အခန်း ၉၇၄
Vol. 65 Ch. 974
အခန်း (၉၇၄) ငရဲဝိညာဉ်ကျား၊ စစ်မှန်သော သားရဲ၏ ရတနာ။ (၂)
“ငရဲဝိညာဉ်ကျားရဲ့ ဝိညာဉ်အကြွင်းအကျန်တဲ့လား။” စူးချန်ခုန်း ထိုသို့ ကြားလိုက်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ငရဲဝိညာဉ်ကျား၏ ဝိညာဉ်အကြွင်းအကျန်ဖြစ်လေသည်။
စူးချန်ခုန်းက တိရစ္ဆာန် ငါးမျိုး၏ သားရဲစစ်များနှင့် ပတ်သက်သည့် ရတနာများကို ရှာဖွေရန် ဤနေရာသို့ အထူးတလည် လာရောက်ခြင်း ဖြစ်သည်။
အရာခပ်သိမ်းမှန်သည် မှန်ကောင်းကင်ဘုံကမ္ဘာ မဟာဘုရားမျိုးစေ့၏ စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး မြင်တွေ့ရသော မည်သူ့ကိုမဆို သို့မဟုတ် မည်သည့်အရာကိုမဆို ဝိညာဉ် သို့မဟုတ် စွဲလမ်းမှုများကို ပုံဖော်ကာ စုပ်ယူခြင်းဖြင့် သားရဲအစစ်အဖြစ် ဖန်တီးပြသနိုင်သည်။ သူ၏ ရှေ့မှောက်ရှိ ဝိညာဉ်ငရဲခေါင်းလောင်းသည် ဤလိုအပ်ချက်နှင့် အပြည့်အဝ ကိုက်ညီနေသည်။ စူးချန်ခုန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တဖွားဖွား ပေါ်ပေါက်လာပြီး ဤတစ်ကြိမ် ကောင်းကင်သူတော်စင် စုဝေးပွဲသို့ လာရကျိုးနပ်သည်ဟု တွေးမိသည်။
သို့သော် စူးချန်ခုန်းက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ငရဲဝိညာဉ်ခေါင်းလောင်း၏ တန်ဖိုးမှာ အလွန်မြင့်မားမည် ဖြစ်ကြောင်း သူသိထားသည်။
“သားရဲစစ်တစ်ကောင်ရဲ့ ဝိညာဉ်အကြွင်းအကျန်လား။ သားရဲအစစ်ရဲ့ အစိတ်အပိုင်းတိုင်းက အဖိုးတန်ပြီး သွေး၊ အရိုးနဲ့ ဝိညာဉ်တွေက အများကြီး အသုံးဝင်တယ်လို့ ပြောကြတယ်။ ဒါကရှေးခေတ်က တည်ရှိခဲ့တဲ့ သားရဲအစစ် ဖြစ်တဲ့ပုံပဲ။ ဒီနေ့ထိ ဝိညာဉ်ကျန် ရှိနေသေးပြီး ထူးခြားတဲ့ ရတနာအဖြစ် ဖန်တီးထားတာက အံ့ဩစရာပဲ။
ခန်းမအတွင်းရှိ သိုင်းဝိဇ္ဇာသူတော်စင် အများအပြားမှာလည်း အလွန်အံ့အားသင့်နေကြသည်။ ဝိညာဉ်ငရဲခေါင်းလောင်းမှာ အမှန်ပင် ရှားပါးသော ရတနာ ဖြစ်သည်။ သားရဲအစစ်များ မျိုးတုံးသွားသည့် ဤခေတ်တွင် ရှေးဟောင်း သန့်စင်သော နိုင်ငံတော် တစ်ခုလုံး၌ သားရဲအစစ်နှင့် ပတ်သက်သည့် ရတနာများမှာ ကျန်ရှိတော့မည် မဟုတ်သဖြင့် အလွန်အဖိုးတန်လှသည်။
