အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) ဆင့်ခေါ်မန္တန်တစ်ခု ဝယ်ယူခြင်း
“ဇာတ်လမ်းရှည်ကြီးတစ်ခုကို ဆော့ပြီးတော့ ရလာတဲ့ရလဒ်က ဒါကြီးလား...”
ဖုန်းပုကြွယ်တစ်ယောက် ဒုတိယမြောက် ဖန်တိုင်ရှေ့တွင် ရပ်ရင်း ရေရွတ်လိုက်သည်။
“မှတ်ချက်ထဲက ‘စကားချပ်’ ဆိုတာက ဘာကြီးလဲ... ဒါ ပရိုဂရမ်မာတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ထားတဲ့ ဟာသလား၊ အမှန်အတိုင်းပြောရရင် ဒါက ဖျက်ပစ်သင့်တဲ့ ဒေတာတစ်ခုပဲ”
“ကျေးဇူးပြု၍ သင်၏ အပိုဆုလာဘ်ကို ရွေးချယ်ပါ - ၁။ သင်၏အဆင့်နှင့် ကိုက်ညီမည့် ပစ္စည်းကိရိယာတစ်ခုကို ကျပန်းမဲနှိုက်ခြင်း၊ ၂။ ဂိမ်းဒင်္ဂါး ၅၀,၀၀၀၊ ၃။ အတွေ့အကြုံ ၁၁၆,၀၀၀”
ရင်းနှီးနေသောဝင်းဒိုးတစ်ခုက ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ ချက်ချင်း မရွေးချယ်သေးပေ။
“ငါ့ရဲ့ လက်ရှိ အတွေ့အကြုံမှတ်က ၁၃၄,၃၀၀/၂၉၀,၀၀၀ ရှိတယ်၊ တကယ်လို့ အတွေ့အကြုံမှတ် ၁၁၆,၀၀၀ ကို ပေါင်းလိုက်ရင်...”
ဖုန်းပုကြွယ် စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်သည်။
“၂၅၀,၃၀၀... အဆင့် ၃၀ ရောက်ဖို့ အတွေ့အကြုံမှတ် ၄၀,၀၀၀ နီးပါး လိုနေသေးတာပဲ”
သူ စဉ်းစားလိုက်သည်။
“အခု အတွေ့အကြုံမှတ်ကို ယူလိုက်ရင်တောင် အဆင့်တက်ဖို့ လုံလောက်မှာ မဟုတ်ဘူး၊ နောက်ထပ် ဇာတ်လမ်းတစ်ခုလေက် ဆော့ဖို့ လိုနေဦးမှာပဲ၊ အဲဒီတော့ ပစ္စည်းကိရိယာပဲ စွန့်စားပြီး နှိုက်ကြည့်လိုက်ရင် ကောင်းမလား...”
အဆင့်ချိုးဖျက်၍ ရခဲ့သော စကေးကတ်ဆုလာဘ်က သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့သဖြင့် ဖုန်းပုကြွယ်သည် လောင်းကစားသမားတစ်ဦး၏ စိတ်ဓာတ်မျိုး ဝင်လာကာ ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် အပိုဆုလာဘ် ပစ္စည်းကိရိယာမဲနှိုက်ခြင်းမှ တစ်ခုခု ထူးထူးခြားခြား ရရှိရန် မျှော်လင့်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် မိမိ၏ ကံကြမ္မာကို နောက်တစ်ကြိမ် လောင်းကြေးထပ်ကာ ကျပန်းပစ္စည်းကိရိယာ ဆုလာဘ်ကိုသာ ရွေးချယ်လိုက်တော့သည်။
ဖြူဖွေးသော အလင်းရောင်များ စုဆုံသွားပြီးနောက် ဖန်တိုင်ထဲတွင် ပန်းကန်လုံးအရွယ်အစားခန့်ရှိပြီး ခုံးနေသော သတ္တုပြားတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဖုန်းပုကြွယ် ထိုကိရိယာကို ပထမဆုံး မြင်လိုက်ရချိန်တွင် သဘာဝကျကျပင် သူ့ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်မိသည်။
“ဟစ်... မဖြစ်နိုင်တာ...”
သူ မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်လို့ အဲဒါကြီး ဖြစ်နေရင်တောင်... အနည်းဆုံး နှစ်ခု ရှိရမှာလေ...”
