← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀)

“ဖေဖေ”

သူက လှမ်းခေါ်လိုက်ပြီးနောက် အံ့သြဖွယ်ကောင်းလောက်အောင်ပင် မေးလိုက်လေသည်။

“ဖေဖေ ဓာတ်လိုက်သွားတာလား”

ယန်ကျောက်သည် ချန်မေ့လန်၏အနောက်တွင် လက်နှစ်ဖက်မြှောက်လျက် ရပ်နေသဖြင့် အမှန်တကယ်ပင် ဓာတ်လိုက်နေသူနှင့် တူနေလေသည်။

“ဖေဖေ ဘာမှမဖြစ်ပါဘူး၊ အပြင်သွားဆော့ချေ”

ယန်ကျောက်က တံခါးကိုပိတ်ရန် ပြင်ရင်း ပြောလိုက်၏။

“မသွားဘူး ဖေဖေ၊ မေမေ... အခု ဘယ်သူရောက်နေလဲသိလား”

ဖခင်ဖြစ်သူ လှုပ်ရှားနိုင်သည်ကို မြင်သောအခါ ဓာတ်လိုက်မှုမှာ သိပ်မပြင်းထန်ဟု ရှောင်ဝမ်က ကောက်ချက်ချလိုက်၏။ သူက အပြင်ဘက်တွင် စိတ်လှုပ်ရှားစွာခုန်ပေါက်ရင်း ပြောဆိုလေသည်။

“ချန်ဖျင် ရောက်နေတယ်၊ သူက ကျွန်တော့်ကို တောင်းပန်ချင်လို့တဲ့”

ယနေ့တွင် ရှောင်ဝမ်က အရင်စရိုက်ခဲ့ခြင်းဖြစ်ပြီး ယခင်က ကျောင်းတွင်လည်း ဤသို့သာဖြစ်လေ့ရှိသည်။ ထိုကလေးများက သူ့ကို တမင်သက်သက် ရန်စကြပြီး သူကပြန်ရိုက်သောအခါ ဆရာမကို သွားတိုင်ကြလေ၏။

ထိုသို့သောအခြေအနေမျိုးတွင် မည်သူက လာရောက်တောင်းပန်မည်နည်း။ သေချာပေါက် တောင်းပန်မည်မဟုတ်ပေ။

သို့သော် ယနေ့တွင်မူ ချန်ဖျင်က တောင်းပန်ရန် ရောက်ရှိလာပြီး ရောက်ရောက်ချင်းမှာပင် လက်အုပ်ချီကာ ပြုံးလျက် ရှောင်ဝမ့်အား “တောင်းပန်ပါတယ်” ဟု ပြောဆိုခဲ့လေသည်။

ထို့နောက် သူက ဆက်ပြောလေသည်။

“ကောင်လေး ယန်ဝမ်ချီ... ကျေးဇူးပြုပြီး မင်းရဲ့ လေးစားအပ်တဲ့ မိခင်ကြီးကို အပြင်ထွက်လာဖို့ သွားခေါ်ပေးနိုင်မလား၊ ဦးလေး သူနဲ့ သေချာစကားပြောချင်လို့ပါ၊ ရမလားဟင်”

“လေးစားအပ်တဲ့မိခင်ကြီး” - ဤမျှ တင့်တယ်ယဉ်ကျေးသော စကားလုံးကို ရှောင်ဝမ် ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေတော့သည်။

………….

ယန်ရှီရှန်း၏ လူတကာငေးရလောက်သော အနီရောင်ရှလီကားကြီးမှာ သူဝယ်ယူစဉ်က ယွမ်တစ်သိန်းခန့် ကုန်ကျခဲ့သော်လည်း ယခု ချန်ဖျင်ထံသို့ ရောင်းချရာတွင်မူ ဟူရှောင်မေက ယွမ်ရှစ်သောင်းခန့်သာ ယူခဲ့လေ၏။

