← Chapters

လုပ်ချင်ရာလုပ်တဲ့ ‘ရန်ကျောက်ကဲ’

Vol. 36 Ch. 499

လုပ်ချင်ရာလုပ်တဲ့ ‘ရန်ကျောက်ကဲ’

Vol. 36 Ch. 499

အခန်း (၄၉၉) လုပ်ချင်ရာလုပ်တဲ့ ‘ရန်ကျောက်ကဲ’

“မင်းတို့ ရှားလော်ဂိုဏ်းမှာ သိုင်းသူတော်စင် ဒါမှမဟုတ် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ... မင်းကတော့ သေမှာပဲ”

“မင်းတို့ဂိုဏ်းမှာ သိုင်းသူတော်စင်ရှိရင်တောင် မကြောက်တဲ့ငါက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်လောက်ကတော့ သောက်ဂရုစိုက်မနေဘူး”

ရန်ကျောက်ကဲ အမူအရာကတည်ငြိမ်နေပြီး လေသံကအေးအေးဆေးဆေးပင်ဖြစ်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံနေခြင်းမရှိပေ။

သို့သော် သူ၏လက်ဝါးရိုက်ချက်ထိမှန်သွားသည်နှင့် ကျန်းရှုန်ခန္ဓာကိုယ်ထက်မှ အရိုးဖြူချပ်ဝတ် အပိုင်းပိုင်းကျိုးပျက်သွားသည်။

ကျန်းရှုန် ရုန်းကန်ချင်သော်လည်း ရန်ကျောက်ကဲ၏နောက်ထပ်လက်ဝါးရိုက်ချက် ကျရောက်လာပြီး ဦးခေါင်းခွံအက်ကွဲလျှက် သွေးများဖြင့်ရောယှက်နေသော ဦးနှောက်ဖြူဖြူများ ပျံ့ကျဲထွက်လာသည်။

ပတ်ဝန်းကျင်မှ သိုင်းသမားများအားလုံး ခန္ဓာကိုယ်များ အေးစက်တောင့်တင်းသွားကြသည်။

ရှားလော်ဂိုဏ်းမှ သိုင်းသမားများမှာ မည်သည့်စကားမှမဆိုရဲတော့ဘဲ ချက်ချင်းလှည့်ပြေးကြ၏။

ကျန်းရှုန်ကို သတ်ဖြတ်ပြီးသည်နှင့် ရန်ကျောက်ကဲက ဓားဝိညာဉ်ကို လေထဲသို့ထိုးညွှန်လိုက်ရာ မြောက်ပိုင်းကြယ်စင်ပမာ တောက်ပလွန်းသော ကြယ်စင်များစွာ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာသည်။

ကောင်းကင်မှထွက်ပေါ်လာသော နဂါးငွေ့တန်းမှ ကြယ်စင်များနှင့်ဆင်တူသော ဓားအလင်းတန်းများ ကျဆင်းလာပြီး ရှားလော်ဂိုဏ်းမှ သိုင်းသမားများ၏ ခန္ဓာကိုယ်များကို အဆက်မပြတ် ထိုးဖောက်သွားသည်။

အလောင်းများပင်လယ်ထဲသို့ တဖွဲဖွဲပြုတ်ကျပြီး ပင်လယ်ပြင်သည် ချက်ချင်းပင် သွေးရောင်လွှမ်းသွားခဲ့သည်။

ရန်ကျောက်ကဲက နဂါးနှင့်ကျားပမာ အရှိန်အဟုန်ဖြင့် ရှေ့သို့ခြေလှမ်းလိုက်ပြီး စောစောက သူ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သသော ရှားလော်ဂိုဏ်းမှ အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ရှေ့သို့ ရောက်လာသည်။

ထိုသူက အမတဝိညာဉ်နှောင်းပိုင်းအဆင့်ဆိုသော်လည်း ကျန်းရှုန်နှင့် စွမ်းအားချင်း အလွန်ကွာခြားသည်။ ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး စိမ်းပြာရောင်ဓားအလင်းတန်း လက်ခနဲတောက်ပသွားကာ ထိုသူကို အေးအေးဆေးဆေးပင် သတ်ဖြတ်ပစ်လိုက်၏။

