အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈)
ယခုမူ အခြားသူများက ပြည့်တန်ဆာများထံ သွားရောက်ကြပြီး သူက ငွေရှင်းပေးနေရ၏။
စီးပွားရေးစတင်လုပ်ကိုင်သည်နှင့် ဝင်ငွေရရှိလာမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါ အကြွေးများသာ တောင်ပုံယာပုံ စုပုံလာနေပြီး ငွေကောက်ခံရန် အလွန်ခက်ခဲကြောင်းကို သူ တွေ့ရှိသွားခဲ့ပြီဖြစ်သည်။
ထို့အပြင် ချန်ဖျင်မှာ ငါးရှဉ့်ကဲ့သို့ အလွန်ချောကျိလွန်းလှသည်။ စီးပွားရေး အတူတူလုပ်မည်ဟု ပြောဆိုထားသော်လည်း သူ၏ဝင်ငွေများထဲမှ တစ်ပြားတစ်ချပ်ကိုမျှ ယန်ပင်းအား ခွဲဝေပေးခြင်းမရှိခဲ့ပေ။
သို့ရာတွင် အပြင်တွင် ထမင်းသွားစားတိုင်း ယန်ပင်းကိုသာ အမြဲတမ်း ငွေရှင်းစေခဲ့သည်။
စီးပွားဖက်ဟု အမည်ခံထားသော်လည်း လက်တွေ့တွင်မူ ယန်ပင်းအား အခမဲ့လက်အောက်ငယ်သားတစ်ဦးပမာ အသုံးချနေခြင်းသာ ဖြစ်လေသည်။
ငွေမရှာနိုင်သည့်အပြင် တစ်လကျော်အချိန်အတွင်း ယန်ပင်းသည် သူ၏စုဆောင်းငွေများ အားလုံးနီးပါးကို ကုန်ဆုံးစေခဲ့ပြီဖြစ်ကာ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများမှ စုဆောင်းထားခဲ့သောငွေများပင် ပါသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ငွေရှာနိုင်မည်ဟု စုန့်ဟွိုင်ဟွာအား အကြိမ်ကြိမ် ကတိပေးနေသော်ငြား သူ၏ရင်တွင်း၌မူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ပြီဖြစ်သည်။
ချန်မေ့လန် ဝင်လာသည်ကို မြင်သောအခါ သူက မေးလိုက်လေ၏။
“မေ့လန်၊ ဘာကိစ္စရှိလို့လဲ”
ချန်မေ့လန်က ယန်ရှီရှန်း၏ကားသော့ကို ယန်ပင်းအရှေ့သို့ ပစ်ချလိုက်ကာ တည့်တိုးပင် ပြောဆိုလိုက်လေသည်။
“ဒုတိယအစ်ကို၊ ချန်ဖျင်က ကျွန်မရဲ့ကားကို မောင်းနေတာမဟုတ်လား၊ ကျေးဇူးပြုပြီး သွားပြန်ယူပေးပါ”
ယန်ပင်းမှာ ခေတ္တမျှ မှင်တက်သွားကာ ပြန်ပြောလေသည်။
“ရှီရှန်းရဲ့ကားကို ဟူရှောင်မေက ချန်ဖျင်ဆီ ရောင်းလိုက်တာလေ၊ ငါက ဘယ်လိုလုပ်ပြီး မင်းအတွက် ပြန်ယူပေးနိုင်မှာလဲ”
“ဟူရှောင်မေမှာ ယန်ရှီရှန်းနဲ့ လက်ထပ်စာချုပ်ရှိလို့လား၊ သူတို့က တရားဝင်လင်မယားတွေလား၊ ကျွန်မရဲ့ယွမ်ယွမ်က ယန်ရှီရှန်းရဲ့ တစ်ဦးတည်းသောသမီးလေ၊