ယခုခေတ်ကာလတွင် ယွမ် ရှစ်သောင်းဆိုသည်မှာ မည်မျှ ကြီးမားသော ပမာဏဖြစ်သနည်း။ သူဌေးသစ်များအကြားတွင် အချမ်းသာဆုံးဟု ဆိုနိုင်သော ယန်ရှီရှန်းတွင်ပင် စုစုပေါင်းငွေသား ယွမ်နှစ်သိန်းခွဲခန့်သာ ရှိလေသည်။

ကားအတွက် ယွမ်တစ်သိန်း သုံးစွဲလိုက်ပြီး နောက်ထပ် ယွမ်တစ်သိန်းမှာ ချန်မေ့လန်ထံတွင် ရှိနေသဖြင့် သူ့လက်ဝယ်တွင် ယွမ်ငါးသောင်းခန့်သာ ကျန်ရှိတော့သည်။

ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးဖြစ်သူ သူဌေးသစ် ချန်ဖျင်အတွက်မူ ဤယွမ်ရှစ်သောင်းမှာ သူ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ စုဆောင်းထားခဲ့သော ငွေများ၏ ထက်ဝက်ကျော်မျှပင် ရှိလေသည်။

ထိုခေတ်က ယာဉ်ပိုင်ရှင် အမည်ပေါက်ပြောင်းလဲခြင်း ဟူသော အယူအဆမျိုး မရှိသေးပေ။ အခြေခံအားဖြင့် ကားကိုရယူကာ မောင်းနှင်သွားရုံသာဖြစ်သည်။

ဥပဒေများမှာလည်း မပြည့်စုံသေးသဖြင့် တရားဝင်အမည်ပြောင်းလဲရန် မည်သူမျှမတွေးမိကြပေ။

ထို့ကြောင့် ယန်ပင်းက ကားကို မောင်းနှင်ထွက်ခွာသွားသောအခါ ချန်ဖျင်၏ ယွမ်ရှစ်သောင်းမှာလည်း လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားပြီဟု ဆိုရပေမည်။

ယန်ကျောက်နေထိုင်သည့်နေရာကို မသိကြသဖြင့် ဟူရှောင်မေကသာ ယန်ကွမ်းရွာ၏လိပ်စာကို ပေးအပ်ကာ လာရောက်ခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ချန်မေ့လန်ကမူ ဤကဲ့သို့သောကိစ္စရပ်များတွင် အမြဲတစေ အေးအေးဆေးဆေးသာ ရှိနေတတ်သည်။

“သူ့ကို အပြင်မှာပဲ စောင့်ခိုင်းထားလိုက်၊ ငါတို့ ထမင်းစားနေလို့ တွေ့ဖို့ အဆင်မပြေသေးဘူးလို့ ပြောလိုက်”

ချန်မေ့လန်က ပြုံးလျက် ညွှန်ကြားလိုက်၏။

ယန်ကျောက်က နေရောင်ခြည်စွမ်းအင်သုံးရေပူစက် တပ်ဆင်ပေးထားသဖြင့် သူမက ရေအရင်ချိုးလို၏။ ကလေးများလည်း ထမင်းမစားရသေးသဖြင့် သူတို့ကို အရင် ထမင်းကျွေးရဦးပေမည်။

ချန်ဖျင်နှင့် ပတ်သက်၍မူ ဤတစ်ကြိမ်တွင် သူ့အား အချိန်အတော်ကြာအောင် စောင့်ခိုင်းထားရန် သူမ ဆုံးဖြတ်ထားလိုက်၏။

ရှောင်ဝမ်က ချန်မေ့လန်အား မေးလိုက်လေသည်။

“အန်တီ... ကျွန်တော်က သူ့ကို တကယ်ကြီး ပြန်ခိုင်းလိုက်ရင် သူ ဒေါသထွက်သွားမလား၊ သူက ထွက်သွားပြီး ပြန်မလာဘဲနေမှာလားဟင်”

“သူ ပြန်လာမှာပါ”

ရှောင်ဝမ်၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို မြင်သောအခါ ချန်မေ့လန်က ထပ်လောင်းပြောဆိုလိုက်၏။

“ဒါပေမယ့် စိတ်မပူပါနဲ့၊ သူ ခဏနေရင် သေချာပေါက် ပြန်လာလိမ့်မယ်”

