အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂)
ကူးဖုန်းမှာ လတ်တလော တရုတ်ပြည်မကြီးတွင် ရေပန်းအစားဆုံး ပေါ့ပ်အဆိုတော်တစ်ဦး ဖြစ်လေသည်။
‘သူက ယွမ်ယွမ်နှင့်အတူ သီချင်းတွဲဆိုခဲ့တယ်တဲ့လား။ ဒါက ယွမ်ယွမ် ဘယ်လောက်တောင် တော်လဲဆိုတာကို သက်သေပြနေတာပဲ'
အိမ်ပြန်ရန်အတွက် သုံးဘီးဆိုင်ကယ် ပြန်ငှားရဦးမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ယန်ကျောက်က ပိုမိုပါးနပ်သွားကာ သူ၏ရဲဝတ်စုံကို စောစောစီးစီး ချွတ်ထားလိုက်လေ၏။
သူ လမ်းဘေးတွင် ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ကယ်တက္ကစီ တစ်အုပ်ကြီး အုံလာကြကာ သူတို့ မိသားစုကို ခရီးသည်အဖြစ် တင်ဆောင်ခွင့်ရရန် လုယက်လုမတတ် ဖြစ်သွားကြတော့သည်။
ထိုညက ရှောင်လန်နှင့် ယွမ်ယွမ်တို့သည် လက်ချင်းချိတ်လျက် စပရိန်မွေ့ရာပေါ်တွင် အတူတူအိပ်ချင်နေကြ၏။
ရှောင်ဝမ်ကမူ ဖခင်ဖြစ်သူနှင့်အတူ ဆက်လက်အိပ်စက်လေသည်။
ဆောင်းဦးပေါက်လာသည်နှင့်အမျှ ရာသီဥတုမှာ တဖြည်းဖြည်း အေးလာသဖြင့် ကလေးများအားလုံး ရေနွေးဖြင့်သာ ရေချိုးကြရလေသည်။
သို့သော် ယန်ကျောက်ကမူ ခြံဝင်းအတွင်း၌ ရေအေးဖြင့်သာရေချိုးရန် ရွေးချယ်ခဲ့သည်။
ရေချိုးပြီးနောက် ချန်မေ့လန်၏အိပ်ခန်းမီး လင်းနေသေးသည်ကို မြင်သဖြင့် သူက တံခါးကို ညင်သာစွာခေါက်လိုက်၏။
“မင်း အိပ်ပြီလား”
သူက မေးလိုက်သည်။
ချန်မေ့လန်က “အင်း...” ဟု တိုးညင်းစွာ ပြန်ထူးလိုက်လေသည်။
“မင်း ငါ့ကို ကြောက်နေတုန်းပဲလား”
ယန်ကျောက်က ထပ်မံမေးလိုက်ပြန်သည်။ သူ၏ စကားများမှာ အလွန်အမင်း တည့်တိုးဆန်လှပေ၏။
ချန်မေ့လန် စိတ်ထဲမှ တွေးလိုက်မိသည်။
‘ဘယ်သူက လူတွေကို ဒီလိုမျိုး တည့်ကြီး မေးတတ်လို့လဲ၊ နည်းနည်းလောက် သွယ်ဝိုက်ပြီး မေးလို့မရဘူးလား’
သို့သော် သူမ နှုတ်ခမ်းဟ၍ ပြန်လည်မဖြေကြားရသေးမီမှာပင် လေးလံသောခြေသံများ ထွက်ပေါ်လာကာ တံခါးပိတ်သံနှင့်အတူ ယန်ကျောက်တစ်ယောက် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သူသည် တကယ်ကို လက်တွေ့လုပ်ဆောင်သူ တစ်ဦးဖြစ်ပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှပေသည်။
…….
