ထိတ်ပျာနေသော ပါရာဂွန်
Vol. 99 Ch. 1371
မန်ဟိုကား ပါရာဂွန်တစ်ဦးကို သတ်ပေတော့မည်။
အပြင်သူပါရာဂွန်ဒဏ္ဍာရီနဂါးကို သတ်ပေတော့မည်။
မန်ဟို လေးကြိုးကို ဆွဲလိုက်သည့်အခါ မိုးပြာရောင်လေးက သူ၏အသက်စွမ်းအားတို့ကို စုပ်ယူလိုက်သဖြင့် သူ၏ချီနှင့်သွေးတို့သည် သွေးကြောများတစ်လျှောက် အရှိန်အဟုန်ပြင်းစွာ စီးဆင်းသွား၏။ လေးကား စူးရှတောက်ပသော အရောင်အဝါတို့ဖြင့် လင်းလက်စပြုလာသည်။ ထိုအရောင်အဝါမှာ မန်ဟို၏အသက်စွမ်းအားအစုအဝေး၊ သူ၏အရာအားလုံးမှတစ်ပါး အခြားမဟုတ်ပေ။
၎င်းက သူ့ဝိညာဉ်၏အရောင်အဝါလည်း ဖြစ်ပေသည်။
လေးကို ဆွဲ၍ အရောင်အဝါကို စုစည်းကာ မြားတစ်စင်းကို ဖော်ဆောင်ခြင်း။
တဖျတ်ဖျတ်လက်နေသော မန္တန်ဝင်္ကပါတစ်ခုက သူ၏ခြေထောက်အောက်တွင် ပေါ်လာပြီး သူက မျက်ဝန်းများ လျှပ်စီးလို တောက်ပနေလျက် ခြေတစ်လှမ်းလှမ်းလိုက်သည်။ လေးကြိုးကို လွှတ်လိုက်သောအခါ ကြိုးသည် ချက်ချင်းဆိုသလို အပြင်သူအားလုံးအား ချာချာလည်မူးဝေသွားစေသော တုန်လှုပ်ချောက်ချားဖွယ်မြည်သံဖြင့် တုန်ခါသွား၏။
ထိုအသံသည် မိုးကောင်းကင်ကို စုတ်ဖြဲနိုင်သော အသံတစ်သံ၊ ကျင့်ကြံသူများနှင့်အပြင်သူများ၏ စိတ်ထဲတွင် ပဲ့ရိုက်ခတ်သွားသောအသံ ၊ သေခြင်းတရားနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသောအသံတစ်သံ ဖြစ်ချေသည်။
စိတ်မခိုင်သူတိုင်း သူတို့၏အတွေးများ ကမောက်ကမဖြစ်ကုန်သည်ကို တွေ့ရပြီး သူတို့ရင်ထဲ၌ အကြောက်တရားတို့ ပေါက်ဖွားလာသည်ကို ခံစားရလိမ့်မည်။ ထိုကဲ့သို့လူများအတွက် ကျင့်ကြံခြင်းအခြေခံများပင် ထိန်းမနိုင်သိမ်းမရအောင် ဖရိုဖရဲဗြောင်းဆန်လာသည်ကို တွေ့ရလိမ့်မည်။
လေးကြိုး၏တုန်ခါသံကား ... တာအိုနှလုံးသားများကို ပြိုလဲစေနိုင်သည်။
မန်ဟို့လက်မှ ကြိုးကို လွှတ်လိုက်သည်နှင့် လေးကြိုးသည် သူ၏အသက်ဓာတ်အရောင်အဝါမှ ဖြစ်ပေါ်လာသော မြားကို စတင်အားဖြည့်ပေး၏။ ၎င်းက ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူ၍ ကြယ်တာရာကောင်းကင်ကို မည်းမှောင်စေကာ အလင်းမြားအား အရာအားလုံး၏အာရုံစိုက်ရာ ဖြစ်သွားစေသည်။
“သူ့ကို သတ်ပစ်” အလင်းမြား တဟုန်ထိုးထွက်သွားစဉ် မန်ဟိုက အမိန့်ပေးလိုက်သည်။ စစချင်း မြားသည် သိပ်အထင်ကြီးစရာမကောင်းပေ။ သို့သော် မျက်စိတစ်မှိတ်အတွင်း ၎င်းက မီတာသုံးဆယ်မှ မီတာသုံးရာ ၊ မီတာသုံးရာမှ မီတာသုံးထောင်၊ ထို့နောက် မီတာသုံးသောင်းအထိ ကြီးမားလာလေသည်။
မီတာသုံးသောင်းအရှည် အလင်းမြားကြီးက မြေထုများဆီသို့ သွားရာလမ်းကို ပိတ်နေသော အင်ပါယာသခင်များအပါအဝင် အပြင်သူသန်းပေါင်းများစွာထံ တဟုန်ထိုး သွားနေလေပြီ။
မိုးနှင့်မြေမှာ မှောင်မိုက်သွားပြီး လေမုန်တိုင်းကြီး တိုက်ခတ်လာ၍ အပြင်သူများမှာ လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားလာကြတော့သည်။
“ဒါက ...”