ပထမဆုံးအကြိမ် လာရောက်သော ကောက်ကျစ်စဉ်းလဲသည့် သူဌေးသစ်တစ်ဦးအား ချက်ချင်းတွေ့ဆုံခွင့် ပေး၍မဖြစ်ပေ။ သူ၏ စိတ်အားထက်သန်မှုကို အနည်းငယ် ရိုက်ချိုးရန် လိုအပ်ပေသည်။

နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်များမှာ မကြာသေးမီ နှစ်များအတွင်းမှသာ ခေတ်စားလာခဲ့ခြင်းဖြစ်သည်။

ယန်ကွမ်းရွာတွင် ချန်မေ့လန်မှာ ဤရေပူစက်ကို ပထမဆုံးအသုံးပြုခွင့်ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်လေသည်။

ဤရေပူစက်မှာ ယွမ်တစ်ရာတည်းဖြင့် မရနိုင်ဘဲ အလွန်ဈေးကြီးမည်ဟု သူမ ထင်မှတ်ထားခဲ့ကာ ယန်ကျောက်က သူ့အဆက်အသွယ်များ၊ မိတ်ဆွေများကို အသုံးပြု၍ ရယူလာခြင်းများလားဟု သူမ တွေးမိလေသည်။

သူသည် ထိုသို့သောလုပ်ရပ်မျိုး လုပ်မည့်သူဟု မထင်ရသော်ငြား သူမအနေဖြင့် သေချာပေါက် မေးမြန်းရပေမည်။

“ငါ့ရဲ့ ရဲဘော်တစ်ယောက်က ပေးလိုက်တာပါ”

ယန်ကျောက်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်ပြောလေသည်။

“သူကတော့ စက်ရုံဈေးလို့ပြောတာပဲ၊ ဒါပေမယ့် ပိုက်ဆံမလောက်ဘူးဆိုရင် ငါ သူ့ကို နောက်မှထပ်ပေးလိုက်ပါ့မယ်၊ ငါတို့က ညီအစ်ကိုတွေလိုဖြစ်နေပါပြီ”

ယန်ကျောက်ကဲ့သို့သော သူတစ်ဦးအတွက် တစ်နိုင်ငံလုံး အနှံ့အပြားတွင် စစ်မြေပြင်မှ ရဲဘော်ရဲဘက်များ ရှိနေလေ၏။

ယခုအခါ စစ်မှုထမ်းဟောင်းအများအပြား ရှိနေသော်ငြား အလုပ်အကိုင် နေရာချထားပေးခံရသူမှာ အလွန်နည်းပါးလှသည်။ အများစုမှာ မိမိတို့၏ဇာတိရပ်ရွာများသို့ ပြန်လည်သွားရောက်ကာ မိမိဘာသာ ရုန်းကန်နေကြရပြီး ကလေးနို့ဖိုးအတွက် အလုပ်မျိုးစုံကို လုပ်ကိုင်နေကြရလေသည်။

“ယွမ်ယွမ်... ရေချိုးမလား”

ချန်မေ့လန်က သမီးဖြစ်သူအား ပြုံးလျက်မေးလိုက်၏။

ရှောင်လန်က နှုတ်ခမ်းစူကာ ဝင်ပြောလေသည်။

“ဖေဖေက မေမေ့ကို အရင်ရေချိုးခိုင်းတယ်၊ ပြီးမှ သားတို့ချိုးရမှာတဲ့”

ကလေးနှစ်ဦးမှာ အိမ်တွင်နေရင်း ယန်ကျောက် ရေပန်းခေါင်းတပ်ဆင်သည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် စောစောကတည်းက ရေချိုးလိုကြသော်လည်း ယန်ကျောက်က တားဆီးထားခဲ့ခြင်းဖြစ်ပေမည်။

“ဒါဆို မေမေတို့ အတူတူချိုးကြမလား”

ချန်မေ့လန်က အကြံပြုလိုက်၏။

“ကောင်းပြီလေ”