ပိုင်လင်သည် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပြီဖြစ်ကြောင်း သိရှိပြီး အခွင့်အရေးကို အသုံးချကာ ကြေညာလိုက်သည်။ “ဒီထူးခြားတဲ့ ရတနာဖြစ်တဲ့ ငရဲဝိညာဉ်ခေါင်းလောင်းကို ပိုင်ဆိုင်တာက နတ်ဘုရားမျိုးစေ့ သိုင်းဝိဇ္ဇာသူတော်စင်များကြားမှာ အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားကို ခုခံနိုင်သူ နည်းနည်းပဲ ရှိပါတယ်။ ငရဲဝိညာဉ်ခေါင်းလောင်းရဲ့ အနိမ့်ဆုံး လေလံဈေးက မူလအဆီအနှစ်အရည် (၅၀၀) ကျပ်သား ဖြစ်ပြီး လေလံဆွဲပါက အနည်းဆုံး (၁၀) ကျပ်သားစီ တိုးပြီး ဆွဲရမှာ ဖြစ်ပါတယ်။”
ဝိညာဉ်ငရဲခေါင်းလောင်း၏ ဈေးနှုန်းကြောင့် ခန်းမထဲတွင် အနည်းငယ် တိတ်ဆိတ်သွားသည်။ မူလအရည် (၅၀၀) ကျပ်သားမှာ သာမန် သူတော်စင်များအတွက် အလွန်မြင့်မားသော ဈေးနှုန်း ဖြစ်သည်။ ထူးခြားသော နောက်ခံရှိသည့် သိုင်းဝိဇ္ဇာသူတော်စင်များမှ လွဲ၍ ကျန်သူများမှာမူ ရရှိသမျှ မူလအရည်များကို မိမိတို့၏ ခွန်အား တိုးတက်စေရန်သာ သုံးစွဲကြသည်။ ထိုမျှလောက် များပြားသော ပမာဏကို မည်သို့ စုဆောင်းနိုင်မည်နည်း။
ယခင်က ကောင်းကင်မြစ်ဂိုဏ်းမှ အကြီးအကဲ လျိုယွဲ့ဖျင်ပင်လျှင် သူ၏သားကို ကယ်တင်ပေးခဲ့သော စူးချန်ခုန်းကို ကျေးဇူးဆပ်ရန်အတွက် မူလအရည် (၅၀) ကျပ်သားသာ ပေးနိုင်ခဲ့သည်။
စူးချန်ခုန်းက သူ့ဘေးတွင် ရပ်နေသည့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးငယ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော့်မှာ ရတနာနည်းနည်း ရှိပါတယ်။ တန်ဖိုးဖြတ်ပေးနိုင်မလား။”
လက်ရှိတွင် စူးချန်ခုန်း၌ မူလအဆီအနှစ်အရည် (၅၉) ကျပ်သားခန့် ရှိပြီး (၆၀) ကျပ်သားဟု တွက်ချက်နိုင်သော်လည်း လေလံဆွဲရန် မလုံလောက်ပေ။ သို့သော် သူသည် လက်လျှော့ရန် မလိုလားဘဲ သူ၏ ရတနာများက ငရဲဝိညာဉ်ခေါင်းလောင်းကို ရရှိစေရန် ကူညီပေးနိုင်မလား ဆိုသည်ကို စမ်းသပ်လိုသည်။ သားရဲအစစ်များနှင့် ပတ်သက်သည့် ရတနာများမှာ ရှားပါးပြီး တိရစ္ဆာန် ငါးမျိုး၏ သားရဲအစစ်များနှင့် ပတ်သက်ပါက ပို၍ပင် ရှားပါးလှသည်။ အကယ်၍ လက်လွတ်သွားပါက နောက်တစ်ကြိမ် မည်သည့်အခါတွင်မှ ထပ်တွေ့ရမည်ကို မည်သူမျှ မသိနိုင်ပေ။
“ရတာပေါ့ဆရာ… ခဏလောက် စောင့်ပေးပါ။ ထိုမိန်းကလေးက ချက်ချင်းပင် ခေါင်းညိတ်ကာ ကောင်းကင်သူတော်စင် စုဝေးပွဲ၏ ရတနာတန်ဖိုးဖြတ်သူများထံ အကြောင်းကြားရန် သတင်းပို့ တုံကင်ပြားကို ထုတ်ယူလိုက်သည်။
(၁၀) စက္ကန့်အတွင်းမှာပင် မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို တစ်ဦးက သီးသန့်အခန်းထဲသို့ ရောက်ရှိလာသည်။
