အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅)
ထိုခဏတွင်မှ ချန်မေ့လန်သည် အရာအားလုံးကို ထိုးထွင်းသိမြင်သွားခဲ့ပြီဖြစ်သည်။ ရှောင်ဝမ် ကျောင်းပြေးရခြင်းမှာ သူ၏ ကိုယ်ပိုင်စိတ်အခံကြောင့် တစ်ဝက်ဖြစ်သော်လည်း ကျိုးရွှယ်ချင်း၏ ပေါင်းသင်းဆက်ဆံရေးလွန်ကဲခြင်း၊ မိတ်ဆွေပေါများခြင်းနှင့် အရက်သောက်ခြင်း အလေ့အထများကလည်း ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ ခေတ်စနစ်အရ လုံးဝပွင့်လင်းခြင်းလည်းမရှိ၊ လုံးဝပိတ်ဆို့ထားခြင်းလည်းမရှိသော ဤလူ့အဖွဲ့အစည်းအတွင်း လူကြီးများ၏ လုပ်ရပ်များကို ထည့်မတွက်လျှင်ပင် ကျိုးရွှယ်ချင်း၏ လွတ်လပ်လွန်းသော စရိုက်လက္ခဏာအပေါ် လူအများက မျက်မှောင်ကြုတ်ကဲ့ရဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။
ချန်မေ့လန်သည် ဒေါသတကြီးဖြစ်နေသော ရှောင်ဝမ့်ကို နောက်သို့ ပြန်လည်ဆွဲခေါ်လိုက်ကာ ဤတောခွေးရိုင်းလေးအား နှစ်သိမ့်ပေးရန် ကြိုးပမ်းလိုက်၏။
“ယန်ဝမ်ချီ၊ ငါ့စကားကို နားထောင်စမ်း၊ ဒီတစ်ခါတော့ အန်တီ မင်းဘက်ကနေ သေချာပေါက် ရပ်တည်ပေးမယ်၊ ဟုတ်ပြီလား”
ရှောင်ဝမ်က အတင်းအကျပ် ရုန်းကန်ရင်း ဒေါသတကြီး အော်ဟစ်လေသည်။
“ကျွန်တော် ကျောင်းမတက်တော့ဘူး၊ ပြန်ကြရအောင်၊ ကျွန်တော် ကျောင်းတက်ဖို့မလိုပါဘူး၊ အခုပဲ အပြင်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မယ်၊
ကျောင်း လုံးဝမတက်တော့ဘူး၊ ကျွန်တော်လည်း သူဌေး ဖြစ်အောင်လုပ်မယ်၊ ကျောက်မီးသွေးသူဌေးကြီး ဖြစ်အောင်လုပ်မယ်”
ကလေးငယ်တစ်ဦးက ဤကဲ့သို့သော စကားများကို အလေးအနက် ဒေါသတကြီးပြောဆိုနေခြင်းမှာ မိမိအတွက်မူ အလွန်နာကျင်ဖွယ်ကောင်းသော်လည်း အခြားသူများအတွက်မူ ရယ်စရာအလွန်ကောင်းလှသော ပြက်လုံးတစ်ခုပမာ ဖြစ်နေတော့သည်။
ချန်မျှင်နှင့် သူ့သားတို့မှာမူ ထိုစကားကို ကြားရသောအခါ အားရပါးရ လှောင်ပြောင်ရယ်မောနေကြ၏။
ချန်မေ့လန်သည် ရုန်းကန်ဆန့်ငင်နေသော ကောင်လေးအား ထိန်းထားရင်း ချန်ဖျင်ဘက်သို့ လှည့်ကာ မေးခွန်းထုတ်လိုက်လေသည်။
“မစ္စတာချန်၊ ရှင့်ရဲ့ အဲဒီကားကို ကျွန်မ တော်တော်လေး ရင်းနှီးနေတယ်၊ ရှင် တကယ်ဝယ်လိုက်တာလား”
ချန်ဖျင်က ပြုံးဖြီးဖြီး မျက်နှာပေးဖြင့် မောက်မာစွာ တုံ့ပြန်လေသည်။
