← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) တာဝန်ဆုလာဘ်နဲ့ ပြည့်စုံသွားတဲ့ အသုံးအဆောင်များ

ရွှီယန်သည် နှင်းပြင်ထဲသို့ သွားကာ မြေပြင်ပေါ်တွင် သတိလစ်နေသော လန်တာတန်ငှက်လေးကို ကောက်ယူလိုက်၏။

ဘေးနားရှိ သစ်ကိုင်းများပေါ်တွင်လည်း အခြား လန်တာတန်ငှက် အနည်းငယ် ပျံသန်းနေကြသေးသည်။

သူတို့က ရွှီယန်ကို မြင်သော်လည်း မကြောက်ရွံ့ကြဘဲ ဘေးနားရှိ သစ်ကိုင်းပေါ်တွင် နားကာ ဤဘက်သို့ လှမ်းကြည့်နေကြ၏။

ရွှီယန်သည် သူ၏ လက်ထဲရှိ အပြာရောင် ငှက်လေးကို ကြည့်လိုက်သည်။

ဤကောင်လေးမှာ အပျံမြန်လွန်း၍ ဝင်တိုက်မိကာ သတိလစ်သွားခြင်းသာ ဖြစ်ပြီး အခြား ဒဏ်ရာဒဏ်ချက်များ မရှိချေ။

တောထဲတွင် တိရစ္ဆာန်များ အလွန်များပြားလှရာ တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာရခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။

ရွှီယန်သည် ၎င်းကို လက်ဖဝါးထဲတွင် ပွေ့ပိုက်ကာ ခဏမျှ ကြည့်နေလိုက်၏။

ကောင်လေးက အတော်လေး ဆူဖြိုးလှသည်။

သာမန် စာကလေးများထက် အနည်းငယ် ပိုဆူသော်လည်း သူ မွေးထားသော ငှက်ဆူဖြိုးလေး နှစ်ကောင်ကိုတော့ မမီချေ။

သေးသေးကွေးကွေးလေးနှင့် အတော်လေး ချစ်စရာကောင်းလှ၏။

ကျားသစ်လေးက ဘေးတွင် ရပ်နေပြီး ခေါင်းပြူထွက်လာကာ ရွှီယန်၏ လက်ထဲရှိ လန်တာတန်ငှက်လေးကို စိုက်ကြည့်နေသည်။

၎င်း၏ မျက်လုံးများထဲတွင် အနည်းငယ် သိချင်စိတ်များ ရှိနေပုံရ၏။

ဘေးနားရှိ လန်တာတန်ငှက်များ အနားမလာရဲကြခြင်းမှာ ဘေးတွင် ကျားသစ် ရှိနေသောကြောင့် ဖြစ်ပေမည်။

လန်တာတန်တို့က လူကို မကြောက်သော်လည်း ကြောင်မျိုးရင်းဝင်များကို မကြောက်ဟု မဆိုလိုချေ။ အထူးသဖြင့် ကြောင်ကြီးများကိုပင် ဖြစ်သည်။

ရှောင်ဟွာ၏ အကြည့်များက ဤသို့ ဆိုနေသယောင်ပင်။

'မင်းတို့ကို လန်တာတန်လို့ ခေါ်တာလား...'

လန်တာတန်ငှက်လေးများကလည်း ပြန်လည် တုံ့ပြန်နေသကဲ့သို့ပင်။

'ကျွန်တော်တို့ကို ကျူးကျူးလို့ပဲ ခေါ်ပါ...'

ရှောင်ဟွာက ရွှီယန်၏ လက်ပေါ်သို့ ခေါင်းတိုးလာပြီး လန်တာတန်ငှက်လေး၏ အနံ့ကို ခံကြည့်ချင်နေပုံရ၏။

ရွှီယန်က ၎င်း၏ ခေါင်းကို အလျင်အမြန် ဖွဖွလေး ဖိထားလိုက်သည်။

"ရှောင်ဟွာ... မင်း အနားမလာနဲ့... သူက တိုက်မိလို့ မသေဘဲ မင်းကြောင့် လန့်သေသွားလိမ့်မယ်..."