“ကျွန်တော်က ကောင်းကင်သူတော်စင် စုဝေးပွဲရဲ့ တန်ဖိုးဖြတ်သူ စွန်းမင်ပါ။ ဆရာ့၏ ရတနာအားလုံးကို တန်ဖိုးဖြတ်နိုင်ဖို့ လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်ပါတယ်” မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုက စကားပလ္လင်ခံခြင်း မရှိဘဲ ပြောလိုက်သည်။ စူးချန်ခုန်းသည် လေလံပွဲတွင် ပါဝင်လိုသော်လည်း မူလအဆီအနှစ်အရည် မလုံလောက်သဖြင့် ရတနာများကို ရောင်းချပြီး လဲလှယ်လိုကြောင်း သူ သိလေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ ကောင်းကင်သူတော်စင် စုဝေးပွဲတိုင်းတွင် အမြဲ ဖြစ်ပျက်နေကျ ဖြစ်သည်။
စူးချန်ခုန်းလည်း စကားမဆိုဘဲ သူ၏ သိုလှောင်ရတနာထဲမှ ပစ္စည်းအချို့ဖြစ်သည့် နတ်ဘုရားမျိုးစေ့ (၉) စေ့နှင့် နတ်ဘုရားရတနာ သံချပ်ကာ တစ်ခုတို့ကို ထုတ်ယူလိုက်သည်။ ဤရတနာများမှာ ဝမ်ကျန့်ချိုး၊ ဟုန်မန်ထျန်းနှင့် ယခင်က သတ်ဖြတ်ခဲ့သော အလွတ်တန်း သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးထံမှ ရရှိထားသည့် ရတနာများ ဖြစ်သည်။ သူသည် ထိုပစ္စည်းများအားလုံးကို ထုတ်ယူပြီး မည်မျှ တန်ဖိုးရှိမည်ကို စောင့်ကြည့်သည်။
မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုက အလွန်အမင်း အံ့ဩခြင်း မရှိပေ။ ကောင်းကင်သူတော်စင် အစည်းအဝေး၏ တန်ဖိုးဖြတ်သူ တစ်ဦးအနေဖြင့် ထူးခြားသော ရတနာပေါင်း များစွာကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ သူ၏ အလုပ်မှာ တန်ဖိုးဖြတ်ခြင်းသာ ဖြစ်သည်။ မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို၏ မျက်လုံးများမှာ အနည်းငယ် တောက်ပလာပြီး သူ၏ အမြင်အာရုံထဲတွင် နတ်ဘုရားမျိုးစေ့နှင့် အခြားရတနာများမှ အရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ၏ ပြင်းအားနှင့် သူ၏ အတွေ့အကြုံအရ တစ်ခုချင်းစီ၏ ဈေးနှုန်းကို ခန့်မှန်းနိုင်သည်။
“ဒီနတ်ဘုရားမျိုးစေ့က အတော်လေး ကောင်းမွန်ပြီး နတ်ဘုရား အမှတ်အသားတွေ အများကြီး ပါဝင်တယ်။ နတ်ဘုရားစွမ်းရည်ရဲ့ အရည်အသွေးကလည်း အရမ်းမြင့်မားသည်။ ဒါက နတ်ဘုရားခန္ဓာကိုယ် အဆင့်ရှိတဲ့ ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခုရဲ့ ရှေ့ပြေး နတ်ဘုရားစွမ်းရည် ဖြစ်နိုင်ပါတယ်။ ခန့်မှန်းဈေးကတော့…. မူလအဆီအနှစ်အရည် (၈၅) တုံးပါ။” ဝမ်ကျန့်ချိုးထံမှ ရရှိသော နတ်ဘုရားမျိုးစေ့တစ်စေ့ကို ကိုင်တွယ်ရင်း မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုက ပြောလိုက်သည်။
