိုးဘေးများသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပြိုကျခင်က ကောင်းကင်ဘုံသားများ ဖြစ်ကြောင်း တွေ့ရပေမည်။ထို့ကြောင့် သူတို့၏ အဆင့်အတန်းက သာမန် မဟုတ်ကြပေ။
ထို့အတူ ကျင့်ကြံခြင်းမိသားစုကြီးလေးခု၏ အထက်၌ရှိသော မိသားစုအနည်းငယ်လည်း ရှိသေး၏။ သူတို့သည် မထင်မရှားသာ နေတက်ကြပေ၏။ သို့သော် သူတို့ကသာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ အစစ်အမှန်အင်အားစုများ ဖြစ်ကြပေသည်။
သူတို့၏ အမွေအနှစ်ကလည်း ကျင့်ကြံခြင်းမိသားစုကြီးလေးခုထက် ပို၍ ရှေးကျလေ၏။ ထိုမိသားစုများသည် ကောင်းကင်ဘုံနယ်မြေ မပြိုကျခင် ရှေးဟောင်းအချိန်တွေကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံနယ်မြေပြိုကျမှုတွင်လည်း သူတို့က ရှင်သန်နိုင်ခဲ့ကြပေသည်။ထိုမိသားစုများသည် ရှေးဟောင်းကျင့်ကြံခြင်းကမ္ဘာကနေ အမွေအနှစ်များ ဆက်ခံထားပေ၏။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ထိုသို့ ရှေးအကျဆုံးမိသားစု ခြောက်ခု ရှိလေသည်။
ဥပမာ တန်လင်းဂြိုဟ်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော ရှန့်မိသားစုသည် ရှေးအကျဆုံးမိသားစု ခြောက်ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
သို့သော်လည်း မရေမတွက်နိုင်သောနှစ်များ ကြာမြင့်ပြီးသည့်နောက် ရှေးဟောင်းကျင့်ကြံခြင်းလောကကနေ အမွေဆက်ခံထားသည့် မိသားစုအများသည် အဆင့်နိမ့်ပါးလာခဲ့ကြပေ၏။ လီမိသားစုက ဥပမာပင်။ ထိုသို့ နိမ့်ပါးလာခဲ့သည့် မိသားစုများကိုပါ ထည့်တွက်ပါကာ နောက်ထပ်မိသားစု သုံးစုကျော် ရှိနိုင်၏။ ခုချိန်တွင်တော့ လီမိသားစု၏မိသားစုဝင်များသည် နှစ်ယောက်သာ ကျန်ရစ်တော့၏။ထိုနှစ်ယောက်ထဲက တစ်ယောက်သည် လီယွမ် ဖြစ်လေသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးတွင် အဆင့်ကိုးဂြိုဟ်တစ်လုံး ရှိသကဲ့သို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင်လည်း နှစ်ပေါင်းမြောက်များစွာ ရှင်သန်ခဲ့သော မိသားစုတစ်ခု ရှိ၏။ထိုမိသားစုသည် ရှေးဦးအချိန်များကတည်းပင် တည်ရှိခဲ့ခြင်းပင်။
ထိုရှေးဦးမိသားစုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ အစစ်အမှန်စွမ်းအားထောက်တိုင် ဖြစ်ကာ အလွန်လည်း လျှို့ဝှက်ဆန်းကြယ် လှသည်။