ရွှီယန်က တားဆီးလိုက်၏။

လန်တာတန်ငှက်လေး၏ အရွယ်အစားမှာ ရှောင်ဟွာအတွက်တော့ တစ်ကိုက်စာသာ ရှိပြီး ကြောင်များက မူလကတည်းက ငှက်စားရသည်ကို နှစ်သက်ကြရာ ရှောင်ဟွာက တကယ်ပင် တစ်လုတ်တည်း မျိုချသွားနိုင်ပေသည်။

ရွှီယန်၏ စကားကို ကြားသောအခါ ရှောင်ဟွာသည် ချက်ချင်းပင် နောက်သို့ တစ်လှမ်း ဆုတ်သွားကာ အနားသို့ ဆက်မလာတော့ချေ။

ရွှီယန်သည် လက်ထဲရှိ အပြာရောင် ငှက်လေးကို ကြည့်လိုက်ရာ ဤငှက်လေးမှာ သေဆုံးသွားသကဲ့သို့ပင် ငြိမ်သက်နေသည်။

ရွှီယန်က ၎င်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နွေးထွေးအောင် လုပ်ပေးလိုက်ပြီး လန်တာတန်ငှက်လေး၏ ခေါင်းပေါ်သို့ လေပူမှုတ်ထုတ်လိုက်၏။

"ဟား..."

ဤသို့လုပ်ပေးပါက လန်တာတန်ငှက်လေး ပိုမို နွေးထွေးသွားပြီး အလွယ်တကူ သတိရလာနိုင်မည်ဟု သူ ထင်မှတ်ထားသည်။

ထူးဆန်းသည်မှာ ဤသို့ အနည်းငယ် လှုပ်ရှားပေးလိုက်ရုံဖြင့် လန်တာတန်ငှက်လေး တကယ်ပင် သတိရလာခဲ့ခြင်း ဖြစ်၏။

လန်တာတန်ငှက်လေးသည် ဘာဖြစ်သွားမှန်း မသိသော်လည်း အတော်လေး နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။

၎င်းက မျက်လုံးဖွင့်ကာ ရွှီယန်ကို ကြည့်လိုက်၏။

ရွှီယန်သည်လည်း ၎င်းကို ဆုပ်ကိုင်ထားသော လက်များကို ဖြေလျှော့ပေးလိုက်ပြီး ပွေ့ပိုက်ထားသည့် ပုံစံမျိုး ပြောင်းလဲလိုက်သည်။

လန်တာတန်သည် တကယ်ကို သတ္တိကောင်းပြီး လူကို လုံးဝ မကြောက်ရွံ့ဘဲ ရွှီယန်၏ လက်ထဲတွင်ပင် မတ်တတ်ရပ်ကာ အနားယူနေတော့၏။

မြင်ကွင်းလေးမှာ အတော်လေး နွေးထွေးစရာ ကောင်းနေသည်။

ကျားသစ်လေးကလည်း ဘေးမှနေ၍ သိချင်စိတ်ဖြင့် စူးစမ်းနေ၏။

ထိုအချိန်တွင် အခြား လန်တာတန်ငှက်များထံမှ အော်မြည်သံ အချို့ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားသောအခါ ရွှီယန်၏ လက်ထဲရှိ လန်တာတန်ငှက်လေးသည် ချက်ချင်းပင် ကျားသစ်ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ပြီးနောက် တစ်ဟုန်ထိုး ခုန်တက်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားလိုက်တော့၏။

ဤကောင်လေးက လူကို မကြောက်သော်လည်း ကျားသစ်ကိုတော့ ကြောက်ပေသည်။

ရှောင်ဟွာ၏ အမူအရာက အနည်းငယ် အပြစ်ကင်းမဲ့သည့်ပုံ ပေါက်နေပြီး ဤကောင်လေးများက ၎င်းကို ဘာကြောင့် ကြောက်ရသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေ၏။ ၎င်း၏ ရုပ်ထွက်မှာလည်း ကြောက်စရာ မကောင်းလှချေ။

ရွှီယန်သည် ကျားသစ်လေးကို တစ်ချက် ကြည့်လိုက်ရာ ကောင်လေးမှာ မျက်နှာငယ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ရပါတယ်... မင်း အပြစ်မှ မဟုတ်တာ... ငါ့ မျက်လုံးထဲမှာတော့ မင်းက အရမ်း ချစ်စရာကောင်းနေတုန်းပါပဲ..."