“သေချာတာပေါ့၊ ဒါက အရင်တုန်းက ရှီရှန်းရဲ့ကားလေ၊ သူ့မိန်းမ ဟူရှောင်မေက ကျွန်တော့်ဆီ ရောင်းလိုက်တာ၊ မေ့လန်၊ ဒီကားက မင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူးနော်”
စီးပွားရေး လူမှုရေးအရ ဆက်ဆံသည့် မည်သည့်နေရာသို့မဆို ယန်ရှီရှန်းသည် ဟူရှောင်မေကို အမြဲတစေ ခေါ်ဆောင်သွားလေ့ရှိသည်။
ချန်မေ့လန်နှင့် ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းတွင် သူသည် ဟူရှောင်မေအား သူ့ဇနီးအဖြစ် လူသိရှင်ကြား သတ်မှတ်ခဲ့ကာ ချီတုန်မိန်အားလည်း သူ့ယောက္ခမကြီးအဖြစ် အစဉ်တစိုက် ခေါ်ဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ချီတုန်မိန်၏ အကူအညီကို ရယူ၍ စီးပွားရေးလမ်းကြောင်း စတင်တည်ဆောက်ခဲ့ရခြင်းမဟုတ်လော။
သို့သော် အတိတ်ဘဝက ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့သည် တရားဝင်လက်ထပ်ခြင်းကို အလွန်နောက်ကျမှ ပြုလုပ်ခဲ့ကြပြီး ယန်ရှီရှန်း အကျဉ်းချခံရပြီးနောက်ပိုင်းမှသာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။
ယန်ရှီရှန်းသည် လက်တွေ့အကျိုးအမြတ်ကို မမြင်မချင်း လုံးဝ လှုပ်ရှားမည့်သူမျိုးမဟုတ်ပေ။ ထိုအချိန်က သူမနှင့် လုကျင်းယွီတို့ အိမ်ထောင်ကျပြီးဖြစ်သော်ငြား သူသည် သူမထံသို့ မကြာခဏ လာရောက်ကာ သနားခံဟန်ဆောင်လျက် သူမ ကွာရှင်းရန် အစီအစဉ်ရှိမရှိကို စုံစမ်းလေ့ရှိသေးသည်။
သူသည် သူမအား သူ့မယားငယ်အဖြစ် ထားရှိရန်ပင် ရဲတင်းစွာ ရည်ရွယ်ခဲ့သေး၏။
သူသည် တရားဝင်ဇနီးကိုကော မယားငယ်ကိုပါ လုံးဝလက်လွတ်မခံလိုဘဲ နှစ်ဦစလုံးအပေါ်တွင် နက်နဲသောမေတ္တာများ ရှိနေသည်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုတတ်သောလူစားမျိုး ဖြစ်ပေသည်။
ထို့ကြောင့် ချန်မေ့လန်အနေဖြင့် ယန်ရှီရှန်းသည် ဟူရှောင်မေနှင့် ယခုအချိန်အထိ တရားဝင်လက်ထပ်ထားခြင်း မရှိသေးကြောင်းကို ရဲဝင့်စွာ ကောက်ချက်ချရဲခြင်းဖြစ်၏။
ချန်ဖျင်၏ လေသံအရဆိုလျှင်မူ သူသည် ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ ဥပဒေအရ တရားဝင်လက်ထပ်ပြီးဖြစ်သည်ဟု ထင်မှတ်နေပုံရသည်။
