အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄)
ပြတင်းပေါက် အပြည့်အဝ ပိတ်သွားသည်နှင့်တစ်ပြိုင်နက် ယန်တာ့ဝေက နောက်သို့လှည့်ကာ ပြုံးရလွန်းသဖြင့် တောင့်တင်းနေသော သူ မျက်နှာကို ပွတ်သပ်လိုက်ပြီး ချန်မေ့လန်အား လက်မထောင်ပြလိုက်၏။
သူတို့ ထွက်ခွာလာစဉ် ယန်တာ့ဝေက သတိပေးစကား ဆိုလိုက်လေသည်။
“မေ့လန်၊ ငါ ဒီစီမံကိန်းကို မင်းနဲ့ မိတ်ဆက်ပေးခဲ့တာကို ချင်ယွီမသိအောင် လျှို့ဝှက်ထားရမယ်နော်၊ သူ့ကို ပေးမသိနဲ့”
ယန်တာ့ဝေမှာ ရည်မှန်းချက်ကြီးမားသော အမျိုးသားတစ်ဦး မဟုတ်ဘဲ ပုံမှန်လစာငွေလေးဖြင့်သာ ရောင့်ရဲတင်းတိမ်စွာ နေထိုင်လိုသူဖြစ်သည်။
သို့သော် ချင်ယွီကမူ ခင်ပွန်းဖြစ်သူ ကြီးပွားတိုးတက်စေရန် မျှော်လင့်ချက်ကြီးကြီး ထားရှိသူဖြစ်သည်။ အကယ်၍ သူမ၏ခင်ပွန်းက ဤစီမံကိန်းကို မေ့လန်အား မိတ်ဆက်ပေးခဲ့ကြောင်း သူမ သိရှိသွားပါက သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
“ကျွန်မ ဘာမှမပြောပါဘူး၊ ဒါပေမယ့် ရှင်လည်း သေချာလျှို့ဝှက်ထားဖို့တော့ လိုမယ်၊ အချင်းချင်း စကားများရတာမျိုးကို ရှောင်တာပေါ့”
ချန်မေ့လန်က တုံ့ပြန်လိုက်၏။
အဝေးတွင် ဟူရှောင်မေကို မြင်လိုက်ရသဖြင့် ယန်တာ့ဝေက ထပ်လောင်းပြောဆိုလေသည်။
“ဟူရှောင်မေကတော့ တကယ်ပဲ အံ့သြဖို့ကောင်းတယ်ဗျာ၊ အစ်မမာက မင်းရှေ့မှာတင် သူ့ကို အဲဒီလောက် ပြင်းပြင်းထန်ထန်ဆဲဆိုသွားတာ၊
ခုနကလည်း သူ့ကို အေးတိအေးစက် ဆက်ဆံခဲ့မှာပဲ၊ ဒါပေမယ့် ခုနက သူ ဘယ်လောက်တောင် ချိုချိုသာသာ ပြုံးပြနေခဲ့လဲဆိုတာ ကြည့်ပါဦး၊
အဲဒီလောက်တောင် မျက်နှာချိုသွေး၊ ဖိနပ်ဖိန့်ဖိန့်တိုက်ပြီး ပါးရိုက်ခံရတာတောင် ပါးတစ်ဖက်လှည့်ပေးနိုင်တဲ့ အလုပ်မျိုးကို လူတိုင်း လုပ်နိုင်တာမဟုတ်ဘူးနော်”
ယန်တာ့ဝေ၏ စကားကြောင့် ချန်မေ့လန် အတွေးနက်သွားလေ၏။
‘ဒါကြောင့်မို့လို့ ဒီဒုတိယဘဝမှာ ကောင်းမွန်ရုံသက်သက်နဲ့ မလုံလောက်ဘဲ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုအပ်နေတာပဲ၊ သူမပိုင်ဆိုင်သင့်တဲ့ အရာတွေကို ဘယ်သူမှလာယူသွားတာမျိုး လုံးဝ အဖြစ်ခံလို့မရဘူး၊
ဘာပဲဖြစ်ဖြစ် အရှက်မရှိတဲ့ လူတွေကတော့ အမြဲတမ်း အရှက်မရှိနေကြမှာပဲလေ၊
ပြီးတော့ ဒီခေတ်ကြီးမှာ အရှက်မရှိခြင်းကသာ အောင်မြင်မှုဆီကို သွားရာလမ်းစပဲ မဟုတ်လား'
………….
