← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း (၃၂၂) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၉

ရုတ်တရက် ပြင်းထန်လှသော ဆင်းသက်မှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။

၎င်းနှင့်ဒွန်တွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ စိမ့်ဝင်သွားသော ပြင်းထန်လှသည့် နာကျင်မှုလှိုင်းလုံးကြီးတစ်ခု ရောက်ရှိလာလေသည်။

မြင်ကွင်းသည် ခဏချင်းအတွင်း ပြောင်းလဲသွားတော့သည်။

ကစားသမားလေးဦးစလုံးသည် အိမ်မက်မှ နိုးထလာကြပုံရပြီး သူတို့၏ မျက်လုံးများကို အမြန်ဖွင့်ကြည့်လိုက်ကြသောအခါ သူတို့ကိုယ်သူတို့ အောက်ပြုတ်ကျနေသည်ကို တွေ့လိုက်ကြရသည်။ မှန်ပေသည်… မီတာအနည်းငယ်မျှသာရှိသော အကွာအဝေးဖြစ်သဖြင့် ထိုမျှနှင့်တော့ သူတို့ သေဆုံးသွားလိမ့်မည်မဟုတ်ချေ။

သူတို့သည် ကြက်သွေးရောင် ကော်ဇောနီကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားကြပြီးနောက် ညည်းညူမြည်တမ်းရင်း ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။ သူတို့ ရောက်ရှိနေသောနေရာမှာ စာအုပ်ပင်လယ်ကြီးတစ်ခုဖြင့် ဝန်းရံခံထားရပြီး စာကြည့်တိုက်ကြီးတစ်ခုနှင့် တူလှသည်။ မိုးထိအောင် မြင့်မားလှသော စာအုပ်စင်ကြီးခြောက်ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် ဆဋ္ဌဂံပုံ ဖန်တီးထားပြီး သူတို့ကို နံရံတစ်ခုကဲ့သို့ ပတ်ပတ်လည် ပိတ်ဆို့ထားချေသည်။

မျက်နှာကြက်မှာ ဆယ်မီတာနီးပါးခန့် မြင့်ပြီး ၎င်းတွင် မီးဆိုင်းအနည်းငယ် ချိတ်ဆွဲထားသဖြင့် လုံလောက်သော အလင်းရောင်ကို ပေးစွမ်းနေလေသည်။

ကစားသမားလေးဦး၏ အပေါ်တည့်တည့်တွင်မူ စတုရန်းပုံစံ သံလှောင်အိမ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ၎င်း၏အောက်ခြေပြားမှာ အောက်သို့ ပွင့်ဟနေသဖြင့် သူတို့ ပြုတ်ကျလာရခြင်း၏ အကြောင်းအရင်းကို ညွှန်ပြနေတော့သည်။

“ဒါက ‘လက်တွေ့ကမ္ဘာ’ လို့ ခေါ်တဲ့နေရာလား”

ချိုးဖုန်းက သူ့ရင်ဘတ်ကို စမ်းသပ်ကြည့်ရင်း မေးလိုက်သည်။ ကျေးဇူးတင်ရမည်မှာ… သွေးဖြင့် ချင်းချင်းနီနေသော အပေါက်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“အဲဒီလို ထင်တာပဲ”

ဖုန်းပုကြွယ် ကြမ်းပြင်မှ ထရပ်ရင်း မေးလိုက်သည်။

“မင်းတို့ရဲ့ အသက်အမှတ်တွေ ဘယ်လိုနေလဲ”

“ငါကတော့ ထိခိုက်မှု မရှိသလောက်ပဲ”

ဟုန်ဟူက ပြန်ဖြေသည်။

ကျိချန်ကလည်း “ငါလည်း အတူတူပါပဲ”

ချိုးဖုန်းကမူ “စောစောက ရခဲ့တဲ့ဒဏ်ရာတွေအားလုံး ပျောက်သွားတဲ့ပုံပဲ”

