အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆)
အကယ်၍ သင်က အရင်စရိုက်ပြီးမှ ပြန်လည်အရိုက်ခံရပါက နာကျင်ရရုံတင်မကဘဲ ဤကိစ္စကို ဆရာမထံ သတင်းပို့ပါကလည်း သင်ကသာ အပြစ်ရှိသူ ဖြစ်နေပေလိမ့်မည်။
ဤသည်ကား လုံးဝဥဿုံ ရှုံးနိမ့်ရမည့် လမ်းစဉ်တစ်ခုသာ ဖြစ်ပေတော့သည်။
ရှောင်ဝမ်သည် သူ၏ကျောပိုးအိတ်ကို သေချာစီစဉ်ပြီးနောက် ကျောတွင် လွယ်လိုက်လေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက အံ့သြဖွယ်ကောင်းလောက်အောင်ပင် တောင်းဆိုလာ၏။
“တကယ်လို့ အန်တီက နောင်ကို အပြင်ထွက်ပြီး ရည်းစားတွေနဲ့တွေ့တာမျိုး၊ အရက်သောက်တာမျိုးမလုပ်ဘူးလို့ ကတိပေးရင် ကျွန်တော်လည်း စာကို ကြိုးကြိုးစားစားသင်ပြီး နောက်ဆို ရန်မဖြစ်တော့ပါဘူးလို့ ကတိပေးမယ်၊ ဟုတ်ပြီလား”
အဖြစ်မှန်မှာ ရှောင်ဝမ် ကျောင်းသွားရန်ငြင်းဆန်ခြင်းနှင့် ရန်ဖြစ်တတ်ခြင်းမှာ သူ့အမှားသက်သက် မဟုတ်ပေ။
သူ၏ မိခင်အရင်းမှာ အရက်သောက်ရသည်ကို နှစ်သက်ပြီး သူမ၏အရက်သောက်ဖော်များမှာ သူ့အတန်းဖော်များ၏ ဖခင်များ ဖြစ်နေလေ့ရှိသည်။
ထိုအတန်းဖော်များက ကျောင်းတွင် သူ့အား လှောင်ပြောင်ကဲ့ရဲ့ကြသဖြင့် ကောင်လေး ကျောင်းမတက်လိုခြင်းဖြစ်၏။
ဤသည်ကား ရှောင်၀မ် ကျောင်းမတက်ချင်ရခြင်း၏ အကြောင်းရင်းအစစ်အမှန်ပင် ဖြစ်တော့သည်။
ယခုအခါ သူမသည် သူ့အမေ ဖြစ်လာခဲ့ပြီမဟုတ်လော။
ရှောင်ဝမ်၏ သူမအပေါ်မျှော်လင့်ချက်မှာလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
ယခင်က ယန်တာ့ဝေ သူမထံသို့ ဦးစွာလာရောက်ရှာဖွေစဉ်က ရှောင်ဝမ်သည် ဤမျှလောက် သတိကြီးကြီး ထားနေခဲ့သည်မှာ မဆန်းလှတော့ပေ။ သူသည် ရေခဲသေတ္တာ သယ်ဆောင်လာသော ဦးလေးဖြစ်သူအား အိမ်ထဲသို့ပင် ပေးမဝင်လိုခဲ့သည်မဟုတ်လော။
သူသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားခဲ့ဖူးသောကြောင့် ဖြစ်ပေလိမ့်မည်။
ကလေးငယ်ကိုယ်တိုင်က စာကို ကြိုးစားသင်ယူမည်ဟု ကတိပေးလာသဖြင့် ချန်မေ့လန်သည် သူ့အား ယုံကြည်မှုများပိုမိုတိုးပွားလာစေရန် ဆောင်ရွက်ပေးရပေမည်။ သူမက ကောင်လေး၏ ခေါင်းကို ပုတ်ပေးရင်း ကတိပေးလိုက်၏။
“သားကသာ တကယ် စာကြိုးစားမယ်ဆိုရင်၊ မေမေက ချန်ဖျင်နဲ့ သူ့သားကို သားဆီလာပြီး ဒူးထောက်တောင်းပန်စေရမယ်လို့ ကတိပေးတယ်၊ ဟုတ်ပြီလား”
ချန်မေ့လန်အနေဖြင့် ချန်ဖျင်နှင့် သူ၏သားအား မိမိထံသို့ လာရောက်တောင်းပန်စေနိုင်မည်ဟု ရှောင်ဝမ် လုံးဝမယုံကြည်ပေ။ မည်သို့ပင်ဖြစ်စေ စောစောက သူကိုယ်တိုင် အရင်စရိုက်ခဲ့ခြင်းဖြစ်သည်မဟုတ်လော။
သို့သော် သူသည် ခေါင်းခါပြလိုက်ရင်း သူ၏ တွန့်လိပ်နေသောကျောပိုးအိတ်ကို လွယ်ကာ ရင်ကိုကော့၍ ခေါင်းကိုမော့လျက် ရှေ့မှ ပြတ်သားစွာလျှောက်လှမ်းသွားတော့သည်။
မည်သို့ပင်ဖြစ်စေ ဤအမေသစ်မှာ အရက်သောက်တတ်သူ မဟုတ်သည်မှာတော့ အမှန်ပင်ဖြစ်လေတော့သည်။