နောက်သို့လှည့်ကြည့်လိုက်တော့ ဆန့်ကျင်ဘက်အရပ်သို့ အသဲအသန်ထွက်ပြေးသွားသော အခြားသိုင်းဆရာသခင်တစ်ယောက်ကို တွေ့ရသည်။

ထိုသူက အလွန်လျှင်မြန်သည်ဖြစ်ရာ တစ်ခဏအတွင်း မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ထိုသူနောက်သို့ လိုက်မသွားဘဲ အေးဆေးစွာဖြင့် ကောင်းကင်တုန်လှုပ်လေးညှို့ကို ထုတ်ယူလိုက်ပြီး လေးကြိုးကိုတင်ကာ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် မြားတစ်စင်း ဖန်ဆင်းလိုက်၏။

ခရမ်းရောင်မိုးကြိုးအလင်းတန်းများထွက်ပေါ်လာပြီး မြားက လေကိုထိုးခွင်းကာ အဝေးသို့ ပေါက်ကွဲထွက်သွားသည်။

ရှားလော်ဂိုဏ်းမှ သိုင်းဆရာသခင်မှာ မြားချက်ထိမှန်ပြီး ချက်ချင်းအသက်ပျောက်သွားတော့၏။

ရန်ကျောက်ကဲက ကောင်းကင်တုန်လှုပ်လေးညှို့ကို သိမ်းဆည်းလိုက်ပြီး မှင်တက်စွာငေးကြည့်နေကြသည့် ယန်ချူးဖန်တို့အုပ်စုကို လှည့်ကြည့်လိုက်သည်။

သူက ပြုံးရင်း...

“စောစောက ပြောနေတဲ့စကား ပြန်ဆက်ရအောင် ၊ ချန်လီတောင်ကို သွားဖို့ မင်းတို့ ငါ့ကို လမ်းညွှန်ပေးနိုင်မလား”

ရုတ်တရက် ရန်ကျောက်ကဲက စကားပြောလာသည့်အခါ ယန်ချူးဖန် ၊ ဖန်းမင်နှင့် အခြားသူများ ထိတ်လန့်သွားပြီး သူတို့ရှေ့မှလူငယ်ကိုကြည့်ရင်း ခဏမျှ စကားမပြောနိုင်ဖြစ်နေသည်။

ခဏကြာမှ အနည်းငယ်တည်ငြိမ်သွားသော ယန်ချူးဖန်က...

“အခု ငါတို့ရောက်နေတဲ့ ဒေသက ဝင်္ကပါပင်လယ်ဒေသပါ ၊ ဒီနေရာကနေ တောင်ဘက်ကို ဦးတည်သွားမယ်ဆိုရင်... ငါတို့ဂိုဏ်းရှိတဲ့ ကြံ့ဝိညာဉ်ပင်လယ်ဒေသကို ဖြတ်ကျော်ပြီးရင် ချန်လီတောင်တည်ရှိတဲ့ တည်ရာမဲ့ပင်လယ်ဒေသကို ရောက်လိမ့်မယ်”

သူက ဆက်ပြောသည်။

“ဒီပင်လယ်သုံးစင်းက အရမ်းကျယ်ပြောသလို ဒေသတွေလည်းကွဲပြားတယ် ၊ မင်း ချန်လီတောင်ကို သွားချင်ရင်တော့ ငါတို့ ကြံ့ဝိညာဉ်ပင်လယ်ဒေသကို သေချာပေါက် ဖြတ်ကျော်ရမှာပါပဲ”

ရှားလော်ဂိုဏ်းသည် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် အပါအဝင်ဖြစ်သော်လည်း လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းအနက်မှ တစ်ခုဖြစ်သည့် ကြံ့ဝိညာဉ်ကျွန်းကဲ့သို့ ကြီးမားသော သိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ရှားလော်ဂိုဏ်း၏ ပင်မပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော အမှောင်မိစ္ဆာ’ကျန်းရှုန်’ ကဲ့သို့ အကြီးအကဲမျိုးဆက်တစ်ယောက်ကို လွယ်လွယ်ပင် သတ်ဖြတ်ပစ်ခဲ့သည်။

ရန်ကျောက်ကဲက မျက်တောင်တစ်ချက်မခတ်ဘဲ ဤနေရာမှ အခြားသောရှားလော်ဂိုဏ်းသားများကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။