ဖုန်းပုကြွယ်၏ ကိုယ်ပိုင်အသက်အမှတ်မှာလည်း ၉၆ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ကြည့်ရသရွေ့ ‘လက်တွေ့ကမ္ဘာ’ ထဲတွင်မူ အပေါ်ရှိ သံလှောင်အိမ်ထဲမှ ပြုတ်ကျလာသည့်အချိန်၌ အနည်းငယ် လျော့နည်းသွားခြင်းမှလွဲ၍ ကျန်အချိန်များတွင် သူတို့၏ အသက်အမှတ်များမှာ အမြဲတမ်း ပြည့်နေခဲ့ပုံရသည်။

“အင်း… ဒါက ယုတ္တိရှိပါတယ်”

ဖုန်းပုကြွယ်က ဆို၏။

“အဲဒီစိတ်ကမ္ဘာထဲမှာ ငါတို့ရခဲ့တဲ့ ပစ္စည်းတွေအားလုံးလည်း ပျောက်သွားပြီပဲ”

သူသည် သူ့အိတ်ကပ်ထဲမှ မီးခြစ်၊ မှတ်စုစာအုပ်၊ ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများကို ရည်ညွှန်းပြီး ပြောလိုက်ခြင်း ဖြစ်သည်။

“မှတ်ဉာဏ်နေရာလွတ်ထဲမှာ ငါသုံးပစ်ခဲ့တဲ့ ပစ္စည်းတွေလည်း ပြန်ရောက်လာတယ်”

ချိုးဖုန်းက ဆိုသည်။

သူ့စကားကြောင့် သတိရသွားသော ဖုန်းပုကြွယ်သည်လည်း မီနူးကို ထပ်မံဖွင့်လှစ်ကာ သူ့အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ သူ သုံးစွဲခဲ့သော SCP-500 ဆေးပြားနှင့် အသက်အမှတ်ဖြည့်တင်းဆေးများမှာ မူလအတိုင်း ပြန်လည်ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

သူ့စကေးဘားကို ကြည့်လိုက်သောအခါ စိတ်ကမ္ဘာထဲတွင် သူသင်ယူခဲ့သော တောင်ပိုင်းကြယ်စုနဂါးပျံလက်သီး စကေးမှာ ရှိနေဆဲပင်။

“ပစ္စည်းတွေနဲ့ ပတ်သက်လို့ကတော့ ငါတို့ ဇာတ်လမ်းထဲကို ပထမဆုံး ဝင်လာတုန်းက အခြေအနေအတိုင်း ပြန်ရောက်သွားတာပဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒါပေမဲ့… မှတ်ဉာဏ်နေရာလွတ်ထဲမှာ ငါသင်ယူခဲ့တဲ့ စကေးတွေကတော့ ကျန်ခဲ့တုန်းပဲ”

သူက သူ့မေးစေ့ကို ပွတ်သပ်ရင်း ခန့်မှန်းတွက်ချက်လိုက်သည်။

“တကယ်လို့ ငါက အဲဒီစကေးကို ချက်ချင်း မသင်ယူဘဲနဲ့ စကေးကတ်အဖြစ် အိတ်ထဲမှာပဲ သိမ်းထားခဲ့ရင်တော့ အဲဒါက ပျောက်သွားမှာ သေချာတယ်…”

“မင်းက တကယ့်ကို ကံကောင်းတာပဲ”

ဟုန်ဟူက ပြောလိုက်သည်။

“ဒီလိုနေရာမျိုးကတောင် စကေးတစ်ခုကို ရအောင် ရှာနိုင်ခဲ့တယ်ပေါ့”

“မင်းလည်း သက်လတ်ပိုင်းပီတာပန်နဲ့ ဒီလောက်တောင် အကြာကြီး စကားပြောခဲ့တာပဲ၊ ဘာဖြစ်လို့ ပျံသန်းနည်းသင်ပေးဖို့ အခွင့်အရေး မတောင်းခဲ့တာလဲ”

