အခန်း ၆၈၈
Vol. 14 Ch. 688
အခန်း ၆၈၈ ဖမ်းစားခံလိုက်ရသည်။
သူမအခြေအနေအား ဟုန်ရှို့မပြောဘဲနှင့်ပင် သူမ နားလည်လိုက်သည်။ထိုနေရာတွင်ပင် သူမသွေးစိမ်းရှင်ရှင် အန်သဖြင့် ဟုန်ရှို့ မျက်နှာသွေးဆုတ်သွားကာ လက်ကိုင်ပဝါတစ်ထည်ကိုယူပြီး သူမနားရောက်လာသည်။
“သခင်မ၊ ကျန်းမာရေးကို ဂရုစိုက်ပါဦး”
အချိန်အတော်ကြာမှ လုယွင်ရွှမ်း ပြည်လည်သက်သာလာသည်။
“အိမ်ရှေ့စံ ဘယ်မှာလဲ။ငါ့ဆီ အိမ်ရှေ့စံကိုခေါ်ပေး”
ဟုန်ရှို့ ခေါင်းစိုက်ကျသွားသည်။
“အိမ်ရှေ့စံမင်းသားကို မိဖုရားခေါင်ကြီးက ဆင့်ခေါ်ထားပါတယ်”
လုယွင်ရွှမ်း သူမစောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။သူမလည်ချောင်းထဲမှ သွေးချိုချိုအရသာကို ရလာသော်လည်း သူမ အတင်းမြိုချလိုက်သည်။
‘ဒီလို ဆက်ဆံရဲတယ်ပေါ့လေ။သူ ဒီနေရာကို ဒီလိုရောက်လာအောင် ဘယ်သူတင်ပေးခဲ့သလဲဆိုတာကို မေ့သွားပြီပေါ့ ဟုတ်လား’
လုယွင်ရွှမ်းမှာ ဒေါသတကြီးဖြစ်လျက် မျက်နှာတွင် သွေးမရှိတော့သဖြင့် သူမအား ဟုန်ရှို့ အလျင်အမြန် နှစ်သိမ့်လိုက်သည်။
“အဲ့လောက် အလျင်မလိုပါနဲ့၊အိမ်ရှေ့စံ မင်းသမီး။တကယ်လုပ်ရင် မဖြစ်တာ မရှိပါဘူး။အခု အရေးကြီးဆုံးက သခင်မ ကျန်းမာရေး ပြန်ကောင်းလာအောင် ကြိုးစားဖို့ပါပဲ။အိမ်ရှေ့စံမင်းသားအတွက်သာ ရင်သွေးလေး မွေးပေးလိုက်ရင် အိမ်ရှေ့စံမင်းသမီးဂုဏ်ပုဒ် ပြန်မရမှာ ပူစရာမလိုတော့ပါဘူး”
ထိုစကားလုံးများသည် သူမကို အသိပြန်ဝင်လာစေသည်။
သူမဝမ်းဗိုက်အပေါ်သို့ လက်တင်လိုက်သည်။
သူမတွင် နောက်ဆုံးဝှက်ဖဲ ကျန်သေးသည်။သူမအမေ ဆုံးသည့်နေ့တွင် သူမ အကြံအစည်ဖြင့် အိမ်ရှေ့စံမင်းသားနှင့် အိပ်စက်ခဲ့သည်။ဤတစ်ခါ သူမ ကိုယ်ဝန်ရမည်မှာ သေချာသည်။သူမလိုအပ်သည်မှာ ရက်အနည်းငယ်မျှ စောင့်၍ နန်းတွင်းသမားတော်ထံတွင် ပြသရန်ဖြစ်သည်။သူမသာ ကိုယ်ဝန်ရှိနေပါက အခွင့်အရေးရှိနိုင်သေးသည်။
တော်ဝင်ပြန်တမ်းအရ သူမ၏ အိမ်ရှေ့စံမင်းသမီးရာထူး ဖယ်ရှားခံရသည့် အဓိကအကြောင်းရင်းမှာ အိမ်ရှေ့စံမင်းသားအတွက် အမွေခံရင်သွေး မမွေးဖွားပေးနိုင်၍ဖြစ်သည်။
လုယွင်ရွှမ်း ဒေါသဖြစ်မှု တုန်လှုပ်မှုတို့ဖြင့် လက်သီးဆုပ်လိုက်မိသည်။
ဆိတ်ငြိမ်နန်းဆောင်၌၊
သူ့အား အဘွားတော်မှ ဆင့်ခေါ်ရခြင်းအကြောင်းမှာ လုယွင်ရွှမ်းကိစ္စနှင့် ပတ်သက်၍ အပြစ်တင်ဆုံးမရန် ဖြစ်ရမည်ဟု လုံချီ ထင်ထားခဲ့သည်။သို့ရာတွင် သူ့အား သူမမှ ဆုံးမခြင်း မပြုရုံမျှသာမက ထိုကဲ့သို့ ဖြစ်သွားခြင်းကိုပင် ဝမ်းမြောက်နေသကဲ့သို့ ထင်ရသည်။