“အဲဒီလေး...”
“ဒီကျင့်ကြံသူ..." အံ့ဩခြင်းလှိုင်းလုံးကြီးများက အပြင်သူများ၏နှလုံးသားကို တဝုန်းဝုန်း ဝင်တိုက်နေသည်။ မန်ဟိုကား အင်မော်တယ်နတ်မင်းကြီးအလားပင်။ သူ့ခြေထောက်အောက်ရှိ တဖျတ်ဖျတ်လက်နေသော မန္တန်ဝင်္ကပါက သူ့ကို လင်းထိန်နေစေပြီး မိုးပြာရောင်လေးမှာလည်း အပြင်သူများ လှမ်းမကြည့်ဘဲ မနေနိုင်အောင် ကြီးကျယ်ခမ်းနားလှသည်။
မန်ဟို့ကို တားဖို့ ကြိုးစားနေသော အပြင်သူအင်ပါယာသခင်များမှာ တုန်လှုပ်နေကြသော်လည်း မာန်သွင်းဟိန်းဟောက်ရင်း အပြင်သူသားရဲပုံစံများအသွင် ပြန်ပြောင်းကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ကို ထုတ်လွှတ်လျက် အလင်းမြားအား ဖျက်စီးဖို့ ပြေးဝင်လာကြသည်။
သို့သော် တခဏကြာသော် မြား၏အရောင်အဝါက သူတို့ကို လွှမ်းခြုံလိုက်ပြီး သွေးပျက်စွာအော်သံများနှင့်အတူ တဖောင်းဖောင်းပေါက်ကွဲသံများ ဟိန်းထွက်လာသည်။ အင်ပါယာသခင်တစ်ယောက်မှ မြားကို မတားနိုင်သည်သာမက ၎င်း ဖြတ်သွားပြီးနောက်တွင် ... သူတို့အားလုံး သေကုန်ကြလေပြီ။
ပင့်သက်ရှိုက်သံများ ထွက်လာစဉ်မှာပဲ အလင်းမြားသည် အပြင်သူစစ်တပ်အထဲ ဖောက်ဝင်လာ၏။ ၎င်း ဖြတ်သွားသမျှနေရာတိုင်းတွင် ပူခြစ်လင်းထိန်နေသော အရောင်အဝါက မချိတင်ကဲအော်သံများ ပွက်ပွက်ညံသွားစေသည်။ ဧရာမမြားကြီးက စစ်တပ်တစ်လျှောက်လုံး ခွင်းထွက်သွားသဖြင့် မရေမတွက်နိုင်သော အပြင်သူများမှာ တိုက်ရိုက်ပြာကျကုန်တော့သည်။
အပြင်သူတစ်သန်းကျော်၊ အင်ပါယာသခင်အုပ်စု၊ တစ်ယောက်မှ ထိုအလင်းမြားကို မတားနိုင်ခဲ့ပေ။ ၎င်းသည် ကောင်းကင်ဘုံ (၁၆) သို့ ထိုးတက်ပြီး ထိုမြေထုကြီးအား ဝုန်းခနဲ ဝင်တိုက်လိုက်၏။
ကောင်းကင်ဘုံ (၁၆) တစ်ထပ်လုံး တဝုန်းဝုန်းတုန်ခါလာပြီး ချောက်နက်ကြီးများ ဖြာထွက်သွားသည်။ တခဏလေးအတွင်း မြေထုတစ်ခုလုံး စိစိညက်ညက် ကြေပေတော့မည်။
မန်ဟိုကိုယ်တိုင်လည်း ထိုမြားနောက် လိုက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။ သူက အပြင်သူစစ်တပ်တစ်လျှောက်လုံး မြားခွင်းသွားခဲ့သော လမ်းအတိုင်း ပျံသန်းသွားပြီး ကောင်းကင်ဘုံ (၁၆) အနားရောက်သည့်အခါ လေးကြိုးကို ထပ်ဆွဲလိုက်ပြန်သည်။
“ဒဏ္ဍာရီနဂါး” သူက သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်နေသောလေသံဖြင့် လှမ်းဟိန်းဟောက်လိုက်ပြီး သူ့ထံမှ ကြောက်မက်ဖွယ်လူသတ်ငွေ့များ တထောင်းထောင်း ထလာသည်။ ပထမမြားကို ပစ်လွှတ်ပြီးနောက် သူ့မှာ အတော်လေးပိန်ချုံးသွားသည့်တိုင် သူ၏အသတ်အဖြတ်အရှိန်အဝါသည် ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲ ဖြစ်၏။