ချန်မေ့လန်သည် ဒေါသကြောင့် မျက်နှာလေးနီမြန်းနေသော ရင်ခွင်ထဲမှ ရှောင်ဝမ့်အား အရင်ဆုံး ချော့မော့နှစ်သိမ့်ပေးရဦးမည်ဖြစ်သည်။
သူမအပေါ် ထားရှိသော ထိုသူ၏ မသိမသာ နှိမ်ချတတ်သည့်အမူအရာများကြောင့် သူမသည် ဤအမျိုးသားအား စကားတစ်ခွန်းမျှ ထပ်မံမပြောလိုသော်ငြား စိတ်ကိုထိန်း၍ ပြတ်သားစွာ ဆိုလိုက်ရလေသည်။
“မစ္စတာချန်... ခုနက ရှင့်ရဲ့သားက ကျွန်မရဲ့သားကို တမင်သက်သက် လာရောက်ရန်စခဲ့တာကို ရှင်အသေအချာ မြင်ခဲ့ရတာပဲ၊ အဲဒါကြောင့် ကျွန်မသားက သူ့ကိုရိုက်လိုက်တာ၊
ကျွန်မက အကျိုးအကြောင်း ဆင်ခြေတုံတရားတွေကို အရမ်းဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်သလို ကိုယ့်ဘက်ဆိုရင်လည်း အရမ်းဘက်လိုက်တတ်တဲ့ အကျင့်ရှိတယ်၊
တကယ်လို့ ရှင်က ရှင့်သားကို ကောင်းကောင်းမဆုံးမဘူးဆိုရင်၊ ကျွန်မကိုယ်တိုင် သူ့ကိုသင်ခန်းစာပေးမိရင်တော့ အပြစ်လာမပြောနဲ့၊
ကျွန်မက ယန်ရှီရှန်းကိုတောင် ဝက်ခေါင်းဖြစ်သွားအောင် ရိုက်နှက်ဖူးတဲ့လူမျိုးဆိုတာ ရှင်လည်း အသိပဲမဟုတ်လား”
ချန်မေ့လန်က ယန်ရှီရှန်းအား ရိုက်နှက်ခဲ့သည့်အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ချန်ဖျင် ရင်တွင်းမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
အကြောက်တရားကြီးမားလှသော ယန်ရှီရှန်းသည် တစ်ချိန်က အလွန်တရာ တန်ခိုးသြဇာကြီးမားခဲ့သော်လည်း ဇနီးဟောင်း၏ရိုက်နှက်ခြင်းကို ခံရကာ ဝက်ခေါင်းဖြစ်သွားခဲ့ပြီးနောက် ထောင်ထဲသို့ရောက်ရှိသွားချိန်တွင်မူ သူသည် ဘာမျှမဟုတ်တော့ပေ။
ယခုအခါ ချန်မေ့လန်က ဤမျှလောက် ရဲဝင့်စွာ ပြောဆိုဝံ့ခြင်းမှာ ယန်ကျောက်၏တန်ခိုးအရှိန်အဝါကို မှီခိုနေသောကြောင့်မဟုတ်လော။
ချန်ဖျင်သည်လည်း စီးပွားရေးလုပ်ကိုင်သူတစ်ဦးဖြစ်ကာ မိမိ၌လည်း ကျောထောက်နောက်ခံများ ရှိနေသော်ငြား သူ၏အထက်လူကြီးများက ယန်ကျောက်သည် ရာထူးတွင် ကြာမြင့်စွာတည်မြဲမည်မဟုတ်ဘဲ မကြာမီ ပြုတ်ကျတော့မည်ဟု အမြဲတစေ ပြောဆိုလေ့ရှိကြသည်။
ထို့အပြင် သူသည် ကျင်းရှီးခရိုင်မှ လာရောက်သူဖြစ်ပြီး ကျင်းတုန်းခရိုင်အတွင်း မည်သည့်ရာဇဝတ်မှုမှတ်တမ်းမျှ မရှိပေ။ ဤသို့သောအခြေအနေတွင် ယန်ကျောက်အနေဖြင့် သူ့အား မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။