“လုယွင်ရွှမ်း မွေးတဲ့နေရာကောင်းလို့လည်း စာရိတ္တကောင်းတာတော့ မဟုတ်ဘူးပဲ။မင်းနန်းတက်တဲ့အခါ သူ့ကို အထူးတလည် ဂုဏ်ပုဒ်ဖယ်ရှားပစ်စရာ မလိုတော့ဘူးပေါ့။အခုတော့ မင်းကြီးအလိုကိုလိုက်ပြီး အသာလေး နေနေလိုက်။အဲ့တုန်းက မင်း သူနဲ့လက်ထပ်ဖို့ကို ငါခွင့်ပြုခဲ့တုန်း သူအစွမ်းပြခဲ့တာတွေကြောင့်ပဲ။အခုတော့ ဆောင်ကြာမြိုင်ကိုလည်း ဆက်ဖွင့်လို့မရတော့တဲ့အပြင် နန်းတွင်းညီလာခံမှာလည်း မင်းရဲ့နေရာက မြဲနေပြီဆိုတော့ မင်းကြီးက သူ့ဂုဏ်ပုဒ်ကို ဖယ်ရှားပစ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။အခုအချိန်က မင်းကို ကျောထောက်နောက်ခံ ကောင်းကောင်းပေးနိုင်မယ့် အမျိုးသမီးနဲ့ လက်ထပ်ပြီး မိသားစုအင်အား တောင့်တင်းအောင် လုပ်ရမယ့် အချိန်ကောင်းပဲ”
ထို့စကားကို ကြားသော်အခါ လုံချီမှ ခေါင်းညိတ် တလေးတစား ပြန်လျှောက်တင်လိုက်သည်။
“ကျွန်တော်နားလည်ပါတယ်”
“လုယွင်ရွှမ်းက ငါတို့အတွက် အခု အသုံးမဝင်တော့ပေမယ့် ငါတို့ဘာလုပ်တယ်ဆိုတာ သူတော်တော် သိထားတုန်းပဲ။တို့အကြံတွေ မပျက်စီးအောင် သူ့ကို ချော့မောထားတာကောင်းမယ်”
“ဟုတ်ကဲ့ပါ”
လုံချီ နာခံလိုက်သည်။သူပြန်ရောက်သည်နှင့် လုယွင်ရွှမ်းကို အသေအချာ နှစ်သိမ့်ရန် သူ ကြံစည်ထားသည်။
“ကောင်းပြီ။မနက်ဖြန် ဆောင်းဦးအမဲလိုက်ပွဲဆိုတော့ စောစောနားလိုက်ဦး”
မိဖုရားခေါင်ကြီးမှ သူ့အား လက်ဝှေ့ယမ်းကာလွှတ်လိုက်လေသည်။
လုယွင်ရွှမ်း လျန်တိအဖြစ် လျှော့ချခံလိုက်ရသည့် သတင်းမှာ နန်းတွင်းနန်းပြင် နှစ်ရပ်စလုံး၌ ပျံ့နှံ့သွားသည်။
လုလျန့်ဝေသည်လည်း သတင်းစကားကြားလိုက်ရသည်။
လုယွင်ရွှမ်းအား ရာထူးလျှော့ချသည့် ပြန်တမ်းကို လုံချီကိုယ်တိုင်မှ အရင် တောင်းဆိုလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။သူမ အလွန်ပင် အံ့သြမိသွားသည်။
သို့ရာတွင် သူမ အနည်းငယ် တွေးကြည့်ပြီးနောက် မင်းကြီး၏လက်ချက်မကင်းနိုင်ကြောင်း စဉ်းစားမိလာသည်။
မင်းကြီးသာ လုံချီကို ဖိအားပေးလိုက်ပါက လုံချီ မလွန်ဆန်နိုင်သဖြင့် လုယွင်ရွှမ်းအား ရာထူးလျှော့ချလိုက်ရခြင်း ဖြစ်နိုင်သည်။
သူမမေးစေ့ကို ပွတ်သပ်ကာ စဉ်းစားခန်းဝင်လိုက်သည်။
ယခုအချိန်အထိ ဖြစ်ခဲ့ရာရာကိစ္စများသည် မူလဝတ္ထုမှ အလွန်ကွဲပြားနေပြီဖြစ်သည်။မနက်ဖြန် ဆောင်းဦးအမဲလိုက်ပွဲသည်လည်း...
ဆောင်းဦးအမဲလိုက်ခရီးစဉ်၌ ဖြစ်ပွားခဲ့သော ကိစ္စကို မူလဝတ္ထု၌လည်း ရေးသားထားသည်။
သို့ရာတွင် ယခုအကြောင်းအရာများမှာ မူလဝတ္ထုနှင့် လုံးဝမတူညီသောသဖြင့် ထိုကိစ္စများလည်း ဆက်၍ မဖြစ်နိုင်တော့ဟု ထင်မိသည်။
ထိုသို့တွေးမိသော်လည်း သူမ စိတ်မချနိုင် ဖြစ်နေသေးသည်။
သူမ အတွေးလွန်နေသဖြင့် သူမခေါင်းအား လက်ဝါးကြီးတစ်ခုမှ ပွတ်လိုက်မှသာ လုံယန် ဝင်ရောက်လာသည်ကို သူမ သတိထားမိလိုက်သည်။
သူမ ခေါင်းမော့ကာ လုံယန်အား သူမ၏ မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်သည်။
သူမ ထရပ်ကာ သူ၏ အဝတ်များချွတ်ရန် ကူညီပေးမည် ပြင်လိုက်သော်လည်း သူမပခုံးများ ဆုပ်ကိုင်ခံလိုက်ရကာ လုံယန်၏လေနွေးများမှ သူမဆီရောက်လာပြီးနောက် သူမနှုတ်ခမ်းများမှာ ဖမ်းစားခံလိုက်ရတော့သည်။