ဒါကြောင့် ယန်ရှီရှန်းရဲ့ကားကို ယွမ်ယွမ်ပဲ မောင်းသင့်တာပေါ့၊ တကယ်လို့ သူ ထောင်ကျသွားပြီး နှစ်အတော်ကြာတဲ့အထိ ပြန်မထွက်လာနိုင်ဘူးဆိုရင်၊ သူ့ရဲ့ ကျောက်မီးသွေးတွင်းကိုလည်း ယွမ်ယွမ်ပဲ အမွေဆက်ခံသင့်တာ မဟုတ်ဘူးလား”
ချန်မေ့လန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဒါပေမယ့် ချန်ဖျင်က ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်ဘူးလေ၊ ကားက အခု ချန်ဖျင်ပိုင်သွားပြီ၊ ငါက သွားယူလိုက်လို့ သူက ရဲတိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ”
“သူ ရဲတိုင်မယ်ဆိုရင်လည်း ဟူရှောင်မေဆီကပဲ ပိုက်ဆံသွားတောင်းခိုင်းလိုက်၊ ကားရော ကျောက်မီးသွေးတွင်းရော အားလုံးက ယွမ်ယွမ်ပိုင်တာပဲ၊ ဟူရှောင်မေနဲ့ ချန်ဖျင်နဲ့ ဘာဆိုင်လို့လဲ”
ယန်ပင်း ခေတ္တမျှ စဉ်းစားချင့်ချိန်လိုက်ပြီး ဤအကြောင်းပြချက်များမှာ ခိုင်လုံကြောင်း တွေ့ရှိသွားသဖြင့် သော့ကိုယူကာ ထွက်ခွာရန် ပြင်လိုက်လေသည်။
ချန်မေ့လန်က ထပ်မံမှာကြားလိုက်၏။
“ဒုတိယအစ်ကို၊ ချန်ဖျင်ကိုလည်း ကျွန်မကိုယ်စား စကားတစ်ခွန်းလောက် သွားပြောပေးပါ၊ ဒီနေ့ပဲ သူ့သားကိုခေါ်ပြီး ကျွန်မသားဆီ လာတောင်းပန်ဖို့ပြောလိုက်”
ဤသည်မှာ အရေးကြီးဆုံးအပိုင်းပင် ဖြစ်တော့သည်။
………
ချန်ဖျင်သည် ဟူရှောင်မေ၏အိမ်ကို ငှားရမ်းကာ တုန်းဖန်ကုမ္ပဏီအဆောက်အအုံတွင် နေထိုင်နေခြင်းဖြစ်သည်။
သို့သော် ထိုအိမ်မှာ သူမ မူလနေထိုင်ခဲ့သော အိမ်မဟုတ်ဘဲ ယန်ရှီရှန်း ထောင်ကျပြီးနောက် သူမ ဝယ်ယူခဲ့သော အိမ်သစ်ဖြစ်လေသည်။
မူလက ချီတုန်မိန်နေထိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ချန်ဖျင်အား ငှားရမ်းထားခြင်းဖြစ်၏။
အပေါ်ထပ်နှင့် အောက်ထပ် နေထိုင်ကြသဖြင့် သူတို့၏ ဆက်ဆံရေးမှာလည်း သဘာဝကျကျပင် အလွန် ရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်။
ချန်ဖျင်ကမူ သားဖြစ်သူ၏ ကျောင်းပညာရေးအတွက် ဤအိမ်ကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြလေ၏။
သို့သော် မျက်စိပါသူတိုင်း မြင်နိုင်သည်မှာ သူသည် ယန်ရှီရှန်း၏ကားကိုသာမက ကျောက်မီးသွေးတွင်းနှင့် ဟူရှောင်မေကိုပါ သိမ်းပိုက်လိုနေကြောင်း အထင်းသားပေါ်လွင်နေပေသည်။
ဤသည်ကား “သူငယ်ချင်း၏ဇနီးကိုပင် သနားညှာတာမှုမရှိခြင်း” ဟု ခေါ်ဆိုရမည်မဟုတ်လော။
