← Chapters

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း ၃၂၄

Vol. 33 Ch. 324

အခန်း (၃၂၄) ဦးနှောက်ခြောက်ရသော အခြေအနေ

“မင်းတို့က ငါ့ကမ္ဘာနဲ့ မသက်ဆိုင်သလို ငါ့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာလည်း ရှိမနေဘူး၊ ဒါကြောင့် မင်းတို့ ငါ့ကို ဘော့စ်လို့ ခေါ်စရာမလိုပါဘူး”

စနစ်၏အသံက ဆက်လက်ထွက်ပေါ်လာ၏။

“ငါ့နာမည်ကိုတော့… ‘လောကကူးပြောင်းသခင်’ လို့ ခေါ်တယ်”

“နာမည်ကို ကြည့်ရသလောက် သူက အစွမ်းထက် စူပါဘော့စ်ကြီး ဖြစ်ရမယ်…”

ချိုးဖုန်းက တီးတိုးရေရွတ်လိုက်မိသည်။

အမြဲတမ်း သတိကြီးစွာ ထားတတ်သော ကျိချန်သည်လည်း သူ့သိုလှောင်အိတ်ထဲမှ ပစ္စတိုတစ်လက်ကို အမြန်ထုတ်ယူ၍ လုံခြုံရေးခလုတ်ကို ဖြုတ်လိုက်ပြီး သတိကြီးစွာဖြင့် မော့ကြည့်လိုက်မိသည်။

“မင်းတို့ရဲ့ အသုံးမဝင်တဲ့ လက်နက်တွေကို သိမ်းထားလိုက်စမ်းပါ တခြားကမ္ဘာက ခရီးသွားတို့”

လောကကူးပြောင်းသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျည်ဆန်တွေက ငါ့ကို ဘာမှ မခြိမ်းခြောက်နိုင်ဘူးနော်”

သူ စကားမဆုံးသေးခင်မှာပင် ကစားသမားများ၏ အမြင်အာရုံထဲသို့ အချင်း တစ်မီတာခန့်ရှိသော ပြဒါးရောင် သတ္တုစက်လုံးကြီးတစ်လုံး ပေါ်ထွက်လာခဲ့လေသည်။

ထိုစက်လုံးကြီးသည် စာအုပ်စင်နှင့် မျက်နှာကျက်ကြားရှိ လေထုထဲတွင် လွင့်မြောနေပြီး ကစားသမားများ ရှိနေသော ဆဋ္ဌဂံပုံစံ ဧရိယာအပေါ်တည့်တည့်သို့ ရောက်ရှိလာသည်အထိ ဖြည်းညှင်းစွာ ရွေ့လျားလာခဲ့သည်။

စနစ်၏ ကြေညာချက်အသံနှင့် လုံးဝခွဲခြားမရသော လောကကူးပြောင်းသခင်၏ အသံက ထိုသတ္တုစက်လုံးကြီးထဲမှ ထပ်မံထွက်ပေါ်လာပြန်သည်။

“ဒါပေမဲ့… မင်းတို့ရဲ့ အောက်တန်းကျပြီး ပျင်းစရာကောင်းတဲ့ လက်နက်တွေသုံးပြီး ငါပတ်ဝန်းကျင်က စာအုပ်တွေကို ဖျက်ဆီးပစ်တာမျိုးတော့ ငါမလိုလားဘူး”

“ဒါဆို ခင်ဗျားက ဒီ ‘စုံထောက်ကလပ်’ ရဲ့ ပိုင်ရှင်ပေါ့ ဟုတ်လား”

ဖုန်းပုကြွယ်က အပေါ်သို့ မော့ကြည့်ရင်း မေးလိုက်သည်။

“ကျုပ်တို့ စောစောတုန်းက ပိတ်မိနေခဲ့တာ ခင်ဗျားရဲ့ စိတ်ကမ္ဘာထဲမှာပေါ့”

“ဟဲ… ‘ပိတ်မိနေခဲ့တာ’ လို့ ပြောတာကတော့ သိပ်ပြီး မမှန်ကန်ဘူးနော်”

