အခန်း ၆၈၆
Vol. 14 Ch. 686
အခန်း ၆၈၆ လုံယန်၏ ပစ်မှတ် အစစ်အမှန်
"လုယွင်ရွှမ်း၊မင်းဘာလုပ်ခဲ့သလဲ မင်းကောင်းကောင်းသိတယ်။မင်းသာ အိမ်ရှေ့စံမင်းသမီးရဲ့ ဂုဏ်ပုဒ်နဲ့ အညီ သနားကြင်နာစိတ်၊သဘောထားအပြည့်နဲ့ မကျင့်ကြံနိုင်ဘူးဆိုရင် မင်းနဲ့ အဲ့ဂုဏ်ပုဒ်နဲ့ မတန်ဘူး။ငါ အခုချက်ချင်း မင်းကြီးဆီမှာ မင်းရဲ့အိမ်ရှေ့စံ မင်းသမီးဂုဏ်ပုဒ်ကို ဖယ်ရှားခိုင်းမယ်"
လုံချီမှာ သူ၏ စကားပြီးသည်နှင့် မျက်နှာမှောင်ကုတ်ကာ ထွက်သွားသည်။
ခြံဝင်းထဲရှိသူများအားလုံးသည် သူတို့မြင်လိုက်ရသော မြင်ကွင်းအား မယုံကြည်နိုင်သဖြင့် မတ်တပ်ရပ်လျက်ပင် ကြက်သေသေနေကြသည်။
'အိမ််ရှေ့စံမင်းသားက မင်းသမီးကို ပါးရိုက်ပြီး သူ့ဂုဏ်ပုဒ်ကို ဖယ်ရှားပစ်ဖို့ပါ ခြိမ်းခြောက်တယ်တဲ့'
'ဒီသတင်းက အံ့အားသင့်စရာပါလား'
ချန်ချူးယွီ ကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။လုယွင်ရွှမ်းအား အိမ်ရှေ့စံမှ ထိုလောက် ပြင်းထန်သော အပြစ်ပေးမည်ဟု သူမ မထင်ခဲ့မိပေ။
ချန်ချူးယွီသည် လုယွင်ရွှမ်း၏ ဖောင်းမို့လာသော ပါးပြင်ကို စ၍မြင်သူ ဖြစ်ကာ သူမစိတ်ထဲတွင် ဝမ်းမြောက်နေသည်။
လုယွင်ရွှမ်း ဒဏ်ခံရမည့်နေ့ ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့။
"လောကမှာ တရားကို နတ်စောင့်ပါသေးလား"
ချန်ချူးယွီသည် မေလေး၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။သူမပြုံးနေသည်ကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။
"မင်းသမီးရှင့်...အဲ၊ခဏနေရင် အိမ်ရှေ့စံဂုဏ်ပုဒ် ဖြုတ်ခံရတော့မှာပဲ။ဘယ်အဆင့်ထိတောင် ပြန်ပို့ခံရမလဲ မပြောတတ်ဘူးနော်"
ထိုစကားကြောင့် လုယွင်ရွှမ်း တုန်လှုပ်သွားသည်။ချန်ချူးယွီကို အေးစက်စွာကြည့်ကာ
"ချန်ချူးယွီ နင် အိမ်ရှေ့စံကို ဘာတွေပြောလိုက်တာလဲ"
ချန်ချူးယွီ လှောင်ရယ်ရယ်လိုက်သည်။
"ရှင်ကပဲ ကျွန်မကို မေးရသေးတယ်။ရပါတယ် ပြောရမှာပေါ့။ကိုယ့်ရှူးကိုယ်ပတ်တယ်ဆိုတာ ကြားဖူးလား။ရှင်သာ အရေးမပါတာ အရာလုပ်ပြီး မင်းသားရဲ့ စားပွဲပေါ်မှာသာ စာသွားမတင်ခဲ့ရင် သူ အဲ့လောက် အမျက်ထွက်တာကို ရှင်ခံရမှာ မဟုတ်ဘူး။ကျွန်မကတော့ ဗိုက်ထဲက ကလေးကြောင့် သက်သာသွားလေရဲ့။ရှင်ကတော့ အိမ်ရှေ့စံမုန်းတာပဲ ခံရတော့မှာ"
ထိုသို့ပြောပြီးနောက် သူမ ဝမ်းဗိုက်ပေါ်သို့ လက်တင်လိုက်သည်။
"လူတွေက ကိုယ်စွမ်းတာထက် ပိုမရောင့်တက်သင့်ဘူး။မဟုတ်ရင် ကိုယ့်ကျော့ကွင်း ကိုယ်ပြန်မိမှာပဲ"
လုယွင်ရွှမ်း၏ စိတ်ထဲတွင် တုန်လှုပ်ခြင်း၊ဒေါသထွက်ခြင်းတို့ ရောနှောနေသည်။
'လုံချီ သူမကို အဲ့လောက် ဒေါသထွက်ရအောင် ဘာများ လုပ်လိုက်မိပါလိမ့်'