သူတို့ စာသင်ခန်းအတွင်းမှ ထွက်ခွာလာချိန်တွင် ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံပြီးနောက် ယွမ်ယွမ်၏အတန်းထဲမှ ယွမ်ယွမ်၊ ရှောင်လန်တို့နှင့်အတူ ထွက်လာသော ယန်ကျောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည်။
မိမိ၏သားဖြစ်သူမှာ ကျောပိုးအိတ်ကိုလွယ်ကာ တက်ကြွစွာ လျှောက်လှမ်းလာသည်ကို မြင်သောအခါ သူက လက်ဆန့်ထုတ်၍ သားဖြစ်သူ၏ခေါင်းကို ပုတ်ပေးရင်း အံ့သြဖွယ်ကောင်းလောက်အောင်ပင် ပြောလာလေ၏။
“ကြည့်စမ်း၊ သူ စာသင်ရတာကို ဘယ်လောက်တောင် မြတ်နိုးလိုက်သလဲ”
ချန်မေ့လန်တစ်ယောက် ချက်ချင်းပင် ဆွံ့အသွားရတော့၏။
‘ရှင်.. လူဆိုးကြီး၊ ရှင့်ဘာသာရှင်ပဲ ပျော်နေလိုက်စမ်းပါ’
ထိုကိစ္စကို ခေတ္တဘေးဖယ်ထားရမည်ပင်။
အမှန်စင်စစ် ယန်ကျောက်အနေဖြင့် သားဖြစ်သူ၏ကျောင်းအပ်နှံမှုတွင် အဖော်အဖြစ် လိုက်ပါလာရန် ဝန်လေးနေခဲ့ခြင်း၌ ခိုင်လုံသောအကြောင်းရင်းတစ်ခု ရှိနေခဲ့သည်။
ယခင်က ယန်ကျောက်တစ်ယောက် လူအုပ်ကြီးအတွင်း လူလုံးမပြသေးခင်အချိန်က ပိုမိုကောင်းမွန်သော်လည်း၊ ယခု လူတိုင်း ပြန်လည်ထွက်ခွာမည့်အချိန်တွင်မူ သူဌေးသစ်အများအပြားက သူ့အား သတိပြုမိသွားကြချေပြီ။
ကျောက်မီးသွေးဆိုသည်မှာ ရွှေနက်ဖြစ်ပြီး၊ ယန်ကျောက်သည် ထိုရွှေနက်များကို နောက်ကွယ်မှ ထိန်းချုပ်မောင်းနှင်နေသော လျှို့ဝှက်လက်တစ်ဖက်ဖြစ်ပေသည်။
ပြစ်မှုကျူးလွန်ခဲ့ကြသော သူဌေးသစ်တစ်စုမှာ ဖမ်းဆီးခြင်း ခံခဲ့ရသော်ငြား ဈေးကွက်၏ လိုအပ်ချက်များမှာ မည်သည့်အခါမျှ ရပ်တန့်သွားခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုများက ဆက်လက်တည်ရှိနေဆဲဖြစ်၏။
ယန်ရှီရှန်းနှင့် သူ၏အပေါင်းအပါများမှာ ထောင်ထဲတွင် အချုပ်ခံထားရကာ ရိုက်နှက်ခြင်းခံနေရသည်က အတိတ်မှ သတင်းအဟောင်းများ ဖြစ်သွားခဲ့ပြီဖြစ်ရာ ကျောက်မီးသွေး သူဌေးသစ်များမှာမူ လုပ်ငန်းများနှင့် နယ်မြေများကို သိမ်းပိုက်ရန်အတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
ယန်ကျောက်အား မြင်တွေ့လိုက်ရသောအခါ ထိုသူဌေးသစ်များသည် သဘာဝကျကျပင် သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းအုံလာကြတော့၏။
သူတို့သည် မျက်နှာလိုမျက်နှာရ စကားစမြည်ပြောဆိုရန် ကြိုးပမ်းကြပြီး၊ အချို့က အလုပ်များနေတာလားဟု မေးမြန်းကြကာ အချို့ကမူ အားလပ်ချိန်ရှိပါက ထမင်းကျွေးချင်ကြောင်း ဖိတ်ခေါ်ကြလေသည်။
ထိုအထဲမှ သတင်းအချက်အလက် ခေတ်နောက်ကျနေပြီး ယန်ကျောက် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်းကို လုံးဝမသိရှိသေးသော သူတစ်ဦးသည် ယန်ကျောက်အရှေ့သို့ အပြေးအလွှား ရောက်လာကာ ဆိုလေသည်။