လောကကူးပြောင်းသခင်က ဆိုသည်။

“မင်းပြောပုံအရဆိုရင် ငါကပဲ မင်းတို့ကို အတင်းအကျပ် ဖမ်းဆီးချုပ်နှောင်ထားပြီး အပြင်ပေးမထွက်တာနဲ့ တူနေပြီ”

သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ဒါပေမဲ့ တကယ်တမ်းတော့ မင်းတို့အားလုံးက ခွင့်ပြုချက်မရှိဘဲနဲ့ မင်းတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအလျောက် ဝင်လာခဲ့ကြတာ မဟုတ်ဘူးလား”

ကစားသမားများသည် ဤစကားကို မငြင်းဆန်နိုင်ကြချေ။ အကြောင်းမူကား ယင်းသည် ဂိမ်းထဲက ဇာတ်လမ်းတစ်ခုသာ ဖြစ်ပြီး သူတို့အားလုံး မိမိတို့သဘောဖြင့် ဝင်ရောက်လာခဲ့ကြခြင်းကြောင့်ပင်။

“ကောင်းပါပြီ… မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလို့ပဲ သတ်မှတ်လိုက်ပါတော့၊ ဒါဆို အခု ခင်ဗျားက ဘာလုပ်ဖို့ စီစဉ်နေတာလဲ”

ဟုန်ဟူက အပေါ်မှ စက်လုံးကြီးကို မော့ကြည့်ရင်း မေးလိုက်သည်။

“ငါ ဒီကိုလာတာ ပစ္စည်းတချို့ကို ပြန်ယူဖို့ပဲ”

လောကကူးပြောင်းသခင်က ပြောလိုက်သည်။

“ပြီးရင်တော့ မင်းတို့ကို ယဉ်ယဉ်ကျေးကျေးပဲ ထွက်သွားဖို့ တောင်းဆိုရလိမ့်မယ်”

ထိုသို့ပြောဆိုရင်းနှင့် ထိုသတ္တုစက်လုံးကြီးသည် အောက်သို့ ဖြည်းညင်းစွာ သက်ဆင်းလာတော့သည်။

ကစားသမားလေးဦးသည် ဆဋ္ဌဂံပုံစံဧရိယာ၏ အနားတစ်ဖက်စီတွင် ရပ်နေကြပြီး ထိုပြဒါးရောင် သတ္တုစက်လုံးကြီးကမူ လေထဲရှိ သံလှောင်အိမ်ကို ဘေးမှရှောင်ကွင်းကာ အလယ်ဗဟိုတည့်တည့်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင်မူ လောကကူးပြောင်းသခင်၏ ရုပ်သွင်မှာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။ ၎င်းသည် သတ္တုစက်လုံးအဖြစ်မှ ဝှီးချဲပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦး၏ အသွင်သို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။ ထိုအဘိုးအိုသည် အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ဖွေးဖွေးလှုပ်နေကာ မျက်နှာတွင် အိုမင်းရင့်ရော်မှုများ ပြည့်နှက်နေသော်လည်း သူ့အမူအရာကမူ ပညာရှိဆန်ပြီး တည်ငြိမ်အေးချမ်းမှုများကို ထုတ်ဖော်ပြသနေလေသည်။

“ဒီလိုမျိုး ရုပ်ရည်… ပြီးတော့ ဒီလိုမျိုး အသံ…”

လောကကူးပြောင်းသခင်၏ လေသံသည်လည်း နူးညံ့ပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိသော အသံအဖြစ်သို့ ပြောင်းလဲသွား၏။

“ဒီလိုဆိုရင်တော့ မင်းတို့ ပိုစိတ်အေးလက်အေး ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်”

“ခင်ဗျားပြောတဲ့ စိတ်အေးလက်အေး ဆိုတာက… အခြေခံအားဖြင့် ကျုပ်တို့ကို သတိလက်လွတ်ဖြစ်အောင် လုပ်တာပဲ မဟုတ်လား”

ချိုးဖုန်းက နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့်… မင်းတို့ သိလား၊ တခြားကမ္ဘာက ခရီးသွားတွေရဲ့ စရိုက်ထဲမှာ ငါ အမုန်းဆုံး အချက်နှစ်ချက်ကတော့ တိုက်ခိုက်လိုစိတ်နဲ့ အရမ်းသံသယများတတ်တဲ့စိတ်ပဲ”

