အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) အမျိုးသား သစ်တောဥယျာဉ်ရဲ့ ရှုခင်း... ကျားတွေရဲ့ နယ်မြေ
နံနက်ခင်းအချိန်။
ချန်ပိုင်တောင်တန်းကြီးက ယခင်အတိုင်းပင် နှင်းများ ဖုံးလွှမ်းနေပြီး ဖြူစင်သန့်ရှင်းနေသည်။
ရွှီယန်သည် ကင်းလှည့်အဖွဲ့၏ တောစီးကားပေါ်သို့ တက်ကာ တောင်ထဲသို့ ဝင်ရောက်လာခဲ့၏။
ကင်းလှည့်အဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဗီဒီယိုများ ရိုက်ကူးနေကြသည်။ သူတို့က ကင်းလှည့်သည့် လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ထားလေ့ ရှိ၏။
ခရီးစဉ်က အတော်လေး ပေါ့ပေါ့ပါးပါး ရှိလှသည်။
သတ်မှတ်နေရာသို့ ရောက်သောအခါ တောစီးကား ရပ်တန့်သွားပြီး အားလုံး ကားပေါ်မှ ဆင်းလာကြသည်။
ကားပေါ်တွင် ကင်းလှည့်ဝန်ထမ်း စုစုပေါင်း ငါးယောက် ပါလာပြီး အားလုံးက ကန္တာရရောင် ယူနီဖောင်းများကို ဝတ်ဆင်ကာ ကျောပိုးအိတ်ကိုယ်စီ လွယ်ထားကြ၏။
ထိုအထဲမှ သုံးယောက်က တောင်ထဲဝင်၍ ကင်းလှည့်ရမည်ဖြစ်ပြီး နှစ်ယောက်ကတော့ အပြင်ဘက်မှ ဆက်သွယ်ရေးနှင့် အကူအညီပေးရေးကို တာဝန်ယူရမည် ဖြစ်သည်။
နောက်ထပ် တစ်ယောက်ကတော့ ရွှီယန်ပင်။
"လာ... ရိက္ခာတွေ ခွဲမယ်... ကိုယ်စားချင်တာကိုယ် လာရွေးကြ"
"ဒီဘက်မှာ ကိတ်မုန့်... ပေါင်မုန့်... ချောကလက် အကုန်ရှိတယ်... အချိုရည်တွေလည်း ရှိတယ်"
ကင်းလှည့်ဝန်ထမ်း တစ်ယောက်က သရေစာများ အပြည့်ပါသော ပလတ်စတစ်အိတ်ကြီး နှစ်အိတ်ကို ဆွဲကာ လှမ်းအော်လိုက်သည်။
အားလုံးက မိမိစားချင်သည်များကို ရွေးယူကာ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ကြ၏။
ရွှီယန်လည်း တာလီယွမ် ကိတ်မုန့် အချို့နှင့် မာရှမယ်လို တစ်ထုပ်ကို ယူလိုက်သည်။ ရေသန့် နှစ်ဗူးကိုလည်း ယူလိုက်သေး၏။
သူ၏ ဝတ်စားဆင်ယင်မှုက အခြားသူများနှင့် ကွာခြားနေသော်လည်း ကြည့်ရသည်မှာ သွက်လက်ဖျတ်လတ်နေသဖြင့် အားလုံးက စိတ်အေးကြပေသည်။
"ကျွန်တော်က ဆောင်းဦးရာသီ တောမီးကာကွယ်ရေး ကာလလောက်ပဲ ကင်းလှည့်ရတယ် ထင်နေတာ... ဆောင်းတွင်းကြီးလည်း တောင်ထဲဝင်ရလိမ့်မယ်လို့ မထင်ထားဘူး"
ရွှီယန်က ဝမ်ကျန်းဟိုင်နှင့် စကားစမြည် ပြောနေခြင်း ဖြစ်သည်။
နှစ်စဉ် ဆောင်းဦးရာသီ တောမီးအန္တရာယ် ရှိသည့် ကာလများတွင် ကင်းလှည့်ဝန်ထမ်းများက တောင်ထဲသို့ အဆက်မပြတ် ဝင်ရောက်ကာ ကင်းလှည့်လေ့ ရှိကြ၏။
ကင်းလှည့်စခန်း အတော်များများ ဆိုလျှင် တောင်ခြေရှိ စခန်းများတွင် တိုက်ရိုက် ဝင်ရောက် တပ်စွဲကာ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရသည်။