ချန်ချူးယွီ ဆောင်ကြာမြိုင်ထဲတွင် ရောက်နေခဲ့သည်ကိုသိလျှင် သူမအား လုံချီ ဒေါသထွက်မည်ကို ခန့်မှန်းထားသော်လည်း ချန်ချူးယွီ မှာ မှဲ့တစ်စက်မျှ မစွန်းဘဲ သူမသာလျှင် ဒေါသပုံချခံရမည်ဟု မထင်ထားခဲ့ပေ။
'ချန်ချူးယွီ ဗိုက်ထဲက ကလေးက လုံချီရဲ့ ရင်သွေးဆိုရင်တောင် အဲ့ကလေးက ခန္ဓာကိုယ် ညစ်ညမ်းနေတဲ့ အမေထဲမှာ ကြီးပြင်းလာမှာကို သူဘယ်လို သည်းခံနိုင်ရတာလဲ'
'ချန်ချူးယွီကိုကျတော့ တိတ်တဆိတ် မရှင်းပစ်ဘဲ ဘာလို့ သူ့ကိုမှ အပြစ်ပေးရတာလဲ'
ချန်ချူးယွီမှာ လုယွင်ရွှမ်း ဝမ်းနည်းနေပုံ၊မယုံကြည်နိုင်ပုံ များကို သူမမျက်နှာတွင် မြင်နေရသဖြင့် သူမ ဘာတွေးနေသည်ကို ခန့်မှန်းနိုင်သည်။
ကံမကောင်းသည်မှာ လုံချီ မစွမ်းဆောင်နိုင်တော့သည်ကို လုယွင်ရွှမ်း မသိခဲ့ခြင်းဖြစ်သည်။ထိုသို့သာ မဟုတ်ပါက သူမ ဤသို့ ကြံရဲမည် မဟုတ်ချေ။
ထိုမနာကျန်းမှုအား မကုနိုင်ခင်အထိ သူမဗိုက်ထဲမှ ကလေးသည် လုံချီ၏ တစ်ဦးတည်းသောရင်သွေး ဖြစ်နိုင်သဖြင့် သူမအား လုံးဝရန်ပြုမည် မဟုတ်။
ချန်ချူးယွီ၏ အောင်နိုင်သူမျက်နှာကို မြင်လိုက်ရသဖြင့် သူမအား ခုန်အုပ်ကာ ဇီဝန်ချွေပေးချင်စိတ်များ ပေါ်ပေါက်လာသော်လည်း လုယွင်ရွှမ်းအတွက်မူ အိမ်ရှေ့စံ သူမအပေါ် သဘောပြန်လည်လာရန်မှာ ပို၍ အရေးကြီးနေသည်။သို့မဟုတ်ပါက မင်းကြီးမှ အမိန့်တော်ချမှတ်လိုက်လျှင် သူမဘဝ အဆုံးသတ်သွားနိုင်သည်။
သူမ ချန်ချူးယွီကို တစ်ချက်ပင် လှည့်၍ မကြည့်တော့ပေ။သူမကို ရှင်းပစ်ရန် အခွင့်ကောင်းများ နောင်အချိန် ပေါ်လာနိုင်သေးသည်။
လုယွင်ရွှမ်းသည် လုံချီထွက်သွားသည့်ဆီသို့ ပြေးလိုက်သွားကာ ဟုန်ရှို့သည်လည်း အနောက်မှ လိုက်ပါသွားသည်။
ကံမကောင်းစွာဖြင့် လုံချီမှာ အရှေ့နန်းဆောင် အပြင်သို့ပင် ရောက်နှင့်နေပြီးဖြစ်ပြီး တော်ဝင်စာကြည့်ခန်းဆီသို့ ဦးတည်လျက်ရှိသည်။
သူ၏ မျက်နှာမှာ အလွန်ပင် ခက်ထန်နေသည်။
ချန်ချူးယွီ ထိုလောက် တည်ငြိမ်နေသည်မှာ ဦးရီးတော်မှ ကျောထောက်နောက်ခံထား၍ ဖြစ်ရမည်။
မကြာမီတွင် ဤဖြစ်စဉ်၏ နောက်ကွယ်မှ အမှန်တရားကို သူနားလည်လိုက်သည်။
'ဦးရီးတော် ရဲ့ အဓိကပစ်မှတ်က...လုယွင်ရွှမ်းပဲ'
ဦးရီးတော်သည် လုယွင်ရွှမ်းနှင့် ပတ်သက်၍ မကျေနပ် ဖြစ်နေသည်မှာ အချိန်ကြာပြီဖြစ်သည်။မိဖုရားခေါင်ကြီးမှ ဆောင်ကြာမြိုင်ကိစ္စအား ဝင်ရောက်စွက်ဖက်ကာ လုယွင်ရွှမ်း ကြံရာပါ ဖြစ်မည့်ကိစ္စမှ ကယ်တင်ပေးလိုက်သော်လည်း ဦးရီးတော်မှာ လုယွင်ရွှမ်း၏ ပတ်သက်မှုကို သိလိုက်သည့်အချိန်မှစ၍ သူမအား ရိုက်ချရန်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။
ကံဆိုးစွာဖြင့် လုယွင်ရွှမ်းမှာ ဤကာလအတွင်း အငြိမ်မနေနိုင်ဘဲ ချန်ချူးယွီအား ချောက်ချရန် ကြံစည်ခဲ့သောကြောင့် ဦးရီတော်မှ သူမအား စီရင်ရန် အခွင့်ကောင်းရခဲ့ခြင်းဖြစ်သည်။