အခန်း ၉၈၈
Vol. 66 Ch. 988
အခန်း (၉၈၈) သားရဲစစ် ငရဲဝိညာဉ်ကျား။ ကျားနှင့် အလိုက်သင့် တိုက်ခိုက်ခြင်း။ (၁)
စူးချန်ခုန်းသည် စိတ်ကျေနပ်နေလေ၏။ သူသည် ရှုဝမ်ထံမှ ငရဲဝိညာဉ်ခေါင်းလောင်းကို မဝယ်ယူမီ မူလအဆီအနှစ်အရည် အလုံအလောက် စုဆောင်းရန် ကြံစည်ထားသော်လည်း မာဟန်၏ ရုတ်တရက် ရန်ငြိုးဖြင့် ရောက်လာခြင်းက စူးချန်ခုန်းအတွက် နတ်ဆိုးဝိညာဉ်ခေါင်းလောင်းကို လွယ်လွယ်ကူကူ ရရှိသွားစေခဲ့သည်။
"ဒါဆိုရင်တော့ သွားနှင့်တော့မယ်။"
ငရဲဝိညာဉ်ခေါင်းလောင်းကို လက်ထဲတွင် ကိုင်ထားရင်း စူးချန်ခုန်းသည် ထိုနေရာတွင် ကြာကြာမနေတော့ဘဲ ထွက်သွားတော့သည်။ သူ၏ တည်ငြိမ်သောအသံသည် ရှုဝမ်၏ သိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ခဏအကြာတွင် ရွှေရောင် မူလဝိညာဉ်ပုံရိပ်လေးသည် မာဟန်၏ ရုပ်အလောင်းနှင့် နတ်ဆိုးဝိညာဉ်ခေါင်းလောင်းတို့နှင့်အတူ လေထဲတွင် ပျောက်ကွယ်သွားကာ မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
တောင်ကြားသည် ဘာမှမဖြစ်ခဲ့သလို ငြိမ်းချမ်းသွားခဲ့ပြီး ပြန့်ကျဲနေသော ကျောက်တုံးများနှင့် ပေါက်ကွဲသွားသော တောင်စောင်းများသာလျှင် ကြီးမားသော တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သက်သေခံလျက် ရှိသည်။
"အဲ့ဒီစီနီယာက ဘယ်သူပါလိမ့်။ ကောင်းကင်မီးလျှံမြို့တော်က ပညာရှင်များလား။ မူလဝိညာဉ်ကို ကျင့်ကြံထားတဲ့ အဲ့လို ရှေးဟောင်းတန်ခိုးရှင်မျိုးကို ကောင်းကင်မီးလျှံမြို့တော်မှာ တစ်ခါမှ ငါ မကြားဖူးဘူး။"
ရန်ငြိုးဖြင့် ရောက်လာသော ရန်သူသည် မိစ္ဆာနတ်ဆိုးခန္ဓာကိုယ်ဖြင့် ရောက်လာခဲ့သော်လည်း မူလဝိညာဉ်ကို ကျင့်ကြံထားသော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ မူလဝိညာဉ်ကို ကျင့်ကြံထားသော ပုဂ္ဂိုလ်တိုင်းသည် ရှေးဟောင်းတန်ခိုးရှင်ကြီးများပင် ဖြစ်ကြသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော စီနီယာမှာ မည်သူမည်ဝါဖြစ်သည်ကို သူ အလွန် သိလိုမိသည်။
စူးချန်ခုန်းကတော့ ရှုဝမ်၏ တွေဝေနေသော အခြေအနေကို မသိပါပေ။ မိုင်ပေါင်းများစွာ အကွာတွင် စူးချန်ခုန်းသည် စိတ်ကျေနပ်စွာဖြင့် ကောင်းကင်သူတော်စင်တောင်သို့ ပြန်ရန် ထွက်လာခဲ့သည်။