ဤသို့ကြောင့်ပင် ချန်ပိုင်တောင်တန်းကြီးတွင် တောမီးလောင်ကျွမ်းမှု မဖြစ်ပေါ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
တောမီးလောင်ကျွမ်းမှု၏ ဆုံးရှုံးမှုက အလွန် ကြီးမားလွန်းသဖြင့် အနည်းငယ်မျှပင် ပေါ့ဆ၍ မရနိုင်ချေ။
ဝမ်ကျန်းဟိုင်က ရွှီယန်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။
"ကင်းလှည့် စည်းမျဉ်းတွေ ရှိတယ်လေ... ဆောင်းတွင်းလည်း ဝင်စစ်ရတာပဲ"
"ဆောင်းတွင်းမှာ အဓိက စစ်ရတာက တရားမဝင် အမဲလိုက်တာတွေ ရှိမရှိရယ်... ပြီးတော့ ဒဏ်ရာရနေတဲ့ ရှားပါး တိရစ္ဆာန်တွေကို ကယ်ဆယ်ဖို့ရယ်ပဲ"
"ကင်းလှည့် လမ်းကြောင်းအတိုင်း သွားရင် ဒဏ်ရာရနေတဲ့ တိရစ္ဆာန်တွေနဲ့ သေချာပေါက် ဆုံရမှာပဲလေ... ကူညီနိုင်ရင်လည်း ကူညီပေးရတာပေါ့"
သူတို့လေးယောက်က အသုံးအဆောင် အပြည့်အစုံကို တပ်ဆင်ထားကြ၏။
ထိုအထဲမှ လူငယ် နှစ်ယောက်က သတ္တဝါအပေါင်း တန်းတူညီမျှရေး ဟု တင်စားခေါ်ဝေါ်ကြသော အစစ်အမှန် သေနတ်များကိုပါ ကိုင်ဆောင်ထားကြသည်။
ဤသည်မှာ အရှေ့မြောက်ကျားက သူတို့ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာပါက ပြန်လည် ခုခံနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်၏။
ယေဘုယျအားဖြင့်တော့ ကျားများက လူအုပ်ကို မြင်ပါက တိုက်ခိုက်ရဲမည် မဟုတ်ချေ။ သို့သော် ချွင်းချက် ရှိလာမည်ကို စိုးရိမ်ရပေသည်။
သူတို့ လေးယောက်လုံး အသုံးအဆောင်များကို တစ်ချက် စစ်ဆေးလိုက်ကြ၏။
သုံးယောက်က ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး ရွှီယန်ကတော့ အမည်းရောင် အနွေးထည်နှင့် နားရွက်ဖုံးဦးထုပ် ကို ဆောင်းထားကာ ခြေထောက်တွင်လည်း အမည်းရောင် နှင်းတောစီး ဘွတ်ဖိနပ်ကို စီးထားသည်။
"သွားကြမယ်ဟေ့"
ဝမ်ကျန်းဟိုင်က အော်ပြောလိုက်၏။
သူတို့ လေးယောက် တန်းစီကာ တောင်ထဲသို့ တောက်လျှောက် ဝင်ရောက်သွားကြတော့သည်။
သူတို့ ဖြတ်သန်းသွားသော နေရာများတွင် နှင်းများ သိပ်မထူထပ်သဖြင့် လမ်းလျှောက်ရသည်မှာ အတော်လေး အဆင်ပြေလှ၏။
ရွှီယန်သည်လည်း သူတို့နှင့်အတူ လိုက်ပါလာပြီး အလွန် ဆန်းသစ်နေသည်ဟု ခံစားနေရသည်။
သူက အရင်ကတည်းက ကင်းလှည့်ဝန်ထမ်း လုပ်ရန် တွေးတောခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပိုမို ကောင်းမွန်သော ရွေးချယ်စရာ ရှိလာသဖြင့် ဤအတွေးကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်၏။ ယခုလို အတူတကွ လိုက်ပါ ကင်းလှည့်ရသည်မှာလည်း အတော်လေး ကောင်းမွန်လှပေသည်။
