အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅) ကြက်ဥပုတ်များ
အဖြူရောင်အလင်းတန်းကြီး လင်းထိန်သွားသည်နှင့် ဖုန်းပုကြွယ်သည် လော့ဂ်အင်နေရာသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ထိတွေ့မျက်နှာပြင်ပေါ်တွင် ဇာတ်လမ်း၏ ဆုလာဘ်အခြေအနေများ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
“ဇာတ်လမ်း ပြီးဆုံးပါပြီ၊ ဆုလာဘ်များ တွက်ချက်နေပါသည်...”
“ရရှိသော အတွေ့အကြုံရမှတ် (Exp) - ၁၂၀,၀၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၀,၀၀၀”
“ရရှိသော အိုင်တမ်/ပစ္စည်းကိရိယာ - မရှိ”
“ပြီးမြောက်ခဲ့သော/လက်ခံခဲ့သော တာဝန် - ၃/၃”
“ပြီးမြောက်ခဲ့သော အထူး/လျှို့ဝှက်တာဝန် - ၀၊ ကမ္ဘာ့အမြင် ချိုးဖျက်မှု - ဦးနှောက် ပိတ်လှောင်ခြင်း”
“ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀ ၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှကြောက်ရွံ့မှုတန်ဖိုး - ၀%”
“သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ "သတ္တိခဲ" ဖြစ်သဖြင့် အပိုဆုလာဘ်တစ်ခု ရရှိနိုင်ပါသည်၊ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပါ”
“ရရှိသော စကေးအမှတ် - ၃၅၈၀”
“စကေးအမှတ်မှ ရရှိသော အပိုဆောင်းအတွေ့အကြုံ - ၃၅,၈၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၀,၀၀၀”
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - သင်ယူနိုင်သော စကေးကတ် တစ်ကတ်ကို ကျပန်းမဲနှိုက်ခွင့်”
“တွက်ချက်မှု ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ”
ထိုအချိန်တွင် စနစ်၏ အသိပေးချက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သင်သည် အဆင့် ၂၉ သို့ ရောက်ရှိသွားပါပြီ၊ သင်၏ သက်လုံပမာဏ မှာ ၂၉၀၀/၂၉၀၀ သို့ တိုးမြင့်သွားပါပြီ”
“အင်း... နောက်ဆုံးတော့ ငါလည်း အဆင့် ၂၉ ကို ရောက်သွားပြီပဲ...”
ဖုန်းပုကြွယ်က ဂိမ်းမီနူးကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
သူနှင့် သူ့အသင်းဖော်သုံးဦးတို့သည် စုံထောက်ကလပ်ထဲမှ ထင်မှတ်မထားလောက်အောင် လွယ်ကူစွာဖြင့် ထွက်ခွာနိုင်ခဲ့ကြခြင်း ဖြစ်သည်။
‘လောကကူးပြောင်းသခင်’ ပျံသန်းထွက်ခွာသွားပြီးနောက် သူတို့သည် အံ့ဩတုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး နှုတ်ဆိတ်မှုကို ဖြိုခွဲနိုင်ရန် တစ်မိနစ်ကျော်ခန့် အချိန်ယူခဲ့ရသည်။