ထိုရှေးဦးခေါတ်ကတည်းက ယနေ့အထိ တည်ရှိနိုင်သည့် စွမ်းအားမျိုးက အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုမိသားစုသည် ရှေးဟောင်းအချိန်တွေကတည်းကစ၍ တိုးတက်ပြောင်းလဲလာသည့် ကျင့်ကြံခြင်းများကို တွေ့ကြုံခဲ့ရသည့်အပြင် ကောင်းကင်ဘုံနယ်မြေပျက်စီးခဲ့သည်ကိုပါ တွေ့ကြုံခဲ့ရသေးသည်ဟု ဆိုလိုသည်။ထို့အပြင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖန်တီးမှုကိုပါ တွေ့ကြုံနေရသေးသည်။သူတို့သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ ပြောင်းလဲမှုများအားလုံးကို တွေ့ကြုံဖြတ်သန်းခဲ့သည်ဟု ဆိုလို၏။
သည်လိုမျိုး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ လျှို့ဝှက်ချက်ကိုပါ သိသော မိသားစုမျိုးသည် အလွန့်အလွန် ရှားပါးလှပေသည်။ သူတို့ ကိုင်ဆွဲထားသည့် မန္တာန်များကပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းပေါ်တွင် လွှမ်းမိုးရပ်တည်ရန် လုံလောက်နေပေသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အဆင့်ရှစ်၊အဆင့်ကိုးနိုင်ငံများကလွဲ၍ ဝမ်လင်းသည် သည်အရာများအားလုံးကို သိရှိထားပေသည်။ သူက သည်နေရာသို့ လာနေစဉ်အတွင်း လီယွမ်က သူ့ကို ကျင့်ကြံခြင်းမိသားစုများအကြောင်းနှင့် ပတ်သတ်၍ အရာအားလုံးကို ပြောပြခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေကနေ အမွေဆက်ခံထားသည့် မိသားစုကြီးလေးခုနှင့် ရင်ဆိုင်ရချိန်၌ တည်ငြိမ်စွာ ရှိနေခဲ့ခြင်းပင်။
အစိတ်အပိုင်းမြေတံဆိပ်တုံးကို တောင့်ခံထားသည့် ကျင့်ကြံသူနှစ်ယောက်သည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူတို့ထဲက တစ်ယောက်က ခါးသီးစွာ ပြုံး၍ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူလို အားကောင်းတဲ့မန္တာန်တွေ၊ ရတနာလက်နက်တွေ ပိုင်ဆိုင်ထားတဲ့လူက မထင်မရှားလူတော့ မဖြစ်နိုင်ဘူး။ကျေးဇူးပြုပြီး သင့်နာမည်ကို ပြောပြခဲ့ပါ…”
ဝမ်လင်းက တည်ငြိမ်စွာပင် ဆိုသည်။ “ရှုမူ…”
အဘိုးအို၏မျက်လုံးက ကျဉ်းမြောင်းသွားခဲ့ကာ သူက ဆက်ပြောလာသည်။ “အစ်ကိုရှုက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို မရောက်သေးပေမဲ့လည်း ငါတို့က သင့်ကို ရပ်အောင် လုပ်နိုင်စွမ်း မရှိပါဘူး…။သင်က စုဆောင်းခြင်းအဆောက်အဦခန်းမထဲကို ဝင်ဖို့အတွက် အရည်အချင်း ပြည့်မှီပါတယ်…”
သူက ထိုသို့ပြောပြီးလိုက်ချင်းချင်းပင် သူ့ဘေးရှိ အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ရုတ်တရက် မေးလာ၏။ “ရောင်းရင်းရှုက တန်လင်းဂြိုဟ်ပေါ်က ရှုမိသားစုနဲ့များ ပတ်သတ်နေပါသလား…”
