← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၈

ထိုသို့ပြောပြီးနောက်တွင်မူ မိုရီယာတီသည် နှစ်စက္ကန့်ခန့် ခဏရပ်လိုက်ပြီးမှ ဆက်ပြော၏။

“အိုး… မင်းတို့ရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ကတော့…”

သူက ဟုန်ဟူကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

“သိသာနေတာပဲလေ၊ ငါတို့ ပြန်ဖြေမှာ မဟုတ်ဘူး”

သူ ထိုသို့ ကြေညာလိုက်သည်နှင့် စားပွဲပေါ်ရှိ စုံစမ်းမေးမြန်းခြင်းဖဲချပ်တစ်ချပ်သည် အလိုအလျောက် လှန်သွားပြီး ဟုန်ဟူ၏ ရှေ့တည့်တည့်သို့ ရွေ့လျားသွားတော့သည်။ ထိုဖဲချပ်၏ အရှေ့မျက်နှာပြင်တွင်လည်း “ကင်းလွတ်ခွင့်” ဟု ရေးသားထားလေသည်။

ဤအခိုက်အတန့်မှစ၍ ချိုးဖုန်းအလှည့် ဖြစ်လာပြီ ဖြစ်သည်။

“ငါ စဉ်းစားပါရစေဦး…”

ချိုးဖုန်းက ပြောလိုက်သည် ။

စားပွဲ၏ အခြားတစ်ဖက်မှ အစ်ကိုကြွယ်က သတိပေးလိုက်သည်။

“ဒီအလှည့်အတွက်တော့ ‘စုံစမ်းမေးမြန်းခြင်း’ ကို ရွေးချယ်ပြီး ဘေးကင်းရေးအတွက် ကင်းလွတ်ခွင့်ကတ်တစ်ကတ် ဆွဲယူထားတာ အကောင်းဆုံးပဲ”

ဟုန်ဟူကလည်း သဘောတူသည့်အနေဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

“ဟုတ်တယ်… လက်ရှိမှာ ငါတို့ဆီမှာ အချက်အလက်တွေ အရမ်းနည်းလွန်းတယ်၊ ခန့်မှန်းတွက်ချက်တာက မလုံခြုံသလို ယူဆတာကလည်း ပြစ်ဒဏ်ပေးခံရဖို့ ရာခိုင်နှုန်း များတယ်”

ထိုစဉ် မိုရီယာတီက ဝင်ပြောလိုက်သည်။

“ငါ ရှင်းရှင်းလင်းလင်း ပြောပြပါရစေ… ပြင်းထန်မှုအဆင့်အရဆိုရင် ‘အရိပ်အမြွက်’ ရဲ့ ပြစ်ဒဏ်က အပျော့စားနဲ့ အလယ်အလတ်ကြားမှာ ရှိတယ်၊ ‘စုံစမ်းမေးမြန်းခြင်း’ နဲ့ ‘တွေးဆချက်’ တွေကတော့ ပြစ်ဒဏ်ခံရရင် အလယ်အလတ်ကနေ ပြင်းထန်တဲ့ ထိခိုက်မှုတွေအထိ ဖြစ်စေလိမ့်မယ်၊ ဒါပေမဲ့ ‘ယူဆချက်’ ရဲ့ ပြစ်ဒဏ်ကတော့ ပြင်းထန်တာကနေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဆင့်ကြားမှာ ရှိတယ်”

“ပုံမှန် ဗျူဟာအတိုင်း သွားမယ်ဆိုရင်တော့…”

ဟုမ်းစ်က ထပ်လောင်းပြောကြားလိုက်သည်။

“အခြေအနေကို မသိတဲ့လူက အရိပ်အမြွက်ပြပြီး ဝင်လာပြီးနောက် ဒုတိယအလှည့်မှာတော့ ကင်းလွတ်ခွင့် ရရှိဖို့အတွက် စုံစမ်းမေးမြန်းသင့်တယ်၊ ပြီးတော့ တတိယအလှည့်ကျမှ ယူဆချက်ကို စမ်းသပ်သင့်တယ်၊ အဲဒီယူဆချက် မှားယွင်းသွားရင်တောင် ကင်းလွတ်ခွင့်က ပြစ်ဒဏ်ကို ခုခံပေးနိုင်လိမ့်မယ်”

သူ ဆေးတံကို တစ်ချက်ထပ်မံ ဖွာရှိုက်လိုက်သည်။

“ဖြူး… သေချာတာပေါ့၊ မင်းတို့ရဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းကို မင်းတို့ကိုယ်မင်းတို့ လုံလောက်အောင် ယုံကြည်မှုရှိတယ်ဆိုရင်တော့ တတိယအလှည့်မှာ တွေးဆချက်ကို ရွေးချယ်နိုင်တယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ တွေးဆချက်က အမှန်တရားနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုရင်တော့ ကင်းလွတ်ခွင့်က တွေးဆချက်ကြောင့် ကုန်ဆုံးသွားလိမ့်မယ်… ဒါဆိုရင် စတုတ္ထအလှည့်ရောက်တဲ့အခါ ဘာအာမခံချက်မှမရှိဘဲနဲ့ ယူဆချက်ကို လုပ်ရလိမ့်မယ်”

“ဟေး… ကျုပ်တို့က ပြိုင်ဘက်တွေလေ”

ချိုးဖုန်းက ဆိုသည်။

“ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်လို့ ကျုပ်တို့ကို ဒီလောက်တောင် စိတ်အားထက်ထက်သန်သန်နဲ့ ဗျူဟာတွေ လာပြီး ခွဲခြမ်းစိတ်ဖြာပြနေရတာလဲ”

“ငါ ပြောနေတာက အခြေခံအကျဆုံး ဗျူဟာသက်သက်ပါပဲ”

ဟုမ်းစ်က ပြန်လည်ဖြေကြားသည်။

“ငါယုံကြည်တာကတော့ မင်းတို့နှစ်ယောက်ထဲက ဘယ်သူမဆို ခဏလောက် စဉ်းစားလိုက်ရုံနဲ့တင် ပထမလေးလှည့်ကို ရင်ဆိုင်ဖို့ ဒီလိုမျိုး အရိပ်အမြွက်၊ မေးခွန်း၊ ယူဆချက်၊ ခန့်မှန်းချက် ဆိုတဲ့ အစီအစဉ်အတိုင်း စဉ်းစားမိကြမှာပဲ”

