Chapters

အခန်း ၆၇၂

Vol. 14 Ch. 672

အခန်း ၆၇၂

Vol. 14 Ch. 672

အခန်း ၆၇၂ မင်းကြီး မငြိမ်မသက်ဖြစ်နေတာလား

“မင်းနန်းဆောင်စာကြည့်တိုက်ထဲသွားမလို့ပါ။မင်းကတော့ အိပ်ရေးဝဝအိပ်။နောက်မှ ညစာတူတူစားကြမယ်”

လုံယန်သည် လိုက်ကာချပ်ပေါ်တွင် တင်ထားသော သူ၏ဝတ်ရုံကို ယူ၍ဝတ်လိုက်သည်။

ဝတ်ပြီးနောက် အိပ်ရာဆီသို့ ပြန်လျှောက်လာကာ သူမနဖူးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလိုက်ပြီး သူမပခုံးများအားကိုင်ကာ

“လှဲနေ”

ဟု ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ”

လုလျန့်ဝေ အမိန့်နာခံသည့်အနေဖြင့် အိပ်ရာထဲတွင် ပြန်လှဲနေလိုက်သည်။သူထွက်သွားသည်ကို ကြည့်နေသော်လည်း သူမတွင် အိပ်ချင်စိတ်မရှိပါ။

ပထမအနေဖြင့် ချန်ကျူပင်း မည်သို့ ကယ်တင်ခံလိုက်ရသည်ကို တွေးပြီးနောက် လုံယန် ငယ်စဉ်က အဆိပ်ခတ်ခံရပုံကို ပြန်စဉ်းစားမိသည်။

သူမနှလုံးသားတွင် သူ့အပေါ်စာနာစိတ်များ ဖြစ်လာရသည်။

မူလပုံပြင်မှ သူ၏ကံကြမ္မာအား တွေးကာ သူမ ရင်ဘတ်ထဲတွင် နာကျင်သွားမိသည်။

မင်းကြီးသည် လူကောင်းတစ်ယောက်ဖြစ်သည်။သူ ခံစားရပေါင်းများ၍ အသက်ငယ်ငယ်ဖြင့်သာ နတ်ရွာစံခဲ့လျှင် ကောင်းကင်ဘုံသည် သူ့အပေါ်တွင် အလွန်မတရားရာ ကျပေလိမ့်မည်။

နောက် အကြောင်းမှာ မင်းကြီး အဆိပ်ခတ်ခံရခြင်းသည် သူမအမေ စိတ်ဆိုးတကြီးဖြင့် ထွက်သွားခြင်းနှင့် ဆိုင်သည်လော။

ကြိုးကိုင်သူသည် အမျိုးသမီးကျန်းကို သုံးကာ သူမမိဘများကြားတွင် ကတောက်ကဆဖြစ်စေပြီး မင်းကြီး ဆေးကုခွင့်မရစေရန် ကြံစည်ခဲ့သလော။

အကယ်၍သာ မှန်ခဲ့လျှင် ကြိုးကိုင်သူသည် ယုတ်မာပက်စက်သောသူဖြစ်သည်။

မင်းကြီးကို ဖျက်စီးပစ်ရန်နှင့် သူမမိဘများသဘောကွဲလွဲမှုကို ယခုကဲ့သို့ အပျက်ပျက်ဖြစ်စေရန် ကြိုးစားခဲ့သည်။

သူမ ခေါင်းထဲတွင် အတွေးမျိုးစုံ ပြန့်ကျဲနေကာ သူမ အိပ်ပျော်သွားသည်အထိ ရှိနေခဲ့သည်။

ကျောက်ချန်သည် နံရံပေါ်သို့ နားကပ်ကာ သူ့သခင်၏ အမိန့်ကို နားစွင့်နေသည်။နေ့တစ်ဝက်မျှပင် နားထောင်နေသော်လည်း မည်သည့်အမိန့်မျှ မကြားရသေးပေ။

မတတ်သာသဖြင့် အပြင်ဘက်ကောင်းကင်သို့ မော့ကြည့်နေမိသည်။နေ့လည်ချိန်သာ ရှိသေးသည်။သူ၏သခင်မှာ မငြိမ်မသက်ဖြစ်နေပုံရသည်။

စိုးရိမ်တကြီးဖြင့် စောင့်နေစဉ် သူ့သခင်၏ ခြေသံများ တံခါးဆီသို့ ချဉ်းကပ်လာနေသည်ကို ကြားလိုက်ရလေသည်။

