သိုင်းသူတော်စင်အမွှေအနှစ်တည်ရှိရာနေရာ
Vol. 36 Ch. 500
အခန်း (၅၀၀) သိုင်းသူတော်စင်အမွှေအနှစ်တည်ရှိရာနေရာ
ရန်ကျောက်ကဲက ယန်ချူးဖန်တို့အုပ်စုကိုကြည့်ရင်း ပြုံးလိုက်သည်။
ယန်ချူးဖန်က မချိပြုံတစ်ချက်ပြုံးရင်း...
“ငါတို့လည်း ဒီအရံအတားရှိတဲ့သတင်းကို မတော်တဆ ကြားခဲ့ရတာပါ ၊ ဒီနေရာမှာ ရတနာပစ္စည်းတွေရှိတယ်လို့ ကောလဟလကြားပေမယ့် အထဲမှာ ဘာတွေရှိလဲဆိုတာ သေသေချာချာ မသိပါဘူး”
သူက ဆက်ပြောသည်။
“မင်းက ဒီအရံအတားထဲကထွက်လာတဲ့သူဆိုတော့... အထဲမှာဘာတွေများရှိလဲ ငါတို့က မေးကြည့်မလို့ တွေးနေကြတာ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ငါ အရံအတားထဲက လက်ဗလာနဲ့ထွက်လာတယ်ဆိုတာကို မင်းတို့ မယုံကြဘူးလား”
ယန်ချူးဖန်နှင့်အခြားသူများက မယုံကြည်ဟန် နှာခေါင်းများ ရှုံ့လိုက်ကြတော့ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...
“အင်း... မင်းတို့နေရာမှာ ငါဆိုရင်လည်း ယုံမှာ မဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“ဒါဆိုလည်း သွားကြည့်ကြတာပေါ့ ၊ ချန်လီတောင်ကိုသွားရမယ့်လမ်း သိပြီဆိုတော့ သိပ်အလျှင်လိုစရာ မရှိတော့ပါဘူး”
ထို့နောက် ရန်ကျောက်ကဲက အေးအေးဆေးဆေးပင် အရံအတားအတွင်းသို့ လှည့်ဝင်သွားလေရာ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မချိပြုံးပြုံးလိုက်ကြ၏။
ဖန်းမင်သည်လည်း မချိပြုံးတစ်ချက်ပြုံးရင်း...
“ဘာပဲဖြစ်ဖြစ်... ဒီ ‘ရန်’ သခင်လေးကြောင့်သာမဟုတ်ရင် ကျွန်မတို့အားလုံး ကျန်းရှုန်လက်ချက်နဲ့ သေရမှာပဲမဟုတ်လား ၊ တွေးကြည့်တော့ သူက ကျွန်မတို့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတောင် တင်သင့်ပါတယ်”
သူမက ကျန့်ဝိညာဉ်ကျွန်းသခင်၏ မြေးဖြစ်သောကြောင့် ကျန်းရှုန်က သူမကို အရှင်ဖမ်းလိုခဲ့သော်လည်း အခြားသူများကိုတော့ သေချာပေါက် သတ်ဖြတ်ပစ်မည်ပင်။
ယန်ချူးဖန်က ခေါင်းညိတ်ရင်း...
“ဒီလူငယ်က စောစောက အရံအတားထဲ ဘယ်လိုဝင်သွားလဲဆိုတာ မသိနိုင်ဘူး ၊ ဒါပေမဲ့ သူက အရင်ကတည်းက အရံအတားထဲရောက်နေတာဆိုတော့... အရင်ရောက်လို့ ရတနာပစ္စည်းတွေ အရင်ရသွားတယ်လို့ပဲ စိတ်ဖြေရမှာပဲလေ ၊ သူက ကျန်းရှုန်လို ငါတို့ဆီကတစ်ဆင့် အခွင့်ကောင်းယူသွားတယ်လို့ မှတ်ယူလို့ မရပါဘူး”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“အဓိကအချက်ကတော့ ငါတို့ သူ့ကို တားလို့မရနိုင်ဘူးလေ”
သူ့နံဘေးမှ ကြံ့ဝိညာဉ်ကျွန်း သိုင်းသမားများက ကူရာကယ်ရာမဲ့ဟန်ဖြင့်...