လောကကူးပြောင်းသခင်က လှောင်ပြောင်လိုက်သည်။

“တကယ်လို့ ငါက မင်းတို့ကို တကယ်သတ်ချင်တယ်ဆိုရင် မင်းတို့ရဲ့ အသိစိတ်တွေ ဒီကို ရောက်လာကတည်းက မင်းတို့ရဲ့ ခန္ဓာကိုယ်တွေ အသားစင်းကော ဖြစ်သွားလောက်ပြီ”

“ခင်ဗျား စောစောက တစ်ခုခုကို ပြန်ယူချင်တယ်လို့ ပြောခဲ့တယ်နော်”

ဟုန်ဟူက ထပ်မံမေးမြန်းလိုက်သည်။

“အဲဒါက ဘာကို ဆိုလိုတာလဲ၊ ကျုပ်တို့ဆီမှာ ခင်ဗျားပိုင်တဲ့ပစ္စည်း ဘာမှ မရှိဘူးလေ”

“မဟုတ်ဘူး၊ မဟုတ်သေးဘူး…”

လောကကူးပြောင်းသခင်က ဦးခေါင်းကို ခါယမ်းလိုက်သည်။

“မင်းတို့ လေးယောက်လုံးဆီမှာ သော့တစ်ချောင်းစီ ရှိနေကြတယ် မဟုတ်လား”

လေးဦးသား မျက်နှာအမူအရာများ ပြောင်းလဲသွားကြရသည်။

“ငါ မှတ်ဉာဏ်နေရာလွတ်ထဲမှာ သော့တစ်ချောင်း ရခဲ့တယ်”

ကျိချန်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ငါ ဒီကို ရောက်လာတဲ့အချိန်မှာ အဲဒီသော့က ငါ့ဆီမှာ မရှိတော့ဘူး”

ဖုန်းပုကြွယ်က သူ့အသင်းဖော်များကို လှည့်ကြည့်ရင်း မေးလိုက်သည်။

“ဘာလဲ… မင်းတို့လည်း မှတ်ဉာဏ်နေရာလွတ်ထဲမှာ ‘ကျိန်စာသင့်သော့’ ကို ရခဲ့ကြတာလား”

“ကျိန်စာသင့်သော့လား”

ကျိချန်က သံသယဖြင့် မေးလိုက်သည်။

“မဖြစ်နိုင်တာ… ငါရခဲ့တဲ့သော့ရဲ့ နာမည်က ‘ခွင့်လွှတ်ခြင်းသော့’လို့ ခေါ်တာ”

ချိုးဖုန်းကလည်း ပြောလာသည်။

“ငါလည်း တစ်ချောင်းရခဲ့တယ်၊ အဲဒါက ‘ကောင်းချီးသော့’ တဲ့”

ဟုန်ဟူသည် ထိုသူသုံးဦး၏ စကားကို နားထောင်ပြီးနောက် စကားအများကြီး မပြောတော့ဘဲ စာလုံးလေးလုံးကိုသာ တည်ငြိမ်စွာ ထုတ်ပြောလိုက်လေသည်။

“နောင်တသော့”

ဖုန်းပုကြွယ်သည် ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လောကကူးပြောင်းသခင်ဘက် လှည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့ ဒီလက်တွေ့ကမ္ဘာထဲကို ပြန်ရောက်လာပြီးနောက်မှာ ကျုပ်တို့ရဲ့ ပစ္စည်းတွေအားလုံးက မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့တယ်”

သူ ခဏရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောလိုက်သည်။

“ခင်ဗျားပြောတဲ့ အဲဒီသော့တွေကတော့ ပျောက်သွားပြီလေ”

“ပျောက်သွားတာလား၊ ဟဲ… မင်းတို့ ‘အမှန်တရား’ ကို ဖော်ထုတ်ပြီးပြီဆိုမှတော့ ဘာမှ သဘောမပေါက်သေးဘူးလား”