“ခင်ဗျားရဲ့ဇနီး ကျိုးရွှယ်ချင်းနဲ့ ကျွန်တော်က အတူတူအရက်သောက်ဖူးတဲ့ သူငယ်ချင်းကောင်းတွေပါ၊ ခင်ဗျား ဘယ်တော့လောက် အားမလဲဟင်၊ ကျွန်တော် ခင်ဗျားတို့ ဇနီးမောင်နှံနှစ်ဦးလုံးကို ထမင်းကျွေးချင်လို့ပါ”
ထွက်ပေါက်ဆီသို့ ခပ်သုတ်သုတ် လျှောက်လှမ်းနေသော ယန်ကျောက်သည် ဤစကားကို ကြားလိုက်ရသောအခါ ခြေလှမ်းများ တန့်သွားတော့၏။
သူသည် နောက်သို့လှည့်ကာ ဆီရွှဲနေသော သူဌေးအသစ်အား စိုက်ကြည့်ရင်း သူ၏မျက်လုဲးများကို မှေးကျဉ်းလိုက်လေသည်။
ထိုခဏတွင်ပင် စကားချိုချိုသာသာ ပြောဆိုတတ်သော သူဌေးသစ်တစ်စုလုံးသည် သူတို့၏လုပ်ဖော်ကိုင်ဖက်အား မနာလိုစိတ် သို့မဟုတ် အားကျစိတ်များဖြင့် ဝိုင်းဝန်းကြည့်ရှုကြတော့၏။
သူသည် ဗိုလ်မှူးယန်၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီမဟုတ်လော။
“ကျွန်တော် ကျိုးရွှယ်ချင်းနဲ့ ကွာရှင်းပြီးသွားပါပြီ”
ယန်ကျောက်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်လေသည်။
“မဖြစ်နိုင်တာ၊ ရွှယ်ချင်းက တကယ့်ကို သွက်လက်တက်ကြွတဲ့ မိန်းမတစ်ယောက်ပဲဟာ၊ အရက်သောက်တဲ့ နေရာမှာဆိုရင်လည်း...”
သူဌေးအသစ်က သူ့ပေါင်သူ ရိုက်လိုက်ရင်း ပြောဆိုလိုက်သည်။
သို့သော် ယန်ကျောက်၏ အေးစက်ခက်ထန်သော အကြည့်ကို မြင်လိုက်ရသောအခါ ထိုသူဌေးအသစ်မှာ ရုတ်တရက် ကျောချမ်းသွားကာ အလောတကြီး ပြင်ဆင်ပြောဆိုလေတော့၏။
“နောက်တာပါဗျာ၊ နောက်တာပါ၊ ကောင်းသောနေ့လေးဖြစ်ပါစေ ဗိုလ်မှူးယန်”
ယန်ကျောက် လှည့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထိုသူဌေးသစ်၏ မျက်လုံးများထဲတွင် အထင်သေး ရွံရှာမှုများ အထင်းသား ပေါ်လွင်လာခဲ့သည်။
‘ရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာ ဘာများအရေးကြီးလို့လဲ။ သူ့မှာ အာဏာနည်းနည်းပါးပါး ရှိကောင်းရှိနိုင်ပေမယ့် ပိုက်ဆံမှ မရှိတာ၊ သူက ဆင်းရဲသားပဲ'
‘ပြီးတော့ သူက ရာထူးတက်တက်ချင်းမှာပဲ အင်တိုက်အားတိုက်နဲ့ ကျောက်မီးသွေး သူဌေးတွေကို အစုလိုက်အပြုံလိုက် လိုက်ဖမ်းနေတာ'
‘သူက တကယ့်ကို ခေါင်းမာပြီး တုံးအတဲ့ကောင်ပဲ၊ ကျောက်မီးသွေး သူဌေးတွေနဲ့ ရဲတွေဆိုတာ အမြဲတမ်း ပူးပေါင်းဆောင်ရွက်နေကြတာပဲဟာကို၊
ဒုရဲမှူးမာက အရက်ဝိုင်းတွေမှာ လူတိုင်းကို ဒီအကြောင်း ခဏခဏပြောပြဖူးတယ်။ အခုတော့ သူတို့အားလုံး ငြိမ်နေပြီး အဲဒီလူ ပြုတ်ကျမယ့်နေ့ကို စောင့်နေကြတာ'
‘သူ ကျင်းတုန်း ရဲစခန်းမှာ ကြာကြာခံမှာ မဟုတ်ပါဘူး'
သို့သော် ထိုသူဌေးအသစ် တိတ်တဆိတ် မြည်တွန်တောက်တီးနေစဉ်မှာပင် ယန်ကျောက်က ရုတ်တရက် နောက်သို့ လှည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်လေသည်။
“စခန်းထဲမှာ အချုပ်ခံနေရတဲ့ကောင်တွေက မင်းတို့အားလုံးကို တော်တော်လေး သတိရနေကြတယ်နော်၊ ရဲဘော်တို့... ကိုယ့်ကိုယ်ကို သတိထားပြီး နေကြတာကောင်းမယ်”