ညာလက်ဖြင့် လေးကြိုးကို ဆွဲလိုက်စဉ် သူ၏ချီနှင့်သွေးမှာ စုပ်ယူခံလိုက်ရပြန်သဖြင့် တပွက်ပွက်ဆူလာသည်။ မန်ဟိုမှာ ယခုတွင် အတိုင်းထက်အလွန် ပိန်ချုံးခြောက်ကပ်နေသော်လည်း ဒုတိယမြားသည် အပြည့်အဝ ဖြစ်ပေါ်လာ၏။ ထို့နောက် သူက လေးကြိုးကို လွှတ်လိုက်သည်။ အလင်းမြားက မိုးနှင့်မြေကို လှုပ်ခါနိုင်သော စွမ်းအား၊ မည်သည့်အရာကိုမဆို သုတ်သင်ဖယ်ရှားပစ်နိုင်သော ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်သျှံနေလျက် ရွှီးခနဲ ထွက်သွားသည်။
မြားက ကြယ်တာရာကောင်းကင်ကို ခွင်း၍ ကောင်းကင်ဘုံ (၁၆) ထံ တဟုန်ထိုး ဦးတည်ကာ ထိုမြေထု၏အလယ်တည့်တည့်ရှိ နေရာတစ်နေရာကို ချိန်ရွယ်ထားသည်။
ထိုနေရာတွင် ဒဏ္ဍာရီနဂါးသည် ဒဏ်ရာများကို ကုသရာတွင် ဈာန်ဝင်နေခဲ့၏။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုကို မြင်ရနိုင်သည်။ သူက အံတင်းတင်းကြိတ်လျက် ရုတ်ခြည်း ဝေဝါးလာပြီးနောက် သူ၏ပုံရိပ်နောက်တစ်ခု ပေါ်လာသည် .. ကိုယ်ပွား။
ကိုယ်ပွားက တာအိုနယ်ပယ်အပြင်သူများစွာ စောင့်ကြပ်ပေးထားသော ဒဏ္ဍာရီနဂါး၏ကျင့်ကြံခြင်းဂူအပြင်သို့ ထွက်လာသည်။ ထိုတာအိုနယ်ပယ်အဆင့်အပြင်သူတို့က လာနေသောအလင်းမြားကို မော့ကြည့်လျက် စွမ်းအားများ ထုတ်ဖော်ထားကြသည်။
သို့သော်လည်း ဤအချိန်တွင် ဒဏ္ဍာရီနဂါးကို အသက်ပေးကယ်မည့်သူ မရှိသလောက်နည်းသည်။ ထိုနည်းတူစွာပဲ မန်ဟို့ကို ကယ်နိုင်သူလည်း မရှိပေ။ ကြည့်ရသရွေ့ ဤမြေထုက သူတို့နှစ်ယောက်အတွက် နောက်ဆုံးစစ်မြေပြင် ဖြစ်လောက်သည်။
မြေထု၏အပြင်တွင် ကျင့်ကြံသူသန်းပေါင်းများစွာ ရှိသည်။ အများစုအနေဖြင့် ကောင်းကင်ဘုံ (၁၆) သို့ အချိန်မှီတက်လာနိုင်မည်မဟုတ်ပေ။ သို့သော် သူတို့အားလုံးသည် နတ်ဘုရားစွမ်းရည်အမျိုးမျိုးထုတ်လွှတ်၍ မှော်ပင်လယ်တစ်စင်းအား ကောင်းကင်ဘုံ (၁၆) ထံ ဦးတည်သွားစေ၏။
သို့သော် ကြာချိန်အရ ထိုတိုက်ကွက်မျိုးက မန်ဟို ဒဏ္ဍာရီနဂါးအား သုတ်သင်ဖို့ ထူးထူးခြားခြား အချိန်ကြာမနေမချင်း ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ထိုစဉ် စည်း၏အောက်ရှိ တောင်ပင်လယ်ကျင့်ကြံသူများသည် ပါရာဂွန်တစ်ဦးအား သတ်ဖြတ်ရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် မန်ဟိုတစ်ယောက်တည်း အပြင်သူမြေထုများဆီ ထိုးဖောက်ပျံတက်သွားသည်ကို ကြည့်နေကြ၏။