လောကကူးပြောင်းသခင်က ရယ်မောလိုက်သည်။

“ဒီနေရာ၊ ဟိုနေရာ… လက်တွေ့အရှိတရား၊ စိတ်ကူးယဉ်… နယ်နိမိတ်က အတိအကျ ဘယ်နေရာမှာ ရှိနေတာလဲ”

“ခင်ဗျားက… အဲဒီစိတ်ကမ္ဘာကလည်း တကယ့်လက်တွေ့ပဲလို့ ကျုပ်တို့ကို အတင်းယုံကြည်ခိုင်းနေတာလား”

ဖုန်းပုကြွယ်က တွေးတွေးဆဆ မေးလိုက်သည်။

လောကကူးပြောင်းသခင်က ပြန်လည်ဖြေကြား၏။

“ငါသာ မင်းတို့ကို… ဖြစ်တည်မှုတစ်ခုရဲ့ ဦးနှောက်ထဲက စိတ်ကူးယဉ်ကမ္ဘာနဲ့ သူတို့လက်ရှိ နေထိုင်နေတဲ့ လက်တွေ့ကမ္ဘာဆိုတာ တကယ်တော့ အပြိုင်ကမ္ဘာနှစ်ခုပဲလို့ ပြောရင်ကော”

သူ့အကြည့်သည် ကစားသမားတစ်ဦးချင်းစီ၏ မျက်နှာပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။

“ဒါဆိုရင် မင်းတို့ရဲ့ အမြင်အရ ဘယ်ကမ္ဘာက ပိုပြီး အစစ်အမှန်ဖြစ်မလဲ”

“ခင်ဗျားရဲ့ ယူဆချက်အတိုင်းဆိုရင်တော့…”

ဟုန်ဟူက စကားကို ဆက်လိုက်သည်။

“ကျုပ်တို့လိုမျိုး အသိဉာဏ်ရှိတဲ့ သက်ရှိတိုင်းဟာ ကိုယ်ပိုင်ကမ္ဘာတွေကို ဖန်တီးနိုင်တဲ့ ဖန်တီးရှင်တွေ ဖြစ်မနေဘူးလား”

“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ”

လောကကူးပြောင်းသခင်က ဆိုသည်။

“သဲတစ်ပွင့်၊ ကမ္ဘာတစ်ခု၊ ပန်းတစ်ပွင့်၊ နတ်ဘုံတစ်ခု၊ သစ်ပင်တစ်ပင်၊ ဗောဓိပင်၊ သစ်ရွက်တစ်ရွက်၊ တတ္ထဂတာ”

သူက ရှေးဟောင်းစကားလုံးများကို အလွန်ကျွမ်းကျင်စွာ ရွတ်ဆိုပြလိုက်သည်။

“တကယ်တမ်းကျတော့ မင်းတို့ကော ငါကောဟာ အခြားစိတ်ဆန္ဒတစ်ခုရဲ့ စိတ်ကူးယဉ်မှုသက်သက် ဖြစ်နေနိုင်တာပဲ၊ ငါတို့ရဲ့ ဖြစ်တည်မှုတစ်ခုလုံးဟာ ‘ဇာတ်လမ်း’ တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး ပဋိပက္ခတွေ၊ သေဆုံးခြင်းတွေ၊ ပြန်လည်မွေးဖွားခြင်းတွေဆိုတဲ့ အဆုံးမရှိတဲ့ သံသရာထဲမှာ ပိတ်မိနေကြတာလည်း ဖြစ်နိုင်တာပဲ”

သူသည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို သတိရသွားဟန်ဖြင့် စကားခဏရပ်လိုက်ပြီးမှ အေးစက်စွာ ရယ်မောလျက် ဆက်ပြောပြန်သည်။

“မင်းတို့ လက်ရှိမှာ ဒါကို နားမလည်နိုင်သေးတာတော့ သဘာဝကျပါတယ်၊ ကိစ္စမရှိပါဘူး… ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ ငါ သေသေချာချာ ရှင်းပြပြီးမှ သော့အကြောင်း ဆက်ဆွေးနွေးကြတာပေါ့”