ကင်းလှည့်ဝန်ထမ်းများက တောင်ထဲတွင် လမ်းလျှောက်နေရင်း ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးနေကြသည်။
ဖြူစင်ချောမွေ့နေသော နှင်းပြင်ကို တွေ့ပါက သူတို့၏ ခြေလှမ်းများကို ခပ်မြန်မြန် လျှောက်သွားကြ၏။ တိရစ္ဆာန် ခြေရာများကို တွေ့ပါက ရပ်တန့်ကာ ခဏမျှ ကြည့်ရှုပြီး မည်သည့် တိရစ္ဆာန်၏ ခြေရာ ဖြစ်ကြောင်းကို အကဲဖြတ်ကြသည်။
"ဒါက ကျားခြေရာ တွေ ဖြစ်ရမယ်... သတိထားကြ... အနီးအနားမှာ ကျား ရှိနိုင်တယ်"
ဝမ်ကျန်းဟိုင်က လှမ်းသတိပေးလိုက်၏။
ထိုအချိန်တွင် ရွှီယန်က လိုက်ဖ်လွှင့်ရန် ကိစ္စကို မေးမြန်းလိုက်သည်။ ကင်းလှည့်ဝန်ထမ်း တစ်ယောက်က ပြန်ဖြေလိုက်၏။
"သူဌေးရွှီ... ကျွန်တော်တို့မှာလည်း သတင်းဖြန့်ဝေရမယ့် တာဝန်တွေ ရှိတယ်လေ... ပြီးတော့ ကိုယ်ပိုင် အကောင့်တွေလည်း ဖွင့်ထားတာ ရှိတယ်"
"ခင်ဗျားက ကျွန်တော်တို့ကို ကူညီပြီး ကြေညာပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့"
"ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... တရားမဝင် အမဲလိုက်သမားတွေရဲ့ အရိပ်အယောင်ကို တွေ့ရင်တော့ လိုက်ဖ်ထဲမှာ မပြပါနဲ့... မြွေမသေဘဲ တုတ်ကျိုး ဖြစ်သွားနိုင်လို့ပါ"
"ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ တိရစ္ဆာန် အတော်များများကို မွေးမြူခွင့် ပြုထားတော့ တရားမဝင် အမဲလိုက်သမားတွေ တော်တော် နည်းသွားပါပြီ... အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး"
ကင်းလှည့်ဝန်ထမ်း၏ စကားကို ကြားသောအခါ ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဒါက ပြဿနာ မရှိပါဘူး... ခင်ဗျားတို့ ကင်းလှည့်တာက ကောင်းတဲ့ ကိစ္စပဲဟာ... လူတွေ ပိုပြီး စိတ်ဝင်စားလာရင် ပိုကောင်းတာပေါ့"
ကင်းလှည့်ဝန်ထမ်းများက သဘောတူလိုက်သဖြင့် ရွှီယန်လည်း ကျောပိုးအိတ်ထဲမှ ဒရုန်းကို ထုတ်ယူကာ လိုက်ဖ်လွှင့်လိုက်၏။ သိပ်မကြာခင်မှာပင် လိုက်ဖ်ထဲသို့ လူများ ဝင်ရောက်လာကြတော့သည်။
"လောင်ရွှီ နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပေါ့"
"ဒါက ဘယ်နေရာလဲ"
ပရိသတ် အတော်များများက ချက်ချင်းပင် မေးမြန်းလာကြသည်။
ရွှီယန်က လိုက်ဖ်၏ ခေါင်းစဉ်ကို 'ဒီနေ့ ကင်းလှည့်ဝန်ထမ်းတွေနဲ့ အတူ တောင်ထဲမှာ ကင်းလှည့်မယ်' ဟု ပြောင်းလဲလိုက်၏။ ထို့ကြောင့် လူတိုင်းက မြင်တွေ့နိုင်ပေသည်။