ဝမ်လင်းက ထိုသို့ မေးလိုက်သည့်သူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီးနောက် သူက ပြောလာခဲ့ပြန်သည်။ “ရောင်းရင်းကျင့်ကြံသူက ရှုမိသားစုက မဟုတ်ရင် ချန်မိသားစုကို ကိုယ်စားပြုပြီး ငါက ရောင်းရင်းကို မိသားစုဝင်မဟုတ်တဲ့ အကြီးအကဲတစ်ယောက် လုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ခုလက်ရှိ ငါ့ပန်းတိုင်က စုဆောင်းခြင်းခန်းမထဲ ဝင်ဖို့ပါ။ ဒါ့ကြောင့် ငါက သင်တို့သုံးယောက်ဟာ ငါ့ကို ဝင်ရောက်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်…” ဝမ်လင်းသည် အသွေးအသားခန္ဓာကိုယ် ဆုံးရှုံးထားသည့် မူလစိတ်ဝိညာဉ်ကို တစ်ချက် ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော ထိုကျင့်ကြံသူက သက်ပြင်းချလိုက်၏။ သူက ရှုပ်ထွေးစွာ ခံစားမိလိုက်သည်။ သူက ဝမ်လင်းစကားများကို ကြားသည်နှင့် ဝမ်လင်းသည် စုဆောင်းခြင်းခန်းမအကြောင်း သေချာသိနေသည်ဟူ၍ ပြောနိုင်ပေသည်။
စုဆောင်ခြင်းခန်းမက ဖွင့်လှစ်မှသာ လူတစ်ယောက်သည် ဝင်ရောက်နိုင်ပေသည်။ထိုသို့ ဖွင့်လှစ်နိုင်ရန် မိသားစုကြီးလေးခုထဲက အနည်းဆုံးနှစ်ယောက် လိုပေ၏။
ထို့နောက်တွင်တော့ သူတို့သုံးယောက်သည် စုပေါင်း၍ ဝမ်လင်းအတွက် စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်ပေးလိုက်ကြသည်။
“ရောင်းရင်းကျင့်ကြံသူရှု…ငါ့ချန်မိသားစုက စုဆောင်းခြင်းခန်းမထဲကို ဝင်ရောက်ခဲ့တာ အကြိမ်ရာချီ ရှိခဲ့ပြီ။ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရဖို့ကတော့ သင့်ကံအပေါ်မှာ မူတည်တယ် ဆိုပေမဲ့လည်း လူတိုင်းထင်နေသလို ကြုံရာကျပန်း ဖြစ်နေတာတော့ မဟုတ်ဘူး။ သင်က ပိုပြီးတော့ ကြာကြာနေနိုင်လေ….အဆုံးသပ်မှာ သင်က ကောင်းကင်ဘုံမန္တာန်ကို ရနိုင်လေပဲ…”
ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်ပြ၏။ ယောင်မိသားစုဝင်အဘိုးအို၏ မှတ်ဉာဏ်များကြောင့် ဝမ်လင်းသည် မိသားစုကြီးလေးခုမှာ သည်စုဆောင်းခြင်းခန်းမထဲ၌ ထောင်ချောက်တစ်ခု ချမှတ်ဖို့ စွမ်းအား မရှိကြောင်း သိရှိခဲ့ပြီး ဖြစ်လေသည်။
ဝမ်လင်းက အချိန်ဆက်မဆွဲတော့ဘဲ သူ့လက်နက်ရတနာများကို ပြန်သိမ်းဆည်းပြီးနောက် တံခါးဝသို့ ရောက်သွား၏။ထို့နောက် သူက အထဲသို့ ခြေလှမ်းဝင်သွားတော့သည်။
ဝမ်လင်း ဝင်သွားပြီးသည့်နောက် ခန္ဓာကိုယ်ဆုံးရှုံးထားသော အဘိုးအိုသည် သက်ပြင်းချ၍ ပြောလာ၏။ “ငါတို့က သူ့မှာ လုံလောက်တဲ့စွမ်းအား ရှိမှန်းသာ သိခဲ့ရင် သူ့ကို မတိုက်ခိုက်လိုက်ပါဘူး။ဒီအတိုင်း ဝင်ခွင့်ပေးလိုက်တယ်။ သူ့ကျင့်ကြံမှုအဆင့်နဲ့ဆို ငါတို့လိုမျိုး လေးခုမြောက်အလွှာကို သွားနိုင်လိမ့်မယ်…”