ထင်ရှားသည်မှာ... သူ အတွေးလွန်သွားခြင်း ဖြစ်သည်။
အမည် - ကိုယ်ခန္ဓာအတွင်း မြှုပ်နှံရသော အဆင့်မြင့်အဂ္ဂိရတ်ပစ္စည်း
အမျိုးအစား - ချပ်ဝတ်
အရည်အသွေး - ထူးကဲ
ကာကွယ်ရေးစွမ်းရည် - အားနည်း
ဂုဏ်သတ္တိ - မရှိ
အကျိုးသက်ရောက်မှု - ဆင့်ခေါ်ခြင်းစကေးများ၏ စွမ်းဆောင်ရည်ကို အနည်းငယ် မြှင့်တင်ပေးသည်။
ဝတ်ဆင်ရန် လိုအပ်ချက် - ဆင့်ခေါ်ခြင်း ကျွမ်းကျင်မှုအဆင့် F
မှတ်ချက် - ဤအိုင်တမ်ကို ဘယ်ဘက် သို့မဟုတ် ညာဘက် ဒူးခေါင်းတွင် တပ်ဆင်နိုင်သည်။ ဇာတ်လမ်းထဲတွင် ရှိနေစဉ် တပ်ဆင်ခြင်း သို့မဟုတ် ပြန်ဖြုတ်ခြင်း ပြုလုပ်၍မရပါ၊ ၎င်းကို ဝတ်ဆင်ထားသူ၏ အမြင့်ဆုံးအသက်အမှတ်ကို ၁၀% လျှော့ချပစ်မည် ဖြစ်သည်။
“အော်... ဒူးကာပစ္စည်းကိုး၊ ငါက တခြားတစ်ခုခု ထင်နေတာ”
ဖုန်းပုကြွယ် သူ့ဘာသာ တီးတိုးရေရွတ်ရင်း ထိုပစ္စည်းကို ကောက်ယူ၍ သူ့ညာဘက် ဒူးခေါင်းပေါ်သို့ ဖိကပ်လိုက်သည်။
ထိုသတ္တုပြားသည် ဒူးခေါင်းနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် သံပူဖြင့် ကပ်လိုက်သကဲ့သို့ ရုတ်ချည်း ပူပြင်းသွားလေသည်။ အတော်လေး ပြင်းထန်သော အပူဝေဒနာကို ခံစားလိုက်ရပြီးနောက်တွင် ထိုစက်ပစ္စည်းသည် စုပ်ယူမှုစွမ်းအားဖြင့် သူ့ဒူးခေါင်းပြင်ပေါ်သို့ “ခတ်နှိပ်” လျက်သား ကပ်သွားတော့သည်။ ဖုန်းပုကြွယ် ငုံ့ကြည့်လိုက်ရာ ဒူးကာပစ္စည်း၏ မျက်နှာပြင်ပေါ်တွင် ကြက်သွေးရောင် အလင်းတန်းများ တောက်ပနေသော အဂ္ဂိရတ်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ သဘာဝကျကျပင် ထိုစက်ဝိုင်းက ဘာကို ကိုယ်စားပြုကြောင်းကိုတော့ သူ မသိချေ...။
“ကျစ်... ငါသာ အဆင့်မြင့်အဂ္ဂိရတ်ပညာကို နားလည်ခဲ့ရင် ကောင်းမှာပဲ...”