ဖုန်းပုကြွယ်က ပြန်ပြောလိုက်သည်။

“တကယ်တော့ ငါသူ့ဆီကနေ အကြံဉာဏ် တောင်းခဲ့ပါသေးတယ်”

ဟုန်ဟူက ပြန်ဖြေလိုက်သည်။

“သူ ပြောပြတယ်၊ ပျံသန်းဖို့အတွက် အရာနှစ်ခု လိုအပ်တယ်တဲ့၊ အဲဒါကတော့ နတ်သမီးဝတ်မှုန်တွေနဲ့ မင်းပျံသန်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ပဲတဲ့”

သူ ခဏရပ်လိုက်သည်။။

“အခု ပြန်တွေးကြည့်ရင်တော့… အဲဒါက သဲလွန်စတစ်ခု ဖြစ်ပုံရတယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက… အဲဒီအချိန်တုန်းက သူက မူရင်းဝတ္ထုရဲ့ နောက်ခံအခြေအနေကိုပဲ ထုတ်ပြောနေတာလို့ ထင်မိလို့ သိပ်ဂရုမစိုက်မိလိုက်ဘူး”

ထိုသို့ပြောပြီးနောက် ဟုန်ဟူက ထပ်လောင်းပြောဆိုလိုက်သည်။

“အိုး… ပြီးတော့ ငါသူ့ဆီကနေ ဓားသိုင်းနဲ့ ပတ်သက်လို့လည်း အကြံဉာဏ် တောင်းကြည့်သေးတယ်”

သူ သက်ပြင်းချလိုက်သည်။

“သူက ပြောတယ်၊ သူ Neverlandကနေ ထွက်လာပြီးနောက် ဒုတိယမြောက်နှစ်မှာ တားမြစ်ထားတဲ့ ဓားကို သယ်ဆောင်မှုနဲ့ တစ်ကြိမ် အဖမ်းခံခဲ့ရဖူးတယ်တဲ့၊ သူ့ရဲ့ ဓားတိုလေးကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အပြီးသိမ်းဆည်းခံလိုက်ရတယ်တဲ့”

“ဟူး… လူကြီးတွေရဲ့ ကမ္ဘာက တကယ့်ကို ကြောက်စရာကောင်းလှပါလား…”

ချိုးဖုန်းက လေးနက်စွာ သက်ပြင်းချလိုက်မိသည်။

ကျိချန်က ဆိုသည်။

“ငါတို့အားလုံးကလည်း လူကြီးတွေပဲ မဟုတ်လား၊ အဲဒီလို ပြောရတာကတော့…”

သူ ထိုသို့ပြောလိုက်သော်လည်း သူ့လေသံမှာ ချိုးဖုန်း၏ တုံ့ပြန်မှုနှင့် ဆင်တူပေသည်။

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ကြည့်ရတာ လူတိုင်းမှာ လှပတဲ့ကလေးဘဝလေးတွေ ရှိခဲ့ကြပုံရတယ်၊ ဒါကြောင့်မို့လို့ မင်းတို့အားလုံးက လူကြီးဖြစ်လာတဲ့အခါမှာ ‘ငါ အဲဒီတုန်းက ဘယ်လောက်တောင် ကံကောင်းခဲ့လဲဆိုတာ အခုမှ သိတော့တယ်’ ဆိုတဲ့ ခံစားချက်မျိုး ရှိနေကြတာပေါ့”

ဟုန်ဟူက အစ်ကိုကြွယ်ကို လှည့်ကြည့်လိုက်သည်။

“အင်း… ငါ ခန့်မှန်းကြည့်ပါရစေ… ညီအစ်ကိုဖုန်း၊ မင်းကလေးဘဝတုန်းက အတော်လေး သာမန်လိုမျိုး ဖြစ်နေမှာတော့ မဟုတ်ဘူးမလား”