ရွှီယန်က နှစ်သိမ့်လိုက်၏။

[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါသည်]

[ဆုလာဘ် ရရှိပါသည် - အပြာရောင် ဖုန်းကာဗာ တစ်ခု]

[အပြာရောင် ဖုန်းကာဗာ - အထူးပြုလုပ်ထားသော ဖုန်းကာဗာ ဖြစ်ပြီး ဖုန်းကို နွေးထွေးစေနိုင်ပါသည် အနှုတ် လေးဆယ်ဒီဂရီ ရှိသော ပတ်ဝန်းကျင်တွင်ပင် ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနိုင်စေပါသည်]

[လက်ခံသူ အနေဖြင့် မိမိစိတ်ကြိုက် ပုံစံဒီဇိုင်းများကို ရွေးချယ်နိုင်ပါသည်]

ထိုအချိန်တွင် ရွှီယန်၏ ခေါင်းထဲ၌ စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့၏။

စနစ်၏ အသိပေးသံကို ကြားလိုက်ရမှသာ ဆုလာဘ်အဖြစ် ရရှိသော ဖုန်းကာဗာတွင် အခြား အသုံးဝင်မှုများ ရှိနေသေးကြောင်း ရွှီယန် သိရှိသွားတော့သည်။ အတော်လေး မဆိုးလှချေ။

သို့သော် အလွန်အမင်း အသုံးဝင်လှသည်တော့ မဟုတ်ပေ။ အကြောင်းမှာ အနှုတ် လေးဆယ်ဒီဂရီ ဆိုပါက ဒရုန်းပင် ပျံသန်းနိုင်မည် မဟုတ်ဘဲ သူ ကိုယ်တိုင်လည်း နေရာအနှံ့ လျှောက်သွားမည် မဟုတ်သောကြောင့် ဖြစ်၏။ ယနေ့ လိုက်ဖ်မလွှင့်ရခြင်းမှာလည်း ရာသီဥတု အရမ်းအေးလွန်းပြီး အဆင်မပြေသောကြောင့်ပင် ဖြစ်သည်။

ရွှီယန်သည် ရိုးရှင်းသော တာဝန် နှစ်ခုခန့် လုပ်ဆောင်ပြီး အနားယူရန်သာ ရည်ရွယ်ထား၏။ ပထမ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ရာ သူက ဒုတိယ တာဝန်ကို ထပ်မံ ဖော်ထုတ်လိုက်သည်။

[ရတနာရှာဖွေရေး တာဝန် ဖော်ထုတ်ပါသည် - အိပ်စက်နေစဉ် ဓာတ်ပုံတွဲရိုက်ပါ]

[တာဝန် လိုအပ်ချက် - အိပ်စက်နေသော နှင်းယုန်... သမင်နီ သို့မဟုတ် မြေခွေးဖြူ တစ်ကောင်ကောင်နှင့် ဓာတ်ပုံ တွဲရိုက်သည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ]

[တာဝန် ဆုလာဘ် - နှင်းတောစီး အနွေးဘွတ်ဖိနပ် တစ်ရံ]