"နတ်ဘုရားမျိုးစေ့ နှစ်စေ့၊ မူလအဆီအနှစ်ရည် နည်းနည်းနဲ့ မိစ္ဆာနတ်ဆိုးအမြုတေတစ်ခု။"
လမ်းခရီးတွင် စူးချန်ခုန်းသည် သူရရှိလာသော အရာများကို စစ်ဆေးကြည့်သည်။ မာဟန်၏ ကိုယ်ပေါ်တွင်ရှိသော ရတနာများမှာ များပြားလှသည်မဟုတ်သော်လည်း မူလအဆီအနှစ်အရည်ဖြင့် တွက်ချက်ပါက ရာဂဏန်းနီးပါး ရှိပေသည်။ အကြီးမားဆုံး အမြတ်မှာမူ စူးချန်ခုန်း လေ့လာချင်နေသော ငရဲဝိညာဉ်ခေါင်းလောင်းပင် ဖြစ်သည်။
ကောင်းကင်သူတော်စင်တောင်သို့ ရောက်သောအခါ စူးချန်ခုန်း တွေးမိသည်။ "ငါ တရားကျင့်ဖို့ တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းတဲ့ နေရာတစ်ခု လိုတယ်။ ဂူအိမ်တော်တစ်ခု ငှားသင့်တယ်။"
ကောင်းကင်သူတော်စင်တောင်တွင် အခမဲ့ နေထိုင်ခွင့်ရှိသော်လည်း အခြားသော အဆောက်အဦး အထောက်အပံ့များ မရှိပေ။ အသေးအဖွဲ လှုပ်ရှားမှုကပင် စိတ်ဝင်စားသူများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ စူးချန်ခုန်းသည် ဂူအိမ်တော်တစ်ခု ငှားရမ်းခြင်းက သူ၏ လိုအပ်ချက်နှင့် ကိုက်ညီမည်ဟု ယူဆသည်။
ထိုသို့ တွေးတောပြီးနောက် စူးချန်ခုန်းက ကောင်းကင်သူတော်စင်တောင်တွင် ဂူအိမ်တော်ကိစ္စများကို တာဝန်ယူရသော တာဝန်ခံတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူမှာ ဝဝဖိုင့်ဖိုင့်နှင့် လူတစ်ယောက်ဖြစ်သည်။ စူးချန်ခုန်းက ဂူအိမ်တော် ငှားရမ်းလိုကြောင်း ပြောလိုက်သောအခါ တာဝန်ခံက ပြုံးရွှင်စွာဖြင့် ချက်ချင်း ပြောသည်။
"ဂူအိမ်တော် ငှားချင်တာလား။ ဒီအိမ်တော်တွေမှာ အောက်အဆင့်၊ အလယ်အဆင့်နဲ့ အထက်အဆင့် ဆိုပြီးတော့ သုံးမျိုးရှိတယ်။ အဆင့်မြင့်လေလေ ဝိညာဉ်စွမ်းအင် ပိုများလေလေပါပဲ။ ဥပမာအားဖြင့် အထက်အဆင့် ဂူအိမ်တော်တစ်ခုမှာ ဝိညာဉ်စွမ်းအင်တွေ အရမ်း ပေါများတာကြောင့် သိုင်းဝိဇ္ဇာသူတော်စင် ဒါဇင်ပေါင်းများစွာကို ပြဿနာမရှိဘဲ ကျင့်ကြံခွင့် ပေးနိုင်ပါတော့။ ဈေးနှုန်းကတော့ ပိုများပါလိမ့်မယ်။"