“ကံကောင်းစွာနဲ့ပဲ… ငါ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်တုန်းက စရိုက်က အခုလက်ရှိစရိုက်နဲ့ သိပ်ပြီး မကွာခြားပါဘူး”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ မင်းက တကယ့်ကို ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်ပဲ…”

ချိုးဖုန်းက ဆက်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… အဲဒီအချိန်တုန်းက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေက အရမ်းခွဲခြားဆက်ဆံခံနေရတဲ့ အုပ်စုတစ်ခုလို့ ငါ ခံစားခဲ့ရတယ်”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါကြောင့်မို့လို့ ငါ အသက် ၁၂ အရွယ်မှာ ‘လူကြီးတွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် ထားရှိတဲ့ မုန်းတီးမှုများနဲ့ အယူသီးမှုများအကြောင်း’ ဆိုတဲ့ စာတမ်းတစ်စောင်ကို ရေးခဲ့တယ်”

“ဒါဆိုရင် မင်းက ငါတို့ မိခင်နိုင်ငံရဲ့ သန်းပေါင်းများစွာသော ပန်းပွင့်လေးတွေထဲမှာ မင်းလိုမျိုး ထူးထူးဆန်းဆန်း ပန်းတစ်ပွင့်၊ နှစ်ပွင့် ရှိနေတယ်ဆိုတာကို ပြလိုက်တာပေါ့”

ထိုစာတမ်းအကြောင်း ကြားပြီးနောက် ချိုးဖုန်း၏ လှောင်ပြောင်သရော်နိုင်စွမ်း စွမ်းရည်မှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။

“အဲဒီတုန်းက မင်းက ကလေးတစ်ယောက်ပဲ ရှိသေးတာကို…”

ကျိချန်က ဘေးမှ မှတ်ချက်ချလိုက်သည်။

“ဒါပေမဲ့… ညီအစ်ကိုဖုန်း၊ မင်းက တကယ့် ပါရမီရှင်တစ်ယောက်ပဲ၊ ငါ အသက် ၁၁နှစ်၊ ၁၂နှစ်တုန်းကဆို စာလုံးရေငါးရာပါတဲ့ စာစီစာကုံးတစ်စောင် ရေးဖို့တောင် မနည်းရုန်းကန်ခဲ့ရတာ”

ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်သည်။

“ဒါက ဘာထူးဆန်းလို့လဲ၊ ငါ အသက် ၁၀နှစ်အရွယ်မှာတင် ‘ဓားနတ်ဘုရား’ ဆိုတဲ့ ပထမဆုံးဝတ္ထုတိုကို မှတ်စုစာအုပ်ထဲမှာ လက်ရေးနဲ့ အပြီးသတ် ရေးနိုင်ခဲ့ပြီးပြီ၊ စာစီစာကုံးတွေနဲ့ ပတ်သက်လို့ကတော့ ငါ လက်တော့ပ်ကို ကိုင်ပြီး အိမ်သာထဲမှာ အီးထိုင်ပါနေတဲ့ အချိန်လေးနဲ့တင် အပြီးသတ်ရေးနိုင်တယ်”

သူတို့သည် စကားစမြည် ပြောဆိုနေကြသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်း၌မူ တစ်ချိန်တည်းတွင် အလုပ်မျိုးစုံ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သူတို့၏ လက်များနှင့် ခြေထောက်များမှာ အဆက်မပြတ် အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။

သူတို့လေးဦးလုံးသည် အချင်းချင်း နားလည်မှုရှိရှိဖြင့် မတူညီသော နေရာတစ်ခုစီကို တာဝန်ယူလိုက်ကြပြီး စကားပြောဆိုရင်း ပတ်ဝန်းကျင်ရှိ စာအုပ်စင်များကို စစ်ဆေးကြည့်ရှုကာ ဤနေရာမှ ထွက်ခွာနိုင်မည့်နည်းလမ်းကို ရှာဖွေရန် ကြိုးပမ်းနေကြသည်။