“တကယ်လို့ မင်းတို့က ငါတို့ရဲ့ စေတနာနဲ့ ပေးတဲ့အကြံဉာဏ်ကို လမ်းမှားအောင် လှည့်စားနေတယ်လို့ ထင်ရင်တော့ ငါတို့အကြံကို လိုက်နာဖို့ မလိုပါဘူး”

မိုရီယာတီက ဆိုသည် ။

“သူတို့ ပြောတာ မှန်တယ်”

ကျိချန်က ချိုးဖုန်းဘက် လှည့်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ ပထမဆုံး ပန်းတိုင်က ပဉ္စမမြောက်အလှည့်အထိ အသက်ရှင်လျက် ရောက်သွားဖို့ပဲ၊ ပြီးတော့ မစ္စတာဟုမ်းစ်ရဲ့ ဗျူဟာက အမှန်ကန်ဆုံးနဲ့ အားအကိုးရဆုံးပဲ”

ဟုန်ဟူက ကြားဖြတ်ပြောလိုက်သည်။

“သူတို့က ငါတို့လည်း တွေးမိနိုင်ပြီး လုပ်ဖို့ ရာခိုင်နှုန်းများတဲ့ ဗျူဟာတစ်ခုကို ထုတ်ပြောပြနေရုံသက်သက်ပဲ၊ တကယ်တမ်းတော့ သိပ်အထောက်အကူမပြုပါဘူး”

သူ မျက်မှန်ကို ပင့်တင်လိုက်သည်။

“တကယ်လို့ မင်းက မင်းရဲ့ ခေါင်းမာတဲ့ ဗီဇကြောင့် သူတို့ပြောတဲ့အတိုင်း မလုပ်ဘဲနေရင် သူတို့ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားလိမ့်မယ်”

ချိုးဖုန်းသည် ဤစကားကို ကြားပြီးနောက် ခဏမျှ စဉ်းစားလိုက်မိသည်။

“စုံစမ်းမေးမြန်းခြင်း”

သူက ပရော်ဖက်ဆာနှင့် ဟုမ်းစ်ကို စိုက်ကြည့်လိုက်သည်။

“အခြေအနေကို မသိတဲ့လူတွေအားလုံး သေဆုံးသွားတာနဲ့ ဒီနေရာရဲ့ စည်းမျဉ်းတွေကို ဖော်ထုတ်တာကလွဲရင် ဒီဂိမ်းကို အဆုံးသတ်နိုင်မယ့် အခြားနည်းလမ်း ရှိသေးလား”

ဘော့စ်နှစ်ဦးစလုံး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ဤတစ်ကြိမ်တွင်မူ သူတို့ ပြန်ဖြေရန် ရွေးချယ်လိုက်ကြသည် ။

ဟုမ်းစ်က ပြုံးလျက် ဆိုသည်။

“ရှိတာပေါ့… မင်းတို့ ပရော်ဖက်ဆာကို သတ်ဖို့ ကြိုးစားကြည့်လို့ ရတယ်”

မိုရီယာတီကလည်း ထပ်လောင်းပြောကြားသည်။

“တကယ်လို့ မင်းတို့ ငါ့ကို သတ်နိုင်ခဲ့ရင် ဒီဂိမ်းကော၊ ဒီအခန်းကော အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မယ်”

သူတို့၏ အဖြေများ ပြီးဆုံးသွားသည်နှင့် စားပွဲပေါ်ရှိ စုံစမ်းမေးမြန်းခြင်း ဖဲချပ်တစ်ချပ်သည် ချိုးဖုန်းရှေ့သို့ ရွေ့လျားလာခဲ့သည် ။

ချိုးဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ ဖဲချပ်ကို လှန်ကြည့်လိုက်သည်။ ၎င်း၏ အရှေ့မျက်နှာပြင်မှာ ဗလာဖြစ်နေချေသည်။

“မင်းကိုယ်မင်း ဒီထက်ပိုပြီး ယုံကြည်မှုရှိသင့်တယ် လူငယ်လေး”

မိုရီယာတီက ဆိုသည်။

“ဒါက တကယ့်ကို ကောင်းမွန်တဲ့ မေးခွန်းတစ်ခုပဲ”

ချိုးဖုန်း သက်ပြင်းချလိုက်သည်။

“ခင်ဗျားတို့ရဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ အမူအရာအရ ကျုပ်တစ်ခုခုကို သဘာဝကျကျ ခန့်မှန်းမိသွားတယ်…”

သူက သူ့အသင်းဖော်များကို လှည့်ကြည့်လိုက်သည်။

“သိသာပါတယ်… ငါတို့ရဲ့ အင်အားနဲ့ဆိုရင် ပရော်ဖက်ဆာကို လုံးဝ သတ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့… ငါတို့သာ ဒီနေရာလွတ်ရဲ့ နိယာမတွေကို တွက်ချက်ဖော်ထုတ်နိုင်ရင်တော့ အခွင့်အရေး ရနိုင်လိမ့်မယ်…”

ဟုန်ဟူက ဆက်ပြောသည်။

“ဒါပေမဲ့… ငါတို့က ဒီနိယာမတွေကို တွက်ချက်ဖော်ထုတ်ပြီးပြီဆိုမှတော့ အသက်စွန့်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူးလေ၊ ‘ယူဆချက်’ အဖြစ် ထုတ်ပြောလိုက်ရုံနဲ့တင် ဂိမ်းကို အနိုင်ရသွားမှာပဲ”

“ငါတို့ထဲက တစ်ယောက်ယောက်က အမှန်တရားကို သိနေပေမဲ့ ယူဆချက်ကို ထုတ်မပြောဘဲ ပရော်ဖက်ဆာကိုပဲ အတင်းသတ်ချင်နေတာမျိုးလည်း ဖြစ်နိုင်ခြေ ရှိတာပဲ”

ဖုန်းပုကြွယ်က ရုတ်တရက် ဝင်ပြောလိုက်သည် ။

ထိုခဏ၌ အသင်းဖော်သုံးဦးလုံးသည် သူ့ထံသို့ အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြတော့သည် ။

“ဘာလဲ”

ဖုန်းပုကြွယ်က ကုလားထိုင်ပေါ်တွင် နောက်မှီလိုက်ရင်း လက်နှစ်ဖက်ကို ဖြန့်ကာ မေးလိုက်သည် ။

“ညီအစ်ကိုဖုန်း… ငါထင်တာတော့ ဒီလိုမျိုးကိစ္စကို မင်းတစ်ယောက်ပဲ လုပ်ပါလိမ့်မယ်…”

ကျိချန်က ဆိုသည် ။

ချိုးဖုန်းနှင့် ဟုန်ဟူတို့ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည် ။

