← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁)

ပြီးခဲ့သောအကြိမ် သူမလာရောက်စဉ်က ထိုနေရာတွင် မြေကွက်လပ်တစ်ခုသာရှိသော်လည်း ယနေ့တွင်မူ အုတ်များစီနေကြပြီဖြစ်ရာ စီမံကိန်းတစ်ခုခု စတင်နေသည့်ပုံ ပေါက်နေလေသည်။

ရုတ်တရက် ချင်ချွမ်ကုမ္ပဏီတံခါးဝတွင် ရပ်နားထားသော ယန်ရှီရှန်း၏ အနီရောင် ရှလီကားလေးကို သူမ မြင်လိုက်ရ၏။

ချန်မေ့လန် အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။ ယန်ရှီရှန်းမှာ အကျဉ်းချခံထားရပါလျက်နှင့် ဤကားလေးက အဘယ်ကြောင့် အပြင်ဘက်တွင် ရှိနေရသနည်း။

ဟူရှောင်မေက ကားကို အမှန်တကယ်ပင် ရောင်းချလိုက်လေပြီလော။

ထိုအချိန်၌ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ လူနှစ်ဦး ထွက်လာခဲ့သည်။ တစ်ဦးမှာ ယန်ပင်းဖြစ်ပြီး အခြားတစ်ဦးမှာမူ ထရန့်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ ဆံပင်များမှာ ယင်ကောင်ပင် နား၍မရလောက်အောင် ဆီများရွှဲနေပြီး ကျိုးယွန်ဖတ်ထက်ပင် ပို၍ပြောင်လက်နေအောင် ဖီးသင်ထားလေ၏။

ဤအမျိုးသားမှာ ယန်ရှီရှန်း၏အသိမိတ်ဆွေတစ်ဦးဖြစ်သော ချန်ဖျင်ဆိုသူဖြစ်ကြောင်း ချန်မေ့လန် မှတ်မိလိုက်သည်။

တစ်ချိန်က သူသည် သူ့ကိုယ်သူ ရှီးဖျင်မြို့တော်၏ ကျိုးယွန်ဖတ်ဟု ကြွေးကြော်ခဲ့ဖူးသော်လည်း ကျိုးယွန်ဖတ်နှင့် နှိုင်းယှဉ်ပါက သူ၏ရုပ်ရည်မှာ အတော်လေး ရုပ်ဆိုးလှကာ အဓိကအားဖြင့် သူ၏အသွင်အပြင်မှာလည်း အလွန်အမင်း တောဆန်လွန်းနေလေ၏။

သူ၏ ပီယဲကာဒင် သားရေခါးပတ်ကို ပြသလိုသဖြင့် အမြဲတမ်း ခါးထောက်လျက် လမ်းလျှောက်တတ်ကာ ထိုသို့လျှောက်လှမ်းတိုင်း တင်ပါးများမှာ ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေတတ်လေသည်။

ဤအသွင်အပြင်မှာ အလွန်တောဆန်လွန်းလှသဖြင့် ကျိုးယွန်ဖတ်ဟူသော အမည်ပြောင်မှာ အမှန်တကယ်တွင် လူသိများခြင်းမရှိခဲ့ပေ။

သူသည် ယန်ပင်းနှင့်အတူ ရယ်မောစကားပြောဆိုနေကာ ထိုမြေကွက်လပ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအပြင် ဘိလပ်မြေ၊ သဲ၊ သံကူကွန်ကရစ် အစရှိသည်တို့နှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

ချန်မေ့လန်၏ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ချင်ချွမ်ကုမ္ပဏီသည် ထိုမြေကွက်လပ်တွင် အဆောက်အအုံတစ်ခု တည်ဆောက်လိုပြီး ချန်ဖျင်နှင့် ယန်ပင်းတို့မှာ ဆောက်လုပ်ရေး ကန်ထရိုက်အတွက် လာရောက်ဆွေးနွေးနေကြခြင်းပင်။