“တကယ်လို့ တခြားနည်းလမ်း မရှိတော့ဘူးဆိုရင် စာအုပ်စင်တွေရဲ့ အပေါ်ဆုံးအထိ တက်ကြည့်ကြတာပေါ့”

ကျိချန်က ပတ်ဝန်းကျင်ကို ခဏမျှ စောင့်ကြည့်လေ့လာပြီးနောက် ပြောလိုက်သည်။

“ငါတို့ အရင်ဆုံး သံလှောင်အိမ်ပေါ်ကို ခုန်တက်လို့ရတယ်၊ ပြီးရင် အပေါ်က သံကြိုးတွေကို သုံးပြီး အပေါ်ကို ဆက်တက်မယ်၊ စာအုပ်စင်ရဲ့ အပေါ်ဆုံးအဆင့်နဲ့ အမြင့်တူသွားပြီဆိုရင်တော့ အပေါ်ကို ခုန်တက်ဖို့က လွယ်သွားပြီ”

“မင်းတို့… ပတ်ဝန်းကျင်က စာအုပ်တွေအားလုံးကို ဖတ်ကြည့်ဖို့ကော ထည့်မစဉ်းစားကြဘူးလား”

ဖုန်းပုကြွယ်၏ စာဖတ်ခြင်းအပေါ် စွဲလမ်းရူးသွပ်မှုက ပြန်လည်နိုးထလာပြီး တုန်လှုပ်ခြောက်ခြားဖွယ် စကားတစ်ခွန်းကို ထုတ်ပြောလိုက်တော့သည်။

ချိုးဖုန်းသည် ရှစ်မီတာခန့် မြင့်မားပြီး စာအုပ်များ ပြည့်သိပ်နေသော စာအုပ်စင်ကြီးကို မော့ကြည့်ရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်မိသည်။

“ငါတို့ လေးယောက်စလုံး အပိုင်းခွဲပြီး ဂိမ်းထဲကနေ အတင်းအကျပ် လိုင်းဖြတ်မခံရမချင်း ဖတ်ရင်တောင် ဒီစာအုပ်တွေရဲ့ မာတိကာကိုတောင် ပြီးအောင် ဖတ်နိုင်မှာ မဟုတ်ဘူး”

ဟုန်ဟူကမူ ထိုသူသုံးဦး၏ နောက်ပြောင်မှုများထဲတွင် သိပ်မပတ်သက်ခဲ့ချေ။ သူ့အာရုံစိုက်မှုအားလုံးမှာ “လျှို့ဝှက် ကမ္ဘာ့အမြင်” အပေါ်တွင်သာ အဓိကထား ကျရောက်နေခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ဤဇာတ်လမ်း၏ ကမ္ဘာ့စည်းမျဉ်းများကို တာဝန်ဘား၏ ထပ်တိုးရွေးချယ်စရာ မီနူးထဲတွင် ရေးသားထားလေသည်။

“ဝှက်ထားသော ကမ္ဘာ့အမြင်- ဦးနှောက်အတွင်း အကျဉ်းချခြင်း”

“ကျယ်ပြန့်သော အသိပညာဗဟုသုတများကို ပိုင်ဆိုင်ထားသည့် အစွမ်းထက်သော တည်ရှိမှုတစ်ခုသည် ကစားသမားများကို မိမိ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာထဲတွင် သူသိရှိထားသော စိတ်ကူးယဉ် ဇာတ်ကောင်တိုင်းသည် ကိုယ်ပိုင်စိတ်ဆန္ဒရှိသော သက်ရှိများ ဖြစ်လာကြပြီး အချင်းချင်း အပြန်အလှန် သက်ရောက်မှု ရှိစေလိမ့်မည်”

