← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀) တောင်ဘက်ပန်းခြံ - ၄

ဆေးဆိုင်အတွင်းသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်မည့် ဗျူဟာမှာ ရာနှုန်းပြည့် အောင်မြင်သွားခဲ့သည်။ ဖုန်းပုကြွယ် လုပ်ဆောင်ခဲ့သမျှမှာ ဆေးဆိုင်အပြင်ဘက်ရှိ ကော်ရစ်ဒါသို့ ပြေးသွားပြီး “ဟေး... လူတွေ၊ ဆေးရုံအပြင်မှာ လင်းနို့ကား (Batmobile) ကြီး လာရပ်ထားတယ်ဗျို့” ဟု စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ခြင်းသာ ဖြစ်သည်။

ယင်းကို ကြားလိုက်ရချိန်တွင် လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ဝုန်းဒိုင်းကြဲ ပြေးထွက်သွားကြတော့သည်။ အဆန်းကြယ်ဆုံးအချက်မှာ ဆေးဆိုင်ဝန်ထမ်း အချို့ပင်လျှင် တံခါးကို ဟာလာဟင်းလင်း ဖွင့်ထားခဲ့ကာ အပြင်သို့ အလုအယက် ပြေးထွက်သွားကြခြင်းပင်...။

“လင်းနို့ကားကြီး ရှိတယ်” ဟု အော်ကာ လူစုခွဲသည့် ဤနည်းလမ်းကို s1607 တွင် အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးပြီး အမြဲတမ်း အောင်မြင်ခဲ့သော်လည်း ဖုန်းပုကြွယ် ကိုယ်တိုင်ပင် ဤနည်းလမ်းမှာ အတော်လေး ရယ်စရာကောင်းလွန်းသည်ဟု ခံစားမိသည်။ သို့သော်ငြား ၎င်းက ငြင်းပယ်၍မရအောင် ထိရောက်မှု ရှိသည်တော့ အမှန်ပင်။

ဆေးဆိုင်အတွင်း ရှာဖွေပြီးနောက်တွင်မူ ဖုန်းပုကြွယ် အနည်းငယ် စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝါးအများစုမှာ မည်သည့် ဖော်ပြချက်စာသားမျှ မပါသဖြင့် သူ့အတွက် အသုံးမဝင်သောကြောင့် ဖြစ်သည်။

ထို့ပြင် ထုပ်ပိုးမှုပုံစံ မတူညီသော်လည်း ပစ္စည်းဖော်ပြချက်ချင်း အတိအကျ တူညီနေသည့် ဆေးဝါးအမြောက်အမြားလည်း ရှိနေသေးသည်။

အမည် - ပဋိဇီဝဆေးဝါး (၃၀/၃၀)

အမျိုးအစား - တစ်ခါသုံးပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါခံစားရခြင်းများကို သက်သာပျောက်ကင်းစေသည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရ

မှတ်ချက် - သာမန်အရောင်ကျဆေးဖြစ်ပြီး သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။

ဤဆေးဝါးများမှာ အများအားဖြင့် ပုလင်းလိုက် ရှိနေခြင်းဖြစ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မှာ မူမမှန်သော ဝေဒနာများကို သက်သာစေရန်သာ ရည်ရွယ်ထားသဖြင့် တန်ဖိုးမရှိသည့် ဈေးပေါပေါပစ္စည်းများကဲ့သို့ ထင်မှတ်ရပေသည်။

ဖုန်းပုကြွယ် အလိုချင်ဆုံးဖြစ်သည့် မော်ဖင်းတွင်မူ ပစ္စည်းဖော်ပြချက်စာသား ပါရှိသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ သူ မျှော်လင့်ထားသည်နှင့် အလွန် ကွဲပြားနေလေသည်။

အမည် - မော်ဖင်း *၅

အမျိုးအစား - တစ်ခါသုံးပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အချိန်အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့မှုတန်ဖိုးတိုးမြင့်လာခြင်းကို ၃၀% လျှော့ချပေးသည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရ

မှတ်ချက် - အချိန်တိုအတွင်း အကြိမ်ကြိမ် ဆေးထိုးမိပါက အဆိပ်သင့်စေနိုင်သည်။

ဖုန်းပုကြွယ်သည် ဤကဲ့သို့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် စိမ်းသူမဟုတ်ချေ။ သူ ဆေးရုံတက်နေရစဉ်အတွင်း စိတ်ကျန်းမာရေးဆေးရုံများတွင်သာ အသုံးပြုလေ့ရှိသည့် ဆေးဝါးများစွာကို သုံးစွဲခဲ့ဖူးသည့်အပြင် နိုင်ငံခြားဖြစ် နောက်ဆုံးပေါ် ဆေးဝါးအချို့ကိုပင် စမ်းသပ်ခဲ့ဖူးရာ မော်ဖင်းဆိုသည်မှာ သူ့အတွက် ဆန်းသစ်သည့်အရာ မဟုတ်တော့ချေ။

ဖြစ်နိုင်သည်မှာ ဂိမ်းအနေဖြင့် ဤကဲ့သို့သော ဘိန်းအနွယ်ဝင်ဆေးဝါးများအပေါ် အကဲဆတ်လွန်းသဖြင့် ဆင်ခြင်တုံတရားနည်းပါးသော လူငယ်ကစားသမားများ အလွန်အကျွံ သုံးစွဲမိမည်ကို စိုးရိမ်သောကြောင့် စနစ်က ဤကဲ့သို့ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်နိုင်သည်။

ဖုန်းပုကြွယ်သည် ဗိုင်ကိုဒင်ဆေးကိုပါ အထူးတလည် လိုက်လံရှာဖွေခဲ့ပြီး အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ဤဆေးတွင် မည်သည့် ဖော်ပြချက်မျှ ပါမလာဘဲ စနစ်က ၎င်းကို အာနိသင်မရှိသော အသုံးမဝင်သည့် ပစ္စည်းတစ်ခုအဖြစ်သာ သတ်မှတ်ထားလေသည်။

သူသည် စမ်းသပ်လိုသည့် စိတ်ဖြင့် ပုလင်းကို ဖွင့်လိုက်ပြီး ပူဒီနာသကြားလုံး စားသကဲ့သို့ ဆေးလုံးတစ်ဒါဇင်ခန့်ကို တစ်ပြိုင်နက်တည်း လည်ချောင်းထဲသို့ မော့ချလိုက်တော့သည်။

“အင်း... ဘာမှကို မခံစားရပါလား...”