ချန်ဖျင်သည် ယန်ရှီရှန်း၏ လူတကာငေးရလောက်သော အနီရောင် ရှလီကားကြီးကို မောင်းနှင်လျက် ဆိုက်ရောက်လာချိန်တွင် ကျောင်းတံခါးဝရှိ လူအုပ်ကြီး၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားတော့၏။
သူသည် အလုပ်ကိစ္စများကို အမြန်လက်စသတ်ကာ လူတကာရှေ့တွင် ကြွားဝါခွင့်ရမည့် ဤအခွင့်အရေးကို လက်လွတ်မခံလိုသဖြင့် အပြေးအလွှား လာရောက်ခဲ့ခြင်းဖြစ်ပေသည်။
ဟူရှောင်မေသည် ဝဝကစ်ကစ် ကောင်လေးအား ချန်ဖျင်၏လက်ထဲသို့ အပ်နှံပြီးနောက် အဝေးမှနေ၍ ချန်မေ့လန်အား မသိမသာ တစ်ချက်လှမ်းကြည့်ကာ လှည့်ထွက်သွားလေသည်။
မကြာမီကမှ သူမနှင့် ယန်တာ့ဝေတို့ ခေါင်းဆောင်မာအား သွားရောက်နှုတ်ဆက်ခဲ့သည့် မြင်ကွင်းတစ်ခုလုံးကို ဟူရှောင်မေတစ်ယောက် အသေအချာ မြင်တွေ့ခဲ့ရပြီးဖြစ်ပေသည်။
အမြဲတစေ ပြုံးရွှင်နေတတ်သော သူမ၏မျက်နှာထက်တွင် အပြုံးရိပ်များ ကင်းမဲ့နေကာ ထွက်ခွာသွားချိန်၌ ချန်ဖျင်၏နားအနီးသို့ ကပ်၍ မကျေမနပ်ဖြစ်ကာ ဝမ်းနည်းပက်လက်ရှိနေသည့် စကားအချို့ကို တီးတိုးပြောဆိုသွားသေး၏။
သို့သော် ဟူရှောင်မေသည် သူမ၏တစ်ဘဝလုံးတွင် မကျေမနပ် သောကရောက်ဟန်ဆောင်ခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သူဖြစ်သည်။
အနာဂတ်တွင် ယန်ရှီရှန်း အသည်းကင်ဆာဝေဒနာကို ခံစားရချိန်၌ သူမသည် အိမ်ခြံမြေ ပိုင်ဆိုင်မှုရှစ်ခုအပေါ်တွင် ထိုင်လျက် သူ့ဆေးကုသစရိတ်အတွက် တစ်ပြားတစ်ချပ်မျှ ထုတ်ပေးမည်မဟုတ်သော်ငြား သူမကိုယ်တိုင်က အနစ်နာခံရသူပမာ ဟန်ဆောင်နေဦးမည်သာ ဖြစ်သည်။
သူမ၏ မျက်ရည်သုတ်ဇာတ်လမ်းကို ကြားရသောအခါ ရဲတပ်ဖွဲ့ဝင်များကပင် သူမအား ချက်ချင်းလွှတ်ပေးလိုက်ကာ ယွမ်ယွမ့်ကိုသာ လိုက်လံရှာဖွေကြသည်အထိ သူမ၏ဟန်ဆောင်မှုများက ထိရောက်လွန်းလှပေသည်။
မနေ့က ချန်ဖျင်ပြောဆိုခဲ့သော စကားများကြောင့် ရှောင်ဝမ်နှင့် ထိုဝဝကစ်ကစ် ကောင်လေးအကြားတွင် ရန်ငြိုးရန်စရှိနေသည်ကို ချန်မေ့လန် သိရှိထားသဖြင့် သူမသည် ထိုကလေးနှစ်ဦး၏ လှုပ်ရှားမှုများကို သဘာဝကျကျပင် အကဲခတ် စောင့်ကြည့်နေမိ၏။
ချန်ဖျင်၏သားဖြစ်သူမှာ ရှောင်ဝမ့်ထက် သုံးဆမျှ ပိုမိုဝဖြိုးကာ Victory အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ် အသစ်စက်စက်ကို ဝတ်ဆင်ထားလေသည်။