အစောပိုင်းက X-23 သည် SCP-233 ကို သွားရောက်ထုတ်ယူချိန်တွင် ပိတ်ဆို့ခံခဲ့ရခြင်း အကြောင်းအရင်းမှာ… သူမသည် ‘ဘော့စ်’ ၏ စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်ရောက်ချင်နေသောကြောင့် ဖြစ်သည်။အကယ်၍ ထိုအကြောင်းအရင်းကြောင့်သာ မဟုတ်ခဲ့ပါက ဘော့စ်အနေဖြင့် သူမအား လုံးဝ တားဆီးနိုင်မည် မဟုတ်ချေ။ X-23 ၏ မူမမှန်မှု အဆင့်ရှိသူတစ်ဦးအတွက် စိတ်ဝိညာဉ် ကမ္ဘာထဲမှတဆင့် ဇာတ်လမ်းထဲသို့ ကျူးကျော်ဝင်ရောက်လာရန်မှာ ကိစ္စကြီး မဟုတ်ပေ။ စနစ်ကိုယ်တိုင်ပင် ဝင်ရောက်စွက်ဖက်လို့ မရနိုင်သည် မဟုတ်ပါလား။ နတ်ဘုရားမဏ္ဏိုင်လေးပါး အဆင့်ထက် နိမ့်ကျသော ထိုဒေတာများဆိုပါက ပြောနေစရာပင် မလိုတော့ချေ။

“ဒီနေရာကနေ ထွက်သွားဖို့က မခက်ပါဘူး”

ကမ္ဘာ့အမြင်ဖွဲ့စည်းပုံကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီးနောက် ဟုန်ဟူက ပြောလိုက်သည်။

“ဒါပေမဲ့ လက်ရှိတာဝန်ရဲ့ ပုံစံအရဆိုရင် ‘ဘော့စ်’အစစ် က အရမ်း အစွမ်းထက်လွန်းတယ်လို့ အရိပ်အမြွက် ပြနေသလိုပဲ…”

သူ့အသင်းဖော်များဘက်သို့ သူလှည့်ကြည့်လိုက်သည်။

“ငါတို့ ဒီဘေးကင်းဇုန်ထဲကနေ ကမူးရူးထိုးထွက်သွားဖို့က တကယ်ပဲ အကြံကောင်းဟုတ်ပါ့မလား”

“တကယ်တော့… အစစ်အမှန် ‘ဘော့စ်’ ကို အနိုင်ယူပါ သို့မဟုတ် စုံထောက်ကလပ်ထဲမှ လွတ်မြောက်အောင် ရုန်းကန်ပါ ဆိုတဲ့ ရွေးချယ်စရာရှိတဲ့ အဓိကတာဝန်တွေက ပုံမှန်အားဖြင့် ပိုလွယ်တတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲက လမ်းကြောင်းတစ်ခုက အရမ်းခက်ခဲလွန်းပြီး အဖွဲ့လိုက် သေဆုံးသွားတာမျိုး ဖြစ်စေနိုင်လို့ပဲ”

ချိုးဖုန်းက ဆက်ပြောသည် ။

“ပြီးတော့ ပိုခက်ခဲတဲ့ လမ်းကြောင်းကို ရွေးချယ်လေလေ အတွေ့အကြုံ (EXP) နဲ့ စကေးအမှတ်တွေ ပိုရလေလေပေါ့…”

ဖုန်းပုကြွယ်က ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

“ဒါပေမဲ့ တကယ်လို့ ငါတို့အားလုံး သေသွားခဲ့ရင် ဘာမှရတော့မှာ မဟုတ်တော့ဘူးလေ”

ဟုန်ဟူက ကြားဖြတ်ပြောလိုက်သည်။

“စွန့်စားရမယ့် အန္တရာယ်အဆင့်ကိုလည်း ထည့်စဉ်းစားရမယ်…”