သူ ဆေးဆိုင်ထဲမှ လမ်းလျှောက်ထွက်လာရင်း တီးတိုးရေရွတ်လိုက်သည်။

“အသက်အမှတ် ဒါမှမဟုတ် သက်လုံအမှတ်ကို ပြန်ဖြည့်ပေးမယ့် ဆေးမျိုး တစ်ခုမှ ရှာမတွေ့ဘူး... ကြည့်ရတာ အစားအသောက်တချို့ သွားရှာရမယ် ထင်တယ်၊ အစာစားရင်တော့ သွေးနည်းနည်း ပြန်တက်လာမှာပဲ”

သူ အလိုသည်ရာများကို စုံစုံလင်လင် ရရှိပြီးနောက် ဖုန်းပုကြွယ်သည် ဆေးရုံမှ ထွက်ခွာလာပြီး ဈေးဝယ်စင်တာဆီသို့ ဦးတည်လိုက်သည်။ သေနတ်များနှင့် ဆေးဝါးပစ္စည်းများအပြင် အခြားလိုအပ်သမျှ အရာအားလုံးကို ထိုနေရာတွင် ရရှိနိုင်သောကြောင့်ပင်။

...

တစ်ချိန်တည်းမှာပင် ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းဝင်များရှိရာ ဒုက္ခသည်စခန်း၌။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၏ ယာယီကွပ်ကဲမှုရုံးနှင့် သီးသန့်ဇုန်တို့မှာ သံဆူးကြိုးစည်းရိုးတစ်ခုသာ ခြားထားခြင်းဖြစ်ရာ ပိတ်လှောင်ခံထားရသည့် ပီရူးဗီးယားလူမျိုးများကို ထိုနေရာမှ တိုက်ရိုက် လှမ်းမြင်နေရသည်။

ဤအခိုက်အတန့်၌ ကွပ်ကဲမှုရုံး၏ အရှေ့တွင် အရပ်ဘက်ဝန်ထမ်းများ၊ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများနှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အရာရှိများ အပါအဝင် လူအုပ်ကြီးတစ်ခု စုဝေးနေကြသည်။ အဓိကတာဝန်ခံမှာ အသက်ငါးဆယ်ကျော်ခန့် ရှိပုံရသည့် လူတစ်ဦး ဖြစ်သည်။ သူသည် ဆံပင်အနည်းငယ် ဖြူနေပြီး ဦးခေါင်းအရှေ့ပိုင်းက ပြောင်နေကာ အနက်ရောင်ဝတ်စုံနှင့် အနီရောင်နက်တိုင်ကို ဝတ်ဆင်ထားသည်။ သူသည် ဤနေရာ၏ အမြင့်ဆုံး ဗိုလ်မှူးဖြစ်ရုံသာမက ဤရှာဖွေဖမ်းဆီးရေး စစ်ဆင်ရေးတစ်ခုလုံးကို စတင်ရန် အကြံပြုခဲ့သူလည်း ဖြစ်သည်။

“ဆရာ... သတင်းကောင်းပါ”

စစ်သားနှစ်ဦးက သူ့ထံ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

“ကျုပ်တို့ အောင်မြင်သွားပြီ ထင်ပါတယ် ဆရာ၊ အဓိက မြို့ကြီးတွေကနေ တက်လာတဲ့ အစီရင်ခံစာတွေအရ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းတွေကို အမြစ်ပြတ် ရှင်းလင်းလိုက်နိုင်ပြီလို့ သိရပါတယ်”

ယင်းကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံ အော်ဟစ်လိုက်ကြလေသည်။

“ကောင်းလိုက်တာ အောင်မြင်ပြီဟေ့၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ”

သူတို့ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားစွာ အောင်ပွဲခံနေကြသည်ကိုတော့ ဘယ်သူမှ မသိကြချေ...။

“ကောင်းပြီ... အားလုံးပဲ ငြိမ်ငြိမ်နေကြပါ”

ထိပ်ပြောင်အရာရှိကြီးက ပြောလိုက်သည်။

“ကျုပ်တို့ လုပ်စရာ အလုပ်တွေ အများကြီး ကျန်သေးတယ်”

သူက တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“သူတို့ နောက်တစ်ခါပြန်မလာနိုင်အောင်လို့ သူတို့ရဲ့ အခြေစိုက်စခန်းကိုပါ ကျုပ်တို့ သွားပြီးခြေမှုန်းပစ်ရမယ်...”

အစီရင်ခံစာကို ကိုင်ဆောင်ထားသည့် ဝန်ထမ်းတစ်ဦးက ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ ဆရာ... သူတို့ ဘယ်ကနေ လာလဲဆိုတာ ကျုပ်တို့ မသိဘူးဖြစ်နေတယ်”

သူသည် လက်ထဲက အစီရင်ခံစာကို ငုံ့ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ကျုပ်တို့ စစ်ဆေးကြည့်ပြီးပြီ၊ ဒါပေမဲ့ ဘာမှ ရှာမတွေ့ဘူး”

ထိပ်ပြောင်အရာရှိကြီး၏ မျက်နှာအမူအရာမှာ ‘တကယ်ကို အသုံးမကျလိုက်တာ...’ ဟု ပြောနေသည့်အတိုင်းပင်။

သူသည် သူ့လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“မင်းဦးနှောက်ကို သုံးစမ်းပါ အရူးရဲ့၊ ‘ပီရူးဗီးယန်’ ပန်ပိုက်တီးဝိုင်းလို့ ခေါ်တာ၊ သူတို့က အဲ့ဒီနေရာကလွဲရင် ဘယ်က လာရမှာလဲ”

သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူများ၏ ဉာဏ်ရည်ဉာဏ်သွေးကတော့ ပြောင်းလဲမှု မရှိဘဲ သူတို့အားလုံး မေးစေ့မျာားကို ပွတ်သပ်ရင်း လေးနက်စွာ စဉ်းစားနေကြပြန်သည်။

ထိပ်ပြောင်အရာရှိကြီးသည် ချက်ချင်းပင် ဆွံ့အသွားရသည်။ သူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။

“နိုင်ငံရဲ့ နာမည်က တီးဝိုင်းနာမည်ထဲမှာတင် ပါနေပြီးသားလေကွာ”

အင်္ကျီအဖြူနှင့် နက်ကတိုင်အမည်း ဝတ်ဆင်ထားသည့် ဝန်ထမ်းတစ်ဦးက ကြားဖြတ်ပြောလိုက်သည်။

“မဟုတ်ပါဘူး ဆရာ၊ ကျုပ်တို့ ကမ္ဘာ့မြေပုံတစ်ခုလုံးကို ရှာဖွေကြည့်ပြီးပါပြီ၊ ပီရူးဗီးယန်လို့ခေါ်တဲ့ နိုင်ငံ လုံးဝ မရှိပါဘူး”

“ပီရူးဗီးယန် မဟုတ်ဘူးကွ ငတုံးရဲ့၊ ပီရူး (Peru) လို့ ခေါ်တာ”

ထိပ်ပြောင်အရာရှိကြီးက မြေပုံတစ်ခုဆီသို့ လျှောက်သွားပြီး ၎င်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“ဒီမှာပဲ”

(ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက ဝန်ထမ်းများသည် ‘China’ ကို ‘Chinese’ ဟု မှားယွင်း ရှာဖွေနေသကဲ့သို့ အမှားမျိုးကို ပြုလုပ်ခဲ့ကြသဖြင့် မြေပုံပေါ်တွင် ပီရူးနိုင်ငံကို ရှာမတွေ့ခဲ့ကြခြင်း ဖြစ်သည်...)

ထိုဝန်ထမ်းများသည် စကားစသင်ခါစ ကလေးများကဲ့သို့ လိုက်လံရေရွတ်ကြလိုက်သည်။

“အိုး... ပီရူး တဲ့လား”

၎င်းမှာ သူတို့ဘဝတွင် ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးသည့်အလားပင်။

ထိပ်ပြောင်အရာရှိကြီးသည် နောက်ထပ် ငြင်းခုံမနေတော့ဘဲ ကြေညာလိုက်တော့သည်။

“အခုချက်ချင်း၊ ငါတို့ ပီရူးနိုင်ငံကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် သွားပြီးခြေမှုန်းကြမယ်”

ဘေးနားရှိ လူများသည် အချင်းချင်း လှမ်းကြည့်လိုက်ကြသည်။ တစ်ဦးက မေးမြန်းလိုက်သည်။

“ဒါက တကယ် လိုအပ်လို့လား ဆရာ”

စစ်သားတစ်ဦးက ပြောလိုက်သည်။

“ဒါက နည်းနည်း လွန်ကဲရာမကျဘူးလား ခင်ဗျာ”

အခြား စစ်သားတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်...”

ထိပ်ပြောင်အရာရှိကြီးက လည်ချောင်းကွဲမတတ် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါတို့ သူတို့ကို အပြီးတိုင် ခြေမှုန်းပစ်ရမယ်၊ လုံးဝ ဖျက်ဆီးပစ်ရမယ်၊ မဟုတ်ရင် သူတို့က ငါတို့ကို နှောင့်ယှက်တာ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး”

ထိုအခိုက်အတန့်၌ ဗိုလ်ချုပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူမည်းအရာရှိတစ်ဦး ပြေးဝင်လာပြီး တင်ပြလိုက်သည်။

“ဆရာ... အမြန် လာခဲ့ပါဦး၊ ကျုပ်တို့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ပန်ပိုက်တီးဝိုင်းတစ်ခုကို ဖမ်းမိထားပါတယ်”

ထိပ်ပြောင်အရာရှိကြီးက ဘေးနားမှလူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ အော်ဟစ်လိုက်သည်။

“တွေ့လား၊ ဒါက တကယ်ကို စိုးရိမ်စရာ အခြေအနေပဲ”

မိနစ်အနည်းငယ်အကြာ စစ်ဆေးမေးမြန်းခန်းအတွင်း၌...။

ရှည်လျားသော သတ္တုစားပွဲရှည်တစ်လုံးရှေ့တွင် ခုံတန်းလျားငါးခု ရှိနေပြီး မူလတန်းကျောင်းသား ငါးဦးက ၎င်းတို့ပေါ်တွင် ထိုင်နေကြသည်။

ထိပ်ပြောင်အရာရှိကြီးသည် စားပွဲ၏ ဆန့်ကျင်ဘက်တွင် မတ်တပ်ရပ်နေပြီး လက်ထဲတွင် စီဒီတစ်ချပ်ကို ကိုင်ဆောင်ထားသည်။ သူက စီဒီမျက်နှာဖုံးကို ကြည့်ကာ ဖတ်ပြလိုက်သည်။

“အယ်လ်ပါကာ ညီအစ်ကိုများ ထုတ်လုပ်ရေး၊ လကမ္ဘာ အဆာပြေမုန့်များ” (ဤစီဒီမှာ ကလေးများက လမ်းပေါ်တွင် တီးဝိုင်းအတုလုပ်၍ ပိုက်ဆံရှာရန်အတွက် ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့သည် နာမည်ကို ကျပန်းပေး၍ ကူးယူထားခြင်းသာ ဖြစ်သည်။)

“ခင်ဗျား မှားနေပါပြီ ဆရာ”

စတန်က ရှင်းပြလိုက်သည်။

“ကျွန်တော်တို့က ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းအစစ် မဟုတ်ပါဘူးခင်ဗျာ”