“ဒါဆိုရင်လည်း အပိုတွေ လုပ်မနေတော့ဘူး၊ ငါ အရင်ဆုံး လူသတ်တဲ့နည်းလမ်းကို စမ်းကြည့်လိုက်မယ်”

ဖုန်းပုကြွယ်သည် ပြောပြောဆိုဆိုနှင့် သူ့အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည် ။

“ဘာ”

ဖုန်းပုကြွယ် ပစ္စည်းသိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်သည်ကို မြင်လိုက်ရသောအခါ ကျန်သုံးဦးလုံး ထိတ်လန့်သွားကြရသည် ။

အကြောင်းမူကား သူတို့ ဤအခန်းထဲသို့ ရောက်ရှိလာပြီးနောက် လူတိုင်း၏ ပစ္စည်းသိုလှောင်အိတ်များမှာ ချိတ်ပိတ်ခံထားရသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သောကြောင့်ပင်။ ယုတ္တိဗေဒအရ လူတိုင်းသည် ကစားသမားများဖြစ်ကြသဖြင့် ဖုန်းပုကြွယ်တစ်ယောက်တည်း ချွင်းချက်ဖြစ်နေစရာ အကြောင်းမရှိချေ။

သို့သော်လည်း ဖုန်းပုကြွယ်သည် ဆွဲငင်အားဆန့်ကျင်လက်နက်ကို ကိုင်မြှောက်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ နိုကီယာဖုန်းကို ကျည်အဖြစ်ထုတ်ယူကာ ပရော်ဖက်ဆာ မိုရီယာတီထံသို့ ချိန်ရွယ်လိုက်သည်။

“ဘာများ မှာကြားစရာ ရှိပါသေးလဲ၊ ပရော်ဖက်ဆာ”

“ဟားဟားဟားဟား…”

ဟုမ်းစ်သည် ဘေးမှနေ၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆေးတံကို ချကာ ဖုန်းပုကြွယ်ကို လက်ခုပ်တီး၍ ချီးကျူးလိုက်သည် ။

မိုရီယာတီကမူ တည်ငြိမ်နေဆဲပင်။ သူသည် စားပွဲတွင် မလှုပ်မယှက် ထိုင်နေရင်း တည်ငြိမ်စွာ မေးလိုက်သည်။

“မယုံနိုင်စရာပဲ… ဒုတိယအလှည့်က တစ်ဝက်ပဲ ရှိသေးတယ်၊ မင်းက အချက်အလက်အားလုံးကို တွက်ချက်ဖော်ထုတ်ပြီးသွားပြီပေါ့”

“ပြိုင်ဘက်က အရမ်းပျော့လွန်းရင် ဖြစ်ဖြစ်၊ အရမ်းသန်မာလွန်းရင် ဖြစ်ဖြစ် ဂိမ်းရဲ့ ပျော်ရွှင်စရာက ပျောက်ဆုံးသွားတတ်တယ် မဟုတ်လား”

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ”

ဟုန်ဟူက မေးလိုက်သည်။

“ညီအစ်ကိုဖုန်း… အတိအကျက ဘာ…”

“ဒီနေရာလွတ်ရဲ့ စည်းမျဉ်းက…”

ဖုန်းပုကြွယ်က ယုံကြည်ချက်ရှိရှိဖြင့် ဆက်ပြော၏။

“မင်း မှန်တယ်လို့ ယုံကြည်တဲ့အရာက အမှန်တရား ဖြစ်လာတာပဲ”

“ဟိုးလီးရှစ်… ဒါကို မင်းဘယ်လိုမျိုး စဉ်းစားမိသွားတာလဲ…”

ချိုးဖုန်းသည် ဤတစ်ကြိမ်တွင်မူ အစ်ကိုကြွယ်၏ အတွေးရထားနောက်သို့ လုံးဝ လိုက်မမှီတော့ချေ။

ဖုန်းပုကြွယ်က ဆွဲငင်အားဆန့်ကျင်လက်နက်ကို ခဏချ၍ ပြောလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ အခြေခံအကျဆုံး သဲလွန်စကို ပြန်တွေးကြည့်လိုက်… ‘ဘာသာစကားက စွမ်းအားတစ်ခုပဲ’ ဆိုတာကိုပဲ”

သူက သူ့လက်ညှိုးဖြင့် သူ့နားထင်ကို ခပ်ဖွဖွလေး တောက်လိုက်ရင်း “မင်းတို့ အဲဒီ မက်ဆေ့ချ်ငါးကြောင်းကို မှတ်မိကြသေးလား”

သူ့အသင်းဖော်များ မတုံ့ပြန်နိုင်ခင်မှာပင် ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

“အဲဒီ မက်ဆေ့ချ်တွေက ဖြစ်ရပ်တွေ ဖြစ်ပြီးမှ ပေါ်လာတဲ့ မှတ်ချက်တွေ မဟုတ်ဘူး၊ အဲဒီဖြစ်ရပ်တွေ ဖြစ်လာရတဲ့ အကြောင်းအရင်းတွေ ဖြစ်နေတာ”

“ဒါဆို… ငါတို့ အပေါ်ကို တက်လာတုန်းက မြင်ခဲ့ရတဲ့အရာတွေက…”

ဟုန်ဟူက ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်လိုက်နိုင်သည်။

ကျိချန်က ဆက်ပြောလိုက်သည်။

“မက်ဆေ့ချ်တွေက အရင်လာပြီးမှ ဖြစ်ရပ်တွေက နောက်မှ ဖြစ်ပျက်ခဲ့တာပေါ့…”

“ငါတို့ ဆဋ္ဌမထပ်က ရေတံခွန်ထဲကို ခုန်ချလိုက်တဲ့အချိန်မှာ အဲဒီစာကြောင်းငါးကြောင်းက ငါတို့ ‘မှတ်ဉာဏ်’ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့တယ်”

ဖုန်းပုကြွယ်က ထပ်လောင်းပြောကြားသည်။

“ဒါကြောင့်မို့လို့ မှတ်ဉာဏ်နေရာလွတ်ထဲက ငါတို့ရဲ့ အတွေ့အကြုံအချို့က အဲဒီမက်ဆေ့ချ်တွေကို ပြည့်စုံသွားစေခဲ့တာပဲ”