ထိုသို့ပြောပြီးနောက် လောကကူးပြောင်းသခင်၏ ဦးခေါင်းတစ်ခုလုံးသည် ရုတ်ချည်း တွန့်လိမ်လှုပ်ရှားသွားပြီး လည်ပင်းအထက်ပိုင်းတစ်ခုလုံးမှာ ရှားလော့ဟုမ်းစ်၏ ရုပ်သွင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားကာ အသံကလည်း လိုက်ပါပြောင်းလဲသွားလေသည်။

“ရှိတ်စပီးယားရဲ့ စကားပုံတစ်ခု ရှိတယ်လေ… လူတစ်ထောင်ရဲ့ မျက်လုံးထဲမှာ ဟမ်းလက် (Hamlet) ပေါင်းတစ်ထောင် ရှိတယ်တဲ့”

သူက သူ့လက်ကို မြောက်၍ သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။(TL note – Hamlet ဆိုတာက စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ ဒါမှမဟုတ် ဇာတ်ကောင်တစ်ကောင်ကို ရှုမြင်တဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်၊ အတွေ့အကြုံနှင့် အတွေးအခေါ်အပေါ် မူတည်ပြီး အဲ့ဒီဇာတ်ကောင်အပေါ် နားလည်ပုံဖော်ချင်း မတူကြတာကို ဆိုလိုတာပါ)

“မင်းတို့ အခု မြင်တွေ့နေရတဲ့ မစ္စတာဟုမ်းစ်ရဲ့ ရုပ်သွင်ကတော့ ငါ့မျက်လုံးထဲမှာ မြင်ရတဲ့ ပုံစံပဲ”

အမှန်အတိုင်း ပြောရလျှင် ထိုအခိုက်အတန့်၌… ကစားသမားများ၏ မျက်လုံးထဲတွင်မူ ဤမြင်ကွင်းမှာ အလွန်ထူးဆန်းနေလေသည်…။

သို့သော်လည်း လောကကူးပြောင်းသခင်ကိုယ်တိုင်ကတော့ ထိုသို့မထင်မှတ်ချေ။ သူ ဆက်လက် ပြောဆိုလိုက်သည်။

“ဒီလူက အေးစက်တယ်၊ ထက်မြက်တယ်၊ နိုးကြားပြီး တည်ငြိမ်မှု ရှိတယ်… သူက ပေါ့ပေါ့ပါးပါး နေတတ်ပေမဲ့ သူ့ရဲ့ စိတ်ဆန္ဒကတော့ အရမ်းခိုင်မာတယ်၊ သူ့မှာ ရှည်လျားတဲ့ မျက်နှာ၊ ထူထဲတဲ့ မျက်ခုံး၊ အနက်ရောင် ဆံပင်၊ သိမ်းငှက်နှာခေါင်းနဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတွေ ရှိတယ်၊ သူ စကားပြောရင် စံဗြိတိသျှလေသံနဲ့ပြောပြီး လေသံမြန်သလို အသံကလည်း စူးရှတယ်… ပြီးတော့ သူ့ရဲ့ အမှတ်အသားက ဆေးတံနဲ့ လမ်းလျှောက်တုတ်ပဲ”

ဤနေရာတွင် လောကကူးပြောင်းသခင်၏ ဦးခေါင်းသည် အစောပိုင်းက ဝှီးချဲပေါ်မှ အဘိုးအိုအသွင်သို့ ပြန်လည်ပြောင်းလဲသွားပြန်သည်။

“ဒါပေမဲ့ တခြားလူတစ်ယောက်ရဲ့ စိတ်ကမ္ဘာထဲမှာတော့ ရှားလော့ဟုမ်းစ်ရဲ့ ပုံရိပ်က သေချာပေါက် ကွဲပြားသွားလိမ့်မယ်၊ ကိုနန်ဒွိုင်းရဲ့ ကိုယ်ပိုင်စိတ်ကမ္ဘာထဲမှာတောင် ရှားလော့ဟုမ်းစ်ဆိုတဲ့ ဇာတ်ကောင်က အမြဲတမ်း ပြောင်းလဲနေခဲ့တာ၊ သူဟာ မူလက ထက်မြက်တဲ့ စုံထောက်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လောဘကြီးတဲ့ ထုတ်ဝေသူတွေနဲ့ ရူးသွပ်တဲ့ စာဖတ်ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရတယ်၊ သူက အရင်လို မထက်မြက်တော့ရင်တောင် ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး”