ထိပ်ပြောင်အရာရှိကြီး၏ ဉာဏ်ရည်မှာ ဤနေရာတွင် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်ပုံရသည်။ သူက ကလေးငါးယောက်ကို ကြည့်၍ သရော်တော်တော်လေသံဖြင့် ပြောလိုက်သည်။

“အေးပါ... အေးပါ... မင်းတို့က ဈေးဝယ်စင်တာထဲမှာ ပန်ပိုက်တွေတီးပြီး မင်းတို့ရဲ့ ‘အယ်လ်ပါကာ’ စီဒီတွေကို လိုက်ရောင်းနေကြတာပဲ၊ ဒါပေမဲ့ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းတော့ မဟုတ်ဘူးပေါ့... ဟုတ်လား”

စတန်က ရိုးသားစွာဖြင့် လက်ကို ဘေးသို့ ဖြန့်ပြလိုက်သည်။

“ကျွန်တော်တို့က ကလေးတွေပဲလေ ဆရာရယ်၊ မုန့်ဖိုးလေး နည်းနည်းပါးပါး ပိုရချင်လို့ပါ”

ကိုင်းလ်ကလည်း ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့ အခု အိမ်ပဲ ပြန်ချင်ပါတော့တယ်”

ကန်နီကလည်း မပီမသလေသံဖြင့် အသနားခံလိုက်သည်။

“ဆရာ... ပလိစ်၊ ကျွန်တော်က စနေနေ့ကျရင် လူပျိုဘဝကနေ ကျွတ်လွတ်တော့မှာဗျ”

ကလေးများက ချက်ချင်းပင် ပြိုင်တူ လှမ်းအော်ကြတော့သည်။

“ကျွန်တော်တို့က ကော်လိုရာဒိုမှာ မွေးပြီး ကော်လိုရာဒိုမှာ ကြီးပြင်းလာတဲ့သူတွေပါ၊ ကျွန်တော်တို့က လူဖြူတွေပါ”

ထိပ်ပြောင်အရာရှိကြီးက ဘေးနားရှိ အရာရှိကို တည်ငြိမ်စွာဖြင့် တီးတိုးပြောလိုက်သည်။

“အပြင်ထွက်ပြီး ခဏလောက် စကားပြောရအောင်”

သူနှင့် အခြားဝန်ထမ်းအချို့သည် စစ်ဆေးမေးမြန်းခန်း၏ အပြင်ဘက်သို့ ထွက်လာကြပြီး ဉာဏ်ရည် သုညအဆင့်အပေါ်အခြေခံကာ နောက်ထပ်ခွဲခြမ်းစိတ်ဖြာမှုတစ်ခုကို ပြုလုပ်ကြပြန်သည်။

ရလဒ်မှာ “ဒီအခန်းထဲက ကလေးငါးယောက်က ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းနဲ့ လူသားတွေရဲ့ မျိုးစပ်ကလေးတွေပဲ ဖြစ်ရမယ်၊ ငါတို့ သူတို့ကို အသုံးချပြီး ပီရူးနိုင်ငံကို သွားဖျက်ဆီးပစ်ရမယ်”

...

တစ်ချိန်တည်းမှာပင်... သီးသန့်ဇုန်၏ သံဆူးကြိုးစည်းရိုး အပြင်ဘက်တွင် စစ်သားတစ်ဦးက ဘေးနားရှိ ဝန်ထမ်းကို လှမ်းပြောလိုက်သည်။

“တွမ်ပ်ဆန်... ဒီဘက်ကို ခဏလောက် လာပါဦး”

စပိန်ဘာသာပြန်ဖြစ်သူ တွမ်ပ်ဆန် ရောက်ရှိလာသောအခါ စစ်သားက ဆက်ပြောလိုက်သည်။

“ဟို ပန်ပိုက်တီးဝိုင်းသားတွေက စကားပြောတာကို လုံးဝ မရပ်ကြဘူး၊ သူတို့က တစ်ခုခုကို ဆက်တိုက် ပြောနေကြတာ၊ ဒါပေမဲ့ ငါဘာမှ နားမလည်ဘူး ဖြစ်နေတယ်”

“ပလိစ် ကျုပ်တို့ ဒီကနေ ထွက်သွားလို့ မဖြစ်ဘူး”

ထိုအခိုက်အတန့်၌ လူကြီးပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းဝင်တစ်ဦးက သံဆူးကြိုးစည်းရိုးကြားမှနေ၍ သူတို့ကို စပိန်ဘာသာဖြင့် ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“ကျုပ်တို့က ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ ဒီကို ရောက်နေတာပါ”

သူ့ဘေးနားရှိ လူကလည်း လိုက်လံ ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်၊ ကျုပ်တို့ ထွက်သွားလို့ မဖြစ်ပါဘူး၊ ကျုပ်တို့ ခင်ဗျားတို့ကို ကာကွယ်ပေးရမယ်”

တွမ်ပ်ဆန်က အနည်းငယ် သံသယဖြစ်စွာဖြင့် ပြန်လည်ဘာသာပြန်ပေးလိုက်သည်။

“သူတို့ ပြောနေတာကတော့... ‘ခင်ဗျားတို့ ကျုပ်တို့ကို မောင်းမထုတ်ပါနဲ့၊ ကျုပ်တို့က အစောင့်အရှောက်တွေပါ...’ တဲ့။”

စစ်သားက မေးမြန်းလိုက်သည်။

“အစောင့်အရှောက်... ဘာအစောင့်အရှောက်လဲ”

သံဆူးကြိုးအတွင်းဘက်မှ လူကြီးပီရူးဗီးယန်က ပြန်လည်ဖြေကြားလိုက်သည်။

“အမွေးထူ သေမင်းကြီး၊ အမွေးထူ သေမင်းကြီး”

သူသည် ဤစကားကို စိတ်လှုပ်ရှားတုန်ရင်နေသော လေသံဖြင့် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်လေသည်။

စစ်သားက နားမလည်သဖြင့် ဘာသာပြန်ဖြစ်သူ တွမ်ပ်ဆန်ကို မေးလိုက်သည်။

“သူ ဘာပြောလိုက်တာလဲ”

တွမ်ပ်ဆန်၏ မျက်နှာအမူအရာက အနည်းငယ်အုံ့မှိုင်းသွား၏။ သူက ပြန်လည်ဖြေကြားလိုက်သည်။

“ကျုပ် ထင်တာတော့... သူ အမွေးထူ သေမင်းအကြောင်း ပြောနေတာ ထင်တယ်...”