ဒုတိယ တာဝန်က ဓာတ်ပုံ တွဲရိုက်ရမည့် တာဝန် တစ်ခု ဖြစ်၏။

ဓာတ်ပုံ တွဲရိုက်ရသည့် တာဝန်များက နှိုင်းယှဉ်ကြည့်ပါက အတော်လေး လွယ်ကူပေသည်။

နှင်းယုန်၊ သမင်နီနှင့် မြေခွေးဖြူ တို့က အအေးဒဏ်ကို မကြောက်ကြသဖြင့် ဆောင်းတွင်းတွင် နှင်းပြင်ပေါ်၌ တိုက်ရိုက် အိပ်စက်နိုင်ကြသည်။

အလားတူ တိရစ္ဆာန်များစွာ ရှိသေးပြီး ဥပမာအားဖြင့် အရှေ့မြောက်ကျား ပင် ဖြစ်၏။

အရှေ့မြောက်ကျား၏ သားမွေးများကလည်း အနွေးဓာတ် ကောင်းမွန်သဖြင့် အချို့သော ကျားများက နှင်းပြင်ပေါ်တွင် လှဲချလိုက်ရုံဖြင့် အိပ်ပျော်သွားတတ်ကြသည်။

အချို့သော တိရစ္ဆာန်များက အေးမြသော ပတ်ဝန်းကျင်ကို နှစ်သက်တတ်ကြ၏။

နိုင်ငံရပ်ခြားရှိ လယ်ယာခြံဝင်း အချို့တွင် မွေးမြူထားတတ်သော တောင်ပေါ်ခွေးကြီးများ ဆိုလျှင် ဆောင်းတွင်း၌ အပြင်ဘက်တွင် အိပ်ရသည်ကို နှစ်သက်ကြပြီး နွေးထွေးသော အိမ်ထဲသို့ ဝင်ရသည်ကိုပင် မနှစ်သက်ကြချေ။

ရွှီယန်၏ လယ်ယာခြံဝင်းတွင် မွေးထားသော တိရစ္ဆာန်များအနက် ရှောင်ဟေးနှင့် ရှောင်ဟွာတို့က အအေးဒဏ်ကို မကြောက်ကြပေ။

မာလီနွိုက်ခွေး ယွမ်ပေါင် ကတော့ ခန္ဓာကိုယ် ပိန်သွယ်ပြီး အမွေးတိုသဖြင့် အအေးဒဏ်ကို အလွန် ကြောက်ကာ နေ့တိုင်း အင်္ကျီဝတ်ထားမှသာ အပြင်ထွက် လှုပ်ရှားနိုင်၏။

ရွှီယန်သည် ဖုန်းမြေပုံကို ကြည့်လိုက်သည်။

စနစ်က မြေပုံထဲတွင် တိရစ္ဆာန်များ၏ တည်နေရာကို ပြသပေးထားပြီး ဖြစ်၏။

၎င်းတို့နှင့် ဓာတ်ပုံ တွဲရိုက်ရသည်မှာ အလုပ်မရှုပ်လှဘဲ အနားသို့ လျှောက်သွားရုံသာ ဖြစ်သည်။

သို့သော် ဓာတ်ပုံ တွဲရိုက်ရမည့် လိုအပ်ချက်မှာ တစ်မီတာ အကွာအဝေး အတွင်းတွင် ဖြစ်သဖြင့် ရွှီယန် အနေဖြင့် ခိုးကြောင်ခိုးဝှက် သွားရောက်ရန် လိုအပ်ပေသေးသည်။

တိရစ္ဆာန် သုံးကောင်ထဲမှ တစ်ကောင်ကို ရွေးချယ်ရုံဖြင့် လုံလောက်ပြီဖြစ်ရာ တာဝန်က အလွန် လွယ်ကူလှ၏။

နောက်ဆုံးတွင် ရွှီယန်က ချစ်စရာ မြေခွေးဖြူ တစ်ကောင်ကို ရွေးချယ်လိုက်သည်။

သူ အနားသို့ ရောက်သွားချိန်တွင် မြေခွေးဖြူလေးက နှင်းပြင်ထဲတွင် ကွေးကွေးလေး အိပ်မောကျနေ၏။

၎င်း၏ ခန္ဓာကိုယ်မှာ ဖြူစင်နေပြီး နှင်းပြင်၏ အရောင်နှင့် တစ်သားတည်း ဖြစ်နေသည်။

စနစ်ကသာ နေရာ ပြသပေးမထားပါက ရွှီယန် တကယ်ပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။

"ရှောင်ဟွာ... မင်း ဒီမှာ ခဏစောင့်နေဦး... ငါ ဟိုဘက် သွားကြည့်လိုက်ဦးမယ်..."