ဖုန်းပုကြွယ်သည် ပြီးခဲ့သည့်ဇာတ်လမ်းတုန်းက ထိုစာအုပ်ကို နားမလည်ခဲ့ရခြင်းအပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
သူသည် ထိုပစ္စည်းကိရိယာကို အဝတ်အစားများဖြင့်သာ ဖုံးကွယ်ထားလိုက်ပြီး အပြင်ပန်းတွင် အဝတ်အစားကိုသာ မြင်တွေ့ရစေရန် ပြုလုပ်လိုက်သည်။
“ပြဿနာက... လက်ရှိ ငါ့ဆီမှာ ဆင့်ခေါ်ခြင်းစကေးတွေ ဘာမှ ရှိမနေတာပဲ”
ပစ္စည်းကိရိယာကို ဝတ်ဆင်ပြီးနောက် ဖုန်းပုကြွယ်က ဂိမ်းမီနူးကို ဖွင့်ကာ ရေရွက်လိုက်သည်။
“ဒါကို လောလောဆယ် သိုလှောင်ခန်းထဲမှာပဲ သိမ်းထားလိုက်ရမလား”
ထိူအချက်ကို တွေးမိသောအခါ ဖုန်းပုကြွယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ဇာတ်ကောင်တာဝန်ဖြစ်သည့် ‘ဆင့်ခေါ်ခြင်းစကေးကို အသုံးပြု၍ အကြိမ် ၅၀ အောင်မြင်စွာ ဆင့်ခေါ်ပါ’ ဆိုသည့်အချက်က ၁၄/၅၀ အဆင့်မှာတင် တစ်ဆို့နေခဲ့သည်မှာ သူ့ရင်ထဲက အဖုအထစ်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။ ပြီးလျှင် ယခုတစ်ကြိမ်တွင်လည်း ဆင့်ခေါ်ခြင်းအထူးပြုနှင့် ဆက်စပ်နေသော ပစ္စည်းကိရိယာကို မဲနှိုက်မိထားပြန်ရာ... ဇာတ်လမ်းထဲတွင် ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုကို အသုံးမချဖြစ်ခဲ့လျှင် အရှုံးကြီးရှုံးသကဲ့သို့ ခံစားနေရလေသည်။
“ဆိုင်ထဲက ဆင့်ခေါ်စကေးတွေအားလုံးကလည်း အဓိပ္ပာယ်မရှိအောင်ကို ဈေးကြီးလွန်းတယ်၊ ပြီးတော့ စကေးတွေက... များသောအားဖြင့် လူတွေ ပြန်ရောင်းထားတဲ့ဟာတွေပဲ ဖြစ်နေတတ်တာ၊ အဲဒီထဲက အများစုက အသုံးမဝင်ဘူး၊ အသုံးဝင်ရင် လူတွေက သူတို့ဘာသာ လေ့လာထားကြမှာပဲ”
သူသည် သူ၏ စကေးဘားထဲရှိ ပုပ်စော်နံသော ကြက်ဥ “ဗုံး” စကေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ဒီလိုမျိုး စကေးတစ်ခုအတွက် ငွေ ၁၀၀,၀၀၀ ကျော် သုံးရတာက တကယ့်ကို မတန်ဘူး”
“အင်း...” ဖုန်းပုကြွယ် ခဏမျှ စဉ်းစားတွေးတောလိုက်သည်။
“ဟုတ်သား၊ ခြောက်လှန့်သေတ္တာ”
ဆင့်ခေါ်စကေးများကို တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြားနည်းလမ်းတစ်ခုကို သူ ရုတ်ချည်း သတိရသွားခြင်းပင်။ ၎င်းမှာ ခြောက်လှန့်သေတ္တာ ဖြစ်သည်။
ခြောက်လှန့်သေတ္တာသည် ပစ္စည်းကိရိယာများအပြင် စကေးများကိုလည်း ရောင်းချပေးတတ်သည်။ သို့သော်လည်း ဇာတ်လမ်းထဲတွင် စကေးကတ်များ ပျောက်ဆုံးကျန်ရစ်ခဲ့မှု အရေအတွက်မှာ ပစ္စည်းကိရိယာများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နည်းပါးလှသည်။ ထို့ကြောင့် ဂိမ်းတရားဝင်ကာလ၏ ပထမအပတ်အတွင်းတွင် ခြောက်လှန့်သေတ္တာ၌ စကေးကတ် ရှာဖွေရေးစာရင်း