လမ်းတစ်ဖက်ရှိ ဆူညံပွက်လောရိုက်နေမှုများကို မြင်သောအခါ အမျိုးသားနှစ်ဦး ရပ်တန့်သွားကြသည်။

ချန်ဖျင်၏ အကြည့်များက ချန်မေ့လန်ထံသို့ ကျရောက်လာပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်လေသည်။

“ဟိုကောင်လေးက ကျိုးရွှယ်ချင်းရဲ့သား မဟုတ်ဘူးလား”

ချန်မေ့လန်က သူမကိုပြောနေသည်ဟု ထင်မှတ်လိုက်သော်လည်း အနောက်ဘက်မှ ရှောင်ဝမ်၏နှာခေါင်းရှုံ့သံနှင့်အတူ ဆဲဆိုသံကို ကြားလိုက်ရ၏။

“သွားသေလိုက်ပါလား”

ဤသည်မှာ အလွန်ရိုင်းစိုင်းပြီး ညစ်ညမ်းသောဆဲဆိုမှုတစ်ခု ဖြစ်သည်။

‘ရှောင်ဝမ်က ဘယ်လိုလုပ်ပြီး ဒီလောက်ရိုင်းစိုင်းတဲ့ စကားမျိုး သုံးရတာလဲ'

ရှောင်ဝမ်သည် လူအုပ်ကြီးကို စိတ်ဝင်စားမှုမရှိဘဲ ချန်မေ့လန်အနောက်သို့သာ တကောက်ကောက် လိုက်ပါလာခြင်းဖြစ်လေသည်။

ယန်ပင်းက ချန်ဖျင်ကို ဆွဲခေါ်ကာ ထွက်ခွာရန် အကြံပြုလိုက်သော်လည်း ချန်ဖျင်ကမူ မူလနေရာမှမရွေ့လျားဘဲ ရှောင်ဝမ်ရှိရာသို့ လျှောက်လာခဲ့သည်။

“ဒီကောင်စုတ်လေးက ကျိုးရွှယ်ချင်းရဲ့ သားလေ၊ အရင်တုန်းက ကျောင်းအတူတူတက်တုန်းက ငါ့သားကို ရိုက်ဖူးတယ်”

ထို့နောက် သူက နောက်သို့ ပြန်လှည့်ကာ ယန်ပင်းအား ပြုံးလျက် မေလိုက်၏။

“သူ့အဖေက မင်းရဲ့အစ်ကို မဟုတ်လား၊ ငါ ဓာတ်ပုံထဲမှာမြင်ဖူးတယ်၊ အပြင်မှာ တစ်ခါမှမတွေ့ဖူးဘူး၊ ကလေးကို သူ့အဖေဆီ အုပ်ထိန်းခွင့်ပေးလိုက်တယ်လို့ ငါကြားတယ်၊

ကလေး ဒီမှာရှိနေမှတော့ သူ့အဖေလည်း ရှိမှာပေါ့နော်၊ မင်းအစ်ကိုနဲ့ သွားတွေ့ကြရအောင်လေ”

“မင်းက ယန်ကျောက်နဲ့ ဘာလို့တွေ့ချင်ရတာလဲ”

ယန်ပင်းက တားဆီးလေသည်။

“သူက မင်းတို့လို သူဌေးအသစ်တွေ သွေးဆောင်လို့ရမယ့်လူမျိုး မဟုတ်ဘူး၊ ယန်ရှီရှန်းလို အသုံးမကျတဲ့ကောင်တောင် သူ့ကို မစည်းရုံးနိုင်ခဲ့တာ၊ မင်းရဲ့ အားအင်တွေကို ချွေတာလိုက်ပါ”

“လုပ်ပါကွာ၊ သတင်းစာတွေထဲမှာ သူက အရမ်းချောပြီး ခန့်ညားတာပဲ”

ချန်ဖျင်က သူ၏ ဆီရွှဲနေသော ဆံပင်များကို ညင်သာစွာ သပ်တင်လိုက်ကာ သူ၏ ရုပ်ဆင်းအင်္ဂါအပေါ် အလွန် ယုံကြည်မှုရှိနေပုံရသည်။