စူးချန်ခုန်းက ခေါင်းကို အနည်းငယ် ငြိမ့်ပြသည်။ သူသည် တောင်ဝင်ခွင့်တိုကင်ပြားတွင် ပေးထားသော အချက်အလက်များမှ ဂူအိမ်တော်များအကြောင်း ဖတ်ဖူးပြီးဖြစ်သည်။ သို့သော် စူးချန်ခုန်းမှာ တစ်ယောက်တည်းသာ ဖြစ်သဖြင့် သူ၏ ကိုယ်ပိုင်ကျင့်စဉ်ကိုသာ အာရုံစိုက်ရန် လိုအပ်သည်။ အထက်အဆင့် ဂူအိမ်တော်မှာမူ မိသားစုနှင့် နေထိုင်ကြသော သိုင်းဝိဇ္ဇာသူတော်စင် များအတွက်သာ သင့်တော်သည်။ စူးချန်ခုန်းက ကောင်းကင်သူတော်စင်တောင်တွင် အချိန်အကြာကြီး နေမည်မဟုတ်သဖြင့် ထိုကဲ့သို့ ကောင်းမွန်သော ဂူအိမ်တော်ကို ငှားရန် မလိုပေ။ သူက တိတ်တဆိတ် တရားကျင့်နိုင်မည့် နေရာတစ်ခုသာ လိုအပ်သည်။
စူးချန်ခုန်းက ချက်ချင်းပင် ပြောသည်။ "အောက်အဆင့် ဂူအိမ်တော်တော်တစ်ခုဆိုရင် လုံလောက်ပါတယ်။"
ဝဝဖိုင့်ဖိုင့် တာဝန်ခံက ခေါင်းငြိမ့်လိုက်သည်။ "ဘယ်လောက်ကြာကြာ ငှားမှာလဲ။ အောက်အဆင့် ဂူအိမ်တော်တော်တွေက တစ်နှစ်ကို မူလအဆီအနှစ်အရည် သုံးကျပ်သား ကျသင့်ပြီး သုံးနှစ်ထက် မနည်း ငှားရမ်းရပါမယ်။ အချိန်ကြာကြာ ငှားမယ်ဆိုရင် လျှော့ဈေး ပေးနိုင်ပါတယ်။ ဆယ်နှစ်အတွက်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးပါ့မယ်။"
တစ်နှစ်လျှင် မူလအဆီအနှစ်အရည် သုံးကျပ်ဖြင့် ငှားရမ်းရခြင်းမှာ တန်ဖိုးရှိပေသည်။ နတ်စေ့များကို ပြုစုပျိုးထောင်ရန် မူလအဆီအနှစ်အရည်ကို တစ်နှစ်ပတ်လုံး သန့်စင်နိုင်သော သိုင်းဝိဇ္ဇာသူတော်စင်မှာ နည်းပါးလှသည်။ အများစုမှာ ပေါများသော ဝိညာဉ်စွမ်းအင်နှင့် အချိန်ကိုသာ အားကိုးကြရသည်။
"သုံးနှစ်စာ ငှားပါမယ်။"
စူးချန်ခုန်းက ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူသည် ကောင်းကင်သူတော်စင်တောင်တွင် ရှစ်နှစ်၊ ဆယ်နှစ်မျှ ကြာအောင် နေထိုင်မည်မဟုတ်သဖြင့် ထိုမျှကြာအောင် ငှားရန် မလိုပေ။ စူးချန်ခုန်းက နှောင့်နှေးခြင်း မရှိဘဲ ဂူအိမ်တော် ငှားရမ်းခအတွက် မူလအဆီအနှစ်အရည် ကိုးကျပ်သားကို ထုတ်ပေးလိုက်သည်။
"ကောင်းကင်သူတော်စင်တောင်မှာ အောက်အဆင့် ဂူအိမ်တော် စုစုပေါင်း နှစ်ရာ့တစ်ဆယ် ရှိပါတယ်။ ဒီမှာ မြေပုံပါ။ ကိုယ်ကြိုက်တဲ့နေရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ အားလုံးက အတူတူပါပဲ။"
မူလအဆီအနှစ်အရည်ကို လက်ခံရရှိပြီးနောက် တာဝန်ခံသည် ဂူအိမ်တော်တော် တည်နေရာများကို မှတ်သားထားသည့် မြေပုံကို ထုတ်ပေးလိုက်သည်။ စူးချန်ခုန်းသည် မြေပုံကို ကြည့်ပြီးနောက် လွင့်မျှောတိမ်တိုက် ဟူသော အမည်ပါသည့် ဂူအိမ်တော်ကို ချက်ချင်း ရွေးချယ်လိုက်သည်။ "ဒီတစ်ခုကို ယူပါမယ်။"