နောက်တစ်နေ့မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်ပြီး ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့ ကျောင်းစတက်ရမည့်ပထမဆုံးနေ့လည်း ဖြစ်သည်။ ယနေ့တွင် သူတို့ ကျောင်းသွားအပ်ရပေမည်။
ယနေ့လည်း ယန်ကျောက် အလုပ်နားသော်ငြား အိမ်မှုကိစ္စများကိုသာ လုပ်ကိုင်နေကာ အပြင်ထွက်လိုဟန်မရှိပေ။
ယန်ရှောင်ဝမ်မှာ သူ့ဖခင်ကိုတစ်လှည့်၊ ခြံတံခါးကိုတစ်လှည့် ကြည့်ကာ နှုတ်ခမ်းကိုက်လျက် စိုးရိမ်တကြီး ဖြစ်နေရှာသည်။
ချန်မေ့လန်က ဖျောင်းဖျလိုက်လေသည်။
“ရှင်လည်း လိုက်သွားပါလား၊ ရှောင်ဝမ်က ကျောင်းစာလုပ်ရတာကို သိပ်မကြိုက်ဘူးဆိုပေမယ့် သူ့ကို ရိုက်နှက်ဆုံးမနေဖို့မလိုဘူး၊ ကျွန်မထင်တာ သူလိုအပ်နေတာက အားပေးမှုပါ”
ယန်ကျောက်သည် အိမ်သာကို ပြန်လည်ပြုပြင်နေခြင်း ဖြစ်သည်။ ရွာ၏ အိမ်သာမှာ သီးသန့်ဖြစ်ပြီး မိလ္လာများကို အပြင်ဘက်ရှိ အများပြည်သူသုံး အိမ်သာဆီသို့ သွယ်တန်းထားသော်လည်း မကြာခဏ ပိတ်ဆို့လေ့ရှိ၏။
ယန်ရှီရှန်းမှာ အပေါ်ယံ ကြွားဝါသည့်ပုံစံသာ ဖန်တီးလေ့ရှိပြီး ဤကဲ့သို့သော ကိစ္စရပ်များကို တစ်ခါမျှ အလေးအနက်မထားခဲ့သဖြင့် အိမ်သာမှာ ဆိုးရွားစွာ ပိတ်ဆို့နေခဲ့ခြင်းဖြစ်သည်။
ယန်ကျောက်ကမူ မနက်စောစောကတည်းက မည်သူ့ကိုမျှ အသိမပေးဘဲ အိမ်သာကို ဖောက်ချပြီးနေလေပြီ။
မေ့လန်၏စကားကို ကြားသောအခါ သူက လက်ဆေးပြီး အဝတ်အစားများ လဲလှယ်လိုက်၏။
“သွားကြတာပေါ့၊ ကျောင်းအုပ်ကြီးနဲ့သွားတွေ့ပြီး ကျောင်းရဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးရမယ်”
‘သူက ကျောင်းအုပ်ကြီးနဲ့ သွားတွေ့မလို့တဲ့လား'
မည်သည့်ခေတ်ကာလတွင်မဆို မိဘများ၏ ဂုဏ်သိက္ခာနှင့် ရာထူးအဆင့်အတန်းသည် ကလေးများ၏ ကျောင်းတွင်းအဆင့်အတန်းနှင့် အမြဲတစေ ဆက်စပ်နေတတ်စမြဲပင်။
ဖခင်ကိုယ်တိုင် လူလုံးထွက်ပြလိုက်သည်နှင့်အမျှ ရှောင်ဝမ်အနေဖြင့် နောင်တွင် ကျောင်း၌ မျက်နှာပန်းပိုလှလာမည်မှာ အသေအချာပင်။ ဤသို့ဆိုလျှင် သူ အဘယ်ကြောင့် ကျောင်းဆက်ပြေးလိုတော့မည်နည်း။
ချန်မေ့လန်တင် မကဘဲ ရှောင်ဝမ်ကိုယ်တိုင်လည်း အတော်လေးပျော်ရွှင်သွားပုံရသည်။
ကျောင်းတံခါးဝတွင် မိဘများနှင့် ကလေးများ အများအပြားစုရုံးနေကြကာ ကျောင်းတံခါးဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