“ငါတို့ အဲဒီ ‘ဘော့စ်’ နဲ့ မတွေ့ခင်တော့ သူ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“မင်းတို့အားလုံး ဉာဏ်ကောင်းတဲ့လူတွေပဲ၊ အခုအချိန်မှာ လူတိုင်းက အခြေခံအားဖြင့် ခွန်အားအပြည့်ရှိနေကြသလို ငါတို့ရဲ့ သိုလှောင်အိတ်တွေလည်း ပွင့်သွားပြီပဲ၊ ငါတို့ကိုယ်ငါတို့ အထင်သေးဖို့ စောလွန်းသေးတယ်၊ အဲဒီအစား အသင်းရဲ့ အလုံးစုံအင်အားကိုပဲ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်သင့်တယ်”

သူ ခဏရပ်ပြီးနောက် ထပ်လောင်းပြောဆိုလိုက်သည်။

“ဒါ့အပြင် ဒါက သာမန်ခက်ခဲမှုအဆင့်ရှိတဲ့ အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ဇာတ်လမ်းလေးပဲလေ၊ လျှို့ဝှက်ဘော့စ်က ဘယ်လောက် အစွမ်းထက်နိုင်မှာမို့လို့လဲ”

“ငါ မေးပါရစေဦး… ညီအစ်ကိုဖုန်း မင်းပြောပုံအရဆိုရင် မင်းက အိပ်မက်ဆိုးအဆင့်မှာ ရှိတဲ့ ဘော့စ်ကိုတောင် အနိုင်ယူခဲ့ဖူးတဲ့ ပုံစံမျိုးပဲနော်”

ကျိချန်က မေးလိုက်သည်။

ဟုန်ဟူလည်း သူ့မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားတွေးတောလိုက်သည်။

“ညီအစ်ကိုဖုန်းရဲ့ အဆင့်က အခုထိ ၃၀ မပြည့်သေးဘူးဆိုတော့ အိပ်မက်ဆိုးအဆင့်ခက်ခဲမှုရှိတဲ့ အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်ကို ကစားနိုင်မှာ မဟုတ်သေးဘူး၊ ကြည့်ရတာ… သူက တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်ထဲမှာ အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းတွေကို အောင်မြင်ခဲ့ဖူးတာ ဖြစ်ရမယ်”

“ဒါက သိသာနေတာပဲလေ”

ဖုန်းပုကြွယ်က သဘာဝကျကျ ပြန်လည်ဖြေကြားသည်။

“ဂိမ်းတရားဝင်ကာလ စတင်ခဲ့တာ တစ်လနီးပါး ရှိနေပြီပဲဥစ္စာ၊ အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းတစ်ခုကို အောင်မြင်တာ ဘာဆန်းလို့လဲ”

“ငါကတော့ အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းတွေကို သုံးကြိမ်တိုင်တိုင် စမ်းကြည့်ဖူးတယ်၊ ဒါပေမဲ့ အကြိမ်တိုင်း လမ်းတစ်ဝက်တင် သေခဲ့ရတာ…”

ချိုးဖုန်းက ဆိုသည်။

ကျိချန်ကလည်း ဝင်ပြောလိုက်သည်။

“ငါလည်း ငါးကြိမ်စမ်းသပ်ဖူးတယ်၊ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး၊ နှစ်ကြိမ်မြောက်ဆိုရင် ဇာတ်လမ်းရဲ့ အဆုံးသတ်ပိုင်း ရောက်တော့မယ်လို့ ထင်နေတဲ့အချိန်ကျမှ ပျက်စီးသွားခဲ့တာ…”

ဟုန်ဟူက ထပ်လောင်းပြောကြားသည်။

“ငါကတော့ ဇာတ်လမ်းတွေကို ပြီးဆုံးအောင်ကစားရမယ့် တာဝန်တွေနဲ့ စတူဒီယိုက ပရော်ဖက်ရှင်နယ် ကစားသမားတွေလိုမျိုး မဟုတ်တာကြောင့် ပိုစမ်းကြည့်ဖြစ်ခဲ့တယ်၊ ငါ အဆင့် ၁၅ ရောက်ပြီးကတည်းက အိပ်မက်ဆိုးအဆင့်ရှိတဲ့ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်ကို စုစုပေါင်း ၂၆ကြိမ်တိတိ စမ်းသပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ တစ်ကြိမ်ပဲ အောင်မြင်ခဲ့တယ်”