မန်ဟိုနှင့် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ ကျင့်ကြံသူအားလုံး အံ့ဩတုန်လှုပ်ကုန်ကြသည်။ အမှန်တွင် ... မဆင်းသက်လာနိုင်ဘဲ စောင့်ကြည့်နေခဲ့သေ ကောင်းကင်ဘုံ (၁၇) နှင့်အထက်ကောင်းကင်ဘုံများလည်း အလားတူအံ့အားသင့်ကုန်ကြသည်။
ယခုအချိန်တွင် မန်ဟိုသည် စစ်ပွဲအတွင်း အကြီးကျယ်အခမ်းနားဆုံး၊ အရှိန်အဝါအကြီးမားဆုံး တောင်ပင်လယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။ သူ့အပြင် ခိတိဂဗ္ဗလည်း ရှိသည်။ သူတို့နှစ်ယောက် နေနှင့်လကို ခြယ်လှယ်စေစားခဲ့ခြင်းက အပြင်သူစစ်တပ်ကြီးအတွက် ဆူးငြောင့်များ ဖြစ်ခဲ့လေသည်။
“ငါ အချိန်လုံလုံလောက်လောက် ဆွဲနိုင်ရင်” ဒဏ္ဍာရီနဂါးက တွေးသည်။ “ဒီမန်ဟို ... အပြင်ကလူတွေ ထုတ်လွှတ်လိုက်တဲ့ မှော်ပင်လယ်ကို ရင်ဆိုင်ရလိမ့်မယ်" ဒဏ္ဍာရီနဂါး၏ကိုယ်ပွားက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ အလင်းမြားကို ရင်ဆိုင်ဖို့ ပျံထွက်သွားသည်။ ဓမ္မစောင့်ရှောက်သူ အပြင်သူပညာရှင်များလည်း ဟိန်းဟောက်ရင်း ပုံစံအစစ်များပြောင်းကာ အလင်းမြားကို ခုခံဖို့ ဒဏ္ဍာရီနဂါးကိုယ်ပွား၏ ပတ်ပတ်လည်တွင် စုရုံးနေရာယူလိုက်ကြသည်။
ဘုန်းးးးးးးးးးးးးးးးး
အလင်းမြားသည် အပြင်သူဓမ္မစောင့်ရှောက်သူအုပ်စုကို ထိုးဖောက်လိုက်ရာ မချိတင်ကဲ အော်သံများနှင့်အတူ ပေါက်ကွဲသံများ ပဲ့တင်ထပ်လာစေ၏။ သူတို့က နတ်ဘုရားစွမ်းရည်အမျိုးမျိုး ထုတ်လွှတ်ကြသော်လည်း ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သကဲ့သို့ ဖြစ်နေတော့သည်။ ကျင့်ကြံအဆင့် သို့မဟုတ် အပြင်အားကိုယ်အဆင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့မှာ ချက်ချင်းဆိုသလို ပြာကျကုန်လေသည်။
ထို့နောက် ထိုပြာများမှာ အလင်းမြား၏အရောင်အဝါအတွင်း၌ အငွေ့မျှင်များသဖွယ် ပျောက်ကွယ်သွားသည်။
ဒဏ္ဍာရီနဂါးကိုယ်ပွားသာ ကျန်ခဲ့လေသည်။ သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လျက် ဧရာမနဂါးနက်ကြီးတစ်ကောင်အသွင် ပြောင်း၍ မာန်သွင်းဟိန်းဟောက်ရင်း အလင်းမြားကို ခေါင်းဖြင့် တိုက်လိုက်သည်။ ထိုအခါ ဒဏ္ဍာရီနဂါး၏ကိုယ်ပွားထံမှ ပါရာဂွန်အရှိန်အဝါထွက်လာသည်။ သူသည် ကိုယ်ပွားတစ်ကိုယ်သာ ဖြစ်သော်လည်း ပါရာဂွန်တစ်ဦးဖြစ်နေသေး၍ သူ၏ပါရာဂွန်စွမ်းအားက မြားကို မှေးမှိန်လာစေ၏။