“လေးခုမြောက်အလွှာက ငါတို့ရဲ့ အကန့်အသတ်ပဲ။ ဒါပေမဲ့လည်း သူ့မန္တာန်နဲ့ရတနာတွေက တကယ်ကြမ်းတမ်းတယ်။ ငါ့တို့က တူညီတဲ့ ကျင့်ကြံမှုအဆင့်မှာ ရှိနေပေမဲ့လည်း သူ့ကို မထိန်းချုပ်နိုင်တာ သိသာနေတာပဲ။ ငါ စိုးရိမ်မိတာက သူဟာ စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်ဖို့ ငါတို့ကို လိုအပ်တာသာ မသိခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့ တိုက်ပွဲမှာ တစ်ယောက်တည်း သတ်ပစ်ခဲ့မှာ မဟုတ်တာကိုပဲ…”
ခန္ဓာကိုယ်ဆုံးရှုံးထားသည့် အဘိုးအိုက ညစ်ကျယ်ကျယ် ပြုံး၍ ဆိုလာ၏။ “ဟုတ်တာပေါ့။ သူက ငါတို့ထဲက နှစ်ယောက်ကို သတ်ပစ်ချင်တာလို့ ငါ ပြောနိုင်တယ်။ငါသာ အချိန်မှီ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ရင် ငါ့မူလစိတ်ဝိညာဉ်ကလည်း ခုချိန်ဆို ပျက်စီးနေလောက်ပြီ…”
ချန်မိသားစုက အဘိုးအိုသည် ဖြည်းညင်းစွာ ပြောလိုက်၏။ “ထားလိုက်ပါတော့…သူက အခု ဝင်သွားပြီဆိုမှတော့ ဝင်သွားတယ်ပေါ့။ လေးခုမြောက်အလွှာက ကောင်းကင်ဘုံမန္တာန်က သူ့ရဲ့ အကန့်အသတ် ဖြစ်လိမ့်မယ်။ ကျန်တာကတော့ သူ့ကံအပေါ်မှာပဲ မူတည်လိမ့်မယ်…”
ခန္ဓာကိုယ်ဆုံးရှုံးသွားသော အဘိုးအိုက မေးလာ၏။ “အကြီးအကဲချန်…သင်က ဒီလူ့ကို ချန်မိသားစုရဲ့ ပြင်ပအကြီးအကဲအဖြစ် တကယ် ဖိတ်ခေါ်ချင်တာလား…”
အကြီးအကဲချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီလူက တော်တော်လေး ဖြုံလောက်တဲ့လူပဲ။ ငါ့ချန်မိသားစုက ဒီလိုလူမျိုး လိုအပ်တယ်။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူတွေက ငါနဲ့ ပြိုင်မလုပါနဲ့။ ဒီလူက ချန်မိသားစုရဲ့ ပြင်ပအကြီးအကဲ ဖြစ်လာရင် ငါက သင်တို့နှစ်ယောက်ကို ရောင်းရင်းကျင့်ကြံသူယောင်ရဲ့ အဖြစ်သအင်ကို ပြန်မပြောဖို့ ကျေးဇူးပြုပြီး တောင်းဆိုချင်ပါတယ်။ ရောင်းရင်းလုရဲ့ခန္ဓာကိုယ်ကိုတော့ ငါတို့ ချန်မိသားစုက ပြန်ပေးမှာပါ။ ရောင်းရင်းကျင့်ကြံသူ စုန်အတွက်လည်း ငါ့ချန်မိသားစုက လက်ဆောင်တစ်ခု ပေးပါဦးမယ်။ ဒါပေမဲ့လည်း ဒါတွေက ဒီလူ ငါ့ချန်မိသားစုကို ဝင်ဖို့ သဘောတူမှပါ…”
သူတို့သုံးယောက်က စကားပြောနေစဉ်တွင် ဝမ်လင်းသည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးသည် မီးခိုးရောင်မြူတို့နှင့် ဖုံးလွှမ်းနေကာ သူ့နတ်ဘုရားအာရုံကိုပင် ဖြန့်ကျက်၍ မရပေ။ အရပ်မျက်နှာအနှံ့ကနေ ခပ်တိုးတိုးအသံများက ဝမ်လင်းနားထဲသို့ ဝင်ရောက်နေ၏။သို့သော် သူက မည်သည့်အရာကို ပြောနေမှန်း မကြားရချေ။
သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ မြူလွှာက ဖြည်းဖြည်းချင်း ရွှေ့လျားလာသည်။ သည့်နောက် မြူလှိုင်းများက ဝမ်လင်းရှေ့တွင် စုစည်းလာ၏။ မျက်စိတစ်မှိတ်အတွင်းပင် ၎င်းက လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားလေသည်။
ထိုလူက မြူနှင့်ပြုလုပ်ထားခြင်း ဖြစ်၏။ သူ့မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။သူ့အသွင်က ပုံမှန်ပင် ဖြစ်၏။သို့သော် သူ့ထံမှ ကျင့်ကြံသူတစ်ယောက်နှင့် သိသိသာသာ ကွဲပြားသော အော်ရာတစ်ခု ရှိနေ၏။ သူက ပေါ်လာသည်နှင့် ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်သည်။ထို့နောက် သူာ့လက်ဝါးကို မြှောက်ကာ အထက်သို့ ညွှန်ပြပြီး မလှုပ်မယှက် ရှိနေတော့၏။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ယောင်မိသားစုဝင်၏ မှတ်ဉာဏ်ထဲကနေ သည်ဖြစ်စဉ်သည် လူတိုင်းအတွက် မတူညီသည်ကို သိခဲ့ရသော်လည်း အစပိုင်း၌ ဆင်တူယိုးမှားသာ ဖြစ်၏။ သည်အရာက လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ခြင်း မည်သည်။
အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် ရှေ့သို့ လှမ်းကာ ထိုလူ့နားသို့ ရောက်သွားသည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ တစ်ဘက်မြူလူသား၏ လက်ဝါးကို ဖိချလိုက်သည်။
ချက်ခြင်းပင် ဆန်းကြယ်သောအားတစ်ခုက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် တစ်ကြိမ်လှည့်ပတ်သွားပြီးနောက် ခပ်တိုးတိုအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အဆင့်ရှစ်မဟာကောင်းကင်ဘုံသား…။သင်က စုဆောင်းခြင်းခန်းမရဲ့ လေးလွှာမြောက်ကို ဝင်နိုင်ပြီး ကောင်းကင်ဘုံရတနာတစ်ခုအတွက် သင့်ကံတရားကို စမ်းသပ်နိုင်တယ်…”
ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်လာခဲ့ကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အဆင့်ရှစ်မဟာကောင်းကင်ဘုံသားလား…။ကောင်းကင်ဘုံသားတွေကြားမှ ဘယ်လိုကျင့်ကြံမှုအဆင့်ခွဲလဲ ငါ သိချင်မိတယ်။ငါက ခုထိ အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်ကို မရောက်သေးဘူး။ ငါက ယန်အထွတ်အထိပ်အဆင့်ကို ရောက်ရင် ကောင်းကင်ဘုံသားဘယ်အဆင့်နဲ့ ညီမျှလဲ သိချင်မိတယ်…”
သည်အခိုက်အတန့်၌ မြူလူသားသည် တဖြည်းဖြည်းလွင့်ပါးသွားသည်။ ဝမ်လင်းသည် ၎င်းက ပျောက်ကွယ်သွားသည်နှင့် သူသည် လေးခုမြောက်အလွှာသို့ တည်နေရာရွှေ့ပြောင်းခြင်း ခံရမည်ကို သိပေ၏။ သည့်နောက် ကျန်သည့်အရာများသည် သူ့ကံတရားပေါ်တွင်သာ မူတည်တော့သည်။