လေးဦးသား အစောပိုင်းက အခြေအနေကို ခေတ္တမျှ ဆွေးနွေးခဲ့ကြပြီး ဖုန်းပုကြွယ်ကလည်း ရုပ်သေး ဘီလီနှင့် တွေ့ခဲ့ရပုံကို အကျဉ်းချုပ် ရှင်းပြလိုက်ရာမှ ဘော့စ်၏ နောက်ဆုံးစကားများကို သဘောပေါက်သွားကြတော့သည်။ သို့သော်ငြား ဤလျှို့ဝှက်ဘော့စ်ကြီးတွင် ကစားသမားများကို ဇဝေဇဝါဖြစ်စေသည့် ဆန်းကြယ်သော အချက်အလက်များစွာ ရှိနေဆဲပင် ဖြစ်သည်။
ထို့နောက်တွင် သူတို့သည် ဘော့စ်ညွှန်ပြခဲ့သည့် စာအုပ်ကို ကောက်ယူကာ ‘နောက်ဖေးတံခါး’ ဟု ခေါ်ဆိုသည့်အရာက ဘာကိုဆိုလိုသည်ကို ကြည့်ရှုရန် ပြင်လိုက်ကြသည်။ ထင်မှတ်မထားသည်က ထိုစာအုပ်ကို ဖွင့်လိုက်သည့် ခဏ၌ပင် လူလေးဦးလုံးသည် ဖရိုဖရဲဖြစ်နေပြီး ပုံပျက်နေသော နေရာလွတ်တစ်ခုဆီသို့ တယ်လီပို့ ခံလိုက်ရကာ အဓိကတာဝန်ပြီးမြောက်သွားပြီဖြစ်ကြောင်းနှင့် စက္ကန့် ၁၈၀ အတွင်း နောက်ထပ်တစ်ကြိမ် တယ်လီပို့ ထပ်မံလုပ်ဆောင်တော့မည်ဖြစ်ကြောင်း စနစ်၏ အသိပေးချက်ကို ရရှိခဲ့ကြလေသည်။
“အင်း... ငါ အဲဒီစာအုပ်ကို မဖွင့်ခဲ့သင့်ဘူး”
ဖုန်းပုကြွယ်သည် အနည်းငယ် မကျေမနပ်ဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“အဲဒီ စုံထောက်ကလပ်ထဲမှာ အဖိုးတန်အချက်အလက်တွေ အများကြီး ရှိနေပုံရတာကို...”
ဤလောကကူးပြောင်းသခင်သည် ဂိမ်းတစ်ခုလုံးတွင် အလွန်ကြီးမားသော အရေးပါမှုရှိပြီး နတ်ဘုရားမဏ္ဏိုင်လေးပါးထက်ပင် ပိုတန်ဖိုးရှိနိုင်သည်ဟု သူမရေမရာ ခံစားလိုက်မိသည်။
ထို့နောက်တွင် အသိပေးချက်အသံ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။ ဖုန်းပုကြွယ်၏ အာရုံက မျက်နှာပြင်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။
ထင်မှတ်မထားဘဲ ချိုးဖုန်းစီ (ဆောင်းဦးလေညင်း၏ သက်ပြင်း) နှင့် ကျိချန် (ပညာရှိစကားများ) တို့ထံမှ သူငယ်ချင်းအဖြစ် အပ်နှံလာသော တောင်းဆိုချက်များ ရောက်ရှိလာခြင်း ဖြစ်သည်။
ဟုန်ဟူကမူ အစ်ကိုကြွယ်ထံသို့ သူငယ်ချင်းအဖြစ် လာမအပ်ခဲ့ချေ။ သူ့စရိုက်သည် ဖုန်းပုကြွယ်နှင့် အတော်လေး တူညီပုံရသည်။
ဖုန်းပုကြွယ် ခဏ စဉ်းစားလိုက်ပြီးနောက် လက်ခံလိုက်လေသည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ သူငယ်ချင်းစာရင်းထဲရှိ လူစာရင်းသည် အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှပြီ ဖြစ်သည်။ အစောပိုင်းက သျှီဝ၊ ခုနစ်ထွေသတ်ဖြတ်ခြင်းနှင့် အရိပ်ဘုရင် (ကျောက်ရင်းဝမ်) တို့အပါအဝင် ဤလူစာရင်းသည် အောစတားအသင်း (All-star Team) တစ်သင်း ဖွဲ့စည်းရန်ပင် လုံလောက်နေပြီ ဖြစ်သည်။