ရွှီယန်က ရှောင်ဟွာကို မှာကြားလိုက်၏။

ရွှီယန်၏ စကားကို ကြားသောအခါ ရှောင်ဟွာသည် ထိုနေရာတွင်သာ ရပ်ကာ စောင့်ဆိုင်းနေတော့သည်။ ရွှီယန်ကတော့ ခြေသံဖော့ကာ မြေခွေးဖြူလေး ရှိရာဘက်သို့ သတိကြီးစွာဖြင့် လျှောက်သွားလိုက်၏။

မြေခွေးဖြူလေးသည် အလွန် အိပ်မောကျနေသည်။

၎င်းက အမွေးပွပွ အမြီးကြီးကို ခန္ဓာကိုယ်အောက်တွင် ဖိထားပြီး အမြီးကို ခေါင်းအုံးကာ မျက်လုံးမှိတ်ထားပြီး ချစ်စရာ မျက်နှာလေးက ပြုံးနေသယောင်ပင်။

ကြည့်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိသည့် အခြေအနေတွင် ရှိနေပုံရ၏။

ရွှီယန်သည် ၎င်း၏ အိပ်မက်လှလှလေးကို နှောင့်ယှက်ရန် ဝန်လေးနေမိသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားရဲချေ။

အနားသို့ ချဉ်းကပ်သွားပြီးနောက် ဖုန်းကို ထုတ်ကာ သူ့ကိုယ်သူ ချိန်ရွယ်၍ ဓာတ်ပုံ တစ်ပုံ ရိုက်လိုက်ရုံသာ ဖြစ်သည်။

ထို့နောက် သူက ခြေသံဖော့ကာ ပြန်လည် ထွက်ခွာလာခဲ့၏။

မြေခွေးဖြူလေးကတော့ အိပ်မက်မက်နေစဉ် လူတစ်ယောက် ရောက်လာခဲ့ကြောင်းကို လုံးဝ မသိရှိဘဲ အေးချမ်းစွာ ဆက်လက် အိပ်စက်နေဆဲပင် ဖြစ်သည်။

ရွှီယန်သည် ကျားသစ်လေး၏ အနားသို့ ပြန်ရောက်လာခဲ့၏။

"ရှောင်ဟွာ... သွားမယ်..."

သူက ရှောင်ဟွာကို ခေါ်ကာ အပြန်လမ်းသို့ ဦးတည်လိုက်သည်။ ရှောင်ဟွာက မြေခွေးဖြူလေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရွှီယန်၏ အနောက်မှ တစ်လှမ်းချင်း လိုက်ပါကာ နှင်းတောင်ပေါ်မှ ထွက်ခွာလာခဲ့ကြ၏။

ဤရာသီတွင် အပြင်ဘက် တောင်တန်းဒေသများ၌သာ လှည့်လည်သွားလာနိုင်ပြီး အတွင်းပိုင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်တော့ချေ။ နေရာတိုင်းတွင် အန္တရာယ်များ ပြည့်နှက်နေပေသည်။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့သည် သိပ်မကြာခင်မှာပင် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့ကြ၏။

"သူဌေး... လမ်းလျှောက် ထွက်တာလား..."

ဝမ်ဝူက ရွှီယန် ပြန်လာသည်ကို မြင်သောအခါ အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... ဒီတိုင်း လျှောက်သွားနေတာပါ..."

ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်၏။

ယနေ့ ရရှိသော ဆုလာဘ်များက အတော်လေး မဆိုးလှချေ။ အိမ်ထဲသို့ ပြန်ရောက်ပြီးနောက် ရွှီယန်က ဖုန်းကာဗာကို အရင်ဆုံး လဲလှယ်လိုက်သည်။

အပြာရောင် ဖုန်းကာဗာတွင် ကိုယ်ပိုင် ဒီဇိုင်းများကို ရွေးချယ်နိုင်ပြီး နောက်ခံက ကြည့်ရသည်မှာလည်း လှပပေသည်။

ဖုန်းကာဗာ၏ အထိအတွေ့က အတော်လေး ကောင်းမွန်ပြီး ရော်ဘာသား ကဲ့သို့ ခံစားရကာ ကိုင်ရသည်မှာ အလွန် မြဲမြံလှ၏။

ရွှီယန်က နှင်းတောစီး ဘွတ်ဖိနပ်ကို ထုတ်ယူလိုက်သည်။ ဘွတ်ဖိနပ်မှာ အညိုရောင် ဖြစ်ပြီး အတွင်းတွင် ထူထဲသော သိုးမွေးများ ပါရှိကာ စီးထားရသည်မှာ အလွန် နွေးထွေးလှပေသည်။

ဤသို့ဆိုပါက ရွှီယန်၏ ဆောင်းရာသီ နှင်းတော အသုံးအဆောင်များမှာ အခြေခံအားဖြင့် ပြည့်စုံသွားပြီ ဖြစ်၏။

နှင်းတောစီး ဘွတ်ဖိနပ်... အနွေးထည်နှင့် လည်စည်းတို့ ရှိနေပြီဖြစ်ရာ အကယ်၍ အနွေးဘောင်းဘီ သို့မဟုတ် ဦးထုပ် တစ်လုံးသာ ထပ်ရှိပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

နောက်ပိုင်း အချိန်များကတော့ အနားယူရန်သာ ဖြစ်သည်။ နေ့တိုင်း တိရစ္ဆာန်လေးများကို ပြုစုယုယခြင်း... ထမင်းစားခြင်းနှင့် ဂိမ်းကစားခြင်းများသာ ပြုလုပ်နေရ၏။ တစ်နေ့တစ်နေ့ ထွေထွေထူးထူး လုပ်စရာ အလုပ်မရှိချေ။ မည်သို့ပင်ဖြစ်စေ ဆောင်းရာသီ မဟုတ်ပါလား။

တစ်ခါတစ်ရံ အင်တာနက်သုံးစွဲသူများက လိုက်ဖ်လွှင့်ရန် တောင်းဆိုလေ့ ရှိကြသည်။ ရွှီယန်ကလည်း အကောင်လေးများ ဆော့ကစားနေသည့် ဗီဒီယို အချို့ကို ရိုက်ကူးကာ စာသားလေးများ ထည့်၍ တင်ပေးလေ့ ရှိ၏။ အားလုံးက တိရစ္ဆာန်လေးများ၏ ဗီဒီယိုများကို အတော်လေး သဘောကျကြပေသည်။

မှန်လုံအိမ်ထဲရှိ ဘလူးဘယ်ရီများ အားလုံးကို ခူးဆွတ်ပြီးသွားပြီ ဖြစ်သည်။ ဘလူးဘယ်ရီ အပင်များသာ ကျန်ရှိတော့၏။ နောက်နှစ်တွင် နောက်ထပ် တစ်သုတ် ထပ်မံ ထွက်ရှိလာဦးမည် ဖြစ်သည်။

ရွှီယန်သည် ထောင်ဟွာ နှင့် ဆက်သွယ်ကာ ဘလူးဘယ်ရီများ၏ အခြေအနေနှင့် ရောင်းချရမှု အခြေအနေများကို စုံစမ်းကြည့်လိုက်သည်။

ထောင်ဟွာက သဘာဝဥယျာဉ်တွင် ဘလူးဘယ်ရီများ အလွန် လူကြိုက်များနေပြီး သူလည်း အများအပြား လက်ဆောင်ပေးခဲ့ရကြောင်း ပြောလာ၏။ နောက်ပိုင်း ထပ်ရှိပါက သူ သေချာပေါက် ထပ်မံ မှာယူဦးမည် ဖြစ်သည်။