...

တောင်ဘက်ပန်းခြံ၊ ဈေးဝယ်စင်တာ။

နေဝင်ချိန်က မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။ ဆည်းဆာချိန်မှာ ကုန်လွန်လုနီးပါး ဖြစ်နေပြီဖြစ်ကာ ကောင်းကင်ယံတွင် ညနေခင်း၏ အမှောင်ရိပ်များ ပျံ့လွင့်နေခဲ့ပြီ ဖြစ်သည်။

ဖုန်းပုကြွယ် ဈေးဝယ်စင်တာရှေ့ရှိ ကားပါကင်သို့ ရောက်ရှိလာချိန်တွင် ရင်ပြင်ထက်၌ မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားသည့် သတင်းထောက်တစ်ဦးနှင့် ကင်မရာကို ထမ်းပိုးထားသည့် ကင်မရာမန်းတစ်ဦးတို့ကို မြင်တွေ့လိုက်ရသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် အင်တာဗျူးယာဉ်အချို့လည်း ရပ်တန့်ထားကြသည်။

ထိုသတင်းထောက်မှာ သတင်းကို တိုက်ရိုက်ထုတ်လွှင့်မှု တင်ဆက်နေခြင်း ဖြစ်ပုံရသည်။ ဖုန်းပုကြွယ်အနေဖြင့် သူ ဘာပြောနေသည်ကို ကြားချင်သဖြင့် ခြေလှမ်းအနည်းငယ် တိုးကပ်သွားလိုက်သည်။

“...ခင်ဗျားတို့ မြင်တွေ့ရတဲ့အတိုင်းပါပဲ၊ အခုအခါမှာ ဒီရင်ပြင်တွေက အတော်လေးကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။ ကျုပ်တို့ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းတွေကို မမြင်ရတာ ရက်အနည်းငယ်လောက် ရှိသွားခဲ့ပါပြီ။ မြို့ခံတွေကတော့ ဒီတိတ်ဆိတ်အေးချမ်းမှုကို သိသိသာသာကို ပျော်မွေ့နေကြပါတယ်။ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကို ကျေးဇူးတင်ရမှာကတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ ပြည်သူတွေဟာ ‘ပန်ပိုက်တီးဝိုင်း ကပ်ရောဂါဆိုး’ ဘေးကနေ အခုအခါမှာတော့ သက်ပြင်းချနိုင်ကြပြီ ဖြစ်ပါတယ်...”

သတင်းထောက်၏ စကားလုံးများမှာ ထူးဆန်းကျယ်လောင်လှသော ဆူညံသံကြီးတစ်ခုကြောင့် ပြတ်တောက်သွားခဲ့ရသည်။

လမ်းနှစ်လမ်းခန့် အကွာဆီမှ မကောင်းဆိုးဝါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် ဧရာမအရာကြီးတစ်ခု မြေပြင်ပေါ်သို့ နင်းလျှောက်လာသည့် တုန်ခါသံကြီးလည်း ပါဝင်နေခဲ့သည်။

ရုတ်တရက် အဝေးတစ်နေရာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားရာ မီးတောက်မီးလျှံများက ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ကင်မရာမန်းသည် ချက်ချင်းပင် ကင်မရာကို လှည့်လိုက်ပြီး ထိုပေါက်ကွဲမှု၏ မီးတောက်များနှင့် မီးခိုးလုံးကြီးများကို ဖမ်းယူရိုက်ကူးလိုက်သည်။

ထွက်ပြေးတိမ်းရှောင်နေကြသည့် လူအုပ်ကြီးသည် ရှေ့သို့ တိုးဝှေ့လာကြပြီး အလန့်တကြား အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

“အို... ဘုရားသခင်”

“အို... အဖဘုရားသခင်”

“အား...”

တုန်ခါနေသည့် ဗီဒီယိုဖိုင်ထဲတွင်မူ ရဲကားတစ်စီးသည် ဥသြသံကျယ်လောင်စွာဖြင့် ထိုလားရာဆီမှ ရုတ်ချည်းပျံတက်လာပြီး သတင်းထောက်၏ အနောက်ဘက် ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့် အကွာအဝေးရှိ ရင်ပြင်အလယ်ဗဟိုတည့်တည့်သို့ ဝုန်းခနဲ ပြုတ်ကျလာလေသည်။

သတင်းထောက်မှာ လန့်ဖျပ်သွားခဲ့ရပြီး လက်ထဲက မိုက်ခရိုဖုန်းကို ပစ်ချကာ ကင်မရာဆီသို့ ပြေးသွားရင်း အလန့်တကြား အော်ဟစ်လိုက်တော့သည်။

“ဒီမှာ တစ်ခုခု ဖြစ်ပွားနေပါပြီ... ဒါက ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်း မဟုတ်ပါဘူး၊ ဒါပေမဲ့...”

သူ့စကားလုံးများမှာ တိခနဲရပ်တန့်သွားရပြီး သူ့မျက်နှာတစ်ခုလုံး ကြောက်လန့်တုန်လှုပ်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားရသည်။ ထင်ရှားသည်မှာ သူသည် ကင်မရာအပြင်ဘက်က တစ်ခုခုကို လှမ်းမြင်လိုက်ရခြင်းပင်။

“ကောင်းကင်ဘုံ၊ ဒါက ဘာကြီးလဲ”

တီဗီဖန်သားပြင်ပေါ်က သတင်းကြေညာသူက နားကြပ်ထဲမှတစ်ဆင့် လှမ်းအော်လိုက်သည်။

“ပေါလ် ပေါလ်... မင်း ဘာမြင်လိုက်ရတာလဲ”

“ဒါက အမွေး၊ အမွေးထူ...”