ဟူရှောင်မေသည် ယခင်က မယားငယ်တစ်ဦးဖြစ်ခဲ့ဖူးသော်လည်း သူမ၏ စံသတ်မှတ်ချက်များမှာ မြင့်မားလေသည်။ ချန်ဖျင်မှာ ယန်ရှီရှန်းလောက် ရုပ်မချောသကဲ့သို့ စကားပြောရာတွင်လည်း မချိုသာလှပေ။
ထို့အပြင် သူ၏ဇနီးမှာလည်း ချန်မေ့လန်ကဲ့သို့ အလွယ်တကူ ကွာရှင်းမည့်သူမျိုးမဟုတ်ပေ။
သူမသည် မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းမည်မဟုတ်ဘဲ အပြင်တွင် သူတို့ ဘာလုပ်လုပ် ဂရုမစိုက်သော်ငြား အလွယ်တကူ လမ်းခွဲခွင့်ပြုကာ သူတို့ကို ပျော်ရွှင်ခွင့်ပေးမည့်သူမျိုး လုံးဝမဟုတ်ပေ။
ထို့ကြောင့် ဟူရှောင်မေမှာ အတော်လေး ဝေခွဲမရဖြစ်နေခဲ့သည်။
သို့သော် အမျိုးသမီးများမှာ အချိန်ကြာလာသည်နှင့်အမျှ စိတ်ယိမ်းယိုင်လာတတ်ကာ၊ အကြမ်းတမ်းဆုံး အမျိုးသမီးပင်လျှင် ဇွဲရှိရှိ ကြိုးပမ်းသူ၏ရှေ့တွင် အရည်ပျော်သွားတတ်စမြဲပင်။
ယနေ့တွင် ချန်ဖျင်သည် သူ၏သား စာအုပ်ဖုံးရန် ဟူရှောင်မေအား အကူအညီတောင်းသည့်အကြောင်းပြချက်ဖြင့် ကျောက်မီးသွေးတွင်းမှ အကျိုးအမြတ်ခွဲဝေရေးကိစ္စရပ်များကို လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
ယခင်က မယားငယ်ဖြစ်ခဲ့ဖူးသော အမျိုးသမီးတစ်ဦးကို လှည့်စားရန်မှာ မလွယ်ကူလှပေ။
သူမသည် သံယောဇဉ်များ၊ ကျေးဇူးတရားများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ငွေကြေးကိုသာ အဓိကထားကာ သူမ၏လောဘမှာလည်း အလွန်ကြီးမားလှပေသည်။
ယခုအချိန်၌ ကျောက်မီးသွေးတွင်းကိစ္စကို မဆွေးနွေးရသေးမီ ဟူရှောင်မေသည် ရှောင်ဝမ်အကြောင်းအား ၀၀ဖြိုးဖြိုးကောင်လေး ပြောပြနေသည်ကို နားထောင်နေရလေသည်။
“ဟွန့်၊ ရှောင်ဝမ်က လက်သီးပြင်းပေမယ့် ကျွန်တော် စကားတစ်ခွန်းပြောလိုက်တာနဲ့ သူက ဘာအသံမှမထွက်တော့ဘဲ အသေအလဲ အရိုက်ခံတော့တာပဲ”
ဝဝကစ်ကစ် ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလေသည်။
ဟူရှောင်မေ စိတ်ဝင်စားသွားကာ မေးလိုက်၏။
“အဲဒါ ဘာဖြစ်လို့လဲ”
ချန်ဖျင်၏လက်က စားပွဲအောက်မှနေ၍ သူမပေါင်ကို လှမ်းကိုင်ရန် ကြိုးစားလာသဖြင့် သူမက ပြင်းပြင်းထန်ထန် ဆိတ်ဆွဲလိုက်လေသည်။
ထိုအကြောင်းပြချက်ကို အသုံးပြု၍ သူမသည် ၀၀ဖြိုးဖြိုးကောင်လေး၏အနီးသို့ တိုးကပ်သွားလိုက်သည်။