အစ်ကိုကြွယ်၏ အကြည့်သည် သူ့အသင်းဖော်များထံသို့ ဝေ့ဝဲသွား၏။

“ငါ့မမှားဘူးဆိုရင် မင်းတို့ ယူလာကြတဲ့ မီးခြစ်တွေ၊ ဦးထုပ်ချွန်တွေ၊ တံမြက်စည်းတွေနဲ့ ပန်းသီးတွေအားလုံးက မှတ်ဉာဏ်နေရာလွတ်ထဲမှာ ပဟေဠိတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် ဇာတ်ကွက်တိုးတက်ဖို့အတွက် ကုန်ဆုံးသွားခဲ့ကြတယ် မဟုတ်လား”

ကျန်သုံးဦးလုံး ခေါင်းငြိမ့်ပြကြသည်။ သူတို့သည် မိမိတို့၏ မှတ်ဉာဏ်နေရာလွတ်ထဲတွင် ဇာတ်ကွက်ပစ္စည်းအားလုံးကို အမှန်တကယ်ပင် အသုံးပြုပစ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီပစ္စည်းတွေမှာ တူညီတဲ့အချက် နှစ်ချက် ရှိတယ်၊ ပထမအချက်က အဲဒါတွေအားလုံးကို ‘စမ်းသပ်မှုအဆောက်အအုံ’ အထဲကနေ ရခဲ့တာ ဖြစ်ပြီး ဒုတိယအချက်ကတော့ ငါတို့ ဒီအခန်းထဲကို မဝင်ခင်မှာ အကြောင်းအမျိုးမျိုးကြောင့် အကုန်သုံးပစ်ခဲ့ကြတာပဲ၊ ဟဲ… ဒါက ငါ့ကို တွေးတောစရာ ဖြစ်စေခဲ့တယ်၊ တစ်ယောက်ယောက်က ငါတို့ကို အဲဒီပစ္စည်းတွေ ဒီထဲအထိ ယူလာမှာကို မလိုလားတာမျိုး ဖြစ်နေမလားလို့ပေါ့”

ဖုန်းပုကြွယ်သည် ဆွဲငင်အားဆန့်ကျင်လက်နက်ရှေ့တွင် လွင့်မြောနေသော ဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။

“ကြည့်လိုက်… စမ်းသပ်မှုအဆောက်အအုံရဲ့ အပြင်ဘက်ကနေ ငါရခဲ့တဲ့ ဖုန်း၊ ဓားမြှောင်နဲ့ မှတ်စုစာအုပ်တွေကိုတော့ ငါ ဒီထဲအထိ အကုန်ယူလာနိုင်ခဲ့တယ်”

“ဒါက နောက်ဆုံးအခန်းပဲလေ၊ အဲဒီ ‘ဇာတ်ကွက်ပစ္စည်းတွေ’ က ဒီကိုမရောက်ခင်မှာ ကုန်ဆုံးသွားတာက ပုံမှန်ပဲ မဟုတ်လား”

ကျိချန်က ဆိုသည်။

“ပြီးတော့ မင်းရဲ့ ဓားတွေ၊ မှတ်စုစာအုပ်တွေက ဇာတ်လမ်းထဲကနေ ယူသွားလို့ရတဲ့ ‘ကိရိယာ’ နဲ့ ‘အသုံးအဆောင်’ တွေပဲလေ၊ ဇာတ်ကွက်တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာတွေမှ မဟုတ်တာ”

“ဟုတ်တယ်၊ အဲဒီလို ရှင်းပြချက်က ယုတ္တိရှိပုံရပေမဲ့…”

ဖုန်းပုကြွယ်က လှောင်ပြုံးပြုံးလိုက်သည်။

“ပရော်ဖက်ဆာက စောစောတုန်းက ငါ့ကို ပြောခဲ့တဲ့ စကားတစ်ခွန်းက ငါ့ကို တကယ် အနှောင့်အယှက် ဖြစ်စေခဲ့တယ်၊ သူက… ‘ဒါက ငါ့ရဲ့ ကိုယ်ပိုင်စိတ်ကမ္ဘာသက်သက်တင် မဟုတ်ဘူး၊ ဒါက စုပေါင်းစိတ်ဆန္ဒတွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာလွတ်တစ်ခု ဖြစ်တယ်’ လို့ ပြောခဲ့တယ်၊ လက်ရှိ အခြေအနေကို ပြန်သုံးသပ်ကြည့်ရင် ငါ သဘောပေါက်သွားပြီ၊ မှတ်ဉာဏ်နေရာလွတ်ထဲက အဲဒီဇာတ်ကွက်ရဲ့ အဓိကရည်ရွယ်ချက်က ငါတို့ ဒီကို ယူမလာသင့်တဲ့ ပစ္စည်းတွေကို သုံးပစ်အောင် လုပ်ဖို့ပဲ”

“ဘာဖြစ်လို့လဲ”

ချိုးဖုန်းက မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီပစ္စည်းတွေက အခြားစိတ်ဆန္ဒတွေရဲ့ ‘ဖန်တီးမှုတွေ’ ဖြစ်နေလို့ပဲ၊ အဲဒီအရာတွေ ဒီထဲမှာ ပေါ်လာရင် ပရော်ဖက်ဆာအပေါ် သက်ရောက်မှုတစ်ခုခု ရှိနိုင်လိမ့်မယ်”

ဟုန်ဟူသည်က အစ်ကိုကြွယ်၏ အတွေးနောက်သို့ မနည်းလိုက်မှီအောင် စဉ်းစားတွေးတောရင်း ထပ်ဖြည့်ပြောလိုက်သည် ။

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

“ပရော်ဖက်ဆာ… မင်း ဒါကို ငြင်းမှာ မဟုတ်ဘူးမလား”

“မှန်ပါတယ်၊ အဲဒီပစ္စည်းတွေက ငါ့အတွက် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါတယ်၊ သေချာတာပေါ့… ဒါက မင်းတို့ အဲဒါတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိတယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံတာပေါ့”

မိုရီယာတီက အလွယ်တကူပင် ဝန်ခံလိုက်သည် ။

“ဟမ့်… ဘာပဲဖြစ်ဖြစ် အခုတော့ အဲဒီပစ္စည်းတွေ အကုန်မရှိတော့ဘူးဆိုမှတော့ အရေးမကြီးတော့ပါဘူး၊ ဟုတ်တယ်မလား”

ချိုးဖုန်းက နှာခေါင်းရှုံ့လိုက်သည် ။

“စားပွဲဝိုင်းဂိမ်း စတင်ပြီးနောက်ပိုင်း အခြေအနေကို ဆက်ပြောရအောင်…”