ယွမ်ယွမ်က ရှောင်လန်အား ချက်ချင်း ပွေ့ချီလိုက်သည်။

“ဒီနေ့ မမကြီးက ညီလေးကို ရေချိုးပေးမယ်နော်”

ရှောင်လန်အား ရေချိုးပေးခြင်းမှာ အမြဲတစေ ရှောင်ဝမ်၏တာဝန်ဖြစ်ခဲ့သော်လည်း ယွမ်ယွမ်မှာ ထိုအလုပ်ကို အလွန်နှစ်သက်ကာ အခွင့်အရေးမရခဲ့ခြင်းသာ ဖြစ်လေသည်။

ရှောင်ဝမ်သည် သတ္တိမွေးကာ အပြင်သို့ထွက်သွားပြီး ချန်ဖျင်အား ပြန်လွှတ်လိုက်လေသည်။ သူ အိမ်ထဲသို့ ပြန်ဝင်လာသောအခါ ဖခင်ဖြစ်သူသည် ရေချိုးခန်းတံခါးဝတွင်ရပ်လျက် ကြက်သွန်နီများ ခွာနေသည်ကို တွေ့လိုက်ရ၏။

ရှောင်ဝမ် အနည်းငယ် အံ့အားသင့်သွားသည်။

‘ရေချိုးခန်း တံခါးဝမှာခွာတဲ့ ကြက်သွန်နီက ပိုပြီးမွှေးနေလို့လား'

သို့သော် ထိုအချိန်၌ ရေချိုးခန်းအတွင်းမှ ကြည်လင်ပြတ်သားသော သီချင်းဆိုသံလေး ထွက်ပေါ်လာခဲ့သည်။

ယွမ်ယွမ်၏ အသံမဟုတ်ဘဲ ချန်မေ့လန်၏အသံဖြစ်ကာ ရေစီးကျသံများနှင့်အတူ ရောယှက်နေလေ၏။ ဖခင်ဖြစ်သူ ယနေ့တပ်ဆင်ပေးခဲ့သော နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်ကို အသုံးပြုနေပြီဖြစ်ကြောင်း ၎င်းက သက်သေပြနေပေသည်။

ရှောင်ဝမ်ကိုယ်တိုင်လည်း အိမ်ရှိရေပန်းခေါင်းကို အသုံးပြုလိုသဖြင့် တံခါးဝသို့ ရုတ်တရက် ပြေးသွားလိုက်၏။

သို့သော် တံခါးမှာ အထဲမှ သော့ခတ်ထားလေသည်။

“ဖေဖေ၊ သားလည်း အထဲဝင်ပြီးရေချိုးချင်တယ်”

ရှောင်ဝမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်၏။

သို့သော် ဖခင်ဖြစ်သူကမူ

“နောက်မှ ချိုးလို့ရပါတယ်” ဟု ပြောပြီးနောက်၊ သားဖြစ်သူကို ကြည့်ကာ ဆက်ပြောလေသည်။

“ယောကျာ်းလေးနဲ့ မိန်းကလေးက မတူဘူးလေ၊ နောက်ဆို မင်း ယွမ်ယွမ်နဲ့ အတူတူအိပ်လို့ မရတော့ဘူး၊ သီးသန့်အိပ်ရမယ်”

ရှောင်ဝမ်မှာ အတော်လေး စိတ်မကောင်းဖြစ်သွားရ၏။ အသက်အရွယ် အနည်းငယ်ရလာပြီဖြစ်သဖြင့် ယောကျာ်းလေးများမှာ မိန်းကလေးများရှေ့တွင် အဝတ်ဗလာဖြင့်မနေသင့်ကြောင်း ရှက်စရာကောင်းကြောင်းကို သူ ကောင်းကောင်း သိရှိထားသည်။

သို့သော် ဖခင်ဖြစ်သူကိုယ်တိုင်လည်း မျက်နှာကြီးနီရဲနေသဖြင့် အတူတူရေချိုးချင်နေသည်ဟု သူ ခံစားလိုက်ရသည်။