“သူ့မိန်းမက အရင်တုန်းက ပြောဖူးတယ်၊ ယန်ကျောက်က ရုပ်ချောတာကလွဲရင် ဘာမှအသုံးမကျဘူးတဲ့၊ သွားတွေ့ကြည့်ကြရအောင်ပါ”

ရှောင်ဝမ်၏မျက်နှာမှာ ဒေါသကြောင့် နီရဲသွားကာ ချန်မေ့လန်လည်း ဆက်လက် သည်းမခံနိုင်တော့ပေ။

“မစ္စတာချန်၊ ကျွန်မက ယန်ကျောက်ရဲ့ မိန်းမပါ၊ ကျွန်မ အဲဒီလိုပြောခဲ့ဖူးတယ်လို့ မမှတ်မိပါဘူး”

“ဪ... မေ့လန်မဟုတ်လား”

ချန်ဖျင်က ချန်မေ့လန်ကို ယခုမှ သတိထားမိသွားသည့်ဟန်ဖြင့် မာနတခွဲသားနှင့် ပြောဆိုလာလေသည်။

“ယန်ရှီရှန်းလို အသုံးမကျတဲ့ကောင်က မင်းရဲ့ခင်ပွန်းဟောင်း မဟုတ်လား၊ သူ အခု အချုပ်ထဲရောက်နေတယ်လေ၊ မင်းရော အဆင်ပြေရဲ့လား”

သူ၏ သတင်းအချက်အလက်များမှာ နောက်ကျလွန်းနေပြီဖြစ်သည်။ သေချာသည်မှာ သူသည် မေ့လန်နှင့် ယန်ကျောက်တို့ အိမ်ထောင်ကျသွားသည်ကို မသိသေးပေ။

ယန်ပင်းက သူ့ကို အလောတကြီး တံတောင်ဖြင့် တွတ်လိုက်၏။

“သူက ငါ့အစ်ကိုရဲ့ မိန်းမဖြစ်နေပြီကွ၊ အရူးကောင်၊ လျှောက်မပြောနဲ့တော့”

ချန်ဖျင်က “အာ...” ဟု အာမေဍိတ်သံ ပြုလိုက်ကာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရှောင်ဝမ်ကိုကြည့်ကာ မေးလိုက်သည်။

“ဒီကလေးက... မဟုတ်မှလွဲရော...”

“ဒါက ကျွန်မရဲ့ သားပါ”

ချန်မေ့လန်က ရှောင်ဝမ့်ကို အနီးသို့ဆွဲယူကာ ပြတ်ပြတ်သားသား ဖြေလိုက်သည်။

ချန်ဖျင်က အချိန်အတော်ကြာအောင် ရယ်မောနေလိုက်၏။ များပြားလှသော သတင်းအချက်အလက်များကို သူ့ဦးနှောက်ထဲတွင် နေရာချနေပုံရသည်။

အတန်ကြာသောအခါ သူက ပြောလိုက်လေသည်။

“ရှောင်ဝမ်... ဦးလေးရဲ့သားက တုန်းဖန်ကျောင်းကို ပြောင်းသွားပြီ၊ မင်းတို့နှစ်ယောက် ရန်ဖြစ်လို မရတော့ဘူးပေါ့၊ မင်းအဖေကိုတွေ့ရင် ဦးလေးက သတိရနေတယ်လို့ ပြောပေးပါဦး”

ရှောင်ဝမ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ထွက်ပြေးသွားတော့သည်။

………..