ဖုန်းပုကြွယ်က ဆက်ပြောသည်။

“ငါတို့ လေးယောက်စလုံးက စည်းမျဉ်းတွေအတိုင်း ဂိမ်းထဲကို ဝင်ခဲ့ကြတယ်၊ ပြီးတော့ ‘ဘာသာစကား’ ရဲ့ စွမ်းအားကြောင့် အားလုံး ဒဏ်ရာရခဲ့ကြတယ်၊ အဲဒါကတော့ ပြောစရာ သိပ်မရှိပါဘူး၊ ဒါပေမဲ့ ပရော်ဖက်ဆာအလှည့် ရောက်လာတဲ့အခါမှာတော့ သူက ချက်ချင်းပဲ ဟာကွက်တစ်ခုကို ထုတ်ပြလိုက်တယ်”

“မင်း ဘာပြောလိုက်တယ်”

မိုရီယာတီ၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည် ။

“မဟုတ်ဘူး၊ မဟုတ်ဘူး… ကျုပ် ဘာပြောလဲဆိုတာက အရေးမကြီးပါဘူး၊ အဓိကက ခင်ဗျား ဘာပြောခဲ့လဲဆိုတာပဲ”

ဖုန်းပုကြွယ်က ပြန်ပြောသည်။

“အရိပ်အမြွက်တစ်ခု ‘ဒီကမ္ဘာပေါ်မှာ အလိမ်အညာဆိုတာ မရှိဘူး’”

ထိုစကားကို ကြားလိုက်ရသောအခါ ဆေးတံကို ကိုင်ထားသော ဟုမ်းစ်၏ လက်မှာ အနည်းငယ် တုန်ရီသွားပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဟမ့်… ပရော်ဖက်ဆာရဲ့ အရိပ်အမြွက်က အရမ်း သိသာလွန်းသွားခဲ့တာကိုး”

မိုရီယာတီက ဆိုသည်။

“မင်း အဲဒီစာကြောင်းကို ကြားပြီးတာနဲ့ အမှန်တရားကို ခန့်မှန်းမိသွားတာလား”

“ကျုပ်မှာ ယူဆချက်တစ်ခု ရှိခဲ့ပေမဲ့ အသေအချာကြီးတော့ မသိသေးဘူး”

ဖုန်းပုကြွယ် ပုခုံးတွန့်ပြလိုက်သည်။ သူက သက်ပြင်းချလိုက်သည်။

“ဟူး… ခင်ဗျားရဲ့ အရိပ်အမြွက်က ပြစ်ဒဏ်မခံရဘူးဆိုကတည်းက အဲဒီစကားက အဓိပ္ပာယ်ရှိနေတယ်ဆိုတာကို ပြနေတာပဲ၊ ခင်ဗျားက ကျုပ်ကို ဒီလောက် အဖိုးတန်တဲ့ အချက်အလက်တစ်ခု ပေးခဲ့တာဆိုတော့ ကျုပ်လည်း ခင်ဗျားကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဲဒီထဲကနေ တစ်ခုခုကို ပြန်နှိုက်ထုတ်ရမှာပေါ့”

ချိုးဖုန်းက ဆက်ပြောသည်။

“မင်း မှန်တယ်လို့ ယုံကြည်တဲ့အရာက အမှန်တရား ဖြစ်လာတယ်ဆိုတာ… စိတ်ထဲမှာ တစ်ခုခုကို အမှန်တရားလို့ ခိုင်ခိုင်မာမာ ယုံကြည်နေသရွေ့ အဲဒါက တကယ် ဖြစ်လာလိမ့်မယ်ဆိုတဲ့ သဘောပဲ”

ကျိချန်ကလည်း ဝင်ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ ‘ဒီကမ္ဘာပေါ်မှာ အလိမ်အညာဆိုတာ မရှိဘူး’ ဆိုတာကလည်း အမှန်တရား ဖြစ်လာနိုင်တာပေါ့”

ဖုန်းပုကြွယ်၏ နိဂုံးချုပ်ချက်နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့နှစ်ဦးလုံးသည် တွက်ချက်မှုဖြစ်စဉ်ကို သဘာဝကျကျပင် သဘောပေါက်သွားကြတော့သည်။

“ငါ့ကို အမှန်တရားနဲ့ ပိုပြီး နီးစပ်သွားစေခဲ့တာက မစ္စတာဟုမ်းစ်ရဲ့ ယူဆချက်ပဲ”

ဖုန်းပုကြွယ်က ဆက်ပြောသည်။

“သူက… ‘ပရော်ဖက်ဆာ မိုရီယာတီက အရူးတစ်ယောက်ပဲ’ လို့ ပြောခဲ့တယ်”

သူ ပြုံးလိုက်သည်။

“ငါက ဒါကို တခြားထောင့်တစ်ခုကနေ ပြန်တွေးကြည့်တယ်… အခြေအနေကို သိနေတဲ့လူတစ်ယောက်အနေနဲ့ ယူဆချက်တစ်ခု လုပ်တဲ့အခါ အမှန်တရားနဲ့ သက်ဆိုင်တဲ့ မှန်ကန်တဲ့ နိဂုံးချုပ်ချက်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက အရှုံးကို ဝန်ခံလိုက်တာနဲ့ အတူတူမို့လို့ပဲ၊ ဒါကြောင့်မို့လို့ မစ္စတာဟုမ်းစ်က အမှန်တရားနဲ့ လုံးဝ မသက်ဆိုင်တဲ့ ယူဆချက်တစ်ခုကိုပဲ ရွေးပြောမှာ သေချာတယ်။

တကယ်တမ်းကျတော့ သူက ‘ကောင်းကင်က ပြာတယ်’ ဒါမှမဟုတ် ‘နှင်းတွေက ဖြူတယ်’ ဆိုတဲ့ ပေါက်ကရစကားမျိုးကိုပဲ ပြောပြီး ပြစ်ဒဏ်ကို အလွယ်တကူ ခံလိုက်လို့ ရတာပဲ၊ ဒါပေမဲ့ သူက အဲဒီလို မလုပ်ခဲ့ဘူး… ပရော်ဖက်ဆာ ခင်ဗျားပြောခဲ့သလိုပဲ မစ္စတာဟုမ်းစ်က အရမ်းမာနကြီးပြီး၊ စိတ်လိုက်မာန်လိုက် လုပ်တတ်သလို၊ ဘာစည်းကမ်းနဲ့မှလည်း အတားအဆီး မရှိတဲ့လူစားမျိုးလေ”

“ဒါကြောင့်မို့လို့ သူက ‘ပရော်ဖက်ဆာ မိုရီယာတီက အရူးတစ်ယောက်ပဲ’ လို့ ရွေးပြောခဲ့တာပေါ့”