မရှိခဲ့ချေ။ တစ်ပတ်အကြာတွင်မှ ယခင်က စုဆောင်းမိထားသမျှ စကေးကတ်များအားလုံးသည် ပစ္စည်းကိရိယာများနှင့်အတူ ခြောက်လှန့်သေတ္တာထဲတွင် ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ရန် ခုနစ်ရက်တာ နောက်ပြန်ရေတွက်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖုန်းပုကြွယ်၌ စကေးအမှတ် ၁၇,၉၈၀ ရှိပေသည်။ ဆာဗာတစ်ခုလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုပါက သူ့ထက် အဆင့်မြင့်သော ကစားသမားများပင်လျှင် ဤမျှများပြားသော စကေးအမှတ်များကို စုဆောင်းမိထားနိုင်ရန် မလွယ်ကူချေ။
ထို့ကြောင့် အစ်ကိုကြွယ်ထံတွင် ဖြုန်းတီးရန် အရင်းအနှီးအချို့ ရှိနေသေးသည်ဟု ဆိုရပေမည်။
ဖုန်းပုကြွယ်သည် လော့ဂ်အင်နေရာသို့ ပြန်သွားလိုက်သည်။ ဓာတ်လှေကားတံခါးများ ပိတ်သွားပြီးနောက် သူသည် ခြောက်လှန့်သေတ္တာခလုပ်ကို နှိပ်လိုက်ရာ စစ်တုရင်ခုံကြမ်းပြင်နှင့်တူပြီး ဘေးပတ်ပတ်လည်တွင် ပုံပျက်နေသောမှန်များ ရှိကာ အလယ်တွင် ဧရာမ လက်ဆောင်သေတ္တာကြီး ရှိနေသည့် အခန်းငယ်လေးထဲသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားတော့သည်။
သူသည် မီနူးကို ဖွင့်ကာ “စကေး” အမျိုးအစားကို အသေအချာ ရွေးချယ်လိုက်ပြီးနောက် “ဆင့်ခေါ်ခြင်း” အမျိုးအစားခွဲကို ထပ်မံရွေးချယ်လိုက်သည်။ ဤကဲ့သို့ ပစ်မှတ်ထား ရှာဖွေမှုအောက်တွင် (တစ်မျက်နှာလျှင် ပစ္စည်းအမျိုးအစား ၁၀၀စီ ပြသထားသော) စာမျက်နှာ ရှစ်မျက်နှာအထိ ပေါ်ထွက်လာလေသည်။
စောစောက ပြောခဲ့သလိုပင် ခြောက်လှန့်သေတ္တာ၏ ရှာဖွေမှုစာရင်းသည် အိုင်တမ်၏ အမည်၊ အမျိုးအစားနှင့် ဈေးနှုန်းတို့ကိုသာ ပြသပေးထားပြီး အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် နှိပ်ပြီး ကြည့်ရှုရမည် ဖြစ်သည်။
သို့သော်လည်း ဖုန်းပုကြွယ်သည် ယခုတွင် ဆင့်ခေါ်စကေးများကိုသာ ကန့်သတ်ရှာဖွေထားခြင်းကြောင့် “အမျိုးအစား” ကဏ္ဍက အရေးမပါတော့ချေ။ ပြီးလျှင် စကေးများ၏ သဘောသဘာဝမှာ ၎င်းတို့၏ အမည်များထက်ပင် ပိုမို ရှုပ်ထွေးလှသည်။
ထို့ကြောင့် စုံထောက်ကလပ်ထဲတွင် သူသဘောကျမည့် အရာတစ်ခုမှ မတွေ့ရှိခဲ့ရသော ဖုန်းပုကြွယ်သည် ခြောက်လှန့်သေတ္တာထဲတွင် စိတ်ကြိုက်ပျော်မွေ့ရန် ဆုံးဖြတ်လိုက်တော့သည်...။
စကေးပေါင်း ၈၀၀ နီးပါးခန့် ရှိနေခြင်းက အလွန်အမင်း များပြားလှသည်မဟုတ်သော်လည်း နည်းပါးလှသည်တော့ မဟုတ်ချေ။ အချို့အရာများမှာ ဖုန်းပုကြွယ်၏ ဝယ်ယူနိုင်စွမ်းထက် ကျော်လွန်နေသော်လည်း သူကတော့ အလွှတ်မပေးဘဲ အကုန်လိုက်ကြည့်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယင်းမှာ အိပ်စက်ခြင်းမုဒ်ဖြစ်ပြီး အချိန်အချိုးအစားက ၁:၁၀ ဖြစ်သောကြောင့် လောစရာ မလိုချေ။