သူ့အရှေ့မှလူငယ်က အလွန်ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ကြောင်း ယန်ချူးဖန် သိထားပြီးဖြစ်၏။ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများသည် မည်သည့်အရာက သူတို့အတွက် အကောင်းဆုံးဖြစ်ကြောင်း နားလည်ကြသည်ပင်။

အကျိုးဆက်များကို စိတ်ဝင်စားခြင်းမရှိဘဲ ထင်ရာလုပ်သူများ လောကတွင် အများကြီးရှိသလို ကြုံသလို ဝင်ရောက်ကူညီပေးပြီး ဘာကိုမှအရေးမစိုက်ဘဲ ထွက်ခွာသွားသူများလည်း များစွာ ရှိတတ်သည်။

အကယ်၍ သူ့ရှေ့မှလူငယ်ထက် သူတို့က စွမ်းအားကြီးမားနေလျှင် ပြောစရာအကြောင်းမရှိပေ။ သို့သော် ထိုလူငယ်ကို မယှဉ်နိုင်ဘူးဆိုလျှင်တော့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်သည်က အကောင်းဆုံးပင်။

ပြီးတော့ ထိုလူငယ်က တိုက်ခိုက်ပြီဆိုလျှင် နောက်ခံဂိုဏ်းဂနအင်အားများကို အရေးစိုက်သူ မဟုတ်ပေ။

ဘဝက အသက်တစ်ချောင်းပဲပါသည်ဖြစ်ရာ ထိုသို့သော ရက်စက်တတ်သူများနှင့် ပဋိပက္ခဖြစ်လာခဲ့လျှင် ဂိုဏ်းက ကိုယ့်အတွက် လက်စားချေပေးမည်ကနောက်ကိစ္စ ၊ အသက်ပျောက်မည်ကအရင် ဖြစ်သည်။ မည်သူမှ ထိုသို့သောဆုံးရှုံးမှုမျိုးကို မလိုချင်ကြပေ။

ယန်ချူးဖန်စကားကို နားထောင်ရင်း ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်၏။

“ငါတို့မျိုးနွယ်တွေက ပင်လယ်ရပ်ခြားဒေသကဆိုတော့... ဒီကမ္ဘာက သိုင်းကျင့်ကြံသူတွေကို သိပ်မသိဘူး ၊ လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းရှိတယ်ဆိုတာတော့ အရင်ကတည်းက ကြားဖူးထားတယ် ၊ ဒါပေမယ့် ဘယ်ဂိုဏ်းက စွမ်းအားဘယ်လောက်ကြီးမားလဲ ငါ မသိဘူး”

ထိုစကားကိုကြားတော့ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲမေးသည့်အကြောင်းအရာများက ကြီးကျယ်သောလျှို့ဝှက်ချက်များမဟုတ်ပေ။ သမုဒ္ဒရာကမ္ဘာမှ ကျင့်ကြံသူတိုင်း သိရှိကြသည့်ကိစ္စများ ဖြစ်သည်။

နောက်ဆုံးမှာတော့ ယန်ချူးဖန်ကပင် အဖြေပေးလိုက်သည်။

“လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ရေသလင်းနန်းတော် ၊ ချန်လီတောင် ၊ သွေးနီနဂါးဂိုဏ်း ၊ ဓားအသင်္ချေရေကန် ၊ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်း ၊ လေ့ဖုန်းဂိုဏ်းနဲ့ ငါတို့ ကြံ့ဝိညာဉ်ကျွန်းပါပဲ”

“မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းကတော့ မိစ္ဆာသူတော်စင်ဂိုဏ်း ၊ ကျန်လုန်ဂိုဏ်း ၊ လေ့ဟွမ်ဂိုဏ်း ၊ မြွေစိမ်းကျွန်း ၊ တစ္ဆေဝိညာဉ်ဂိုဏ်းနဲ့ အခု ရင်ဆိုင်ရတဲ့ ရှားလော်ဂိုဏ်းတို့ပါပဲ”

“ဒီဂိုဏ်းတွေထဲမှာ ရေသလင်းနန်းတော်နဲ့ ကျန်လုန်ဂိုဏ်းတွေမှာ သိုင်းသူတော်စင်တစ်ယောက်စီရှိတယ် ၊ သွေးနီနဂါးဂိုဏ်း ၊ ဓားအသင်္ချေရေကန်နဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းတို့မှာတော့ နဂါးကိုးကောင်လက်ချောင်း ၊ မျောလွင့်ဓားနဲ့ တစ္ဆေဝိညာဉ်သေတ္တာဆိုတဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ ပိုင်ဆိုင်ကြတယ်”