ဤနေရာကို ရှီးဖျင်မြို့တော်ရှိ လူကုံထံများစုဝေးရာနေရာဟု ဆိုနိုင်ပေသည်။ အကြောင်းမူကား ကလေးတစ်ယောက်ကို ဤကျောင်းသို့ ပြောင်းရွှေ့ရန် ယွမ် ၂,၆၀၀ ပေးနိုင်သူမှာ အလွန်နည်းပါးလှသောကြောင့်ပင်။
စက်ရုံအလုပ်သမားများ၏ ကလေးများမှလွဲ၍ မြို့တွင်းရှိ ထင်ရှားကျော်ကြားသောမိသားစုများမှ ကလေးများသာ ဤနေရာတွင် ပညာသင်ကြားကြလေသည်။
Xiali ကားများချည်း ခုနစ်စီး၊ ရှစ်စီးခန့် ရှိနေပြီး Volkswagen Santanas ကားများလည်း အများအပြားရှိနေသည်။
ထိုသူများအကြားတွင် သူဌေးသစ်အချို့လည်း ပါဝင်ကာ လူတိုင်းက လာကော့စတီ (Lacoste) အမှတ်တံဆိပ် သားရေအိတ်အသစ်လေးများကို ချိုင်းကြားတွင် ညှပ်ထားကြပြီး အချို့မှာမူ တောက်ပနေသော ပေဂျာ (Pager) အသစ်များကို ချိတ်ဆွဲထားကြသည်။
မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော ဖက်ရှင်အသစ်တစ်ခုအဖြစ် အချို့လူများကမူ သူတို့၏ ပီယဲကာဒင် သားရေပတ်များကို ခါးတွင် ထင်ရှားစွာ ပြသနိုင်ရန်အတွက် ဂွမ်းထူအင်္ကျီများကို ဘောင်းဘီအတွင်းသို့ ထိုးသွင်းဝတ်ဆင်ထားကြရာ တောဆန်လွန်းလှပြီး အမြင်ရိုင်းလှပေသည်။
ထို့အပြင် သူဌေးအသစ်များ အားလုံးမှာ တစ်ပြေးညီပင် အနောက်သို့ ဖြီးချထားသော ဆီရွှဲနေသည့်ဆံပင်ပုံစံများ ရှိကြပြီး ယင်ကောင်ပင် နား၍မရလောက်အောင် ပြောင်လက်နေကြလေ၏။
ရှီးဖျင်မြို့တော်သည် မီးဖိုကြီးလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ စက်တင်ဘာလတွင်ပင် နွေရာသီ၏အငွေ့အသက်များ ကျန်ရှိနေသေးသဖြင့် လူတိုင်းမှာ ချွေးသံတရွဲရွဲဖြစ်နေကြသည်။
သို့သော် ယခုအခါ ရှန်ဟိုင်းဆိပ်ကမ်းဖက်ရှင် ခေတ်စားနေသဖြင့် သူဌေးသစ်များ၏ စံသတ်မှတ်ချက် ဝတ်စုံမှာ ထရန့်ကုတ်အင်္ကျီများ ဖြစ်နေလေသည်။
သူစိမ်းများ အနားမကပ်ဝံ့အောင် ဆီများအလူးလူး သုတ်လိမ်းထားသော ဆံပင်များနှင့်အတူ သူတို့ကို ကြည့်ရသည်မှာ ရေစည်ထဲမှ ဆယ်ယူထားသူများနှင့်ပင် တူနေတော့သည်။
ထိုနေရာရှိ အနံ့အသက်များမှာလည်း လူသတ်နိုင်လောက်အောင် ပြင်းထန်လှပေသည်။
သို့ရာတွင် သူတို့၏အသွင်အပြင်မှာ မည်မျှပင် တောဆန်နေပါစေ ရှီးဖျင်မြို့တော်ရှိ ထောင်ပေါင်းများစွာသော သူဌေးသစ်များအနက် သားဖြစ်သူမှာ အလားအလာကောင်းမှသာ ဤနေရာတွင် ရပ်ခွင့် ရရှိကြခြင်းဖြစ်၏။