ပေါလ်သည် နှစ်ကြိမ်ခန့် လှမ်းအော်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု လိုင်းပြတ်တောက်သွားပြီး စခရင်တစ်ခုလုံး အမှောင်အတိ ကျသွားတော့သည်...။

ပေါလ်နှင့် ကင်မရာမန်းတို့ အသက်ရှိ/မရှိကို ဂရုမစိုက်အားဘဲ ဖုန်းပုကြွယ်မှာ ဆယ်စက္ကန့်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ့တွင် လူများကို ကယ်ဆယ်နေရန် သို့မဟုတ် စည်းကမ်းလိုက်လံထိန်းသိမ်းနေရန် အချိန်မရှိချေ။ သူသည် ထိုမကောင်းဆိုးဝါးကြီးမှာ တစ်ကောင်တည်း မဟုတ်ကြောင်းနှင့် ကမ္ဘာကြီးတစ်ခုလုံး တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း အသေအချာ သိရှိထားပေသည်။ သူ တစ်ယောက်တည်း စွမ်းဆောင်ရည်ဖြင့် ဘာမှ မတတ်နိုင်ချေ။

ထို့အပြင် ထိုခပ်နိမ့်နိမ့်ဟိန်းဟောက်သံ ထွက်ပေါ်လာသည့် အခိုက်အတန့်၌ စနစ်၏ အသိပေးချက်လည်း ထွက်ပေါ်လာတော့သည်။

“လက်ရှိတာဝန် ပြောင်းလဲသွားပါပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

“မဟာကပ်ဘေးကြီး ပြီးဆုံးသွားသည်အထိ ရှင်သန်အောင် နေထိုင်ပါ”

ဤတာဝန်ကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ်သည် မဆိုင်းမတွဘဲ ဈေးဝယ်စင်တာအတွင်းသို့ ပြေးဝင်လိုက်သော်လည်း သူ ခြေချလိုက်သည်နှင့် နောက်ထပ် အသိပေးချက်တစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာပြန်သည်။

“ဘေးထွက်တာဝန်ကို စတင်လိုက်ပါပြီ”

“စတန်၏ မိဘများနှင့် အစ်မဖြစ်သူတို့ကို ဈေးဝယ်စင်တာဆီသို့ ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်လာပါ”

“သေစမ်း... ငါက ဈေးဝယ်စင်တာရဲ့ ဝင်ပေါက်ကိုတောင် ရောက်နေပြီကို၊ သူတို့က အခုမှ ဘေးထွက်မစ်ရှင်ကို လာထုတ်ပေးတယ်လား”

ဖုန်းပုကြွယ် ကျိန်ဆဲလိုက်သည်။

ဤတာဝန်တွင် အချိန်နှင့်တစ်ပြိုင်နက်တည်း ပြသပေးမည့် အထူးတိကျသော လမ်းညွှန်ချက်များ ပါဝင်ပေသည်။ ဖုန်းပုကြွယ်၏ ဂိမ်းမီနူးထဲတွင် ရေဒါကဲ့သို့သော မျက်နှာပြင်တစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး စတန်၏ မိသားစုဝင်များရှိရာ နေရာများကို မှတ်သားဖော်ပြပေးနေရာ ၎င်းမှာ စနစ်က သူ့အား ဤတာဝန်ကို လုပ်ဆောင်ရန် ဆွဲဆောင်နေသည့်အလားပင်။

သာမန်အဆင့် ခက်ခဲမှုတွင်ဆိုပါက ဤဘေးထွက်တာဝန်သည် ဖုန်းပုကြွယ် မြို့ထဲသို့ စတင်ခြေချလိုက်သည်နှင့် ပေါ်ထွက်လာမည်ဖြစ်ရာ သူသည် ကပ်ဘေးကြီး မစတင်မီ စတန်၏ မိသားစုဝင်များကို လှည့်ဖြား၍ဖြစ်စေ သို့မဟုတ် ပြန်ပေးဆွဲ၍ဖြစ်စေ ဈေးဝယ်စင်တာဆီသို့ အလွယ်တကူ ခေါ်ဆောင်လာနိုင်မည် ဖြစ်သည်။

သို့သော်လည်း အိပ်မက်ဆိုးအဆင့် ခက်ခဲမှုတွင်တော့ ဤတာဝန်က ကပ်ဘေးကြီး၏ ဖရိုဖရဲအခြေအနေကြီးထဲမှ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်အနေဖြင့် ၎င်းကို လုံးဝ သွားမလုပ်ဘဲ ထားလိုက်ရမည် သို့မဟုတ် ဧရာမ စွန့်စားမှုကြီးတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်သည်...။

ဆယ်စက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက်တွင်မူ ဖုန်းပုကြွယ်က ပြတ်သားစွာ ပြောလိုက်တော့သည်။

“ငါ မင်းတို့နဲ့ အသေချပစ်မယ်ကွာ”

သူသည် အံတင်းတင်းကြိတ်၍ ခြေဆောင့်လိုက်ပြီးနောက် ဆေးဝါးပစ္စည်းများ ထည့်ထားသည့် ခရီးဆောင်ကျောပိုးအိတ်ကို ပုခုံးပေါ်သို့ လွယ်လိုက်ကာ ဗုံးပစ်လောင်ချာ တွဲလျက်ပါဝင်သည့် အန်ဒိုပစ္စတိုသေနတ်ကို ထုတ်ယူလျက် ရေဒါက ညွှန်ပြနေသည့် ဦးတည်ရာဆီသို့ ပြေးထွက်လိုက်တော့သည်။

ဤအချိန်တွင် လက်နက်များ ကိုင်ဆောင်၍ လမ်းမများပေါ် ဝုန်းဒိုင်းကြဲ ပြေးလွှားနေခြင်းက ပြဿနာမရှိတော့ချေ။ နေရာတိုင်းတွင် ထိတ်လန့်ခြောက်ခြားနေသည့် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ရဲများနှင့် စစ်သားများမှာလည်း ထိုမကောင်းဆိုးဝါးများကို ဖြေရှင်းရန်အတွက် အလုပ်များလွန်းနေသဖြင့် သူ့ကို အာရုံစိုက်ရန် အချိန်မရှိကြချေ။