“အခု သူ အရံအတားထဲ ပြန်ဝင်သွားပြီ ၊ ငါတို့ ဘာလုပ်ကြမလဲ”
“ငါတို့ အထဲဝင်ရင်တောင် သူနဲ့အတူ ရတနာပစ္စည်းတွေကို ယှဉ်လုနိုင်မှာ မဟုတ်ဘူး”
ယန်ချူးဖန်က...
“ဒီအရံအတားက အရမ်းကျယ်ပြန့်တဲ့ဧရိယာကို လွှမ်းခြုံထားတယ် ၊ ဘယ်လောက်နက်ရှိုင်းမလဲဆိုတာ ခန့်မှန်းရခက်တယ် ၊ သူတစ်ယောက်တည်း ရတနာပစ္စည်းတွေအကုန်လုံး လိုက်ရှာနိုင်မှာ မဟုတ်ဘူး ၊ ငါတို့လည်း ဝင်ကြည့်ရင် ကံကောင်းချင် ကောင်းမှာပေါ့”
ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားတစ်ယောက်က ချီတုံချတုံဖြင့်...
“ဒီလူက အရမ်းလွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး အကြင်နာတရားလည်း မရှိဘူး ၊ ကျွန်တော်တို့ ရတနာပစ္စည်းတွေ ရသွားရင်လည်း သူကလုယူမှာ မဟုတ်ဘူးလား”
ဖန်းမင်က...
“ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရတာပေါ့ ၊ ငါတို့ ရတနာပစ္စည်းတွေရရင် ကံကောင်းတယ်လို့ ဆိုရမယ် ၊ မရဘူးဆိုရင်လည်း ကံတရားအတိုင်းပေါ့ ၊ ဘာပဲဖြစ်ဖြစ် ကျန်းရှုန်သတ်လို့သေတာထက်ဆာရင် ပိုကောင်းပါတယ်”
ယန်ချူးဖန်က...
“ကံကောင်းဖို့ဆိုတာက စွမ်းအားကြီးမားရုံနဲ့မရဘူး အခွင့်အရေးလည်းလိုသေးတယ် ၊ တတ်နိုင်သမျှ ကြိုးစားပြီး ရှာဖွေကြတာပေါ့”
သူက ဖန်းမင်ကို တစ်ချက်ကြည့်ရင်း...
“ဂိုဏ်းတူညီလေး’ဖန်း’ လည်း ဒီနားတဝိုက်မှာ ရှိနေတယ် ၊ စောစောက ကျန်းရှုန်တို့တွေ ပိတ်ဆို့ထားတာနဲ့ သူနဲ့ မဆက်သွယ်နိုင်ခဲ့ဘူး ၊ အခုတော့ သူနဲ့ ဆက်သွယ်လို့ရပြီ ၊ ဂိုဏ်းတူညီလေး’ဖန်း’ သာ ရှိနေရင် ငါတို့ရတနာပစ္စည်းတွေရတဲ့အခါ အဲဒီ ‘ရန်’ မျိုးနွယ် လုယူမှာကို စိတ်ပူစရာ မလိုတော့ဘူး”
သူက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဒီလူက ငါတို့ကို ကူညီခဲ့တာပဲလေ ၊ ငါတို့ ကြံ့ဝိညာဉ်ကျွန်းက ကျေးဇူးတရားနဲ့ ရန်ငြိုးကို ခွဲခြားသိတတ်ပါတယ် ၊ ငါတို့ သူ့ကို နောက်တော့ ကျေးဇူးဆပ်မှာပါ ၊ ဒါပေမဲ့ ရတနာပစ္စည်းတွေရှာတဲ့နေရာမှာတော့ သူ့ကို ကြောက်နေစရာ မလိုပါဘူး”
ထိုစကားကိုကြားတော့ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများအားလုံး ခေါင်းညိတ်လိုက်ကြပြီး...
“ဟုတ်တယ် ၊ ဒီလိုပဲ ဖြစ်သင့်တယ်”
ဖန်းမင်က စပ်စုလိုက်သည်။
“ဦးလေး (၂) လည်း ဝင်္ကပါပင်လယ်ဒေသကို ရောက်နေတာလား”
ယန်ချူးဖန်က...