ပွပွယောင်းယောင်း ရှိသင့်သော အားကစားဘောင်းဘီရှည်မှာ ထိုကလေး၏ တင်ပါးများကို အတင်းအကျပ် ညှပ်ထားသဖြင့် ဘတ်စကတ်ဘောလုံးကြီး နှစ်လုံးပမာ လုံးဝန်းနေတော့၏။
အလယ်တွင် အကြောင်း ထင်းနေပြီး ဘောင်းဘီမှာ အလွန်ကျပ်ညပ်လွန်းသဖြင့် ကလေးငယ်အား သက်တောင့်သက်သာ မရှိဖြစ်စေကာ သူသည် ရေခဲချောင်းကို စုပ်ယူရင်း ဘောင်းဘီခွကြားကို အဆက်မပြတ်ဆွဲဆန့်နေရှာသည်။
ချန်မေ့လန်သည် ကလေးငယ်များ၏အနေအထားကို ကိုယ်ချင်းစာ တွေးဆကြည့်လိုက်ရာ ပိန်လှီလှသော ရှောင်ဝမ်သည် အခြားသူကို ဦးစွာရိုက်နှက်မည့်သူမျိုး မဟုတ်ဘဲ အရိုက်ခံရမည့်သူသာ ဖြစ်နိုင်သည်ဟု ယူဆလိုက်၏။
ထို့ကြောင့် သူမသည် အဝေးမှ ချန်ဖျင်နှင့် သူ့သားကို မြင်လိုက်ရသောအခါ ရှောင်ဝမ်၏ခေါင်းကို ပွတ်သပ်ပေးရင်း ထိုဝဝကစ်ကစ် ကောင်လေးအား လက်ညှိုးထိုးပြကာ မေးခွန်းထုတ်လိုက်လေသည်။
“အဲဒါ မင်းရဲ့ အတန်းဖော်ဟောင်းလား၊ သူက ကျောင်းမှာ မင်းကို ခဏခဏ အနိုင်ကျင့် ရိုက်နှက်တတ်တာလား၊ အန်တီကို မင်းအတွက် ကလဲ့စားချေပေးစေချင်လား”
ရှောင်ဝမ်တစ်ယောက် ကျောင်းမပြေးစေရန်အတွက်ဆိုပါက သူမအနေဖြင့် ကျောင်းတွင်း လူမိုက်အဖြစ် နောက်တစ်ကြိမ်ဟန်ဆောင်ရမည်ကိုပင် လုံးဝ ဝန်လေးနေမည်မဟုတ်ပေ။ သူမ၏ ရည်မှန်းချက်မှာ ဤကလေးငယ်အား လမ်းမှန်သို့ရောက်အောင် ပဲ့ပြင်ပေးရန်မဟုတ်လော။
သို့သော် ကလေးငယ်များ၏ကမ္ဘာမှာ ချန်မေ့လန် တွေးထင်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးနက်နဲလှပေသည်။
ရှောင်ဝမ်က ထိုဝဖြိုးသော ကောင်လေးကို အဝေးမှစိုက်ကြည့်ကာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် တည်ငြိမ်စွာ တုံ့ပြန်လေ၏။
“အန်တီ ဘာတွေလျှောက်တွေးနေတာလဲ၊ ကျွန်တော် သူ့ကိုမရိုက်ပါဘူး၊ သူ့ကို သိတောင်မသိတာ”
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ကျောင်းတံခါးမကြီး ပွင့်ဟသွားတော့၏။
ယန်ကျောက်သည် ယွမ်ယွမ့်ကို ခေါ်ဆောင်ကာ ကျောင်းအပ်ရန်နှင့် ကျောင်းအုပ်ကြီးအား တွေ့ဆုံရန် ထွက်ခွာသွားပြီး ချန်မေ့လန်ကမူ ရှောင်ဝမ့်ကို ခေါ်ယူလျက် ကျောင်းအပ်ခြင်း၊ အတန်းခွဲစောင့်ဆိုင်းခြင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်များ ထုတ်ယူခြင်းတို့ကို လုပ်ဆောင်ရန် ထွက်လာခဲ့၏။