သားဖြစ်သူသာ အလားအလာမကောင်းပါက ကျောင်းတံခါးဝတွင်ရပ်ရန်ပင် အရည်အချင်း မပြည့်မီကြပေ။
ယန်ကျောက်သည် ကလေးများနှင့်အတူ လူအုပ်ကြီးနှင့် ခပ်ခွာခွာတွင် ရပ်နေခဲ့သည်။
အလွန်အမင်း ပူအိုက်လွန်းသဖြင့် ချန်မေ့လန်သည် ကလေးများအတွက် ရေခဲချောင်းများဝယ်ရန် သွားရောက်စဉ် နင်နင့်အတွက် ရေခဲချောင်းလာဝယ်သော ယန်တာ့ဝေနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည်။
ဟူရှောင်မေကမူ ရေခဲမုန့်စားနေသော ဝဝကစ်ကစ်ကောင်လေးတစ်ဦး၏ လက်ကိုဆွဲကာ သူမကိုယ်တိုင်လည်း ရေခဲမုန့်လေးငါးချောင်းအား ကိုင်ဆောင်လျက် ဆိုင်ငယ်လေးထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
“မေ့လန်၊ ရှောင်မေက ရှီရှန်းရဲ့ ကားအသစ်ကြီးကို ရောင်းလိုက်တာ မင်းသိလား၊ ချန်ဖျင်ဆီ ရောင်းလိုက်တာလေ”
ယန်တာ့ဝေက ဟူရှောင်မေကို မြင်ပြီးနောက် ခံစားချက်ပြင်းပြစွာ ပြောလိုက်လေသည်။
ဤခေတ်ကာလတွင် လူများမှာ ဖောက်ပြန်ရှုပ်ပွေခြင်းထက် ဆင်းရဲမွဲတေမှုကို ပို၍ ကဲ့ရဲ့ရှုတ်ချတတ်ကြသော်ငြား အခြားသူများ၏ ကိစ္စရပ်များကို ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုရသည်ကိုမူ လူတိုင်းနှစ်သက်ကြစမြဲပင်။
ယန်တာ့ဝေက အသံကိုနှိမ့်ကာ ဆက်ပြောလေသည်။
“ရှီရှန်းက တစ်သက်တစ်ကျွန်းတောင် ကျနိုင်တယ်လို့ကြားတယ်၊ ရှောင်မေနဲ့ ရှီရှန်း တကယ်ရော လက်ထပ်ထားကြတာ ဟုတ်ရဲ့လား၊ သူတို့ တရားဝင်မယူထားဘူးဆိုရင် အဲဒီကားက ယွမ်ယွမ်ပဲ ရသင့်တာပေါ့”
ယန်ရှီရှန်း၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ချန်မေ့လန်၌ အမြဲတမ်း သဘောထားတစ်ရပ်သာရှိသည်။ ၎င်းမှာ လုံးဝ ဂရုမစိုက်ခြင်းပင်။
သူသည် တရားမဝင် ကျောက်မီးသွေးတွင်းများ လုပ်ကိုင်ခြင်း၊ အရာရှိများကို လာဘ်ထိုးခြင်းနှင့် ကျောက်မီးသွေးတွင်း အလုပ်သမားများကို ခေါင်းပုံဖြတ်ခြင်းတို့ဖြင့် ညစ်ညမ်းသော ငွေကြေးများကို ရှာဖွေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အနာဂတ်တွင် သူ အသည်းကင်ဆာ ဖြစ်လာသောအခါ ဟူရှောင်မေနှင့် သူမ၏သားက သူ့ကို ဂရုစိုက်မည်မဟုတ်ပေ။