ဒါကိုကြားတော့ ရန်ကျောက်ကဲက မျက်ခုံးနည်းနည်းပင့်လိုက်ပြီး…

“ရေသလင်းနန်းတော် ဟုတ်လား”

ယန်ချူးဖန်က ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်”

သူတို့ဂုဏ်သိက္ခာထိခိုက်စေမည့် အချို့သောအကြောင်းအရာများကိုတော့ ယန်ချူးဖန်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

သွေးနီနဂါးဂိုဏ်း ၊ ဓားအသင်္ချေရေကန်နှင့် ရေသလင်းနန်းတော်တို့က လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် စွမ်းအားအမြင့်မားဆုံး ဖြစ်ကြသည်။ ထို ဂိုဏ်း (၃) ဂိုဏ်းတွင် ရေသလင်းနန်းတော်က တန်ခိုးအာဏာအကြီးမားဆုံး ဖြစ်၏။

ရန်ကျောက်ကဲက အနည်းငယ်ပြုံးမိသွားပြီး နှုတ်ခမ်းများကို ခပ်တင်းတင်းပြန်စေ့လိုက်ရင်း ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အခြားအကြောင်းအရာတစ်ခု ခေါင်းစဉ်ပြောင်းလိုက်သည်။

“ကြည့်ရတာ မင်းတို့ဂိုဏ်းက ချန်လီတောင်နဲ့ အ‌တော်လေးနီးစပ်ပုံရတယ် ၊ မကြာခင်နှစ်တွေအတွင်း ချန်လီတောင်မှာ စွမ်းအားမြင့်မားတဲ့လူအသစ်တွေ ရောက်လာတာ ရှိသလား”

သူက ရွှီဖေးနာမည်ကို တိုက်ရိုက်ထုတ်ဖော်မေးမြန်းခြင်းမရှိဘဲ ဒီအတိုင်း စကားပြောဟန်လွှဲဖြင့် မေးလိုက်ခြင်း ဖြစ်၏။

ယန်ချူးဖန်က ခေါင်းညိတ်ရင်း...

“ချန်လီတောင်မှာဆိုရင်... ရှီကျွင်းလို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ရှိတယ် ၊ သူ့ကို ‘ခုနစ်စဉ်ကြယ်ဓားသခင်’ လို့ခေါ်ကြပြီး သမုဒ္ဒရာကမ္ဘာရဲ့ တက်သစ်စလူငယ်လေးတစ်ယောက်ပဲ ၊ သူနဲ့ သက်တူရွယ်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းလို့ ဆိုနိုင်တယ် ၊ အဲဒီလူငယ်လေးက ချန်လီတောင်ကတပည့်တော့ မဟုတ်ဘူး ၊ သူက ချန်လီတောင်က ဧည့်သည်အကြီးအကဲတစ်ယောက်ရဲ့ တပည့်လို့ဆိုကြပေမဲ့ ချန်လီတောင်မှာ ကြီးပြင်းလာတဲ့သူတစ်ယောက်ပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲ အတော်လေး ပ‌ဟေဠိ ဖြစ်သွားသည်။

သူက ရွှီဖေးအကြောင်း မေးမြန်းသော်လည်း ရှီကျွင်းလေးအကြောင်း သိလာရသည်။

ရှီကျွင်းလေးက သိုင်းပညာပါရမီရှိသူတစ်ယောက် ဖြစ်သော်လည်း သူတို့ကွဲကွာသွားသည်မှာ အချိန်တစ်နှစ်ကျော်သာ ရှိသေးလေရာ ကြီးမားသောအပြောင်းအလဲကြီးတစ်ခု မည်သို့ ဖြစ်လာနိုင်ပါမည်နည်း။

ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသည့်အခါ ရန်ကျောက်ကဲ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

သို့သော် သူက တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း...

“သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းဆိုတော့ ရှားပါးကိစ္စပဲ ၊ ဒါနဲ့ အဲဒီလူငယ်အသက်က ဘယ်လောက်ရှိပြီလဲ”

ယန်ချူးဖန်က ရန်ကျောက်ကဲကို ကြည့်ရင်း...