သူမသည် ရှောင်ဝမ့်အား မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သော်လည်း ခဏတာ အချိန်လေးအတွင်းမှာပင် အခြေအနေများက ရုတ်တရက်ပြောင်းလဲသွားခဲ့လေပြီ။
ရှောင်ဝမ်သည် သူမနောက်တွင် အမြဲတစေ လိုက်ပါနေခဲ့သော်ငြား ထိုဝဖြိုးဖြိုး ကောင်လေးသည် ရှောင်ဝမ့်အနားသို့ တိုးကပ်လာကာ ပခုံးချင်းတိုက်လျက် တစ်စုံတစ်ခု တီးတိုးပြောဆိုလိုက်၏။
ထိုခဏတွင် ရှောင်ဝမ်သည် ဒေါသတကြီးဖြင့် ခုန်ပေါက်ကာ ထိုကောင်လေးကို ထိုးနှက်လိုက်တော့သည်။
ဤသည်မှာ ရှောင်ဝမ်သည် ကျောင်းပြေးတတ်သော အကြောတင်းကောင်လေး တစ်ဦးသာမကဘဲ အခြားသူများကို အကြောင်းမဲ့ ရိုက်နှက်တတ်သော ထိန်းချုပ်ရခက်သည့် ကျောင်းတွင်းလူမိုက်လေးတစ်ဦး ဖြစ်နေသည်ဟူသော အဓိပ္ပာယ်လော။
သို့သော် လက်တွေ့အခြေအနေမှာမူ ထိုသို့မဟုတ်ဘဲ လုံးဝ ခြားနားနေပုံရသည်။
ချန်မေ့လန်က ရှောင်ဝမ့်ကို နောက်သို့အမြန်ဆွဲခေါ်လိုက်၏။ ဤသည်မှာ သူမ ရှောင်ဝမ် အခြားသူအား ရိုက်နှက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သော်လည်း သူမ ဆူပူခြင်းမပြုဘဲ ကလေးငယ်ကို သူမ၏ဘေးတွင်သာ တင်းကျပ်စွာ ဆွဲထားလိုက်သည်။
ခဏအကြာတွင် သူတို့ စာသင်ခန်းအတွင်း သွားရောက်ရမည့် အချိန်သို့ရောက်ရှိလာသည်။ တိုက်ဆိုင်စွာပင် ထိုဝဖြိုးဖြိုးကောင်လေးနှင့် ရှောင်ဝမ်တို့မှာ အတန်းတစ်ခုတည်းတွင် အတူတူကျရောက်နေခဲ့၏။
ချန်မေ့လန်သည် စာအုပ်များ ထုတ်ယူနေရသဖြင့် ခြေလှမ်းအနည်းငယ် နောက်ကျကျန်ခဲ့ကာ လမ်းကွေ့တစ်ခုသို့ ချိုးလိုက်ချိန်တွင်မူ လမ်းထောင့်တစ်ခု၌ ရှောင်ဝမ်က လက်သီးမြှောက်ရန် ပြင်နေသည်ကို လှမ်းမြင်လိုက်ရသည်။
သို့သော် ဝဖြိုးဖြိုး ကောင်လေးက တစ်စုံတစ်ခုကို အော်ဟစ်လိုက်သောအခါ ရှောင်ဝမ်သည် လေလျှော့လိုက်သော ဘောလုံးတစ်လုံးပမာ ချက်ချင်းပင် လက်မှိုင်ချသွားတော့၏။
ထိုအခါမှ ထိုကောင်လေးက လက်သီးမြှောက်ကာ ရှောင်ဝမ့်အား စတင်ရိုက်နှက်လေတော့သည်။
လက်သီးချက်တိုင်းမှာ ပြင်းထန်လှကာ ကလေးငယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။