ကားနီလေးဖြင့် ထွက်ခွာသွားသော ချန်ဖျင်ကိုကြည့်ရင်း ချန်မေ့လန် ရုတ်တရက် အရာအားလုံးကို နားလည်သွားခဲ့သည်။

ချန်ဖျင်နှင့် ယန်ရှီရှန်းတို့မှာ သူငယ်ချင်းကောင်းများဖြစ်ကြသည်။

လတ်တလောတွင် ဟူရှောင်မေက ယန်ရှီရှန်း၏ ကားကို ရောင်းချလိုက်ကြောင်း သူမ ကြားသိခဲ့ရပြီး ထိုကားကို ချန်ဖျင်ထံသို့ ရောင်းချခဲ့ခြင်းဖြစ်ပေမည်။

ချန်ဖျင်၏သားမှာ အရင်က ကျင်းရှီးခရိုင်တွင် နေထိုင်ခဲ့ပြီး ရှောင်ဝမ်နှင့် ရပ်ကွက်တစ်ခုတည်းဖြစ်လေသည်။

ယခုအခါ သူသည်လည်း တုန်းဖန်ကျောင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ဟူရှောင်မေ၏စီစဉ်ပေးမှုကြောင့် ဖြစ်ပေလိမ့်မည်။

ရှောင်ဝမ် ကျောင်းသွားရန် ငြင်းဆန်ကာ ကျောင်းပြေးလေ့ရှိခြင်းမှာ ကျောင်းကို မသွားလိုခြင်းကြောင့်မဟုတ်ဘဲ အချို့သောလူများကို ရှောင်ရှားလိုခြင်းကြောင့်သာ ဖြစ်ပေမည်။

ကျောင်းပြေးခြင်းမှာ ကြီးမားသောပြဿနာတစ်ခု ဖြစ်သော်လည်း ယခုအခါ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။

သို့ရာတွင် ယန်ရှီရှန်း ထောင်ကျနေစဉ်မှာပင် ချန်ဖျင်က သူ့ကားကို ချက်ချင်းလွှဲပြောင်းရယူခဲ့ပြီး ၎င်းမှာလည်း ဟူရှောင်မေ၏လက်ထဲမှတစ်ဆင့် ဖြစ်လေသည်။

ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့မှာ အတူနေထိုင်ရုံမျှသာဖြစ်ပြီး တရားဝင် လက်ထပ်ထားခြင်းမရှိသေးကြောင်းကို သူ မသိခြင်းလော။

ထို့အပြင် ယန်ရှီရှန်းသာ ထောင်ဒဏ်အကြာကြီး ကျသွားပါက သို့မဟုတ် ထောင်ထဲတွင် သေဆုံးသွားပါက ထိုကားမှာ သူမသမီးဖြစ်သူ ယွမ်ယွမ်၏ပိုင်ဆိုင်မှု ဖြစ်သွားမည်ကိုကော သူ မသိလေသလော။

…………

ယွမ်ယွမ်သည် ညနက်ပိုင်းအထိ သီချင်းအသံသွင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေခဲ့ရသည်။

အသံသွင်းနေစဉ် တစ်ဝက်တစ်ပျက်တွင် ချန်မေ့လန်တို့မိသားစုအား ဝက်သားနုပ်စင်းဆော့စ် ခေါက်ဆွဲစားရန် ဖိတ်ခေါ်ခဲ့ကြ၏။

သို့သော် အရသာမှာ အနည်းငယ်သာမန်ဆန်သဖြင့် ရှောင်ဝမ်သည် နှစ်လုတ်ခန့်သာ စားခဲ့သော်လည်း ရှောင်လန်ကမူ ခေါက်ဆွဲနှစ်ပန်းကန်လုံးကို ပြောင်စင်အောင် စားသောက်ကာ ထပ်မံတောင်းဆိုနေသဖြင့် ချန်မေ့လန်က တားဆီးလိုက်ရလေသည်။

ရှောင်လန်သည် သစ်သားချောင်းကို ဝါးလျှင်ပင် အရသာထွက်အောင်စားတတ်သော ကလေးမျိုး ဖြစ်လေသည်။

ယန်ကျောက်သည် ဂီတကို အမှန်တကယ် မြတ်နိုးဟန်ရှိပြီး အလွန်အာရုံစူးစိုက်ကာ အလေးအနက် နားထောင်နေခဲ့သည်။ နားထောင်နေရင်း ရုတ်တရက် သူက ချန်မေ့လန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ယွမ်ယွမ် ဒီတစ်ခေါက်ဆိုတာ တော်တော်လေး ကောင်းတယ်၊ အရင်က ဆိုခဲ့တာတွေထက် အများကြီး ပိုကောင်းတယ်၊ ဒီတစ်ခေါက်ဆိုရင်တော့ အဆင်ပြေသွားလောက်ပြီ”