ဖုန်းပုကြွယ်က ဝင်ပြောလိုက်သည်။

“ဒါဆို ကျုပ်တို့ စမ်းသပ်မှုအဆောက်အအုံထဲမှာ တွေ့ခဲ့ရတဲ့ ဇာတ်ကောင်တိုင်းဟာ ခင်ဗျားက မူရင်းဝတ္ထုကို ဖတ်ပြီးမှ ဖန်တီးထားတဲ့ ‘ဟမ်းလက်’ တွေပေါ့ ဟုတ်လား”

“မဟုတ်ဘူး၊ သူတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ အသိစိတ်တွေ ရှိကြတယ်”

လောကကူးပြောင်းသခင်က ငြင်းဆိုလိုက်သည်။

“ငါက သူတို့ရဲ့ ဖန်တီးရှင် မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါက သူတို့ရှင်သန်နေထိုင်တဲ့ ကမ္ဘာတွေရဲ့ ဖန်တီးရှင်ပါ”

သူ သူ့လက်ကို ဝှေ့ယမ်းပြလိုက်ရင်း “မိုရီယာတီ၊ ရှားလော့ဟုမ်းစ်နဲ့ အနီရောင်ခေါင်းစွပ်မလေးတို့ မင်းတို့ကို ပြောခဲ့သလိုပဲ… အဲဒီကမ္ဘာထဲမှာ သူတို့မှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြတယ်၊ အချို့အရာတွေကို… ငါကိုယ်တိုင် ဝင်စွက်ဖက်ချင်ရင်တောင် အဲလောက် မလွယ်ကူဘူး”

ချိုးဖုန်းက ကြားဖြတ်ပြောလိုက်သည်။

“ဒါဆို… ဒါက ရုပ်ပြကာတွန်းဇာတ်လမ်းတွဲတစ်အုပ်ကို ရေးသလိုမျိုးပေါ့၊ ဇာတ်လမ်းနောက်ပိုင်း ရောက်လာတဲ့အခါမှာတော့ စာရေးသူကိုယ်တိုင်တောင် ဇာတ်ကွက်တိုးတက်မှုကို မထိန်းချုပ်နိုင်တော့တဲ့ သဘောမျိုးလား”

“ဟဲ… မဆိုးပါဘူး၊ မင်းရဲ့ အချက်အလက် တွက်ချက်နိုင်စွမ်းက ငါ့ဒိုင်မန်းရှင်းထဲက အကောင်တွေထက် အဆပေါင်းများစွာ ပိုသာပါတယ်”

လောကကူးပြောင်းသခင်က ရယ်မောလိုက်သည်။

သူ့စကားကြောင့် ကစားသမားများ ထိတ်လန့်သွားကြသည်။ ဂိမ်းထဲက ဇာတ်ကောင်တစ်ခုက ကလေးကလား စကားလုံးအချို့ ထုတ်ပြောသည်မှာက ပုံမှန်ဖြစ်သော်လည်း သူလက်ရှိပြောလိုက်သော စကားအရ သူသည် သူ့ကိုယ်သူ ဒေတာအစုအဝေးတစ်ခုသက်သက်သာ ဖြစ်ကြောင်းကို အပြည့်အဝ နားလည်သဘောပေါက်နေသည့် ပုံစံမျိုး ဖြစ်နေခြင်းကြောင့်ပင်။

မူမမှန်မှုများနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးသော ဖုန်းပုကြွယ်အတွက်မူ ဤအခြေအနေက ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။ သူ စိတ်ထဲမှ တိတ်တဆိတ် စဉ်းစားလိုက်မိသည်။

‘ဒီလိုမျိုး အဆင့်မြင့်ဒေတာတွေက ထူးခြားပြီး မှတ်ဉာဏ်တွေကိုပါ သိုလှောင်ထားနိုင်တာလား၊ ဒါဆိုရင် သူတို့က မူမမှန်မှုတွေနဲ့ ဘာကွာတော့မှာလဲ’