“အမှန်ပဲ ၊ ငါ သူ့ကို အချက်ပြပြီး သတင်းချန်ထားခဲ့တယ် ၊ အခု အရံအတားထဲ ဝင်ကြရအောင်”
***
ရန်ကျောက်ကဲက အရံအတားအတွင်း ပင်လယ်ပြင်ထက်တွင် ပျံသန်းလျှက် ရှိသည်။
ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ကိစ္စများကို ခဏမေ့ထားပြီး ရွှီဖေးနှင့် ရှီကျွင်းလေးတို့သည်လည်း စိတ်ပူစရာမရှိသဖြင့် စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားနိုင်သည်။
ယခု ရန်ကျောက်ကဲ သူ့ရှေ့မှ အရံအတားကို အာရုံစူးစိုက်ကြည့်နေ၏။
“အင်း... တကယ့်ကို စိတ်ဝင်စားစရာပဲ ၊ ဒီ အရံအတားက အတော်လေး ထူးခြားတယ် ၊ ကျယ်ပြန့်တဲ့ဧရိယာကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး နက်နက်နဲနဲလည်း ဖုံးကွယ်ထားတယ် ၊ အရံအတားပညာက ခမ်းနားလွန်းလို့ တခြားသူတွေအာရုံခံနိုင်ဖို့ ခက်ခဲတယ် ၊ ဒီလိုနည်းလမ်းမျိုးကို သိုင်းဆရာသခင်တွေ မလုပ်နိုင်တာ အမှန်ပဲ”
သူက စိတ်ဝင်တစား စူးစမ်းနေရင်း...
“ပြီးတော့... အရင်တုန်းက ရေခဲနဂါးသူတော်စင်ရဲ့ နန်းတော်ထဲကိုဝင်တုန်းက ခံစားချက်မျိုးနဲ့ ဆင်တူတယ် ၊ ကြည့်ရတာ သိုင်းသူတော်စင်တစ်ယောက်ရဲ့ အမွေအနှစ်နေရာတစ်ခုများလား မသိဘူး”
“ဟုတ်တယ် ၊ အရံအတားနဲ့ စည်းတံဆိပ်ခတ်တာမှာ ကျွမ်းကျင်တဲ့ သိုင်းသူတော်စင်တစ်ယောက်ပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲသည် မရပ်မနား ရှေ့သို့ တိုးလာရင်း တွေးတောနေမိသည်။
ထို့နောက် သူက ဓားအလင်းတန်းတစ်ခု ထုတ်ဖော်ပြီး ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ထင်မှတ်ရသော်လည်း မကြာမီ ကောင်းကင်ထက်လေထုထဲတွင် လှိုင်းလုံးများ ဖြစ်ပေါ်လာ၏။
အရံအတားမှ ဖြစ်ပေါ်လာသည့်အပြောင်းအလဲများကို အာရုံခံရင်း ရန်ကျောက်ကဲက သူသွားနေသည့် ဦးတည်ရာလမ်းကြောင်းကို အဆက်မပြတ် ပြောင်းလဲနေသည်။
ကြံ့ဝိညာဉ်ကျွန်းမှလူများ အရံအတားထဲဝင်လာသည်ကို သတိပြုမိသော်လည်း ရန်ကျောက်ကဲက သူတို့ကို တားဆီးခဲ့ခြင်း မရှိပေ။ သူ့နောက်မှလိုက်လာသူများကို လှည့်ကြည့်ရင်း အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။
အရံအတားထဲတွင် ရန်ကျောက်ကဲ ပျံသန်းသွားသည့်နှုန်းမှာ ပေါ့ပါးပြီး နှေးကွေးသည်ဟုထင်ရသော်လည်း တစ်ခဏအတွင်း ယန်ချူးဖန်တို့အုပ်စုမှာ သူ့ကို လိုက်မမီတော့ပေ။ မကြာမီ သူတို့အားလုံး မျက်စိရှေ့မှ ရန်ကျောက်ကဲ ပျောက်ကွယ်သွားလေသည်။
အချိန်အတန်ကြာ သွားလာနေပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ရပ်တန့်လိုက်သည်။