မွှေးပျံ့သော အန်တီ၏ပွေ့ဖက်မှုကို ခံလိုက်ရသဖြင့် ဝဝဖြိုးဖြိုးကောင်လေးမှာ ပိုမိုမောက်မာသွားကာ ပြောဆိုလေသည်။
“ကျွန်တော်က ‘ရှောင်ဝမ်... မင်းအမေက ပြည်တန်ဆာမပဲ’ လို့ ပြောလိုက်တာနဲ့ သူက ဘာသံမှမထွက်တော့ဘဲ အရိုက်ခံတော့တာပဲ”
ကလေးတစ်ဦး၏မိခင်အား ပြည့်တန်ဆာဟု ခေါ်ဆိုခြင်းက ထိုကလေးငယ်ကို မည်မျှလောက်နာကျင်စေမည်နည်း။
ချန်ဖျင်၏သားသည် အဘယ်ကြောင့် ဤမျှလောက် မုန်းတီးဖွယ်ကောင်းနေရသနည်း။
ဟူရှောင်မေသည် မျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်မှုမခံစားရဘဲ အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားရလေသည်။
‘ဒီဝဝကစ်ကစ် ကောင်လေးက ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်သလဲ'
သူမသည် ဤကလေး၏မိထွေး မဖြစ်လာသေးမီကပင် သူ့အား မြင်ရသည်ကို အလွန်အမင်း မုန်းတီးနေခဲ့ပြီဖြစ်သည်။
အကျိုးအမြတ်ခွဲဝေရေးကိစ္စကို အမြန်ဆွေးနွေးလိုက်သည်က ပိုကောင်းမည့်ပုံပင်။
သူမက ဆိုလိုက်၏။
“ချန်ဖျင်... လက်မြန်ခြေမြန် မလုပ်နဲ့ဦး၊ အလေးအနက်ထားပြီး ဆွေးနွေးရအောင်၊ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးကို ခဏထားလိုက်ဦး၊
ရှီရှန်းရဲ့ ကျောက်မီးသွေးတွင်းကို ရှင့်ကို လုပ်ပိုင်ခွင့်ပေးမယ်၊ ရလာတဲ့ ပိုက်ဆံကို ၈၀၊ ၂၀ ခွဲမယ်၊ ကျွန်မက ၈၀ ယူမယ်၊ ရှင်က ၂၀ ယူ”
လက်ကစားရန် ပြင်နေသော ချန်ဖျင်မှာ “ကျွန်မက ၈၀ ယူမယ်၊ ရှင်က ၂၀ ယူ” ဟူသော စကားကို ကြားလိုက်ရသဖြင့် မှင်တက်သွားတော့သည်။
“မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်လောဘကြီးရတာလဲ”
“ယန်ရှီရှန်းရဲ့ ကျောက်မီးသွေးတွင်းကို ရှင်တစ်ယောက်တည်း မျက်စိကျနေတယ်လို့ ထင်နေတာလား၊ ကျွန်မနောက်မှာလည်း စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်၊
သူတို့လည်း ဝေစုလိုချင်ကြတယ်၊ ဝေစုအများကြီးလိုချင်ကြတာ၊ မဟုတ်ရင် ရှင် ကျောက်မီးသွေးတွင်းကို ရသွားရင်တောင် ဥပဒေစိုးမိုးရေးအဖွဲ့တွေက နေ့တိုင်း ရှင့်တံခါးဝကို ရောက်လာလိမ့်မယ်၊
အဲဒီကျရင် ရှင် ဘယ်လိုလုပ်ပြီး ကျောက်မီးသွေး တူးဖော်နိုင်တော့မှာလဲ”
ဟူရှောင်မေက ပြန်လည်ချေပလိုက်၏။
ချန်ဖျင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
မူလက သူသည် ဟူရှောင်မေနှင့် ၅၀၊ ၅၀ ခွဲဝေရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်၏။