မျက်စိတစ်မှိတ်အတွင်း သုံးနာရီခွဲခန့် အချိန်ကုန်ဆုံးသွားခဲ့လေသည်...။
သူ၏ ထူးခြားလှသော စိတ်ရှည်မှု၊ အာရုံစူးစိုက်မှုတို့အပြင် စဉ်ဆက်မပြတ် မြန်ဆန်ထိရောက်သော ကြည့်ရှုနှုန်းတို့ကြောင့် ဖုန်းပုကြွယ်သည် စကေးကတ်အားလုံးကို ဖတ်ရှုပြီးစီးသွားပြီ ဖြစ်သည်...။
နောက်ဆုံးစာမျက်နှာ၏ နောက်ဆုံးစကေးကို နှိပ်ပြီးကြည့်ပြီးနောက် (သုံးမိနစ်ခန့် ဖတ်ရှုပြီးကတည်းက သူသည် သူ့အိတ်ထဲမှ ခေါက်ကုလားထိုင်ကိုထုတ်ကာ ထိုင်ကြည့်နေခဲ့ခြင်းဖြစ်သည်) သူသည် ကုလားထိုင်ကို ပြန်သိမ်းကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေတော့သည်။
သူ့တွင် ကြောက်စရာကောင်းလှသောအချက်မှာ ဤမျှများပြားသော အချက်အလက်များကို ဖတ်ရှုနိုင်ရုံသာမက... ဖတ်ပြီးနောက်တွင်လည်း စွဲမြဲစွာ မှတ်မိနေနိုင်ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထိုအချက်အလက်များကို သူ့စိတ်ထဲ၌ အပြန်အလှန် နှိုင်းယှဉ်တွက်ချက်နိုင်ခြင်းပင် ဖြစ်သည်...။
နောက်ထပ် ၁၅ မိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် ဖုန်းပုကြွယ်သည် လမ်းလျှောက်ရာမှ ရပ်လိုက်ပြီး ခြောက်လှန့်သေတ္တာ၏ မျက်နှာပြင်ကို ပြန်ဖွင့်ကာ စာမျက်နှာအချို့ကို လှန်လှောပြီးနောက် စကေးကတ်တစ်ခုကို ရွေးချယ်လိုက်တော့သည်။
အမည် - ဆင့်ခေါ်ခြင်းမန္တန် - မူဆာရှီ ကိုဂါနဲ
စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်း ကျွမ်းကျင်မှု
စကေးအမျိုးအစား - ဆင့်ခေါ်ခြင်း
အကျိုးသက်ရောက်မှု - မူဆာရှီ ကိုဂါနဲကို သင်၏ အပေါင်းအဖော်အဖြစ် ဆင့်ခေါ်မည် (အသုံးပြုရန်ကြာချိန် - မိနစ် ၈၀၊ တည်တံ့ချိန် - မိနစ် ၂၀၊ တစ်ကြိမ်လျှင် မူဆာရှီ ကိုဂါနဲတစ်ဦးသာ အများဆုံး တည်ရှိနိုင်သည်)
ကုန်ကျမှု - ထူးဆန်းသော အပြုအမူတစ်ခုကို လုပ်ဆောင်ရန်
သင်ယူရန် လိုအပ်ချက် - ဆင့်ခေါ်ခြင်း ကျွမ်းကျင်မှုအဆင့် F
မှတ်ချက် - သူသည် “ထူးချွန်ထက်မြက်တဲ့သူတွေအားလုံးဟာ ငယ်ငယ်တုန်းက အရူးတွေလို့ အခေါ်ခံခဲ့ရတာ” ဟု ယုံကြည်နေခြင်းကြောင့် စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်လာခဲ့သည့် တတိယတန်းကျောင်းသားလေးတစ်ဦး ဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာသည် အလွန်မြင့်မားသော အရှိန်နှုန်းဖြင့် လည်ပတ်နိုင်ပြီး မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ရွေ့လျားနိုင်သည်။ သူသည် နားလည်ရခက်သော အသံများနှင့် “ရှူး... ရှူး... ရှူး...” ကဲ့သို့သော ထူးဆန်းသောအသံများကို မကြာခဏ ပြုလုပ်တတ်သည်။ သူသည် အလွန်အမင်း အိုင်ကျူမြင့်ပြီး ဆန်းပြားသော တီထွင်မှုများစွာကို ပြုလုပ်နိုင်ကာ သူ့မိသားစုမှာလည်း အလွန်ချမ်းသာပုံရသည်။