ဝမ်ကျန့်ချိုးမှာ ရှေးဟောင်း မိစ္ဆာဂိုဏ်းမှ တပည့်ဖြစ်ပြီး နတ်ဘုရားခန္ဓာကိုယ် သိုင်းဝိဇ္ဇာသူတော်စင်၏ တပည့် ဖြစ်သည်။ သူကျင့်ကြံသော ကျင့်စဉ်မှာလည်း ပြိုင်ဘက်ကင်း ကျင့်စဉ် ဖြစ်သည်။ သူ၏ နတ်ဘုရားမျိုးစေ့ အရည်အသွေးမှာ သာမန် ဘုရားမျိုးစေ့များထက် အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။
“ဒီနတ်ဘုရားမျိုးစေ့မှာ အရည်အသွေးကတော့ သာမန်ပါပဲ။ ဒါက လူပေါင်းများစွာရဲ့ သန့်စင်ခြင်းကို ခံခဲ့ရပြီး ပိုင်ရှင်ပေါင်းများစွာ ရှိခဲ့ပုံရပါတယ်။ ဒါကြောင့် ပိုင်ရှင်တစ်ဦးစီရဲ့ လွှမ်းမိုးမှုတွေ ရှိနေပြီး မူလပါရှိတဲ့ နတ်ဘုရားစွမ်းရည်ကလည်း မူလအတိုင်း မဟုတ်တော့ပါဘူး။ သူ့ရဲ့ တန်ဖိုးကတော့ အလွန်နည်းပါးပြီး မူလအဆီအနှစ်အရည် (၁၅) ကျပ်သား တန်ဖိုးရှိပါတယ်။” မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုက ဆက်လက်၍ တန်ဖိုးဖြတ်နေသည်။
စူးချန်ခုန်း အလွန်ပင် စိတ်ကျေနပ်မိသည်။ အမှန်ပင် ပညာရှင်တို့၏ အလုပ်မှာ ပညာရှင်ဆန်လှသည်။ စူးချန်ခုန်းမှာလည်း နတ်ဘုရားမျိုးစေ့၏ အရည်အသွေးနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိကြောင်း နားလည်လာသည်။ နတ်ဘုရားမျိုးစေ့၏ တန်ဖိုးမှာ ပထမဦးစွာ ပါဝင်သော နတ်ဘုရားစွမ်းရည်၏ အရည်အသွေးပေါ်တွင် မူတည်သည်။ ထို့နောက် ယခင်က မည်မျှ တိုးတက်ခဲ့သနည်းဟူသော အချက်ဖြစ်သည်။
အကယ်၍ ယခင်က နတ်ဘုရားအမှတ်အသား များစွာ ရှိခဲ့လျှင် ပိုင်ရှင်အသစ်က သန့်စင်ပြီးနောက် ပြန်လည် တိုးတက်စေရန် ပိုမို လွယ်ကူသည်။ နောက်ဆုံး အချက်မှာ လူများစွာ၏ သန့်စင်ခြင်းကို ခံခဲ့ရခြင်း ရှိမရှိ ဖြစ်သည်။ အကယ်၍ မည်သူမျှ မသန့်စင်ရသေးသော နတ်ဘုရားမျိုးစေ့ အသစ်စက်စက် ဖြစ်ပါက တန်ဖိုးမှာ ပိုမို မြင့်မားသည်။ ချောင်မင်ယန်နှင့် အခြားသူနှစ်ဦး၏ နတ်ဘုရားမျိုးစေ့များမှာ လူများစွာ၏ သန့်စင်ခြင်းကို ခံခဲ့ရသဖြင့် ပါဝင်သော နတ်ဘုရားစွမ်းရည်များ အားနည်းသွားကာ အရည်အသွေး ကျဆင်းသွားသောကြောင့် တန်ဖိုး အလွန်နည်းပါးခြင်း ဖြစ်သည်။
“ဒီနတ်ဘုရားမျိုးစေ့ (၉) စေ့နဲ့ နတ်ဘုရားရတနာ သံချပ်ကာ တစ်ခုအတွက် စုစုပေါင်း တန်ဖိုးက မူလအဆီအနှစ်အရည် (၅၀၀) တုံး ဖြစ်ပါတယ်။ တကယ်လို့ ဆရာအနေနဲ့ မူလအဆီအနှစ်အရည်ကို အရေးတကြီး လိုအပ်ရင် ကောင်းကင်သူတော်စင် စုဝေးပွဲကနေ ဝယ်ယူနိုင်ပါတယ်။” မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုက ကမ်းလှမ်းလိုက်သည်။