ဖုန်းပုကြွယ် တခဏမျှ ပြေးပြီးနောက် သူ၏ သက်လုံအမှတ်များ လျင်မြန်စွာ ကျဆင်းနေသည်ကို သတိပြုမိသွား၏။ သူ တွေးလိုက်မိသည်။

“ဒီပစ္စည်းတွေက တကယ်လေးလွန်းတယ်၊ ကြည့်ရတာ ငါ ကားတစ်စီးတော့ လိုလိမ့်မယ်ထင်တယ်”

သူသည် GTA ဂိမ်းထဲကကဲ့သို့ ကားတားစီးရန် မစဉ်းစားခဲ့ချေ။ လက်ရှိ အခြေအနေအရ ကားသမားများက လီဗာကို တစ်ဆုံးနင်းပြီး သူ့ကို ဖြတ်ကြိတ်သွားနိုင်မည့် အခွင့်အရေးက ပိုများနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် နောက်ထပ် လမ်းတစ်ကွေ့စာခန့် ပြေးလွားခဲ့ပြီးနောက် လမ်းကြားတစ်ခုထဲတွင် ရပ်တန့်ထားသည့် ကားတစ်စီးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူသည် အပြေးအလွှား သွားရောက်လိုက်ပြီး ကားထဲတွင် လူမရှိကြောင်းနှင့် သော့ခတ်ထားကြောင်း အတည်ပြုပြီးနောက် ကားဘေးမှန်ကို သေနတ်ဒင်ဖြင့် ရိုက်ခွဲလိုက်တော့သည်။

ကားတံခါးဖွင့်၍ အထဲဝင်ပြီးနောက် ဖုန်းပုကြွယ်သည် ယာဉ်မောင်းထိုင်ခုံအောက်ရှိ ထိန်းချုပ်ပန်နယ်ကို ကျွမ်းကျင်စွာဖြင့် ဆုတ်ဖြဲပစ်လိုက်ပြီး ဝါယာကြိုးပုံကြီးထဲမှ ဝါယာကြိုးနှစ်ချောင်း (အဖိုနှင့် အမ) ကို အမြန်ရှာကာ ၎င်းတို့ကို ပူးကပ်လိုက်သည်။

မိနစ်အနည်းငယ်အကြာတွင်မူ သူသည် လမ်းကြားထဲမှ ကားကို နောက်ဆုတ်မောင်းထုတ်လာပြီး ဂီယာချိန်းကာ လီဗာကို တစ်ဆုံးနင်းလိုက်တော့သည်။

ဤအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ အမှောင်အတိ ကျသွားပြီဖြစ်သည်။ လမ်းမီးတိုင်အများစုမှာလည်း ပျက်စီးနေပြီး နေရာတိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် လူအုပ်ကြီးဖြင့် ပရမ်းပတာ ဖြစ်နေလေသည်။

ဖုန်းပုကြွယ်သည် ကားရှေ့မီးကြီးကို ဖွင့်ကာ ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေးထားပြီး အရှိန်ပြင်းပြင်း မောင်းနှင်လိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ရေဒါပေါ်က အစက်လေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး လမ်းကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ မျှော်လင့်မထားစွာဖြင့် ထိုလမ်းကွေ့တွင် သူ စတီယာရင်ကို လှည့်လိုက်ချိန်တွင် ဧရာမမကောင်းဆိုးဝါးတစ်ကောင်၏ ပုံရိပ်ကြီးက သူ့ရှေ့တည့်တည့်တွင် ပေါ်ထွက်လာတော့သည်။

ဖုန်းပုကြွယ် ချက်ချင်းပင် ဘရိတ်ဆောင့်အုပ်လိုက်သော်လည်း ကားမှာ အရှိန်မသေဘဲ ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ဆီသို့ ဆက်လက် လျှောတိုက်ဝင်သွားခဲ့သည်။

မတော်တဆမှု မဖြစ်ပွားမီ စက္ကန့်ပိုင်းအလို အခိုက်အတန့်တွင် သာမန်ကားမောင်းသမားတိုင်းသည် မိမိတို့၏ ဗီဇအတိုင်း စတီယာရင်ကို စိုးရိမ်တကြီး လှည့်ပတ်မိကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဖုန်းပုကြွယ်ကတော့ ကြောက်ရွံ့ခြင်း မရှိချေ။ ဤကဲ့သို့ အလွန်အမင်း စိုးရိမ်စရာကောင်းလှသော အခိုက်အတန့်တွင်ပင် သူသည် တည်ငြိမ်မှု ရှိနေဆဲဖြစ်ကာ အသိဉာဏ်ရှိရှိနှင့် အထိရောက်ဆုံး တုံ့ပြန်ဆောင်ရွက်လိုက်သည်။

ကားသည် အီနားရှားသဘောတရားကြောင့် ရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး ထိုဧရာမအရာကို တိုက်တော့မည့်ဆဲဆဲ ဖြစ်နေလေသည်။ ဖုန်းပုကြွယ်သည် တည်ငြိမ်စွာဖြင့် လက်တစ်ဖက်ဖြင့် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ကိုမူ စတီယာရင်ကို မြဲမြံစွာ ဆုပ်ကိုင်ထားကာ အရှေ့တည့်တည့် အနေအထားကို ထိန်းသိမ်းထားခဲ့သည်။

ခါးပတ်ဖြုတ်ပြီးနောက်တွင်မူ သူသည် ဘေးထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်နှင့် ရိုင်ဖယ်သေနတ်ကို အမြန် လှမ်းယူလိုက်သည်။

ဤလုပ်ဆောင်မှုအားလုံးကို နှစ်စက္ကန့်အတွင်း အပြီးသတ်လုပ်ဆောင်ပြီးနောက် ကားအရှေ့ပိုင်းမှာ ထိုဧရာမအရာကြီး၏ အမွေးပွခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ဝင်ဆောင့်မိတော့သည်။