‘ဒီအမျိုးသားက ဂီတအကြောင်းကို တကယ် နားလည်နေတာလား'

သူ့တွင် အနုပညာခံစားနိုင်စွမ်းရှိသည်ကို သူမ တစ်ခါမျှ သတိမထားမိခဲ့ပေ။

ထင်သည့်အတိုင်းပင် ခဏအကြာတွင် ယွမ်ယွမ် ထွက်လာခဲ့ပြီး သူမနှင့်အတူ တွဲဖက်ဒါရိုက်တာတစ်ဦးလည်း ပါလာခဲ့လေသည်။

“ယန်ရှန်းနန်ရဲ့ မိဘတွေ၊ ဖုန်းနံပါတ်လေး ပေးခဲ့လို့ရမလားခင်ဗျ၊ ဒီကလေးမလေးက သီချင်းဆိုကောင်းရုံတင် မဟုတ်ဘူး၊ ရုပ်ရည်သွင်ပြင်လည်း ကောင်းတယ်၊

ကျွန်တော်တို့ နောက်ထပ်ရိုက်မယ့် ‘Yellow River Ballad’ ရုပ်ရှင်အတွက် ပြင်ဆင်နေတာ၊ ဒါရိုက်တာက သူ့ကို ဇာတ်ကားထဲက မင်းသမီးရဲ့ ငယ်ဘဝနေရာမှာ သရုပ်ဆောင်စေချင်လို့ အထူးတောင်းဆိုထားပါတယ်၊

စိတ်ဝင်စားရင် ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်လေး ချန်ထားပေးခဲ့ပါနော်”

‘ဒါဆို... ယွမ်ယွမ်က ကလေးသရုပ်ဆောင်ဖြစ်လာဖို့ အခွင့်အရေး ရသွားတာပေါ့'

သူတို့အိမ်တွင် ယခုအချိန်အထိ ဖုန်းမရှိသေးပေ။

ထို့ကြောင့် ယန်ကျောက်က သူ၏ရုံးဖုန်းနံပါတ်ကိုသာ ပေးလိုက်လေသည်။

“အခု အိမ်ပြန်လို့ရပါပြီခင်ဗျာ၊ နောက်မှ ကျွန်တော်တို့ အသံသွင်းထားတဲ့ နမူနာခွေရယ်၊ လုပ်အားခရယ်ကို ပေါင်းပြီး စာတိုက်ကနေ ပို့ပေးလိုက်ပါ့မယ်”

တွဲဖက်ဒါရိုက်တာက ယွမ်ယွမ်၏ခေါင်းကို လှမ်းပုတ်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ယန်ကျောက်က သူ့လက်ဖြင့် ဝင်ရောက်တားဆီးလိုက်၏။

“မေမေ၊ ကြားလားဟင်၊ သမီး တကယ်သီချင်းဆိုကောင်းလို့ ဦးလေးကူးဖုန်းကတောင် ချီးကျူးသွားသေးတယ်”

ယွမ်ယွမ်က ဝမ်းသာအားရ ပြောလေသည်။

“ကူးဖုန်း... ‘Great China’ သီချင်းဆိုတဲ့ တစ်ယောက်လား”

မာနကြီးသော်လည်း လွတ်လပ်ပေါ့ပါးသော သဘာဝရှိသည့် ရှောင်ဝမ်သည် ချန်ဖျင်ကြောင့် စိတ်မကြည်မလင် ဖြစ်နေခဲ့သော်လည်း ယခုမူ ပြန်လည်ပျော်ရွှင်ကာ ခုန်ပေါက်လိုက်လေ၏။

“တကယ်ကြီး ကူးဖုန်းပဲ... ငါတို့ရဲ့ ယွမ်ယွမ်လေးက ကူးဖုန်းနဲ့အတူတူ သီချင်းဆိုခဲ့ရတယ်ဟေ့”

All Chapters