ရှောင်ဝမ်သည် ရေချိုးခန်းတံခါးဝတွင် စိတ်ပျက်လက်ပျက်ဖြင့် ဆောင့်ကြောင့်ထိုင်နေပြီး ဖခင်ဖြစ်သူမှာမူ ထမင်းဟင်းချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားရောက်လေတော့၏။

ရေချိုးခန်းအတွင်း၌ ယွမ်ယွမ်နှင့် ရှောင်လန်တို့မှာ ကျယ်လောင်စွာ အော်ဟစ်နေကြ၏။

ရှောင်လန်က အဆက်မပြတ် အော်နေလေသည်။

“ယားတယ်၊ ယားတယ်”

ယွမ်ယွမ်က အားရပါးရရယ်မောရင်း ပြောနေလေသည်။

“မေမေ၊ ဖြည်းဖြည်းတိုက်ပါ၊ မောင်လေး ယားနေလို့တဲ့”

ကြည့်ရသည်မှာ သူတို့ အညစ်အကြေးများကို အသေအချာတိုက်ချွတ်နေကြပုံရသည်။

ယန်ကျောက်သည် ဆီလောင်းခေါက်ဆွဲပြုလုပ်ရာတွင် အထူးကျွမ်းကျင်လေသည်။ သူသည် ခွန်အားကြီးမားသဖြင့် ဂျုံနယ်ရာတွင် အလွန်ညက်ညောကာ ပျော့ပျောင်းနေအောင် နယ်နိုင်စွမ်းရှိ၏။

သူ၏လက်ဝါးကြီးများဖြင့် တစ်ချက်ဆွဲဆန့်လိုက်ရုံဖြင့် ပန်းကန်တစ်လုံးစာခေါက်ဆွဲများကို အလွယ်တကူ ရရှိနိုင်လေ၏။

ချန်မေ့လန် ကလေးနှစ်ဦးနှင့်အတူ ရေချိုးခန်းမှထွက်လာသောအခါ သူတို့တစ်ဦးစီအတွက် ဆီလောင်းခေါက်ဆွဲတစ်ပန်းကန်စီ အဆင်သင့်ရှိနေပြီဖြစ်သည်။

သူသည် သခွားသီးသုပ်နှင့် အပြင်မှဝယ်လာသော ဝက်အသည်းပြုတ်ကဲ့သို့သော အအေးပွဲများကိုလည်း ပြင်ဆင်ထားပေး၏။ အထူးသဖြင့် သခွားသီးသုပ်မှာ အလွန်အရသာရှိလှပေသည်။

“ဒီသခွားသီးကို ဘယ်လိုထုထားတာလဲဟင်”

ချန်မေ့လန်က တစ်ဖတ် မြည်းစမ်းကြည့်ပြီးနောက် အရသာအလွန်ရှိသဖြင့် မအောင့်နိုင်ဘဲ မေးလိုက်လေသည်။

ယန်ကျောက်က ခေါက်ဆွဲတစ်ဖတ်ကို ကောက်ယူရင်း မျက်နှာအမူအရာမပြောင်းလဲဘဲ ပြန်ဖြေလိုက်၏။

“လက်နဲ့ ထုထားတာ”

သံသဲလက်ဝါးအစစ်ပင် ဖြစ်ပေတော့သည်။

သူတို့မိသားစုခြံဝင်းအတွင်း ခင်းကျင်းထားသော စားပွဲတွင် ထမင်းစားနေကြစဉ် အပြင်ဘက်မှ တံခါးကို ကြောက်ရွံ့တုန်လှုပ်စွာခေါက်နေသည့် အသံကို ကြားလိုက်ရသည်။ ချန်မေ့လန်က ရှောင်ဝမ့်အား လက်ဟန်ပြလိုက်၏။

“သွား... တံခါးသွားဖွင့်ပြီး သူတို့ကို အထဲခေါ်လိုက်”

ရှောင်ဝမ် တံခါးဖွင့်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ အကြောင်းမူကား ချန်ဖျင်တင်မကဘဲ ၀၀ကစ်ကစ်ကောင်လေးပါ ရောက်ရှိနေသောကြောင့်ပင်။

All Chapters