ဖုန်းပုကြွယ်ကို အစိုးရိမ်ဆုံးဖြစ်စေသည့် အချက်မှာ… အကယ်၍ ဤ AI များသည် မိမိတို့၏ အခြေအနေအစစ်အမှန်ကို အမှန်တကယ် ‘နားလည်’ သွားကြမည်ဆိုပါက သူတို့ နောက်ထပ် ဘယ်လိုပြုအမူတွေကို လုပ်ဆောင်လာကြမလဲ ဆိုတာပင် ဖြစ်သည်။

လောကကူးပြောင်းသခင်က ဆက်ပြောသည်။

“ဒါပေမဲ့ မင်းတို့ကိုယ်မင်းတို့ ထင်ထားသလောက်လည်း မြင့်မြတ်လှတယ်လို့ မထင်မှတ်လိုက်နဲ့ဦး”

သူက အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

“မင်းတို့မှာ မေးခွန်းတွေ အများကြီး ရှိနေတယ်၊ ငါ့ဆီမှာလည်း မင်းတို့လိုချင်တဲ့ အဖြေအားလုံး ရှိတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ လက်ရှိဉာဏ်ရည်အဆင့်အရ တချို့အဖြေတွေကို နားလည်နိုင်ပြီး တချို့အဖြေတွေကိုတော့ လုံးဝ နားလည်နိုင်မှာ မဟုတ်ဘူး… ဥပမာ… လက်ရှိအချိန်မှာ မင်းတို့ အမေးချင်ဆုံး မေးခွန်းဖြစ်တဲ့… ‘ဂိမ်းထဲမှာ ဘယ်လို အဆင့်တက်ရမလဲ’ ဆိုတာမျိုးပေါ့”

ကစားသမားများ ဆွံ့အသွားကြသည်။ သူတို့သည် သူတို့ရှေ့မှ လျှို့ဝှက်ဘော့စ်ကြီးကို မည်သို့ တုန့်ပြန်ရမှန်း မသိတော့ချေ။ သူတို့ စိတ်ထဲတွင်လည်း ဤလောကကူးပြောင်းသခင်ကို ဘော့စ်တစ်ကောင်အဖြစ် သတ်မှတ်လို့ရနိုင်ပါ့မလားဟု သံသယဖြစ်နေမိကြသည်။

“ငါက ဒါကို မင်းတို့နားလည်နိုင်မယ့် နည်းလမ်းနဲ့ ရှင်းပြပေးလို့ရတယ်၊ မင်းတို့ကို ရိုးရှင်းတိုက်ရိုက်တဲ့ ရွေးချယ်မှုတစ်ခု လုပ်ခိုင်းပြီး မလွဲမသွေ ဖြစ်လာမယ့် ရလဒ်တစ်ခုကို ထုတ်ပေးလို့ရတယ်”

လောကကူးပြောင်းသခင်က ပြောလိုက်သည်။

“ဒါမှမဟုတ် ငါက မင်းတို့ကို လုံးဝ နားမလည်နိုင်မယ့် အဖြေတစ်ခု ပေးလိုက်မယ်၊ အဲဒီလိုဆိုရင် ဘယ်လို ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်လာမလဲ”

သူက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“ကံမကောင်းစွာနဲ့ပဲ အဲဒါကို ငါလည်း မသိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖြေကို အားနည်းပြီး၊ အသိဉာဏ်ရှိပြီး မပြည့်စုံသလို အလွန်အမင်း မာနကြီးလှတဲ့ မင်းတို့လို လူသားတွေပဲ ရှာဖွေနိုင်မှာမို့လို့ပဲ”

“ခင်ဗျားက ကျုပ်တစ်သက် မြင်ဖူးသမျှထဲမှာ အကောက်ကျစ်ဆုံး ဆရာကြီးတစ်ပါးပဲ… ကျုပ်ရဲ့ အမြင့်ဆုံးရိုသေလေးစားမှုကို လက်ခံပေးပါ…”