သူဌေးသစ်များ အားလုံးမှာ တပြိုင်နက်တည်း အသက်ရှူမှားသွားကြတော့၏။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ အပြစ်ကင်းစင်သူများ မဟုတ်ကြပေ။
အကယ်၍ စခန်းတွင်းရှိသူများက သူတို့အကြောင်းကို တကယ်ပဲ ထွက်ဆိုသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။
ရင်တွင်း၌ ဒေါသများ ဆူပွက်နေကြသော်ငြား ဤသူဌေးသစ်များမှာ လတ်တလောတွင် အတော်လေး လိမ္မာရေးခြား ရှိနေကြလေသည်။
ယခုအခါ ကုန်တင်ကားများမှာ ရွာများကို ဖြတ်သန်းသွားလာချိန်တွင် အရှိန်လျှော့ရန် ဝန်မလေးကြတော့သကဲ့သို့ အလွန်အကျွံတင်ဆောင်ခြင်းများကိုလည်း မပြုလုပ်ဝံ့ကြတော့ပေ။
လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကိုလည်း ဗြောင်ကျကျမပြုလုပ်တော့ဘဲ တိတ်တဆိတ်သာ လုပ်ဆောင်ကြတော့သည်။
ကျင်းတုန်းခရိုင်အတွင်းရှိ အများပြည်သူ လုံခြုံရေးအခြေအနေမှာ လတ်တလောတွင် အလွန်အမင်း အေးချမ်းသာယာလွန်းနေသည်ဟုပင် ဆိုရပေမည်။
ချန်မေ့လန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်က တစ်ခါမျှမကြုံတွေ့ဖူးသဖြင့် အစပိုင်းတွင် သတိမထားမိခဲ့ပေ။
သို့သော် သူဌေးသစ်တစ်စုက ယန်ကျောက်အား မည်ကဲ့သို့ မျက်စောင်းထိုးကြည့်ရှုနေကြသည်ကို မြင်သောအခါ သူမသည် ကလေးများနှင့်အတူ တမင်တကာ ခြေလှမ်းများကို နှေးလိုက်ကာ သူနှင့် ခပ်ခွာခွာတွင် နေလိုက်လေ၏။
၁၉၈၃ ခုနှစ် မတိုင်မီက ရဲအရာရှိတစ်ဦး၏ မိသားစုဝင်ဖြစ်ရခြင်းမှာ အလွန်သိမ်မွေ့နက်နဲသော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။
အကြောင်းမူကား ရဲအရာရှိများ၏ မိသားစုဝင်များအား တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာအောင် ပြုလုပ်သည့် အမှုအခင်းများ အများအပြား ရှိခဲ့သောကြောင့်ပင်။
၁၉၈၃ ခုနှစ် “ပြင်းထန်စွာ နှိမ်နင်းရေး” ကမ်ပိန်း စတင်ချိန်မှသာ နိုင်ငံတော်က ရဲအရာရှိများနှင့် ၎င်းတို့၏မိသားစုဝင်များကို ထိခိုက်နစ်နာအောင် ပြုလုပ်သူများအား ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူခဲ့သဖြင့် ထိုကဲ့သို့သောဖြစ်ရပ်များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့သည် မိသားစုဝင်များကို ထိခိုက်နစ်နာအောင် မပြုလုပ်တော့လျှင်ပင် သူမသည် ယန်ကျောက်၏ဇနီးဖြစ်ကြောင်းကို ထိုသူများ သိရှိသွားပါက သူမ၏တံခါးဝသို့ အမြဲတစေ လာရောက်နှောင့်ယှက်ကြမည်မှာ အသေအချာပင်။
ကလေးများအနက် ဤအခြေအနေကို သတိပြုမိသူမှာ ရှောင်ဝမ်တစ်ဦးတည်းသာဖြစ်ပြီး သူသည် တမင်တကာ ခပ်ခွာခွာနေခဲ့၏။
ယွမ်ယွမ်နှင့် ရှောင်လန်တို့ကမူ သူတို့၏ဖခင်နောက်သို့ ဆက်လက်လိုက်ပါလိုနေဆဲဖြစ်သည်။ ထိုအခါ ချန်မေ့လန် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားလေသည်။
“ယွမ်ယွမ်၊ မေမေတို့ စာအုပ်ဖုံးလေးတွေ သွားဝယ်ကြမလား”