ရွှီယန်က မိုက်ကို ဖွင့်ကာ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
"ဒီနေ့ ကင်းလှည့်ဝန်ထမ်းတွေနဲ့ အတူ ဆောင်းရာသီ ကင်းလှည့်ခရီးစဉ်လေး သွားမလို့... ကျွန်တော်တို့ အခု တောင်ထဲကို ရောက်နေပြီ"
"ကင်းလှည့်တာက သဘာဝ ဂေဟစနစ်ကို ကာကွယ်ပေးတဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပဲ... ကင်းလှည့်ဝန်ထမ်းတွေ ရှိနေလို့သာ သစ်တောတွေမှာ ပြဿနာ မရှိအောင် ကာကွယ်နိုင်တာပေါ့"
"ကိစ္စ အတော်များများကို ကြိုတင် ရှောင်လွှဲလို့ ရတယ်လေ"
"အခု ကျွန်တော်တို့က ကင်းလှည့် လမ်းကြောင်းပေါ်မှာ ရောက်နေတာ... ဒီဘက်မှာ ကျားတွေ ကျားသစ်တွေ တော်တော်များတယ်... ခဏနေရင် မြင်ရလောက်တယ်"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက အသီးသီး တုံ့ပြန်လာကြ၏။
"သစ်တော ကင်းလှည့်တာလား... တော်တော် ပင်ပန်းမယ့် ပုံပဲ"
"ဒီလောက် အေးတဲ့ ရာသီဥတုကြီးမှာ တောင်ထဲသွားပြီး အလုပ်လုပ်ရတာ မလွယ်ဘူးနော်"
"ကင်းလှည့်ဝန်ထမ်း တွေက တကယ်ကို ပင်ပန်းတာ"
"သစ်တောကို ကာကွယ်ဖို့အတွက်ပါပဲ... အောက်ခြေ ဝန်ထမ်းတွေရဲ့ အလုပ်က တကယ် မလွယ်ဘူး"
သူတို့ တစ်ဖွဲ့လုံး အရှေ့သို့ ဆက်လျှောက်သွားလိုက်ကြ၏။ အားလုံးကလည်း လမ်းတစ်လျှောက် စကားစမြည် ပြောလာကြသည်။
ခြေလှမ်း အနည်းငယ် လျှောက်သွားပြီးနောက် မလှမ်းမကမ်းရှိ နှင်းပြင်ထဲတွင် နားခိုနေသော အရှေ့မြောက်ကျား တစ်ကောင်ကို မြင်တွေ့လိုက်ရ၏။
"ဟိုဘက်ကို ကြည့်... ပျောင်ဇစ် ပဲ"
ဝမ်ကျန်းဟိုင်က ကျားကို လှမ်းကြည့်ကာ ပြောလိုက်သည်။ သူက မှန်ပြောင်းကို ယူကာ ကျား၏ အခြေအနေကို သေချာစွာ စောင့်ကြည့်လိုက်၏။
"တော်တော် ကျန်းမာတယ် ဘာပြဿနာမှ မရှိဘူး... ကြည့်ရတာ အစာရေစာ ဝဝလင်လင် စားထားရပုံပဲ"
ဝမ်ကျန်းဟိုင်က ထပ်ပြောလိုက်ပြန်သည်။
အရှေ့မြောက်ကျားက မီတာ တစ်ရာခန့် အကွာမှနေ၍ ဤဘက်ရှိ လူများကို သတိထားမိသွားသော်လည်း တစ်ချက်သာ လှမ်းကြည့်ပြီးနောက် ပြန်လည် ဝပ်ဆင်းကာ အနားယူနေလိုက်၏။
အရှေ့မြောက်ကျားက လူသားများ ၎င်း၏ နယ်မြေအတွင်း လာရောက် စစ်ဆေးသည်ကို အသိအမှတ် ပြုထားပုံရသည်။ အဓိကမှာ လူသားများက အန္တရာယ်ပြုမည့် အပြုအမူမျိုး လုပ်ဆောင်မည် မဟုတ်သဖြင့် ဂရုမစိုက်ခြင်းသာ ဖြစ်၏။
အာဖရိက မြက်ခင်းပြင်ရှိ ခြင်္သေ့များနှင့် အတူတူပင် ဖြစ်သည်။ ထိုဘက်ရှိ ဓာတ်ပုံဆရာများ ဆိုလျှင် ခြင်္သေ့များ အမဲလိုက်ပြီးနောက် ခြင်္သေ့၏ မျက်နှာနားအထိ ကင်မရာ သွားတေ့ကာ ရိုက်ကူးရဲကြပေသည်။