သူငယ်ချင်းများ ထည့်သွင်းပြီးနောက်တွင် သူသည် ကျန်ရှိနေသော ဆုလာဘ်များကို သိမ်းဆည်းရန်အတွက် လော့ဂ်အင်ဓာတ်လှေကားထဲမှ ထွက်ကာ သိုလှောင်ခန်းဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရုတ်တရက် သူသတိပြုမိသွားသည်။
“နေပါဦး... ဘီလီက လျှို့ဝှက်ဇာတ်လမ်းကို ဖျက်ဆီးပစ်လိုက်တာနဲ့ တူနေသလိုပဲ”
သူ ခေါင်းကို စောင်းရင်း ရေရွက်လိုက်သည်
“အဲဒီလောကကူးပြောင်းသခင် ပြောသွားတဲ့ စကားအရဆိုရင် ဘီလီက ငါ့အတွက် အသနားခံပေးခဲ့လို့ အဲဒီလျှို့ဝှက်ဘော့စ်က ငါတို့ကို လွှတ်ပေးခဲ့တာ မဟုတ်လား”
“တကယ်လို့ ဘီလီရဲ့ အကူအညီသာ မပါခဲ့ရင် လောကကူးပြောင်းသခင်က ငါတို့ရဲ့ ရန်သူအနေနဲ့ ပေါ်လာမှာ ဒါမှမဟုတ် လုံးဝပေါ်လာမှာ မဟုတ်ဘူး”
ဖုန်းပုကြွယ် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်မိသည်။
“အဲဒီလို အခြေအနေမျိုးဆိုရင် ငါတို့က ပဟေဠိကို ကိုယ်တိုင်ဖြေရှင်းရမယ်၊ သော့လေးချောင်းကို နောက်တစ်ကြိမ် ပြန်ဖန်တီးယူဖို့ ကြိုးစားရမယ်၊ ပြီးမှ စုံထောက်ကလပ်ကနေ လွတ်မြောက်အောင် လုပ်ရမယ်၊ ဒါမှမဟုတ်လည်း... ငါတို့က လောကကူးပြောင်းသခင်ကို လိုက်ရှာပြီး သတ်ပစ်လိုက်ရုံပဲ”
ဒါကတော့ ဖုန်းပုကြွယ်ရဲ့ တွေးခေါ်ပုံတွေးခေါ်နည်းပါပဲ။ တစ်နည်းအားဖြင့် ကျေးဇူးကန်းတတ်တာပေါ့...။
တကယ်တမ်းတွင် ဘီလီသည် ယခုတစ်ကြိမ်တွင် သူ့အား အလွန်ကြီးမားသော အကူအညီတစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။ သိသာသည်သည်မှာ စစ်မှန်သော ‘ဘော့စ်’ ကို အနိုင်ယူပါ သို့မဟုတ် စုံထောက်ကလပ်မှ လွတ်မြောက်အောင်လုပ်ပါ ဆိုသည့် တာဝန်အတွက် ဒုတိယရွေးချယ်မှုကိုသာ ရွေးချယ်နိုင်ပေသည်။ လောကကူးပြောင်းသခင်၏ စွမ်းအားမှာ အစောပိုင်းက X-23 ဖော်ပြခဲ့ဖူးသကဲ့သို့ နတ်ဘုရားမဏ္ဏိုင်လေးပါးပြီးလျှင် ဒုတိယအဆင့်၌သာ ရှိသည်။ ၎င်းသည် သည်းထိတ်ရင်ဖို သုခဘုံထဲမှ ကမ္ဘာ့အဆင့်မီ ဘော့စ်တစ်ကောင် ဖြစ်ပြီး ၎င်း၏ ဒေတာများက ထူးခြားပြီး ဂိမ်းကမ္ဘာတစ်ခုလုံး၏ ပြောင်းလဲမှုများနှင့် နီးကပ်စွာ ဆက်နွှယ်နေခြင်းဖြစ်သည်။
ထိုသို့ပြောရလျှင်တော့ ပိုရှင်းလင်းသွားပေလိမ့်မည်...။ သူ့ကို သတ်ပစ်ဖို့ စဉ်းစားမည့်အစား အဆင့်အမြင့်ဆုံးရောက်နေပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အစွမ်းထက် ကစားသမား ခြောက်ဦးကို အရင်စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပေလိမ့်မည်။