ဟူရှောင်မေသည် ပျောက်ကွယ်သွားမည်သာမက ဆေးရုံသို့ ယွမ်ယွမ်၏ဖုန်းနံပါတ်ကို ပေးအပ်ထားခဲ့ကာ ယန်ရှီရှန်းဟူသော နံစော်နေသည့် ဝန်ထုပ်ဝန်ပိုးကြီးကို ယွမ်ယွမ်ထံသို့ ပစ်ချခဲ့မည်ဖြစ်သည်။ ထိုအခါ ယွမ်ယွမ်အနေဖြင့် မည်သို့ လုပ်နိုင်မည်နည်း။
သူမက မသွားဘူးဆိုလျှင် သမီးတစ်ယောက်အနေဖြင့် အရေးပေါ်ကုသမှုခံယူရန် လိုအပ်လာချိန်တွင် ဆေးရုံက ရဲတိုင်မည်ဖြစ်ပြီး ရဲများက သူမထံသို့ဖုန်းဆက်ကာ မဖြစ်မနေလာရောက်ရန် အမိန့်ပေးကြမည်သာ။
ယွမ်ယွမ်က ကုန်ကျစရိတ်များကို ကျခံပေးလျှင်ပင် ဆေးရုံလူနာဆောင်အတွင်း၊ အထူးသဖြင့် အခြားလူနာများအကြားတွင် သူတို့ အများဆုံး နှိုင်းယှဉ်လေ့ရှိသည်မှာ မည်သူ့ကလေးက ပိုကောင်းသော ပြုစုစောင့်ရှောက်သူကို ငှားရမ်းပေးနိုင်သနည်း ဟူသည်မဟုတ်ဘဲ မည်သူ့ကလေးက ပို၍သိတတ်လိမ္မာကာ လူနာကုတင်ဘေးတွင် အချိန်ပိုမိုကြာမြင့်စွာ နေပေးနိုင်သနည်း ဟူသည်ပင်။
ထိုအဘိုးအိုသည် အတိတ်က သူ့ဇနီးနှင့် သမီးကို စွန့်ပစ်ခဲ့ဖူးကြောင်း လူတိုင်း သိရှိထားလျှင်ပင်၊ သူတို့ အများဆုံး ပြောဆိုကြမည့် စကားမှာ “သူက သူ့အမှားကို ဝန်ခံနေပြီပဲဟာ၊ ဘာပဲဖြစ်ဖြစ် သားအဖတွေပဲလေ၊ သူ သေတဲ့အထိတော့ မင်း ပြုစုစောင့်ရှောက်သင့်တာပေါ့” ဟူ၍သာ ဖြစ်ပေမည်။
သုက်ပိုးတစ်စက်စာ ကျေးဇူးကြောင့် တစ်ဘဝစာ နာကြည်းခံစားရသော်လည်း သူ ဖျားနာချိန်၊ သေခါနီးအချိန်တွင်မူ သူသေဆုံးသွားသည်အထိ ဆေးရုံတွင် ဟိုဟိုဒီဒီ ပြေးလွှားလုပ်ဆောင်ပေးရန် တာဝန်ရှိနေပြန်သည်။
‘ယွမ်ယွမ်က အလုပ်လုပ်စရာ မလိုဘူးလား၊ အချိန်ဆိုတာ ငွေမဟုတ်ဘူးလား၊ သူမက သုညကနေ စတင်ပြီး ကိုယ်ပိုင်ဆိုင်လေးဖွင့်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေရတာလေ၊ သူမ ဆိုင်မှာ တစ်ရက်လောက်မရှိရင် အလုပ်သမားတွေက သေချာအလုပ်လုပ်ကြပါ့မလား'
ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်ခြင်းသည် ကြင်နာတတ်သူများနှင့် မျက်နှာပျက်မည်ကို စိုးရိမ်သူများကိုသာ အကျပ်ကိုင်နိုင်လေသည်။
ထို့ကြောင့် သူမ၏ လက်ရှိသဘောထားမှာ အလွန် ခိုင်မာပြတ်သားသည်။ ယန်ရှီရှန်း၏ မည်သည့်အရာနှင့်မျှ မပတ်သက်လိုသကဲ့သို့ အထူးသဖြင့် ယွမ်ယွမ်နှင့် ယန်ရှီရှန်းအကြားရှိ ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ထားရန်ပင်။