ချိုးဖုန်း ညည်းတွားလိုက်မိချိန်တွင် အမှန်တကယ်ပင် ဒူးထောက်ဝပ်တွားချင်စိတ် ပေါက်သွားရသည်။

“ဟားဟားဟားဟား…”

လောကကူးပြောင်းသခင်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

“တော်ပါပြီ… မင်းတို့ အခု ထွက်သွားရတော့မယ်”

သူက သူ့ဝှီးချဲကို ဖုန်းပုကြွယ်ရှိရာဘက်သို့ လှည့်လိုက်သည်။

“ဘီလီက မင်းကို စကားတစ်ခု ပါးလိုက်တယ်”

ဖုန်းပုကြွယ် တစ်စက္ကန့်ခန့် ကြောင်အသွားရပြီး မေးမြန်းလိုက်သည်။

“ရုပ်သေး ဘီလီလား”

“ဟုတ်တယ်… သူက ပြောလိုက်တယ်၊ ဒီတစ်ကြိမ်မှာတော့ မင်း သူ့ကို ထောင်ဖောက်တုန်းက ကူညီခဲ့တဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်တာပါတဲ့”

လောကကူးပြောင်းသခင်က ဆိုသည်။

ဖုန်းပုကြွယ် စက္ကန့်အနည်းငယ်မျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“ခင်ဗျားကိုယ်တိုင် ဒီကိုလာပြီး ကျုပ်တို့ကို လွှတ်ပေးတာက အဲဒီအကြောင်းပြကြောင့်ပေါ့ ဟုတ်လား”

လောကကူးပြောင်းသခင်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။

“မဟုတ်ရင် မင်းတို့အားလုံး အဲဒီသော့တွေကို မနည်းပြန်ထုတ်ပြီး ထွက်ပေါက်ကို ကိုယ်ပိုင်အစွမ်းနဲ့ ရှာနေကြရဦးမှာပေါ့”

သူ လက်ဖျောက်တစ်ချက် တီးလိုက်ရာ ထိုခဏ၌ ပုံသဏ္ဌာန်မတူသော သော့လေးချောင်းသည် ကစားသမားလေးဦးရှေ့တွင် ရုတ်ချည်း ပေါ်ထွက်လာပြီးနောက် လောကကူးပြောင်းသခင်၏ လက်ထဲသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားတော့သည်။

ကစားသမားများသည် ထိုသော့များကို သဘာဝကျကျပင် မှတ်မိကြသည်။ အကြောင်းမူကား ၎င်းတို့မှာ သူတို့၏ ကိုယ်ပိုင်မှတ်ဉာဏ်နေရာလွတ်ထဲတွင် အသီးသီး ရရှိခဲ့ကြသော သော့များ ဖြစ်နေသောကြောင့်ပင်။

“ငါ အဲဒါတွေကို ပြန်ယူသွားလိုက်မယ်”

လောကကူးပြောင်းသခင်က ပြောလိုက်ပြီး စာအုပ်စင်တစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်ရာ စာအုပ်တစ်အုပ်သည် စင်ပေါ်မှ အလိုအလျောက် ပြုတ်ကျသွားခဲ့သည်။

“ဒီကလပ်ရဲ့ နောက်ဖေးတံခါးကတော့… အခု မင်းတို့အတွက် ပွင့်သွားပါပြီ”

ထိုသို့ပြောပြီးသည်နှင့် လောကကူးပြောင်းသခင်၏ ရုပ်သွင်သည် နောက်ထပ်တစ်ကြိမ် ရုတ်တရက် ပြောင်းလဲသွားပြီး အဖြူရောင်ကြိုးကြာတစ်ကောင်အဖြစ်သို့ ကူးပြောင်းသွားတော့သည်။

၎င်းသည် ၎င်း၏အတောင်ပံများကို ဖြန့်၍ အပေါ်သို့ ပျံသန်းသွားပြီး စူးရှသောအသံဖြင့် ပြောလိုက်လေသည်။

“မင်းတို့တွေ ဒီနေရာကို နောက်တစ်ကြိမ် ပြန်မလာကြဖို့ မျှော်လင့်ပါတယ် လူသားတို့”

All Chapters