ဤအခိုက်အတန့်တွင် အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာသည်။ မန်ဟိုက နောက်ဆုတ်မည့်အစား လေးကြိုးကို ထပ်ဆွဲကာ တတိယမြားနှင့် စတုတ္ထမြားအား တုံ့ဆိုင်းခြင်းမရှိ ပစ်လွှတ်လိုက်သည်။
ဂျိန်းးးးးးးးးးးးးးးးးးးး
တတိယမြားသည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ တဟုန်ထိုး ပြေးဝင်လာကာ ကိုယ်ပွား၏မျက်လုံးများအား ဝိုင်းစက်ပြူးကျယ်သွားစေ၏။ သူက အံတင်းတင်းကြိတ်ပြီးနောက် ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်တော့သည်။
ပါရာဂွန်ကိုယ်ပွား၏ ခန္ဓာဖောက်ခွဲမှုက ချက်ချင်းဆိုသလို ကောင်းကင်ဘုံ (၁၆) ၏ မြေထုကြီးကို ဖောက်ခွဲ၍ အပိုင်းအစများအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။ ဒုတိယမြားမှာ ပေါက်ကွဲမှုကြောင့် ပျက်စိးသွားသော်လည်း တတိယမြား၏အစိတ်အပိုင်းအများစု ကျန်သေးသည်။ ၎င်း ကိုယ်ပွားပေါက်ကွဲမှု၏ဇစ်မြစ်အပေါ် ထိုးဆင်းလာသည့်အခါ ပို၍ပြင်းထန်သော ပေါက်ကွဲစွမ်းအား ထွက်ပေါ်လာ၏။
မြေထုတစ်ခုလုံး ရစရာမရှိအောင် တဝုန်းဝုန်းပေါက်ကွဲပျက်စီးသွားတော့သည်။ အပျက်အစီးများကြားရှိ ကျင့်ကြံခြင်းဂူထဲမှ ဒဏ္ဍာရီနဂါး၏ကိုယ်အစစ်သည် ပါးစပ်မှသွေးများစီးကျနေလျက် ထွက်လာ၏။ သူကား အိုမင်းအားနည်းသွားပုံပေါ်သည်။ စောစောက သူသည် ဒဏ်ရာများကို ကုသနေရာတွင် အတိမ်းအစောင်းမခံသော နေရာသို့ ရောက်နေခဲ့ပြီး နှောင့်ယှက်ခံခဲ့ရသည့်အတွက် ကိုယ်ပွားတစ်ကိုယ်ဖန်ဆင်းဖို့ သူ၏သွေးနှင့်အဆီအနှစ်တစ်ဝက်ကျော်ကို စတေးခဲ့ရလေသည်။ ၎င်းတို့အားလုံးက သူ့အား တစ်ခါမှမဖြစ်ခဲ့ဖူးသော ပုံစံမျိုးဖြင့် အားနည်းသွားစေသည်။
အမှန်တွင် ဤအခြေအနေက ပါရာဂွန်တစ်ဦးဖြစ်လာကတည်းက သူ့အတွက် အားအနည်းဆုံးဖြစ်သလို၊ သူ ရင်ဆိုင်ခဲ့ဖူးသမျှထဲ အန္တရာယ်အများဆုံးလည်း ဖြစ်သည်။
“မန်ဟို မင်းတို့ မျိုးနွယ်စုတစ်စုလုံးကို ငါ သုတ်သင်ပစ်မယ်” ဒဏ္ဍာရီနဂါးက မျက်ထောင့်နီကြီးဖြင့် ကြိမ်းဝါးသည်။ သူ နောက်ဆုတ်နေစဉ် သူ၏ဒဏ်ရများမှ သွေးများ စီးကျနေသည်။ သို့ထိတိုင် မန်ဟို၏စတုတ္ထမြားက ချဉ်းကပ်လာနေချေပြီ။
ကြည့်ရခြင်းအားဖြင့် ... မြားကား သူ မသေမချင်း ရပ်မည့်ပုံမပေါ်ပေ။