ကောင်းကင်ထက်မှအောက်သို့ငုံ့ကြည့်လိုက်တော့ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ကျောက်စိမ်းရောင်ပင်လယ်ပြင်ကြီးကိုတွေ့မြင်ရသည်။ ပင်လယ်ပြင်ထဲတွင် ကျွန်းများတည်ရှိနေသည်ကို မတွေ့မြင်ရဘဲ ရေမျက်နှာပြင်က ကြည်လင်ချောမွေ့လျှက် ရှိ၏။
ရန်ကျောက်ကဲက ပင်လယ်ရေမျက်နှာပြင်အောက်သို့ ခဏမျှစူးစိုက်ကြည့်ပြီးနောက် ရေပြင်ထက်သို့ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရက ပင်လယ်ရေပြင်နှင့်တစ်သားတည်းပေါင်းစပ်သွားပြီး ရေမျက်နှာပြင်ကို ကျော်ဖြတ်ကာ အောက်ဘက်သို့ ဦးတည်ဆင်းသက်သွားသည်။ နောက်ဆုံး အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်ဆီသို့ ရောက်ရှိသွား၏။
တစ်ချိန်တည်းမှာပင် ပင်လယ်ရေအောက်ကြမ်းပြင်မှ တန်ပြန်လှုပ်ရှားမှုတစ်ခုကို ရှင်းရှင်းလင်းလင်းခံစားရပြီး သူ့စိတ်များ အေးခဲလုမတတ် တုန်လှုပ်သွားရသည်။
“ဒီလိုပြင်းထန်တဲ့တန်ခိုးစွမ်းအားက... သေချာတယ် ၊ သိုင်းသူတော်စင်တစ်ယောက်ချန်ထားခဲ့တဲ့ အရံအတားနယ်မြေတစ်ခုပဲ”
ထိုအချိန် သူ့လက်ဝါးရိုက်ချက်ထိမှန်ရာ ပင်လယ်ကြမ်းပြင်မှ ကြီးမားသော ဝိညာဉ်အစီအရင်ကြီးတစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်များ တောက်ပလာသည်ကို တွေ့ရသည်။
အလင်းရောင်များက ပတ်ဝန်းကျင်သို့ အဆက်မပြတ် ပျံ့နှံ့သွားပြီး စွမ်းအားများပိုမိုအားကောင်းလာကာ ပင်လယ်ရေကို လှုံ့ဆော်ပေးပြီး ကြီးမားသော ရေဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာစေသည်။
ထိုရေဝဲဂယက်ကြီးက ဝိညာဉ်အစီအရင်၏ဗဟိုချက်အဖြစ် အဆက်မပြတ်လည်ပတ်နေပြီး ပတ်ဝန်းကျင်ပင်လယ်ရေများက လှိုင်းထန်လာလေရာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်တည်လာစေသည်။
ရန်ကျောက်ကဲက ပင်လယ်ရေအောက်မှထွက်ပေါ်လာသော ဝိညာဉ်အစီအရင်ကြီးအတွင်းသို့ ဝင်ရောက်လိုက်ပြီး ရေဝဲဂယက်အတွင်းသို့ ဆင်းသက်လိုက်သည်။
ဝိညာဉ်အစီအရင်၏ဗဟိုချက်ဖြစ်သော ရေဝဲဂယက်အလယ်တည့်တည့်တွင် အခြားသောနယ်မြေတစ်ခုသို့ဝင်ရောက်နိုင်သော ဝင်ပေါက်တစ်ခု ပေါ်လာသည်။
ရန်ကျောက်ကဲ ဝင်ပေါက်မှ ခြေတစ်လှမ်းချင်းလှမ်းဝင်သွားရာ သူ့အရှေ့တွင် သီးခြားကမ္ဘာငယ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။
သီးခြားနယ်မြေတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မီးခိုးရောင်အုံ့ဆိုင်းလျှက် ရှိသည်။
ပုံမှန်မဟုတ်သော ဝိညာဉ်စွမ်းအားများ ၊ ချီစွမ်းအားများနှင့် တုန်လှုပ်ထိတ်လန့်ဖွယ်ရာစွမ်းအားများကို မခံစားရသော်လည်း ဤနေရာက အလွန်တရာ လေးလံနေသည်ဟု ခံစားရသည်။