“သူက မင်းထက်တော့ နည်းနည်းငယ်မယ်ထင်တယ် ၊ ဒါပေမဲ့ မင်းနဲ့ သက်တူရွယ်တူဆိုရင်တောင် သူ့စွမ်းအားက မင်းနဲ့ မယှဉ်နိုင်ပါဘူး”

သူက ဆက်ပြောသည်။

“ရှီကျွင်းက ဒီနှစ်ဆိုရင် အသက် (၂၀) ပြည့်ပြီ ၊ အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်အဆင့်ကို အောင်မြင်သွားပြီ”

ထိုအချက် အမှန်ဖြစ်နိုင်သည်ဟု တွေးမိပြီး ရန်ကျောက်ကဲ မည်သည့်စကားမှ မပြောတော့ပေ။

သမုဒ္ဒရာကမ္ဘာ၏ အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မတူကွဲပြားကြေင်း ရန်ကျောက်ကဲ နားလည်သွားသည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ပကတိမိုးကြိုးစွမ်းအားကို လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ပေါင်းစပ်လိုက်သည့်အခါ အချိန်စီးဆင်းမှုမတူညီခြင်းကို ရန်ကျောက်ကဲ အနည်းငယ် အာရုံခံနိုင်ခဲ့သည်။

သို့သော် ကမ္ဘာနှစ်ခုကြားရှိ အချိန်စီးဆင်းမှု ကွာခြားချက်ကို အတိအကျ နှိုင်းယှဉ်လိုပါက သူရောက်နေသောကမ္ဘာသစ်၏ ပတ်ဝန်းကျင်အခြေအနေနှင့် အချိန်အတန်ကြာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပေမည်။

ယခု ယန်ချူးဖန်စကားကိုကြားပြီးနောက် ရန်ကျောက်ကဲ အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်ရာ သမုဒ္ဒရာကမ္ဘာ၏ အချိန်စီးဆင်းမှုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ငါးဆပိုမိုမြန်ဆန်ကြောင်း ယေဘူယျ သဘောပေါက်ခဲ့သည်။  အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အချိန် (၁)နှစ်က သမုဒ္ဒရာကမ္ဘာတွင် အချိန် (၅)နှစ်နှင့် ညီမျှနိုင်သည်။

ဤသို့စဉ်းစားမိတော့ ရန်ကျောက်ကဲ စိတ်ထဲမှသက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့အနေဖြင့် ရွှီဖေး ၊ ရှီကျွင်းတို့နှင့် ခွဲခွာပြီး ဝါဒတောင်သို့ ပြန်သွားသည်မှာ အချိန်တစ်နှစ်ကျော်မျှသာ ရှိသေးသည်။

သို့သော် သူတို့နှစ်ယောက်မှာတော့ အခြားကမ္ဘာတွင် အထီးကျန်စွာ လေလွင့်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။

မည်သို့ပင်ဖြစ်စေ ယန်ချူးဖန်၏ စကားကိုကြားတော့ ရွှီဖေးတို့နှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ စိတ်သက်သာရာ ရသွားသည်။ အနည်းဆုံးတော့ သူတို့အားလုံး မတော်တဆမှုများ ၊ အန္တရယ်များနှင့် မကြုံတွေ့ဘဲ ချန်လီတောင်တွင် ကောင်းစွာအသက်ရှင်သန်နေဟန်ရှိလေရာ စိတ်ပူစရာ မလိုတော့ပေ။

ကြံ့ဝိညာဉ်ကျွန်းမှ လူများကိုကြည့်ပြီးနောက် ရန်ကျောက်ကဲက သူ့အနောက်မှ အရံအတားကို လှည့်ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်ရင်း...

“စောစောက ချန်လီတောင်ကို ရှာဖွေဖို့ပဲ စိတ်ထဲရှိနေတော့ ဒီထဲမှာ ရတနာပစ္စည်းတွေရှိတယ်ဆိုတာ မသိခဲ့ရဘူး ၊ အခုတော့ အထဲမှာ ဘာရှိလဲဆိုတာ သိချင်လာပြီ”

ထိုစကားကိုကြားတော့ ယန်ချူးဖန် ၊ ဖန်းမင်နှင့် အခြားသူများ တုန်လှုပ်သွားကြပြီး မချိသောမျက်နှာများဖြင့် ရန်ကျောက်ကဲအား ကြည့်လိုက်မိကြလေသည်။

All Chapters