ခြင်္သေ့များက လုံးဝ ဂရုမစိုက်ဘဲ မမြင်သကဲ့သို့ပင် နေတတ်ကြ၏။ အကြိမ်ကြိမ် မြင်ဖူးပါကလည်း အသားကျသွားတတ်ကြသည်။
"ဒီကောင်က ဒီနယ်မြေရဲ့ ကျားဘုရင်ပဲ... အသက် နှစ်နှစ် အရွယ်ရှိတဲ့ ကျားကြီးပေါ့... ကျွန်တော်တို့က သူ့ကို ပျောင်ဇစ် လို့ နာမည်ပေးထားတာ"
"ပျောင်ဇစ် က တော်တော် အစွမ်းထက်တယ်... သူ ဒီနယ်မြေထဲမှာ ရှိနေရင် တခြား ကျားတွေ အနား မလာရဲကြဘူး"
"သူ ဒီမှာ ရှိနေသရွေ့တော့ ဒီနယ်မြေက အခြေခံအားဖြင့် ဘာပြဿနာမှ မရှိနိုင်တော့ဘူး"
ဝမ်ကျန်းဟိုင်က ရွှီယန်ကို ရှင်းပြလိုက်၏။
ဒရုန်းက အဝေးရှိ ကျားကြီးကို ရိုက်ကူးနေပြီး အင်တာနက်သုံးစွဲသူများလည်း အလွန် စိတ်လှုပ်ရှားသွားကြတော့သည်။
"အရမ်းကြီးတဲ့ ကျားကြီးပဲ... တကယ် လှတာပဲ"
"ဒီအကောင်ကြီးကို ကြည့်ရတာ သဘောကျတယ်"
"ကင်းလှည့်ဝန်ထမ်းတွေက ကျားစားမှာ မကြောက်ဘူးလား"
"လူလေးယောက် အတူတူ သွားနေရင် ကျားက အလွယ်တကူ ဝင်မတိုက်ရဲပါဘူး... လူတွေက အန္တရာယ် များတယ် ဆိုတာကို သူလည်း သိတာပေါ့"
ရွှီယန်က ကျား ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ဤကျား၏ ခန္ဓာကိုယ်မှာ အလွန် တောင့်တင်း ကြံ့ခိုင်ပြီး ကြွက်သားများ ထင်ရှားနေသည်ကို သူ မြင်တွေ့နိုင်၏။ တကယ်ကို အစွမ်းထက်သော ကျားကြီး တစ်ကောင်ပင် ဖြစ်သည်။
ကင်းလှည့်နေစဉ်အတွင်း ကျားနှင့် ဆုံတွေ့ရခြင်းကလည်း အတော်လေး ရှားပါးလှပေသည်။
သူတို့ လေးယောက် အရှေ့သို့ ဆက်လျှောက်သွားလိုက်ကြ၏။ လမ်းတစ်လျှောက်တွင် ဒဏ်ရာရနေသော တောရိုင်း တိရစ္ဆာန်များ ရှိမရှိနှင့် တရားမဝင် အမဲလိုက်သမားများ ထောင်ထားခဲ့သော ထောင်ချောက်များ ရှိမရှိကို အဓိကထား စစ်ဆေးကြသည်။ ဆောင်းတွင်း ကင်းလှည့်ခြင်း၏ အဓိက ရည်ရွယ်ချက်က ဤအချက် နှစ်ချက်ပင် ဖြစ်၏။
အရှေ့သို့ တောက်လျှောက် ဝင်ရောက်သွားကြသည်။
နေရာ အတော်များများကို နှင်းများ ဖုံးလွှမ်းထားသော်လည်း ကင်းလှည့် လမ်းကြောင်းပေါ်ရှိ နှင်းများကတော့ ထိုမျှလောက် မထူထပ်ချေ။
အချို့နေရာများတွင် မြင်ကွင်း ကောင်းမွန်သဖြင့် တောင်တန်း ရှုခင်းများကို တစ်ချက်တည်းဖြင့် အပြည့်အဝ မြင်တွေ့နိုင်ပေသည်။ သစ်တောများက တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အလယ်တွင် ကွက်လပ် အချို့ ရှိကာ မြေကြီးပေါ်တွင် ကျောက်ဆောင်များသာ ရှိနေပြီး သက်ဝင်လှုပ်ရှားမှု မရှိချေ။