‘ဒါဆို ဒီကိတ်မုန့်ကြီးက တော်တော်လေး ကြီးမားနေပြီး ဝေစုလိုချင်တဲ့သူတွေလည်း အများကြီး ရှိနေတာပေါ့လေ'
ချန်ဖျင် ဝေခွဲမရ ဖြစ်နေဆဲမှာပင် ဟူရှောင်မေက ပြတ်ပြတ်သားသား ဆိုလိုက်လေသည်။
“ရှင်သဘောတူတယ်ဆိုရင် မနက်ဖြန် လူခေါ်လာပြီး ကျောက်မီးသွေးတွင်းကို အမြန်သွားဖွင့်လိုက်တော့”
“ဒါနဲ့ စကားမစပ်၊ ချန်မေ့လန်က ဘာမှ ကန့်ကွက်မှာမဟုတ်ဘူးနော်၊ သူက ငါတို့အကြောင်း ယန်ရှီရှန်းကို သွားတိုင်မှာ မဟုတ်ပါဘူးနော်”
ချန်ဖျင်က စိုးရိမ်တကြီး မေးလိုက်၏။
ဟူရှောင်မေက ချက်ချင်းပင် အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
“ကျွန်မရဲ့ ရှီရှန်းပိုင်တဲ့ပစ္စည်းတွေက သူနဲ့ ဘာဆိုင်လို့လဲ”
အမှန်တကယ်တော့ ဟူရှောင်မေက စမ်းသပ်ကြည့်နေခဲ့ခြင်းဖြစ်သည်။
သူမက ယန်ရှီရှန်း၏ကားကို ဦးစွာရောင်းချလိုက်ပြီး ချန်မေ့လန် ပြဿနာလာရှာခြင်း ရှိ၊ မရှိကို စောင့်ကြည့်လိုခဲ့သည်။
နောက်ပိုင်းတွင် ချန်မေ့လန်က ဤကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ကြောင်း သူမ သိရှိသွားခဲ့သည်။
ထိုအခါ ချန်မေ့လန်သည် မာနကြီးပြီး ယန်ကျောက်နှင့် တစ်စက်တည်းသာဖြစ်ကာ ဆင်းရဲသော်လည်း ငွေမမက်ဘဲ ယန်ရှီရှန်း၏ တရားမဝင်ကျောက်မီးသွေးတွင်းကို အထင်သေးရွံရှာနေသည်ဟု သူမ ယူဆလိုက်လေ၏။
ထို့ကြောင့် ယခုအခါ ဟူရှောင်မေသည် အားကုန်ထုတ်ကာ သူမကိုယ်တိုင် ကျောက်မီးသွေးသူဌေးမကြီး ဖြစ်လာရန် ပြင်ဆင်နေတော့သည်။
…….
သူတို့ စကားပြောနေကြစဉ်မှာပင် တံခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဟူရှောင်မေ ထသွားပြီး တံခါးဖွင့်လိုက်သောအခါ တံခါးဝတွင်ရပ်နေသူမှာ ယန်ပင်း ဖြစ်နေလေ၏။
ချန်ဖျင်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။
“အစ်ကိုယန်၊ ဘာကိစ္စရှိလို့လဲ”
ယခင်က ချန်ဖျင်သည် ယန်ပင်းအား “ဒါရိုက်တာယန်”၊ “ဆရာယန်”၊ “သူဌေးယန်” ဟု အမျိုးမျိုးခေါ်ဝေါ်ကာ စီးပွားရေးအတူတူလုပ်ရန် အမြဲတစေ တိုက်တွန်းလေ့ရှိသည်။
သို့သော် ယန်ပင်း အမှန်တကယ် စီးပွားရေး စတင်လုပ်ကိုင်သောအခါတွင်မူ ချန်ဖျင်က သူ့အား နေ့စဉ် “အစ်ကိုယန်” ဟုသာ ခေါ်ဆိုပြီး လက်အောက်ငယ်သားတစ်ဦးပမာ အမိန့်ပေးခိုင်းစေနေတော့သည်။