သူနောက်သို့ ခြေလှမ်းအနည်းငယ် ခုန်ဆုတ်လိုက်ကာ သပ်သပ်ရပ်ရပ် နေရာယူလိုက်သည်။

ထင်သည့်အတိုင်းပင် တံခါးမှ ကျွီခနဲ ပွင့်လာကာ သူ့သခင်မှာ ပေါ့ပါးစွာ ထွက်လာတော့သည်။

လုံယန်သည် ဇာမဏီနန်းတော်မှ ထွက်ကာ မရပ်ဘဲ ဆက်လျှောက်သွားသည်။

ကျောက်ချန် တရိုတသေဖြင့် ချက်ချင်းပြန်လျှောက်တင်လိုက်သည်။

နန်းမြို့တော်တစ်ခုလုံးမှ ချန်ကျူပင်းအား လိုက်လံရှာဖွေနေသော်လည်း ထိုသူမှာမူ မထင်မရှားမြို့လေးတစ်မြို့တွင် ရောက်နေခဲ့သည်။

ထိုနေရာ၌ ချန်ကျူပင်းသည် ခုံပေါ်၌ထိုင်ကာ ဒဏ်ရာကို အဝတ်ပတ်နေပြီး အရှေ့တွင်ရှိသောသူကို ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

သူကြည့်နေသောသူမှာ လူငယ်တစ်ယောက်ဖြစ်၍ ဉာဏ်များဟန်ပေါ်သည်။သူ့နာမည်မှာ ကျောက်ဟန်ဖြစ်သည်။ချန်ကျူပင်း၏ စွပ်စွဲသော လေသံကို ကြားရသောအခါ သူ့ဒေါသအား ထိန်းလိုက်သည်။

“လုယွင်ရွှမ်းသာ ငါ့ဆီ လူလွှတ်ပြီး စာမပို့ခဲ့ရင် မင်း အဲ့မှာပဲ သေဖို့ ပြင်ထားတယ်ပေါ့”

ကျောက်ဟန်မှ သူအား ခဏမျှ စိုက်ကြည့်ကာ ရယ်သွမ်းလိုက်သည်။

“ငါသာ မကယ်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ့်သူကများ။ဘယ်လိုဖြစ်ရတာတုန်း။မတွေ့တာပဲ လနည်းနည်းလောက် ရှိအုံးမယ်။လက်လျှော့လိုက်ပြီလား”

ချန်ကျူပင်းသည် ဒဏ်ရာရလက်မောင်းအား ဆုပ်ကိုင်ကာ မပြောဘဲနေသည်။

ချန်ကျူပင်း ပြုမူဟန်ကို မြင်သောအခါ ကျောက်ဟန် လေသံပျော့သွားသည်။

“ဘာတွေများ ဖြစ်ခဲ့တာတုန်း။မင်းသာ သေကြောင်းကြံနေတယ်ဆိုတာကြားရင် မင်းရဲ့”လရိပ်လေး” ဘယ်လိုနေမလဲ”

“လရိပ်လေး”အကြောင်းပြောမိသောအခါ ချန်ကျူပင်းမျက်နှာတွင် မကျေနပ်ဟန်ပေါ်လာသည်။

သူအချစ်ဆုံး သူငယ်ချင်းမှာ လုယွင်ရွှမ်းကို မည်မျှမြတ်နိုးမှန်း သူသိသည်။

ကျောက်ဟန် နန်းမြို့တော်မှ ထွက်လာရသည့်အကြောင်းသည်လည်း လုယွင်ရွှမ်းအကြောင်းကို ချန်ကျူပင်းနှင့် ငြင်းခုံမိခြင်းကြောင့်ဖြစ်သည်။

လုယွင်ရွှမ်းမှာ လက်ပင်ထပ်ပြီး၍ သူများဇနီး ဖြစ်နေသော်လည်း သူ့သူငယ်ချင်းမှာ သူမအပေါ် ချစ်စိတ်မကုန်သေးဘဲ အနားတွင် စောင့်နေတုန်းဖြစ်သည်။ကျောက်ဟန်မှာ ထိုသည်ကို မကျေနပ်သဖြင့် လုယွင်ရွှမ်းအကြောင်း မကောင်းနည်းနည်း ပြောမိသွားသောကြောင့် ချန်ကျူပင်း ထ၍ လောင်စာပေါ်မီးကျခြင်းဖြစ်သည်။

ကျောက်ဟန်မှာ ဒေါသထွက်လွန်းသဖြင့် ချက်ချင်းထထွက်လာခဲ့ခြင်းပင်။