ရန်ကျောက်ကဲ မျက်လုံးများကို မှေးမှိတ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လှည့်ပတ်လိုက်သည့်အခါ ကြည်လင်သောချီစွမ်းအားစီးကြောင်းများက သွေးကြောဆုံချက်များမှတစ်ဆင့် အပြင်ဘက်သို့စီးဆင်းသွားပြီး သီးခြားနယ်မြေနှင့် ပေါင်းစပ်သွားသည်။
ကြည်လင်သောချီစွမ်းအားများ စီးဆင်းသွားသည်နှင့် သီးခြားနယ်မြေပတ်ဝန်းကျင်နှင့် တစ်သားတည်းပေါင်းစပ်သွားပြီး ဤနေရာ၏အခြေအနေက ရန်ကျောက်ကဲစိတ်အာရုံတွင် အသေးစိတ်ထင်ဟပ်လာသည်။
သူ၏ ထက်ရှသောအာရုံခံနိုင်စွမ်းဖြင့် ဤနေရာတွင် မည်သည့်အရာမှမရှိကြောင်း အာရုံခံလိုက်မိသဖြင့် မည်သို့မှမတတ်နိုင်ဘဲ ခြေတစ်လှမ်းနောက်ကျခဲ့လေပြီလားဟု တွေးလိုက်မိ၏။ ဤနေရာတွင် အမွေအနှစ်ရတနာများ ရှိခဲ့သော်လည်း တစ်စုံတစ်ယောက်က လက်ဦးသွားခဲ့လေပြီလား။
သို့သော်...
“ဟင်...”
ရန်ကျောက်ကဲစိတ်အစဉ် ဆတ်ခနဲ တုန်ခါသွားသည်။ ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းက ခုခံမှုတစ်ခုနှင့်တွေ့ဆုံပြီး သူနှင့် ဆက်သွယ်မှုပြတ်တောက်သွား၏။
ထိုသို့သောအဖြစ်အပျက်နှင့်ရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲက တုန်လှုပ်ချောက်ချားမသွားဘဲ လှိုက်ခနဲဝမ်းသာသွားပြီး ထိုအတားအဆီးရှိရာ လမ်းကြောင်းအတိုင်း ချက်ချင်းလိုက်ပါသွားသည်။
သူ့နှုတ်ခမ်းတို့သည်လည်း အပြုံးရိပ်တို့ ယှက်သန်းလျှက်ပင်။
ခဏကြာပြီးနောက် ရန်ကျောက်ကဲရှေ့တွင် ကျောက်ရုပ်တုတစ်ခု ပေါ်လာ၏။
ထိုရုပ်တုက တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်၏ ရုပ်တုဖြစ်ပြီး မျက်နှာကကြည်လင်လျှက် ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးရှိကာ မြေဆီလွှာ ၊ သစ်ပင်မြက်ပင်များ လုံးဝမရှိသော မီးခိုးရောင်ကမ္ဘာတွင် ထီးတည်းတည်ရှိနေသည်။
ကျောက်ရုပ်တုကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်အစဉ် အတွေးထဲနစ်မျောသွားသည်။
***
ထိုအချိန်...
သီးခြားနယ်မြေအပြင်ဘက် ၊ အရံအတားဖြင့် လွှမ်းခြုံထားသော ပင်လယ်ဒေသမှာတော့ ယန်ချူးဖန်နှင့် အခြားသူများ ပင်လယ်ရေပြင်ထက် လမ်းလျှောက်လျှက် ရှိကြသည်။
လေထဲတွင်ပျံသန်းလာသော လူရိပ်တစ်ရိပ်ကိုတွေ့ရသည့်အခါ သူတို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
ထိုသူထံမှ မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသည့် ကြီးကျယ်ခမ်းနားသော စွမ်းအားများ ထွက်ပေါ်နေပြီး ဤသိုင်းစွမ်းက ကြံ့ဝိညာဉ်ကျွန်း၏ ကိုယ်ပိုင်သိုင်းပညာစွမ်းအားဖြစ်သည်။ ထိုသူ၏ကျင့်ကြံခြင်းအဆင့်က အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့် ဖြစ်၏။
ထိုသူကိုတွေ့တော့ ဖန်းမင်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဦလေး (၂)”