သို့ရာတွင် သူ့ကံက မည်သို့ပင် ဖြစ်နေပါစေ သူက လေးခုမြောက်အလွှာကနေ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရရှိုနိုင်မည်သာ။ သူက သည်စုဆောင်းခြင်းခန်းမ၌ ဘယ်နှစ်ထပ် ရှိသည်ကို မသိသော်လည်း အထပ်ပိုမြင့်လေလေ ကောင်းကင်ဘုံမန္တာန်ကလည်း ပို၍အရည်အသွေး ကောင်းမွန်မည်မှာ သိသာပေ၏။
ကျင့်ကြံခြင်းအဆင့်စမ်းသပ်ချက်ကလည်း ဟန်ပြမဖြစ်နိုင်ချေ။ အရာအားလုံးသည် လူတစ်ယောက်၏ ခွန်အားပေါ်တွင် မူတည်ကာ ထိုအရာကပင် ကံကောင်းခြင်းတစ်မျိုး ဖြစ်သည် မဟုတ်လော။
အားကောင်းသော ကျင့်ကြံခြင်းအဆင့်ရှိသည့် သူများသည် အဖိုးတန်သောကောင်းကင်ဘုံမန္တာန်များကို ရရှိနိုင်ကြပေ၏။
မြူလူသား ပျောက်ကွယ်သွားတော့မည်ကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ရုတ်တရက် ရဲတင်းသောအကြံဉာဏ်တစ်ခုကို ရလိုက်၏။ သည်အကြံပေါ်လာသည်နှင့် သူ့နှလုံးပင် ခုန်ပေါက်သွားခဲ့ရသည်။
အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက အံတင်းတင်းကြိတ်ကာ သူ့လက်ထဲ၌ စေတီတစ်ခုကို ပေါ်လာစေလိုက်သည်။သူ့မျက်လုံးက ဆန်းကြယ်သောအလင်းတစ်ခုကို ပေးစွမ်းနေကာ သူ့ဘယ်လက်ဖြင့် ၎င်းစေတီကို ရိုက်ပုတ်လိုက်၏။ ထိုအခါ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့ချေသည်။
ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။သူက သူ့မူလစွမ်းအင်ဖြင့် အမျိုးသမီး၏ ညာလက်မြှောက်လာအောင် ထိန်းချုပ်ပြီး ပျောက်ကွယ်နေသော မြူနှ့င်ပြုလုပ်ထားသည် လူသား၏ လက်ဝါးကို ထိပေးလိုက်သည်။
ချက်ခြင်းပင် မြူလူသားက ပျက်စီးတော့မည့် အရိပ်လက္ခဏာ ပြသလာခဲ့၏။သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်သွားခဲ့သည်။အချိန်အတန်ကြာမြင့်ပြီးသည့်နောက် ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာပြန်၏။
“အဆင့်ကိုးကောင်းကင်ဘုံသားအရှင်…သင်က စုဆောင်းခြင်းခန်းမရဲ့ ကိုးလွှာမြောက်ကို သွားပြီး ကောင်းကင်ဘုံမန္တာန်တွေကို စစ်ဆေးကြည့်နိုင်ပါတယ်…”
ဝမ်လင်းက လက်သီးခပ်တင်းတင်း စုပ်ထားရင်း သူ့မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။ချက်ခြင်းပင် သူက အမျိုးသမီးကို စေတီထဲသို့ ပြန်ရုတ်သိမ်းလိုက်ပြီး သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ့နှလုံးက ခုန်ပေါက်နေ၏။ သည်လို စိတ်လှုပ်ရှားမှုမျိုးက ဝမ်လင်းထံတွင် ဖြစ်တောင့်ဖြစ်ခဲပင်။
“ကံကို မှီခိုပြီး ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရယူတာနဲ့ ကိုယ်တိုင် ကောင်းကင်ဘုံရတနာတွေကို ရွေးချယ်ခွင့်ရှိတာရဲ့ကြားမှာ အတော်ကြီး ကွာခြားမှု ရှိတယ်…”
***