သူသည် ချန်မေ့လန်အား မောက်မာစွာဖြင့် ဆရာလုပ်၍ ဖျောင်းဖျစကားဆိုလေသည်။
“ချန်မေ့လန်... ကလေးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာရှိတယ်၊ လူကြီးတွေက စကားနည်းနည်းပါးပါးပြောပြီး ပြီးသွားရမယ့်ကိစ္စပဲ၊ မင်းက ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ထားတာ မှန်ပေမယ့် ရဲတွေကလည်း လူသားတွေပါပဲ၊
မင်းသားက ရဲမှုးရဲ့သား ဖြစ်နေရုံနဲ့ ကျောင်းမှာ လူမိုက်လုပ်ခွင့်ပေးထားလို့ မရဘူးလေ၊ ခုနက မင်းသားက အရင်စရိုက်တာ ရှင်းနေတာပဲ၊ ဒီကလေးက အရင်ကတည်းက လူတွေကို လိုက်ရိုက်ပြီး ကျောင်းပြေးရတာကို သဘောကျတဲ့ကလေး၊
လက်တွေ့အခြေအနေကို သေသေချာချာမသိဘဲနဲ့ ကလေးကို အရမ်းအလိုမလိုက်ပါနဲ့”
၀၀ဖြိုးဖြိုး ကောင်လေးမှာ ပိုမိုမောက်မာသွားကာ ကြွားဝါလိုက်လေသည်။
“အန်တီ... ကျွန်တော့်ဖေဖေမှာ ကားရှိတယ်၊ ရှောင်ဝမ်ရဲ့ ရဲဖေဖေမှာကော ကားရှိလို့လား”
ချန်မေ့လန်က နွေးထွေးစွာ ပြုံးပြရင်း ပြန်လည်တုံ့ပြန်လိုက်၏။
“ကောင်လေး... တို့အိမ်မှာ ကားမရှိတာတော့ အမှန်ပဲ၊ ဒါပေမယ့် မင်းတို့အိမ်မှာလည်း မကြာခင် ကားရှိတော့မှာမဟုတ်ဘူး”
ကောင်လေးက အလျှော့မပေးဘဲ ထပ်မံကြွားဝါပြန်သည်။
“ကျွန်တော့်ဖေဖေမှာ ကျောက်မီးသွေးတွင်း အကြီးကြီးလည်း ရှိသေးတယ်၊ ရှောင်ဝမ်တို့အိမ်မှာကော ရှိလား”
သူဌေးသစ်များ၏ အရှိန်အဝါက ဤခေတ်ကာလ၏ ပြိုင်ဆိုင်လိုသော စိတ်ဓာတ်များကို မွေးဖွားပေးလိုက်ခြင်းဖြစ်ကာ ကလေးငယ်များမှာလည်း ဂုဏ်ပုဒ်ချင်းနှိုင်းယှဉ်ရသည်ကို အထူးသဘောကျကြလေသည်။
မိဘများမှာ နိုင်ငံ့ဝန်ထမ်းဖြစ်နေခြင်းသည် ဤခေတ်ကာလတွင် ရှက်ဖွယ်ကောင်းသော ကိစ္စတစ်ခုပမာ ဖြစ်နေတော့၏။
ချန်မေ့လန်က အပြုံးမပျက်ဘဲ ထပ်မံဆိုလိုက်၏။
“ငါတို့အိမ်မှာ ကျောက်မီးသွေးတွင်းမရှိတာ မှန်ပေမယ့်၊ မင်းတို့အိမ်မှာလည်း မကြာခင် ရှိတော့မှာ မဟုတ်ပါဘူး”
မူလက သူမသည် ဤမျှလောက် စောစောစီးစီး လှုပ်ရှားရန် အစီအစဉ်မရှိခဲ့ပေ။
သို့သော် ယခုအခါ ဤကောင်စုတ်လေးအား သေချာသင်ခန်းစာပေးရန်အတွက် ထိုကားနှင့် ကျောက်မီးသွေးတွင်းကို သူမ ပြန်လည်သိမ်းပိုက်ရပေလိမ့်မည်။
သူမ၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုပါ တစ်ပါတည်းဖော်ဆောင်ရန်အတွက် ဤသည်ကား အခွင့်ကောင်းပင်မဟုတ်လော။