လက်ရှိ ဂိမ်း၏ တိုးတက်မှုအခြေအနေအရ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးမှ ရှိနေသော ကစားသမားခြောက်ဦး စုပေါင်းတိုက်ခိုက်လျှင်ပင် ထိုကောင်ကို အနိုင်ယူနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
ဖုန်းပုကြွယ်၏ လောကကူးပြောင်းသခင်ကို သတ်ပစ်ရန် ရည်ရွယ်ချက်မှာ လုံးဝ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ အစ်ကိုကြွယ်သည် ယခုအချိန်အထိ ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ရမှု နည်းပါးသေးခြင်းကြောင့်ဖြစ်ပြီး ဆမ်မွန်တီယာ နှင့် ဘီလီ ကဲ့သို့သော ဘော့စ်အဆင့်ရှိ မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရချိန်တွင်လည်း တစ်ခါမှ ဆုံးရှုံးမှု မရှိခဲ့ဖူးခြင်းကြောင့်ပင်။ ထို့ကြောင့် သူသည် တာဝန်များတွင် ဖော်ပြထားသည့် မည်သည့်ဘော့စ်ကိုမဆို သတ်ပစ်နိုင်သည်ဟူသော အထင်မှားတစ်ခု ရှိနေခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ဆာဗာစတင်ဖွင့်လှစ်ကတည်းက သည်းထိတ်ရင်ဖို သုခဘုံထဲတွင် နတ်ဘုရားမဏ္ဏိုင်လေးပါးကို တိုက်ရိုက်ရင်ဆိုင်ဖူးသည် ကစားသမား တစ်ယောက်မှ မရှိသေးချေ။
ဖိုရမ်များတွင် ဂိမ်း၏ နောက်ခံသမိုင်းကြောင်းများနှင့် ပတ်သက်၍ မကြာခဏ ဆွေးနွေးမှုများ ရှိနေတတ်ပြီး လူအများအပြားက နတ်ဘုရားလေးပါးအကြောင်းကို အသေးစိတ်ကျကျ ဖော်ပြချက်များဖြင့် စုစည်းတင်ပြထားကြသော်လည်း အားလုံးမှာ သွယ်ဝိုက် သက်သေအထောက်အထားများသာ ဖြစ်ပြီး ဘယ်သူမှ အမှန်တကယ် မတိုက်ခိုက်ဖူးကြချေ။
စနစ်က ဇာတ်လမ်းတစ်ခုကို ဖန်တီးပေးချိန်တွင်လည်း အဆင့် ၃၀ ဝန်းကျင် သို့မဟုတ် အဆင့် ၃၀ အောက်သာ ရှိသေးသည့် ကစားသမားများကို နတ်ဘုရားမဏ္ဏိုင်လေးပါးကို စိန်ခေါ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။ အလွန်ဆုံးရှိလှ စာသားအချို့တွင် ဖော်ပြခံရရုံ သို့မဟုတ် ဇာတ်လမ်းထဲတွင် ခဏပြသရုံသာ ရှိပေလိမ့်မည်။
ဖုန်းပုကြွယ် အချိန်သခင်နှင့် ဆုံတွေ့ခဲ့ရသည့် ဇာတ်လမ်းကဲ့သို့ပင် သူသည် အသံသာ ကြားခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သူ အချိန်သခင်နှင့် အသေအကြေ တိုက်ခိုက်ချင်လျှင်ပင် မည်သို့တိုက်ခိုက်ရမည်မှန်း သိမည်မဟုတ်ပေ။
…
“ကောင်းပြီ... ဒီတစ်ခါတော့ ငါဘာနှိုက်မိမလဲဆိုတာ ကြည့်ရအောင်”