ဝဖြိုးဖြိုး ကောင်လေးက ရှောင်ဝမ့်အား ဦးစွာ လာရောက်ရန်စခဲ့ခြင်းမှာ ထင်ရှားပါလျက်နှင့် အဘယ်ကြောင့် ရှောင်ဝမ်သည် မည်သည့်အသံမျှမထွက်ဘဲ အရိုက်ခံနေရရသနည်း။
ချန်မေ့လန် ဒေါသတကြီးဖြင့် အော်ဟစ်ကာ တားဆီးလိုက်လေသည်။
“ဒီကောင်စုတ်လေး၊ နင် ဘာလို့ ငါ့သားကို ရိုက်နေရတာလဲ”
ချန်ဖျင်သည် အမှန်စင်စစ် အနီးအနားတွင်ပင် ရှိနေကာ သူ့သားအတွက် စာအုပ်များကို ကိုင်ဆောင်ထားခြင်းဖြစ်သည်။
သူ့သားက ရှောင်ဝမ့်အား ရိုက်နှက်နေစဉ်အတွင်း သူသည် မျက်စိကန်းနေခဲ့သယောင် ရှိသော်လည်း ချန်မေ့လန်၏ အော်ဟစ်သံကို ကြားသောအခါမှ တုံ့ပြန်လာကာ ဖြည်းညင်းစွာ လှည့်ကြည့်ရင်း လျှောက်လာခဲ့ပြီး သူ့သားအား မေးခွန်းထုတ်လိုက်လေသည်။
“သား၊ ရှောင်ဝမ်က သားကို ထပ်ရိုက်ပြန်ပြီလား”
ဝဖြိုးဖြိုး ကောင်လေးမှာ သူ၏ဖခင်ထက်ပင် ပိုမိုပါးနပ်ကာ ပခုံးကို တွန့်ပြလျက် အပြစ်ကင်းစင်ဟန်ဆောင်၍ တိုင်တန်းလေသည်။
“ဟုတ်တယ်ဖေဖေ၊ သူက ကျွန်တော့်ကို အရင်ရိုက်တာ၊ ဖေဖေကြည့်ပါဦး၊ သူထိုးလိုက်လို့ ကျွန်တော့်ပခုံးမှာ ညိုမည်းသွားပြီ”
အခြားသူများကို တမင်သက်သက် လာရောက်ရန်စပြီးမှ မိမိကိုယ်ကို သားကောင်ပမာ ဟန်ဆောင်တတ်သော ဤကဲ့သို့သော ပြဿနာရှာသူမျိုးမှာ ချန်မေ့လန် တစ်ဘဝလုံးတွင် မြင်တွေ့ဖူးသမျှသော ကလေးများအနက် အဆိုးရွားဆုံးနှင့် အယုတ်မာဆုံးသော ကလေးတစ်ဦးပင် ဖြစ်တော့သည်။
ထို့အပြင် အပြစ်ရှိသူက ဦးစွာတိုင်တန်းတတ်သည့် အကျင့်ဆိုးလည်း ရှိသေး၏။ ချန်မေ့လန် အနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိုကောင်လေးသည် ရှောင်ဝမ့်အား မောက်မာစွာ စိုက်ကြည့်ရင်း ရဲတင်းစွာ မေးခွန်းထုတ်လိုက်ပြန်သည်။
“ရှောင်ဝမ်၊ မင်းပ တကယ်ပဲ အမေအသစ် ရလာတာကိုး၊ မင်းရဲ့ အမေအသစ်ကကော အရက်သောက်ရတာ ဝါသနာပါလား၊ သူ့မှာ ရည်းစားတွေအများကြီး ရှိလား”
ရုတ်တရက် ရူးသွပ်နေသော တောခွေးပေါက်လေးတစ်ကောင်ပမာ ရှောင်ဝမ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့၏။
သူသည် လက်သီးကိုပင် အသုံးမပြုတော့ဘဲ ခေါင်းဖြင့် ၀ဝဖြိုးဖြိုး ကောင်လေး၏ ရင်ဘတ်ဆီသို့ အားကုန် ဆောင့်တိုက်ပစ်လိုက်လေသည်။