“လုပ်နိုင်ရင် လုပ်ကြည့်လိုက်လေ” မန်ဟိုက ဒဏ္ဍာရီနဂါး၏ ဆုတ်ခွာနေသောပုံရိပ်ကို တုံ့ပြန်သည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် စတုတ္ထမြားက အားအပြည့်ဖြင့် ပါရာဂွန်ဒဏ္ဍာရီနဂါးကို ဝင်တိုက်လိုက်သည်။
တုန်ခါလှိုင်းများက ကြယ်တာရာကောင်းကင်ထဲသို့ ဖြာထွက်သွားပြီး ပါရာဂွန်ဒဏ္ဍာရီနဂါးက သွေးပျက်စွာ အော်သည်။ သို့သော် မသေသေးပေ။ သွေးအန်လိုက်ရသော်လည်း သူသည် ထွက်ပြေးလိုက်နိုင်သေးပြီး တစ်ဆက်တည်းမှာပင် မီတာသုံးသောင်းအရှည် နဂါးနက်တစ်ကောင်အသွင်ပြောင်းလိုက်သည်။ သို့ထိတိုင် နဂါးနက်မှာ ပါရာဂွန်အဆင့်မှ ကျလုသည်အထိ ဆိုးဆိုးရွားရွား အားနည်းနေသော အရှိန်အဝါဖြင့် အရေခွံများလန်ကာ စုတ်ပြတ်သပ်နေသည်။
“ရွှမ်းဖန် ကယ်ပါဦး” ဒဏ္ဍာရီနဂါးက ထွက်ပြေးရင်း စူးစူးဝါးဝါး အော်သည်။ အကြောက်တရားက သူ့နှလုံးသားထဲ၌ ပေါက်ဖွားနေခဲ့လေပြီ။ ဤအခြေအနေမှာ ပါရာဂွန်တစ်ဦးဖြစ်လာကတည်းက ကြုံတွေ့ခဲ့ဖူးသမျှထဲ မျှော်လင့်ချက်အမဲ့ဆုံးဖြစ်သလို ကြောက်စရာအကောင်းဆုံးလည်း ဖြစ်သည်။
“ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်ဘူး” မန်ဟိုက အေးဆေးစွာ ပြောသည်။ “ဒီတောင်ပင်လယ်စစ်ပွဲက ... ပါရာဂွန်တစ်ယောက်ရဲ့ သွေးနဲ့ ကောင်းကင်ကို ဆေးကြောသန့်ရှင်းရမယ့်အချိန် ရောက်လာပြီ” သူ့ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်သာ ရှိတော့သည်အထိ အားနည်းနေသော်လည်း သူ၏မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင်တောက်လောင်လာ၏။
သူက လက်ထဲရှိ လေးကို ကြည့်ကာ ဟက်ခနဲ ရယ်သည်။ ထို့နောက် လေးကြိုးကို ဆွဲလိုက်သော်လည်း ဖြည်းဖြည်းချင်း ပြန်လွှတ်လိုက်သည်။
“သူ့ကို ဒီတိုင်းသေခိုင်းလိုက်ရင် နှမြောစရာကောင်းလိမ့်မယ်...” သူ၏မျက်လုံးများက သွေးရောင်တောက်ပလာပြီး သူက ရုတ်တရက် အသက်ပြင်းပြင်းရှူသည်။ သူ့အနောက်၌ သွေးမိစ္ဆာကြီး တဖြေးဖြေး ပေါ်လာသဖြင့် သူ့ထံမှ အဆုံးမဲ့သွေးအလင်းရောင် ဖြာထွက်လာသည်။ သွေးမိစ္ဆာကြီးက မန်ဟိုအပေါ်ထပ်ကာ သူ့နှင့် တစ်သားတည်းဖြစ်စပြုလာ၏။
မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများသည် သွေးဆာနေသောအလင်းရောင်ဖြင့် နီရဲတောက်လာသည်။ သူက ရှေ့တစ်လှမ်းလှမ်းပြီးနောက် ပါရာဂွန်ထံ ဦးတည်သွားသော သွေးပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းသွားလေပြီ။
သူကား ... ဒဏ္ဍာရီနဂါးကို ဝါးမြိုဖို့ ... သွေးမိစ္ဆာမဟာမှော်သိုင်းကို သုံးဖို့ ပြင်နေ၏။