ဖုန်းပုကြွယ်သည် ပထမဖန်တိုင်ဆီသို့ သွားလိုက်ပြီး ဇာတ်လမ်းပြီးမြောက်ခြင်းဆုလာဘ်ကို နှိုက်လိုက်သည်။
သူ၏ ကျွမ်းကျင်မှုအဆင့်များမှာ ယေဘုယျအားဖြင့် မြင့်မားနေသဖြင့် “သင်ယူနိုင်သော” စကေးကတ်များသည် မည်သည့်ကျွမ်းကျင်မှုအမျိုးအစားမှမဆို ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း လက်ရှိအချိန်၌ ဖုန်းပုကြွယ် အလိုချင်ဆုံးအရာမှာ ဆင့်ခေါ်ခြင်းစကေးတစ်ခုသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့်... သူ့တွင် ထိုကံကောင်းခြင်းမျိုး ရှိမနေပါချေ...။
အမည် - ပုပ်စော်နံသော ကြက်ဥ “ဗုံး”
စကေးကတ် ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ တစ်ကြိမ်သုံးပြီးနောက် ပျောက်ကွယ်သွားမည်
စကေးအမျိုးအစား - ပစ်ခတ်ခြင်း
အကျိုးသက်ရောက်မှု - ပစ်မှတ်ဆီသို့ ကြက်ဥပုတ်တစ်လုံးဖြင့် ပစ်ခတ်မည်၊ ၎င်းသည် အလွန်ကြီးမားသော ရန်ငြိုးကို ဖြစ်ပေါ်စေပြီး ပစ်မှတ်ကို လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်လိမ့်မည် (ဤစကေးကို ပစ်ခတ်ရေးလက်နက်တစ်ခုခု အသုံးပြု၍ အသက်သွင်းရမည်ဖြစ်ပြီး လက်နက်အမျိုးအစား ကန့်သတ်ချက် မရှိပါ)
ကုန်ကျမှု - သက်လုံ ၁
သင်ယူရန် လိုအပ်ချက် - ပစ်ခတ်ရေး ကျွမ်းကျင်မှုအဆင့် D
မှတ်ချက် - ကစားသမားများအပေါ် အသုံးပြု၍မရပါ။ စကားချပ် - လူအများစုက ငါ့ကို ဒီကျွမ်းကျင်မှုကို ဒီဇိုင်းဆွဲတုန်းက ရူးနေပြီလို့ ပြောကြတယ်၊ ဒါပေမဲ့ နည်းပညာဌာနက ဘော့ဘ်ကတော့ ဒါက မဆိုးပါဘူးလို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ဒေတာအစုအဝေးတိုင်းက ထုတ်လုပ်နိုင်တာ မဟုတ်ဘူးလေ၊ ဒါကြောင့် ဒီစာသားကို ဘယ်သူမှ မြင်လောက်မှာ မဟုတ်ပါဘူး။
“ဒါ ဘာအမှိုက်ကြီးလဲကွာ...”
ဖုန်းပုကြွယ်က မကျေမနပ် ရေရွတ်လိုက်မိသည်။
“ဒီလို အသုံးမဝင်တဲ့အာနိသင်... ပြီးတော့ တစ်ကြိမ်တည်းသုံးရတဲ့ စကေးမျိုးတဲ့လား၊ တကယ်ကြီး လိမ်ခံလိုက်ရတာပဲ”
သူသည် ထိုစကေးကတ်ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ချင်သော်လည်း ၎င်းက တစ်ခါသုံးစကေးဖြစ်ခြင်းကြောင့် သူ၏ စကေးဘားတွင် အချိန်အကြာကြီး နေရာယူထားလိမ့်မည် မဟုတ်ကြောင်း ပြန်တွေးတောမိသွားသည်။ ထို့အပြင် ၎င်း၏ အကျိုးသက်ရောက်မှုသည် အလွန်ဆိုးရွားလှသဖြင့် သူ ပြန်လည်ရောင်းချလျှင်ပင် ဘယ်သူမှ ဝယ်ကြမည်မဟုတ်ရာ လက်ရှိအချိန်၌ သင်ယူထားလိုက်ခြင်းက ဆုံးရှုံးစရာ မရှိချေ။