“အိုကေ... မင်းကိုပဲ ရွေးလိုက်တော့မယ်”
ဖုန်းပုကြွယ်သည် ဤစကေးကို ရရှိရန်အတွက် စကေးအမှတ် ၄၈၀ သုံးစွဲလိုက်တော့သည်။ ၎င်းမှာ သူ ကေစီဂျုန်းစ်၏ မျက်နှာဖုံးကို ဝယ်ခဲ့စဉ်ကထက် အမှတ် ၂၀ ပိုမို သက်သာလေသည်။
ပထမဆုံးကြည့်လိုက်ရုံဖြင့် ဤဆင့်ခေါ်မှုမှာ တိုက်ပွဲများတွင် လုံးဝ အသုံးမဝင်သည့်အရာ ဖြစ်သည်။ အမှန်တကယ်တော့လည်း ၎င်းက အသုံးမဝင်သည်မှာ အမှန်ပင်...။
သို့သော်လည်း တစ်ဖက်မှ ပြန်တွေးကြည့်လျှင် အဆင့် F ရှိသော ဆင့်ခေါ်မှုများသည် မူလကတည်းက သိပ်အသုံးမဝင်ကြချေ။ ဆင့်ခေါ်ခြင်းအတတ် - သင်္ဘောသားဆိုသည့် စကေးမှာ အဆင့် F ဆင့်ခေါ်စကေးများထဲတွင် အလွန်အစွမ်းထက်သည်ဟု သတ်မှတ်နိုင်သော်လည်း ၎င်းကို ဆင့်ခေါ်ရန်အတွက် သတ်မှတ်ထားသောပစ္စည်းဖြစ်သည့် ဟင်းနုနွယ်ဘူး လိုအပ်ပေသည်။ အခြားသော အဆင့် F ဆင့်ခေါ်သတ္တဝါများ ဖြစ်ကြသည့် လင်းနို့များ၊ ခြေကျိုးဇွန်ဘီများ၊ ပျံသန်းနေသော ဟော်ကီတုတ်များ စသည်တို့မှာ အခြေခံအားဖြင့် အမြောက်စာများသာ ဖြစ်ကြပြီး ရန်သူကို အချိန်ဆွဲရန်နှင့် ထောက်လှမ်းရေးအတွက်သာ အဓိက အသုံးပြုကြခြင်းဖြစ်သည်။
ဖုန်းပုကြွယ်သည် သူ့စိတ်ထဲတွင် အသုံးမဝင်သော အဆင့် F သတ္တဝါများ၏ ဖော်ပြချက်များကို အချိန်အတော်ကြာ စိစစ်ဖတ်ရှုပြီးနောက်... ဤထူးဆန်းသောကောင်လေး မူဆာရှီကိုဂါနဲ တစ်ဦးတည်းသာလျှင် မြင့်မားသော အသိဉာဏ်ရှိသည့် ဆင့်ခေါ်မှုဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်ရေးမဟုတ်သော ရှုထောင့်မှ ကြည့်မည်ဆိုပါက ကိုဂါနဲသည် အဆင့်တူအခြားသတ္တဝါများနှင့် နှိုင်းယှဉ်ပါက သေချာပေါက် ပိုမို အသုံးဝင်ပေလိမ့်မည်။
မှန်ပေသည်၊ ဖုန်းပုကြွယ်အနေဖြင့် အခြားဆင့်ခေါ်စကေးတစ်ခုဖြစ်သည် ‘ဆင့်ခေါ်ခြင်းအတတ် - အိမ်သာသုံးစက္ကူ’ ကို ဝယ်ယူရန်လည်း ချီတုံချီချ ဖြစ်ခဲ့သေးသည်။ ဤစကေးမှာ လုံးဝအသုံးမဝင်သလို ကုန်ကျစရိတ်လည်း မရှိချေ။ ၎င်း၏ တစ်ခုတည်းသော အားသာချက်မှာ ပြန်လည်အသုံးပြုရန်ကြာချိန် (Cooldown) က ဆယ်မိနစ်သာ ကြာမြင့်ခြင်း ဖြစ်သည်။ သို့သော် ဤစကေးမှာ စကေးအမှတ်ပေါင်း ၁၄၀၀ အထိ ပေးရခြင်းဖြစ်သည်။ ထင်ရှားသည်မှာ ဤစကေးကို ဒီဇိုင်းဆွဲရခြင်း၏ မူလရည်ရွယ်ချက်မှာ ဆင့်ခေါ်ခြင်းကျွမ်းကျင်မှုကို အကြိမ်ရေပြည့်အောင် ထပ်ခါတလဲလဲ အသုံးပြုပြီး မစ်ရှင်ပြီးမြောက်ရန် ကြိုးစားနေကြသည့် ကစားသမားများအတွက် ဖြစ်သည်။
စကေးနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်ခြင်းက မဖြစ်နိုင်သည်မဟုတ်သော်လည်း သူ့ထံတွင် ဇာတ်ကောင်တာဝန်ကို ပြီးမြောက်စေမည့် နည်းလမ်းကို ရရှိထားပြီးဖြစ်ခြင်းကြောင့် တတ်နိုင်သမျှ ရမှတ် ၁၄၀၀ ကို ချွေတာလိုက်ခြင်းက ပိုကောင်းပေသည်။
“အင်း... နောက်မှ ဇာတ်လမ်းတစ်ခုခုထဲရောက်ရင် သူ့ကို ဆင့်ခေါ်ပြီး စကားစမြည် ပြောကြည့်ရမယ်”
ဖုန်းပုကြွယ်သည် စကေးကို သင်ယူလိုက်ပြီးနောက် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
မိမိ၏ အလုပ်အပြင် အခြားအရာများကို မကြာခဏ လုပ်ဆောင်တတ်သော... အိုး မဟုတ်သေးပါဘူး၊ အချက်အလက်များ သွားရောက်စုဆောင်းတတ်သော စာရေးဆရာတစ်ဦးအနေဖြင့် သူသည် သဘာဝကျကျပင် ကာတွန်းဇာတ်လမ်းမျိုးစုံကို ကြည့်ရှုဖူးခဲ့ပြီး “Sunny Pig” ကာတွန်းမှာ သူအကြိုက်ဆုံး လက်ရာများထဲမှ တစ်ခုဖြစ်သည်။ ထိုဇာတ်ကောင်များအားလုံးထဲတွင် သူ စိတ်အဝင်စားဆုံးသည် မူဆာရှီ ကိုဂါနဲ ဖြစ်သည်။ အကြောင်းရင်းမှာ... ထူးဆန်းသော လူအချင်းချင်း စိတ်ချင်းဆက်နွှယ်မှုတစ်မျိုး ဖြစ်နိုင်ပေသည်...။
…
စကေးကတ်ဝယ်ယူပြီးနောက် ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် လော့ဂ်အင်နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူသည် “ခြောက်လှန့်သေတ္တာ” ထဲတွင် လေးနာရီနီးပါးခန့် အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်သည်။ အလုပ်အတွက် လိုအပ်သော ပရော်ဖက်ရှင်နယ် ကစားသမားများမှလွဲ၍ ဇာတ်လမ်းအပြင်ဘက်တွင် ဤမျှအချိန်အကြာကြီး နေထိုင်မည့် သာမန်ကစားသမားမျိုးကို ရှာဖွေရန် ခဲယဉ်းလှသည်။
“အင်း... ဒီည ဂိမ်းထဲက မထွက်ခင် အဆင့် ၃၀ ကို အရောက်တက်ရမယ်...”
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ့ဦးနှောက်ထဲ၌ နောက်ပြောင်ချင်သော အတွေးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ မူဆာရှီ ကိုဂါနဲကို ဆင့်ခေါ်ရန် ပြန်လည်အသုံးပြုရန်ကြာချိန်က မိနစ် ၈၀ ကြာသော်လည်း တကယ်လို့ သူက ဇာတ်လမ်းထဲဝင်ပြီး သူ့ကို ဆင့်ခေါ်လိုက်မယ်၊ ပြီးရင် ချက်ချင်း အသေခံလိုက်ပြီး နောက်ထပ်တစ်ကြိမ် ဂိမ်းတန်းစီးကာ သူ့ကို ထပ်ပြီး ဆင့်ခေါ်မယ်ဆိုရင်ကော...
ဤအစီအစဉ်ကို စိတ်ထဲတွင် သိမ်းထားရင်း ဖုန်းပုကြွယ်သည် အိပ်မက်ဆိုးအဆင့်ရှိ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်တော့သည်။ ၎င်းကို မအောင်မြင်ခဲ့လျှင်ပင် ကိစ္စမရှိချေ။ သူ့စကေးများကို သွားရောက်စမ်းသပ်ခြင်းအဖြစ်သာ သဘောထားလိုက်ရုံပင်။