"ဒါက လွင့်မျှောတိမ်တိုက် ဂူအိမ်တော်ရဲ့ ဝင်ခွင့်တိုကင်ပြားပါ။ မပျောက်အောင် ဂရုစိုက်ပါ။"
ဝဝဖိုင့်ဖိုင့် တာဝန်ခံက လွင့်မျှောတိမ်တိုက် ဟု ရေးသားထားသော တိုကင်ပြားကို စူးချန်ခုန်းအား ပေးအပ်လိုက်သည်။ တိုကင်ကို သိမ်းဆည်းလိုက်ပြီးနောက် စူးချန်ခုန်းသည် ကောင်းကင်သူတော်စင်တောင်ရှိ လွင့်မျှောတိမ်တိုက် ဂူအိမ်တော် တည်နေရာဆီသို့ ထွက်ခွာသွားသည်။
မြင့်မားသော တောင်ထွတ်တစ်ခုကို မြူခိုးများက ဝန်းရံနေလျက်။ စူးချန်ခုန်းသည် ထိုတောင်ထွတ်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် လွင့်မျှောတိမ်တိုက် ဂူအိမ်တော်၏ ဝင်ပေါက်အဖြစ် တည်ရှိနေသော နေရာတစ်ခုရှိသည်။ တိုကင်ပြားကို ကိုင်ဆောင်ထားရင်း စူးချန်ခုန်းသည် အတားအဆီးမရှိဘဲ ဝင်ပေါက်မှ ဝင်လိုက်သည်။
လွင့်မျှောတိမ်တိုက် ဂူနန်းတော် အတွင်းတွင် ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော သုခဘုံကဲ့သို့သော နေရာတစ်ခုရှိသည်။ ကြီးမားလှသည်မဟုတ်သော်လည်း တောင်များနှင့် ရေများ၊ ဝေဆာနေသော ပန်းများနှင့် လေထုထဲတွင် လန်းဆန်းစေသော ရနံ့များဖြင့် ပြည့်နှက်နေ၏။ စိတ်ကို လန်းဆန်းစေသော နေရာတစ်ခုဖြစ်ပြီး ဝိညာဉ်လမ်းစဉ်ဂိုဏ်းထက် ဆယ်ဆမျှ ပိုမိုကောင်းမွန်ပေသည်။
လွင့်မျှောတိမ်တိုက် ဂူအိမ်တော်ကို ပတ်ကြည့်ပြီးနောက် စူးချန်ခုန်းသည် စိမ်းစိုသော မြက်ခင်းပြင်နှင့် ကွင်းပြင်ကျယ်ရှိသည့် နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
"စမ်းသပ်ကြည့်ရအောင်။ အရာခပ်သိမ်းမှန်နဲ့ သားရဲစစ်ကို ပုံဖော်ကြည့်ရအောင်။"
စူးချန်ခုန်းက သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ အရာခပ်သိမ်းမှန်သည် မှန်ကမ္ဘာကောင်းကင်ဘုံမှ စိန်ခေါ်မှု လေးခုကို ကျော်ဖြတ်ပြီးမှ ရရှိခဲ့သော ရတနာဖြစ်ပြီး ၎င်းသည် မှန်ကမ္ဘာကောင်းကင်ဘုံ မဟာနတ်ဘုရားစေ့၏ စွမ်းအားအစိတ်အပိုင်းမှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ပုံဖော်နိုင်စွမ်းရှိသော ထူးခြားသည့် ရတနာတစ်ခု ဖြစ်သည်။ သားရဲစစ်တစ်ကောင်ကို ပုံဖော်ရန်အတွက် သားရဲစစ်တစ်ကောင်၏ ကျန်ရစ်သော ဝိညာဉ် သို့မဟုတ် စွဲလမ်းမှုပါဝင်သော ရတနာတစ်ခု လိုအပ်လေသည်။