ဟဲ… ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်၊ သူက ဘာဖြစ်လို့ ‘သစ်ကုလားအုတ်တွေက မီးမှုတ်နိုင်တယ်’ ဒါမှမဟုတ် ‘ဝက်တွေ ပျံနိုင်တယ်’ လို့ မပြောခဲ့တာလဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူ သိနေလို့ပဲ… တကယ်လို့ သူ အဲဒီစကားတွေကို ပြောလိုက်ရင် အဲဒါတွေက တကယ် ဖြစ်ပျက်လာမယ့် ရာခိုင်နှုန်း ရှိနေလို့ပဲ”

ဖုန်းပုကြွယ်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်က ဒီနေရာလွတ်ရဲ့ နိယာမတွေကို သေသေချာချာ သိထားကြပြီးသား ဖြစ်သလို အဲဒါကို ခြယ်လှယ်ဖို့လည်း ကျင့်သားရနေကြပြီ၊ ခင်ဗျားတို့ရဲ့ ဦးနှောက်ကို တစ်ခုခုက အမှန်တရားပဲလို့ သွေးဆောင်ဖျောင်းဖျနိုင်သရွေ့ အဲဒါက တကယ်ဖြစ်လာလိမ့်မယ်၊ စောစောတုန်းက မစ္စတာဟုမ်းစ်က ဗုံးက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူ ‘ယုံကြည်’ လိုက်ရုံလေးနဲ့တင် သူ လုံးဝ ဒဏ်ရာမရဘဲ ဘေးကင်းသွားခဲ့သလိုမျိုးပေါ့”

“ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့တဲ့ နည်းဗျူဟာက လေ့ကျင့်မှုကနေတစ်ဆင့် ကျွမ်းကျင်အောင် လုပ်လို့ရတယ်၊ ခင်ဗျားတို့အတွက်တော့ မခက်ခဲပါဘူး”

အစ်ကိုကြွယ်က ခေါင်းကို အနည်းငယ်စောင်း၍ ပြောလိုက်သည်။

“’ပရော်ဖက်ဆာ မိုရီယာတီက အရူးတစ်ယောက်ပဲ’ ဆိုတဲ့ စကားကိုတော့ မစ္စတာဟုမ်းစ်က သူ့ကိုယ်သူ အမှန်တရားလို့ ဘယ်လိုမှ သွေးဆောင်ဖျောင်းဖျနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ သူက နောက်ပြောင်တဲ့ သဘောနဲ့ပဲ အဲဒီစကားကို ထုတ်ပြောခဲ့တာ။

ခင်ဗျားရဲ့ ‘ကောင်းကောင်းကြိုးစားခဲ့တာပဲ’ ဆိုတဲ့ စကားနဲ့ သူ့ရဲ့ ‘စမ်းကြည့်ရုံနဲ့ ပိုက်ဆံကုန်တာမှ မဟုတ်တာ’ ဆိုတဲ့ စကားတွေကို ကျုပ်ချက်ချင်း သဘောပေါက်သွားခဲ့တယ်၊ သူ့ရဲ့ အမူအရာက စကားလုံးတွေနဲ့ ခင်ဗျားကို တကယ်ပဲ အရူးဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တာပဲ၊ ပြီးတော့ သူ ကျရှုံးသွားတော့ ခင်ဗျားတို့နှစ်ယောက်စလုံးက ဟာသသဘောနဲ့ အဲဒီစကားတွေကို ပြောခဲ့ကြတာ။

ဒီအဆင့်အထိ ရောက်လာတဲ့အခါမှာတော့ ကျုပ်က အခြေခံအားဖြင့် အမှန်တရားကို သိသွားခဲ့ပြီလေ”

“ဒါဆိုရင် မင်းက မင်းရဲ့ အလှည့်တုန်းက ဘာဖြစ်လို့ ယူဆချက်ကို မရွေးချယ်ခဲ့တာလဲ”

ဟုမ်းစ်က မေးလိုက်သည် ။

“အဲဒါက မလုံခြုံလို့လေ”

ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။

“တကယ်လို့ ကျုပ်မှားသွားရင် ဘယ်လိုလုပ်မလဲ”

သူက သူ့လက်ညှိုးကို ဝှေ့ယမ်းပြလိုက်သည်။

“အဲဒီအချိန်တုန်းက ကျုပ်ရဲ့ နိဂုံးချုပ်ချက်ကို အတည်ပြုဖို့အတွက် အချိန်ထပ်လိုနေသေးတယ်၊ ဒါကြောင့်မို့လို့ ကျုပ်က စုံစမ်းမေးမြန်းခြင်းကိုပဲ အရင်ရွေးခဲ့တာ၊ ပြီးတော့ ကျုပ်က ဘာအမှားအယွင်းမှ မရှိနိုင်မယ့် မေးခွန်းတစ်ခုကိုပဲ မေးခဲ့တယ်”

“မင်း စုံစမ်းမေးမြန်းခြင်းကို စခဲ့တုန်းက ငါမေးခွန်းရဲ့ စည်းမျဉ်းတွေကို အပြည့်အဝ ရှင်းမပြရသေးဘူး၊ မင်းက ဒီလိုမျိုး မေးခွန်းတစ်ခုကို မေးနိုင်ခဲ့တာက တကယ့်ကို အံ့ဩစရာကောင်းတယ်”

မိုရီယာတီက မှတ်ချက်ချလိုက်သည် ။

“မြှောက်ပင့်လွန်းနေပါပြီ”

ဖုန်းပုကြွယ်က ပြန်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… ကျုပ်ရဲ့ နိဂုံးချုပ်ချက်ကို အတည်ပြုဖို့အတွက် စားပွဲဝိုင်းဂိမ်းရဲ့ အလှည့်တွေကို ဖြတ်သန်းနေဖို့ မလိုဘူးဆိုတာ ကျုပ်အသေအချာ သိတယ်၊ ကျုပ် ဒီနေရာမှာ ထိုင်နေရင်းနဲ့တင် လုပ်လို့ရတယ်”

ဟုန်ဟူသည် ဖုန်းပုကြွယ်အား မယုံနိုင်စရာကောင်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်း ဒီလောက်အချိန်တိုလေးမှာ ‘ဘာသာစကား’ ကို မသုံးဘဲနဲ့ စည်းမျဉ်းတွေကို ကြိုးကိုင်ခြယ်လှယ်နိုင်မယ့် နည်းလမ်းကို တကယ်ကြီး တတ်သွားတာလား”

“ဒါက တကယ့်ကို ခက်ပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့”