ဖုန်းပုကြွယ်သည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သဖြင့် သူသည် ခန္ဓာကိုယ်အနေအထားကို ချိန်ညှိကာ လက်တစ်ဖက်ဖြင့် ရိုင်ဖယ်သေနတ်နှင့် ကျောပိုးအိတ်ကြိုးများကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုမူ ဝင်တိုက်မှုဒဏ်ကို ခုခံရန် အသုံးပြုလိုက်သည်။

ကျယ်လောင်လှသော ဝုန်းခနဲ အသံကြီးနှင့်အတူ... ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် ကားရှေ့မှန်ကို ရိုက်ခွဲကာ ဘေးတိုက်ပျံထွက်သွားပြီး ထိုဧရာမအရာကြီး၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ဆီသို့ ဝင်ဆောင့်မိသွားတော့သည်။ ကနဦးတိုက်ခိုက်မှုအရှိန် လျော့ကျသွားပြီးနောက် သူသည် ကားအရှေ့ဖုံးပေါ်သို့ လိမ့်ကျလာခဲ့သည်။

ထို့နောက် သူသည် လျင်မြန်စွာဖြင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ခါးအားကို အသုံးပြု၍ ထိုင်လျက် အနေအထားသို့ ကူးပြောင်းလိုက်သည်။ ဤအဆက်မပြတ်လှုပ်ရှားမှုတစ်ခုလုံးသည် မည်သည့် ချို့ယွင်းချက်မျှ မရှိအောင် ပြီးပြည့်စုံလှသည်။ သူသည် လက်မောင်းကို ဝှေ့ယမ်း၍ ကျောပိုးအိတ်ကြိုးကို ဘယ်ဘက်ပုခုံးပေါ်သို့ သိုင်းလွယ်လိုက်ပြီး ညာလက်ဖြင့် သေနတ်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ခြေကို ဆောင့်ချလိုက်တော့သည်...။ ထိုမကောင်းဆိုးဝါး မလှုပ်နိုင်မီမှာပင် သူသည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အကွာအဝေးသို့ ခုန်ထွက်သွားပြီ ဖြစ်သည်။ ဤအချိန်တွင် ဖုန်းပုကြွယ် နောက်လှည့်မကြည့်ဝံ့ချေ။ သူသည် ရှေ့သို့သာ အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း သူနှင့် ထိုမကောင်းဆိုးဝါးကြားက အကွာအဝေးကို ပိုမိုကွာဝေးအောင် လုပ်ဆောင်လိုက်သည်။

ဖုန်းပုကြွယ်အနေဖြင့် ထိုမကောင်းဆိုးဝါး၏ အသွင်အပြင်ကို မျက်စိဖြင့် အတည်မပြုချင်၍ မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် သူသည် ဤမကောင်းဆိုးဝါးများ မည်သည့်ပုံစံရှိကြောင်းကို အစကတည်းက သိရှိထားသောကြောင့် ဖြစ်သည်။ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်း၏ အပိုင်းနှစ်ပိုင်းကို ပြန်လည်တွေးတောမိလိုက်သည်နှင့် သူ့ဦးနှောက်ထဲတွင် ပထမဆုံး ပေါ်ထွက်လာခဲ့သည်မှာ ဤဧရာမအရာကြီးများ၏ အသွင်အပြင်ပင် ဖြစ်တော့သည်။

ဤဧရာမအရာကြီးများ၏ အသွင်အပြင်ကို ဖော်ပြရမည်ဆိုလျှင် အမှန်တကယ်တော့ အလွန်လွယ်ကူပါသည်။ ၎င်းတို့မှာ အုပ်စုလိုက် ရှိနေကြသည့် ဧရာမ... ပူးကောင်များပင် ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်မွေးတိရစ္ဆာန် ပူးကောင်လေးများနှင့် ရုပ်သွင်ချင်း အတူတူ ဖြစ်သော်လည်း ထူးခြားချက်မှာ ငါးထပ်တိုက် အဆောက်အအုံခန့် မြင့်မားကြပြီး အတိုင်းအတာတစ်ခုအထိ ရန်လိုတတ်သည့် စွမ်းရည် ရှိကြခြင်းပင်။ အချို့ဆိုလျှင် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပျားပုံစံ၊ ယုန်ပုံစံ စသည်ဖြင့် ဝတ်ဆင်ထားကြသေးသည်...။

ဤဧရာမ ချစ်စရာသတ္တဝါကြီးများက မည်သည့်နေရာက ရောက်ရှိလာကြကြောင်း သို့မဟုတ် သူတို့တွင် အသိဉာဏ် ရှိ/မရှိကိုတော့ ဘယ်သူမှ မသိကြချေ။ ၎င်းတို့သည် အမည်မသိနေရာမှ ရုတ်ချည်း ပေါ်ထွက်လာကြပြီး ကမ္ဘာတစ်ဝန်းလုံးတွင် “ပူးကောင်တိုက်ခိုက်မှု”ကို စတင်ပြုလုပ်ခဲ့ကြကာ နေရာတိုင်းတွင် လူများကို ကိုက်စားပြီး အိမ်များကို ဖျက်ဆီးနေကြခြင်း ဖြစ်သည်။

“ဘယ်လိုလုပ်ရမလဲ... ငါဒါကို ပတ်သွားရမလား...”

ဖုန်းပုကြွယ်သည် ပြေးလွှားနေရင်း ပတ်ဝန်းကျင်မြေပြင်အနေအထားနှင့် မီနူးထဲက ရေဒါကို ကြည့်ရှုကာ သင့်တော်မည့်လမ်းကြောင်းကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ပင် နောက်ထပ်မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ ကောင်းကင်ယံမှ ဝူးခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာသဖြင့် သူမော့ကြည့်လိုက်ရာ F-15 တိုက်လေယာဉ်သုံးစင်းက ကောင်းကင်ကို ဖြတ်သန်းပျံသန်းသွားရင်း သူ့ထံသို့ ဒုံးကျည်အမြောက်အမြား ပစ်လွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

All Chapters