ထို့အပြင် အခြားသော ကုန်သည်များကလည်း သဘာဝဥယျာဉ်သို့ လာရောက်ကာ ရွှီယန်နှင့် ဘလူးဘယ်ရီ အရောင်းအဝယ် ကိစ္စများကို ဆွေးနွေးခဲ့ကြသေး၏။

ဤအော်ဒါများ ရရှိထားပြီဖြစ်ရာ ရွှီယန် အနေဖြင့်လည်း ဘလူးဘယ်ရီ အထွက်နှုန်းကို တိုးမြှင့်ရန် ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။ နောက်နှစ် လယ်ယာခြံဝင်းကို တိုးချဲ့မည့် ကိစ္စမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။

နေ့ရက်များက ဤသို့ပင် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့သည်။ ရာသီဥတုက တဖြည်းဖြည်း ပို၍ အေးလာခဲ့၏။ လယ်ယာခြံဝင်း၏ ဘဝက လမ်းကြောင်းမှန်ပေါ်သို့ စတင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရွှီယန်သည် နေ့တိုင်း အိမ်ထဲတွင် ပျော်ရွှင်စွာ ဆော့ကစားနေလိုက်၏။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အကြိမ်ရေများက သိပ်မကြာခင်မှာပင် ပြန်ပြည့်သွားခဲ့ပြီး အင်တာနက်သုံးစွဲသူများကလည်း သူ့ကို လိုက်ဖ်လွှင့်ရန် အများအပြား တောင်းဆိုနေကြသည်။ ရွှီယန်က အနားယူရသည်မှာ အတော်လေး ကြာပြီဖြစ်ရာ လိုက်ဖ်လွှင့်သင့်ပြီဟု စိတ်ထဲမှ တွေးလိုက်၏။

'တောင်ထဲဝင်ဖို့က သိပ်မလွယ်ဘူး... သဘာဝဥယျာဉ် ဘက် သွားပြီး လိုက်ဖ်လွှင့်ရမလား...'

ရွှီယန် စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

မြို့ထဲရှိ သဘာဝဥယျာဉ်က အတော်လေး နာမည်ကြီးသော်လည်း အဓိကအားဖြင့် တိုင်းရင်းသား လူနည်းစုများ ပိုများပြားပြီး ကိုရီးယား တိုင်းရင်းသားများ၏ ဓလေ့စရိုက်များကို လေ့လာနိုင်ကာ မိန်းကလေးများ အနေဖြင့် ကိုရီးယား ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ဓာတ်ပုံရိုက်နိုင်ရုံမှလွဲ၍ အခြား ထွေထွေထူးထူး ကြည့်စရာ မရှိချေ။

ရွှီယန်က တွေးတောကြည့်ပြီးနောက် ဤအကြံအစည်ကို လက်လျှော့လိုက်တော့၏။ သူက တောင်ထဲနှင့်သာ ပို၍ သင့်တော်ပေသည်။ ခရီးသွား လိုက်ဖ်လွှင့်သူများ၏ စတိုင်က သူ့အတွက် လုံးဝ မသင့်တော်ချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန် အားလပ်ချိန်တွင် လူမှုကွန်ရက်ကို ကြည့်ရှုနေစဉ် ကျားနှင့် ကျားသစ် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ ကင်းလှည့်ဝန်ထမ်း ဝမ်ကျန်းဟိုင် တင်ထားသော ကင်းလှည့်ရန် ပြင်ဆင်နေသည့် ဓာတ်ပုံ တစ်ပုံကို မြင်တွေ့လိုက်ရ၏။

ထိုဓာတ်ပုံကို မြင်သောအခါ ရွှီယန်က ဝမ်ကျန်းဟိုင် ထံသို့ ချက်ချင်း စာပို့လိုက်သည်။

"ကင်းလှည့်ဖို့ လူလိုသေးလား... ကျွန်တော် လိုက်ခဲ့လို့ ရမလား..."