သူ သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။

“အမှန်အတိုင်း ပြောရရင် ငါက လက်တွေ့ဘဝမှာလည်း ဆုတ်ယုတ်မှုတချို့ကို ကြုံခဲ့ဖူးတာကြောင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အတော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ အိပ်မက်ဆိုးအဆင့်ကို ကစားရတာက စိတ်ပျက်စရာကောင်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ်ပါ ယုံကြည်မှုတွေ ပျောက်ဆုံးသွားရတယ်၊ နှစ်ကြိမ်၊ သုံးကြိမ်လောက်ဆိုရင် ကြောက်ရွံ့မှုအဆင့်က အရမ်းမြင့်သွားတာကြောင့် သေဆုံးခဲ့ရတာမျိုးအထိ ဖြစ်ခဲ့ဖူးတယ်…”

ချိုးဖုန်းက ထပ်ဖြည့်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းလေသံကို နားထောင်ရတာတော့ အိပ်မက်ဆိုးအဆင့်ကို အောင်မြင်ဖို့ဆိုတာက မင်းအတွက် နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုလိုပဲနော်၊ ဟုတ်တယ်မလား ညီအစ်ကိုဖုန်း”

“မဟုတ်ပါဘူး…”

ဖုန်းပုကြွယ်က ချက်ချင်း မသိချင်ယောင်ဆောင်လိုက်ရင်း ငြင်းဆိုလိုက်သည်။

“ငါလည်း အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းကို တစ်ကြိမ်ပဲ အောင်မြင်ဖူးတာပါ၊ ပြီးတော့ အဲဒီဇာတ်လမ်းက ဘာဘော့စ်တိုက်ပွဲမှ မရှိဘဲ ပဟေဠိတွေကိုပဲ ဖြေရှင်းရတဲ့ ဇာတ်လမ်းမျိုးလေ”

သူ ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

“ငါ ပြောချင်တာကတော့… သေမင်းထောင်ချောက်တွေ ပြည့်နေတဲ့ အိပ်မက်ဆိုးအဆင့် ဇာတ်လမ်းတွေနဲ့ ယှဉ်လိုက်ရင် ဒီသာမန်အဆင့် ဇာတ်လမ်းထဲက ဘော့စ်က ဘာပြောစရာ ရှိလို့လဲ”

“ဟီးဟီးဟီး… ဘော့စ်က ဘာပြောစရာ ရှိလို့လဲ ဟုတ်လား…”

ရုတ်တရက် မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ကစားသမားများ၏ စကားဝိုင်းကို ကြားဖြတ်နှောင့်ယှက်လိုက်လေသည်။

“တကယ်လို့ မင်းတို့က ငါ့ကို အဲဒီလို ထင်နေကြတယ်ဆိုရင်လည်း ငါ တကယ်ပဲ ဘောလုံးတစ်လုံးအဖြစ် ပြောင်းပေးနိုင်ပါတယ်”

ထိုအသံမှာ အရပ်မျက်နှာအနှံ့အပြားမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူတို့နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ပြီးလျှင် အံ့ဩစရာအကောင်းဆုံးအချက်မှာ ထိုအသံသည် စနစ်၏ အသိပေးချက်ကြေညာသံနှင့် ထပ်တူညီလုနီးပါး တူညီနေခြင်းပင် ဖြစ်သည်။

ကစားသမားလေးဦးလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီးနောက် အချင်းချင်း အကြည့်ချင်း အမြန်ဖလှယ်လိုက်ကြကာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့သည်။

“ဘော့စ်လား”

All Chapters