ဖုန်းပုကြွယ်က ဆိုသည်။

“ငါ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့အကြံပြုချက်တစ်ခု တိတ်တဆိတ် လုပ်လိုက်တယ်၊ ငါ့မှာ လျှာနှစ်ခုရှိတယ်လို့ အတင်း ယုံကြည်ခိုင်းလိုက်တာ”

“ဟင်”

မိုရီယာတီအပါအဝင် စားပွဲရှိ လူတိုင်း၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြရသည် ။

“အလုပ်ဖြစ်သွားတယ်”

ဖုန်းပုကြွယ်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြရင်း ပြောလိုက်သည်။ သူ၏ မူရင်းလျှာအောက်မှ နောက်ထပ် ထပ်တူညီသော လျှာတစ်ခု ထွက်ပေါ်လာလေသည်။

“ဒီနည်းလမ်းနဲ့ ငါ အမှန်တရားကို လုံးဝအတည်ပြုနိုင်သွားတယ်၊ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုက ‘အမှန်တရား’ ပဲလို့ အတင်းယုံကြည်ခိုင်းနိုင်သရွေ့ အဲဒီအရာက တကယ် ဖြစ်လာလိမ့်မယ်”

“အဲ… ငါ ပြောပါရစေဦး…”

ချိုးဖုန်းမှာ မအောင့်နိုင်ဘဲ ဝင်ပြောလိုက်မိသည်။

“မင်းက ဘာဖြစ်လို့ ‘ငါ့မျက်နှာက ဒဏ်ရာတွေ အကုန်ပျောက်သွားပြီ’ ဆိုတဲ့ အရာနဲ့ မစမ်းသပ်ခဲ့တာလဲ…”

“အဲဒီလို လုပ်လိုက်ရင် ငါ့အစွမ်းက လူမိသွားမှာပေါ့ မဟုတ်ဘူးလား”

ဖုန်းပုကြွယ်က ပြန်ချေပလိုက်သည် ။

“ဟား…”

မိုရီယာတီက ရက်စက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

“ဒါဆို ငါတို့ကို သတ်လိုက်ရင် ဂိမ်းက အဆုံးသတ်သွားမယ်ဆိုတာကို အတည်ပြုပြီးနောက် မင်းက ငါတို့ကို သတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့၊ ဟဲ… ငါ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက နည်းနည်းတော့ ဉာဏ်မရှိတဲ့လုပ်ရပ်လို့ မထင်ဘူးလား”

သူသည် သူ့ဘေးရှိ ကျိချန်ကို လှည့်ကြည့်လိုက်သည်။

“မင်းရဲ့ အသင်းဖော်ကိုပဲ ‘ယူဆချက်’ ကနေတစ်ဆင့် အမှန်တရားကို ထုတ်ပြောခိုင်းလိုက်ရုံနဲ့တင် မင်းတို့ ဂိမ်းကို အနိုင်ရသွားမှာပဲလေ”

“ဖြူး”

ဟုမ်းစ်ကလည်း ဆေးတံကို ထပ်မံ ရှိုက်ဖွာလိုက်သည်။

“မင်း မင်းရဲ့ နေရာလွတ်အိတ်ထဲကနေ ပစ္စည်းတွေကို ထုတ်ယူနိုင်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်းက ငါတို့ကို တကယ်ကြီး တိုက်ခိုက်ချင်နေတာလား”

သူ့လေသံက တည်ငြိမ်နေဆဲပင်။

“ငါတို့အတွက်တော့ ဒီနေရာက အရှိတရားကို ‘အတွေး’ နဲ့ ‘ဘာသာစကား’ တွေသုံးပြီး ပြန်ပြင်ရေးရတာက နေ့စဉ်လုပ်နေကျ ကိစ္စတစ်ခုလိုပဲ၊ စက္ကန့်ပိုင်းအတွင်းမှာပဲ ငါ့ကိုယ်ငါ ‘ဒီအရူးက ကျောက်တုံးကြီးတစ်တုံး ဖြစ်သွားပြီ’ ဒါမှမဟုတ် ‘ဒီအရူးက အသားစင်းကော ဖြစ်သွားပြီ’ လို့ အလွယ်တကူ ယုံကြည်ခိုင်းလိုက်လို့ ရတယ်”

သူက အစ်ကိုကြွယ်ကို လက်ညှိုးထိုးပြရင်း “ပြီးတော့ မင်းကျတော့ မင်းရဲ့ ‘နေရာလွတ်အိတ်ကို သုံးလို့ရတယ်’ ဆိုတဲ့ အချက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခိုင်းဖို့တင် အချိန်အတော်လေး ယူခဲ့ရတာ မဟုတ်လား၊ အဲဒီတော့ မင်းက ငါတို့ကို ဘယ်လိုနည်းနဲ့ အနိုင်ယူနိုင်မှာလဲ”

“ညီအစ်ကိုဖုန်း… ကြည့်ရတာ သူတို့က ငါတို့ကို စေတနာနဲ့ ဖျောင်းဖျနေတဲ့ ပုံစံမျိုးပဲနော်…”

ကျိချန်က ဆိုသည်။

“သူတို့က ဟန်ကိုယ်ဖို့နဲ့ တည်ငြိမ်ချင်ယောင် ဆောင်နေကြရုံသက်သက်ပါပဲ၊ ဟွန့်… ငါသာ ‘ဖုန်းပုကြွယ်က လုံးဝ သေမှာမဟုတ်ဘူး’ လို့ ခိုင်ခိုင်မာမာ ယုံကြည်နေသရွေ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

“တခြားလူတွေ ယုံကြည်တဲ့ ‘အမှန်တရား’ နဲ့ ငါယုံကြည်တဲ့ ‘အမှန်တရား’ က ဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါ ဒါက ရိုးရိုးရှင်းရှင်းပဲ စိတ်ဆန္ဒချင်း ယှဉ်ပြိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားပြီ”

“ညီအစ်ကိုဖုန်း… မင်း ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ…”

ဟုန်ဟူလည်း နားမလည်နိုင်အောင် ဖြစ်နေရသည်။ လက်ရှိ အခြေအနေအရ ကျိချန်သာ ယူဆချက်ကို ထုတ်ပြောလိုက်ရင် ဂိမ်းကို အနိုင်ရတော့မည် ဖြစ်သည်။ ဖုန်းပုကြွယ်က ဘော့စ်နှစ်ယောက်စလုံးကို ဆန့်ကျင်ဖို့ ဘာလို့ ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားရတာလဲ။

“မင်းတို့ သဘောမပေါက်သေးဘူးလား”

ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။

“ဒီနေရာက စိတ်ကမ္ဘာသက်သက်ပဲ၊ ဒါကြောင့်မို့လို့ ဘာသာစကားနဲ့ အတွေးတွေက ဒီလောက်စွမ်းအားကြီးနေပြီး စည်းမျဉ်းတွေကိုပါ ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေတာပေါ့”

သူ့မျက်နှာပေါ်မှ ဓားဒဏ်ရာမှာ ချက်ချင်း ပျောက်ကင်းသွားပြီး လျှာမှာလည်း မူလပုံစံတစ်ခုတည်းသို့ ပြန်လည်ရောက်ရှိသွား၏။

“တကယ့်လက်တွေ့မှာတော့ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ‘စုံထောက်ကလပ်’ ထဲမှာ ရှိနေဆဲ ဖြစ်နိုင်ပေမဲ့ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေကတော့ ဒီ ‘စမ်းသပ်မှု အဆောက်အအုံ’ လို့ ခေါ်တဲ့နေရာမှာ အကျဉ်းချခံထားရတာ”

ဘော့စ်များသည် ဖုန်းပုကြွယ်၏ နောက်ထပ်စကားလုံးများကို ကြားနိုင်စွမ်း မရှိကြတော့ချေ။

“ငါ မင်းတို့ကို မေးခွန်းတစ်ခု မေးမယ်… မင်းတို့က ဒီဂိမ်းကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ချင်တာလား၊ ဒါမှမဟုတ် ငါနဲ့အတူတူ ဒီဇာတ်လမ်းရဲ့ အမှန်တရားအစစ်ကို သွားကြည့်ချင်ကြသလား”

ဟုန်ဟူ၊ ချိုးဖုန်းနှင့် ကျိချန်တို့ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

ပရော်ဖက်ရှင်နယ် ကစားသမားများအနေဖြင့် တစ်ခါတစ်ရံတွင် သူတို့သည် ပျော်ရွှင်မှုနှင့် ထိရောက်မှုကြားထဲမှ တစ်ခုကို ရွေးချယ်ရလေ့ရှိသည်။ ပြီးလျှင် သူတို့ သုံးဦးလုံး၏ စိတ်ထဲတွင် အစ်ကိုကြွယ်နှင့် တူညီသော အရာတစ်ခု ရှိနေကြသည်။ ၎င်းမှာ ကုသမရနိုင်သော စူးစမ်းလိုစိတ်ပင် ဖြစ်သည် …။

“ကောင်းပါပြီ၊ ခင်ဗျား သဘောအတိုင်းပါပဲ”

ဟုန်ဟူက ဆိုသည်။

ကျိချန်ကလည်း ပြောလိုက်သည်။

“ကျုပ်လည်း အသက်ကို စွန့်စားပြီး ဒီအရူးနောက်ကို လိုက်ခဲ့ပါ့မယ်”

ချိုးဖုန်းမှာမူ ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေဆဲပင်။

“ငါကတော့ ‘ငါ့ရင်ဘတ်မှာ ဘာဒဏ်ရာမှ မရှိဘူး’ လို့ ကိုယ့်ကိုယ်ကိုယ် အတင်းယုံကြည်ခိုင်းနေရလို့ ခင်ဗျားကို တားဖို့ အချိန်မရှိဘူး”

“ဟီးဟီး…”

ဖုန်းပုကြွယ် ရယ်မောလိုက်ပြီး ဆွဲငင်အားဆန့်ကျင်လက်နက်ကို ထပ်မံမြှောက်ကိုင်လိုက်ကာ နိုကီယာကျည်တောင့်ဖြင့် မိုရီယာတီထံသို့ ချိန်ရွယ်လိုက်သည်။

“ပရော်ဖက်ဆာ… ခင်ဗျားကို စိတ်မကောင်းစရာ သတင်းတစ်ခု ပြောရလိမ့်မယ်၊ ဘယ်လို ဒိုင်မန်းရှင်းမှာပဲဖြစ်ဖြစ်၊ ဘယ်လို ရုပ်ပိုင်းဆိုင်ရာနိယာမအောက်မှာပဲဖြစ်ဖြစ်၊ ဘယ်လို သက်ရှိတွေရဲ့ သိနားလည်မှုမှာပဲဖြစ်ဖြစ်… ဒီအရာနဲ့ အပစ်ခံရရင် သေချာပေါက် သေရမှာပဲ”

ဝှစ်။

လက်နက်၏ စွမ်းအားကြောင့် ဖုန်းကျည်တောင့်မှာ ဝှစ်ခနဲ အသံနှင့်အတူ ပြေးထွက်သွားတော့သည်။ ပရော်ဖက်ဆာ မိုရီယာတီသည် အံ့အားသင့်သော အမူအရာဖြင့် သူ့မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသော အရိပ်မည်းကြီးကို စိုက်ကြည့်နေမိစဉ် …။

ထိုတိုက်ခိုက်မှု အာနိသင် စတင်သည့်အချိန်နှင့် တစ်ပြိုင်နက် စနစ်၏ သတိပေးချက် အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“လက်ရှိတာဝန်ကို ပြောင်းလဲလိုက်ပါပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

“ကမ္ဘာ့အမြင်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါပြီ၊ ကစားသမား ဖုန်းပုကြွယ်သည် ဆုလာဘ်အဖြစ် စကေးအမှတ် ၂၇၀၀ ရရှိပါသည်၊ အဖွဲ့သားများအားလုံး ယခုအခါ တာဝန်မီနူး၏ ထပ်တိုးရွေးချယ်စရာများထဲတွင် ဤဇာတ်လမ်း၏ ကမ္ဘာ့စည်းမျဉ်းများကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်”

“လျှို့ဝှက်ဘေးထွက်ဇာတ်လမ်းထဲသို့ ဝင်ရောက်သွားပါပြီ”

တာဝန်မှတ်တမ်းထဲတွင် “စားပွဲဝိုင်းဂိမ်းအတွင်း ဟုမ်းစ်နှင့် မိုရီယာတီတို့ကို အနိုင်ယူရန်” ဆိုသော တာဝန်ကို ကြက်ခြေခတ် ဖျက်သိမ်းလိုက်ပြီး ၎င်းအောက်တွင် တာဝန်အသစ်တစ်ခု ပေါ်ထွက်လာလေသည်။

“အစစ်အမှန် ‘ဘော့စ်’ ကို အနိုင်ယူပါ သို့မဟုတ် စုံထောက်ကလပ်ထဲမှ လွတ်မြောက်အောင် ရုန်းကန်ပါ”

All Chapters