စာကို မြင်သောအခါ ဝမ်ကျန်းဟိုင် က အလျင်အမြန် ပြန်စာ ပို့လာခဲ့၏။

"လာခဲ့လေ..."

"ငါတို့ မင်းကို လိုအပ်နေတာပဲ..."

မူလက ဆောင်းတွင်းတွင် တောင်ပေါ်တက်ရန် အတော်လေး အန္တရာယ်များသော်လည်း ကင်းလှည့်ဝန်ထမ်းများတွင် သတ်မှတ်ထားသော ကင်းလှည့် လမ်းကြောင်း ရှိသဖြင့် အဆင်ပြေပေသည်။ လူတစ်ယောက် ပိုလာမည် ဆိုပါကလည်း ကင်းလှည့်ဝန်ထမ်းများ အနေဖြင့် သေချာပေါက် ဝမ်းသာကြမည်သာ ဖြစ်၏။

ဝမ်ကျန်းဟိုင်၏ စကားကို မြင်သောအခါ ရွှီယန်လည်း ပြုံးလိုက်မိသည်။

'ဒီလောက်တောင် လွယ်တာလား...'

သူက အတူတကွ ကင်းလှည့်ရန် လိုက်ပါရသည်မှာ အတော်လေး အလုပ်ရှုပ်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

ဝမ်ကျန်းဟိုင် က ထပ်မံ ပြောပြလာသည်မှာ ကင်းလှည့်ခြင်းက တာဝန် တစ်ခု ဖြစ်ပြီး သူတို့၏ ကင်းလှည့်စခန်းမှ စခန်းမှူးကို တစ်ချက် ပြောပြလိုက်ရုံဖြင့် အဆင်ပြေကြောင်းပင်။

အကယ်၍ အခြားသူများ လာမည်ဆိုပါက သူတို့၏ လုံခြုံရေးကို ဂရုစိုက်ရမည် ဖြစ်သဖြင့် ဝမ်ကျန်းဟိုင် က သေချာပေါက် သဘောတူမည် မဟုတ်ချေ။ သို့သော် ရွှီယန် လာမည်ဆိုပါက ဝမ်ကျန်းဟိုင် က လက်နှစ်ဖက် မြှောက်၍ပင် ထောက်ခံပေသည်။

ကင်းလှည့် လမ်းကြောင်းမှာ အမျိုးသား ကျားနှင့် ကျားသစ် သစ်တောဥယျာဉ် အတွင်းတွင် ဖြစ်ပြီး တကယ်လို့ ကျားများ ကျားသစ်များ ရှိနေပါက သူတို့၏ လုံခြုံရေးအတွက် ရွှီယန်ကိုပင် အားကိုးရနိုင်သေးသည် မဟုတ်ပါလား။

ထို့ကြောင့် နှစ်ဖက်စလုံး သဘောတူညီမှု ရရှိပြီးနောက် ရွှီယန်သည် အမျိုးသား ကျားနှင့် ကျားသစ် သစ်တောဥယျာဉ် သို့ အတူတကွ သွားရောက် ကင်းလှည့်ရန် ရည်ရွယ်လိုက်၏။ ခံစားရသည်မှာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ တကယ်ပဲ ကျားများ ကျားသစ်များနှင့် ဆုံတွေ့ရမလား ဆိုသည်ကိုတော့ မသိနိုင်သေးချေ။

ထို့ကြောင့် ရွှီယန်သည် ဝန်ထမ်းများကို အလုပ်များ သေချာ မှာကြားခဲ့ပြီးနောက် အသုံးအဆောင် အပြည့်အစုံကို ဝတ်ဆင်ကာ အမျိုးသား ကျားနှင့် ကျားသစ် သစ်တောဥယျာဉ် ရှိရာဘက်သို့ တိုက်ရိုက် ထွက်ခွာသွားတော့၏။

All Chapters