ယနေ့တွင်ပင် စတင်ရပေတော့မည်။
ထိုဝဖြိုးဖြိုး ကောင်လေးနှင့် သူ့ဖခင်တို့သည် ရှောင်ဝမ့်အား ကြည့်ရင်း လှောင်ပြောင်လိုစိတ်များ ပြင်းထန်လာကြ၏။
ချန်ဖျင်က ချန်မေ့လန်အား ဆက်လက်၍ ဆရာလုပ်လေသည်။
“ကလေးတွေ ရန်ဖြစ်တာကို လူကြီးတွေက ဒီလောက်အလောတကြီး ဒေါသထွက်နေဖို့ မလိုပါဘူး၊ မတန်ပါဘူး၊ ပြီးတော့ ရှောင်ဝမ်က မင်းရဲ့ သားအရင်းလည်း မဟုတ်ဘူး၊
ဒါပေမယ့် ဒီကောင်လေးကတော့ ငါ့ရဲ့ တစ်ဦးတည်းသောသားလေးလေ၊ ငါ့မိန်းမက သားဆက်ခြား စီမံကိန်းအရာရှိတွေရန်ကနေ ပုန်းဖို့အတွက် မြေအောက်ခန်းထဲမှာ သုံးလတိတိပုန်းနေခဲ့ရတာ၊
အဲဒီထဲမှာပဲ စားသောက်ပြီး အညစ်အကြေးတွေ စွန့်ခဲ့ရရှာတာ၊ သူ မွေးလာတော့လည်း ငါတို့တွေ ယွမ် ၈၀၀ တောင် ဒဏ်ငွေဆောင်ခဲ့ရသေးတယ်၊
ငါ့သားကို ဒေါသထွက်အောင် လုပ်တဲ့သူမှန်သမျှက ငါ့ကို တိုက်ရိုက်လာရောက်စော်ကားတာထက်တောင် ပိုပြီး ခံရခက်စေတယ်”
ဤခေတ်ကာလသည် သားဖြစ်သူအား အခက်အခဲများကြားမှ ရရှိခဲ့သဖြင့် အခြားသူများ၏ကလေးများကို မြက်ပင်များပမာ သဘောထားကာ မိမိ၏ကလေးကိုသာ ရွှေထုပ်ပမာ သတ်မှတ်တတ်သော ဖခင်တစ်စုကိုလည်း မွေးဖွားပေးလိုက်ခြင်းဖြစ်ပေသည်။
သူတို့သည် မိမိ၏အတိုင်းအတာကို မောက်မာလွန်းလှသော ဖခင်များသာ ဖြစ်ကြပေတော့၏။
မည်သို့ပင်ဖြစ်စေ သူတို့၏သားမှာ ဒဏ်ငွေဆောင်၍ မွေးဖွားလာရသဖြင့် အလွန်အဖိုးတန်လှကာ မည်သူမျှရိုက်နှက်ခွင့်မရှိဟု ခံယူထားကြသည်မဟုတ်လော။
သို့ရာတွင် စောစောက အပြင်းအထန်ရုန်းကန်နေခဲ့သော ရှောင်ဝမ်သည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။
ချန်မေ့လန် စာအုပ်အချို့ကို ကိုင်ဆောင်ထားဆဲမှာပင် သူသည် သူမ၏ရင်ခွင်ထဲမှ ရုန်းထွက်ကာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် စာအုပ်များကို သူ့ကျောပိုးအိတ်အတွင်းသို့ စနစ်တကျ ထည့်သွင်းနေလေ၏။
ချန်မေ့လန်က ကောင်လေးကို ပွေ့ချီလိုက်ကာ မေးမြန်းလိုက်၏။
“ရှောင်ဝမ်... ခုနက အဲဒီ ဝဝကစ်ကစ်ကောင်လေးက မင်းကို ဘာတွေပြောလိုက်လို့ မင်းက သူ့ကို ဒီလောက်တောင် ရိုက်ချင်နေရတာလဲ၊
မင်းက ရဲမှူးကြီးရဲ့ သားပဲဟာကို၊ အရင်စရိုက်တဲ့သူက အမြဲတမ်း အပြစ်ရှိတယ်ဆိုတာ မင်းမသိဘူးလား”