အပေါ်သို့ တက်ရမည့် တောင်စောင်း တစ်နေရာသို့ ရောက်သောအခါ ကင်းလှည့်ဝန်ထမ်းများက ကြိုးများဖြင့် တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်လိုက်ကြ၏။ ကြိုးပေါ်တွင် ချိတ်များ ပါရှိပြီး ခါးပတ်တွင် ချိတ်ဆွဲထားနိုင်သည်။
ဤခါးပတ်ကို ရွှီယန်လည်း ပတ်ထား၏။
ထို့နောက် သူတို့က ရေခဲခွဲသည့် ပုဆိန်များကို ထုတ်ကာ အပေါ်သို့ စတင် တွယ်တက်ကြတော့သည်။
ရွှီယန်က တတိယ နေရာတွင် ရှိနေ၏။ သူ၏ လှုပ်ရှားမှုများက အလွန် ကျွမ်းကျင်နေပြီး တောင်တက် နည်းစနစ်များကလည်း အလွန် မြင့်မားလှသည်။ အချိန် အတော်များများတွင် ရေခဲခွဲသည့် ပုဆိန်ကို အသုံးပြုရန်ပင် မလိုဘဲ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပေသည်။
သို့သော် ရွှီယန်က မလောမလောဖြင့်သာ အရှေ့မှ လူနှစ်ယောက်၏ အရှိန်နှင့် တစ်ပြေးညီ လိုက်ပါနေ၏။
ယခုက အဖွဲ့လိုက် လှုပ်ရှားမှု ဖြစ်သဖြင့် အဖွဲ့အစည်းနှင့် တစ်သားတည်း ဖြစ်ရန်က အရေးအကြီးဆုံးပင် ဖြစ်သည်။ အကယ်၍ မိမိ၏ စွမ်းဆောင်ရည်ကိုသာ အဓိကထား ပြသနေမည် ဆိုပါက အဖွဲ့အစည်း တစ်ခုလုံးကို ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်၏။
အင်တာနက်သုံးစွဲသူများက ဒရုန်း၏ မြင်ကွင်းမှတစ်ဆင့် ဤအရာများကို သတိထားမိကြသည်။
အားလုံးက ကြည့်လေလေ ပို၍ လေးစားလေလေပင် ဖြစ်လာတော့၏။
"တကယ် မလွယ်ဘူးပဲ"
"ဟုတ်တယ်... ဆောင်းတွင်းကြီးမှာ ဒီလို ဒုက္ခတွေ ခံနေရတာ"
"အဲဒီနေရာက ဘယ်လောက်တောင် အေးလိုက်မလဲ"
"ချန်ပိုင်တောင်တန်း ကျားနဲ့ ကျားသစ် သစ်တောဥယျာဉ် အကောင့် က လောင်ရွှီ ရဲ့ ဗီဒီယိုကို တင်ထားတယ်ဟေ့... အားလုံးပဲ သူတို့ကို သွားရောက် အားပေးလိုက်ကြပါဦး... အရမ်း ပင်ပန်းနေကြတာ"
ထိုအချိန်မှာပင် ကျားနှင့် ကျားသစ် သစ်တောဥယျာဉ်၏ တရားဝင် အကောင့်တွင် Follower အရေအတွက်က ရုတ်တရက် အလွန် မြန်ဆန်စွာ တိုးတက်လာခဲ့၏။
တစ်နာရီ အတွင်းမှာပင် Follower နှစ်သောင်းကျော် တိုးလာခဲ့သည်။
ကြည့်ရသည်မှာ သိပ်မများသော်လည်း တရားဝင် အကောင့်တွင် Follower စုစုပေါင်း ခြောက်သောင်းသာ ရှိသေးခြင်း ဖြစ်၏။ ဤတိုးတက်မှုနှုန်းက အတော်လေး များပြားလှပေသည်။
ထို့အပြင် Follower အရေအတွက်က ဆက်လက် တိုးလာနေဆဲဖြစ်ပြီး အင်တာနက်သုံးစွဲသူ အတော်များများက တရားဝင် အကောင့်အောက်တွင် နွေးထွေးသော မှတ်ချက်များ ဝင်ရေးပေးခဲ့ကြသည်။
"ကင်းလှည့်ဝန်ထမ်းတွေ တကယ်ကို မလွယ်ဘူးပဲ"
"ချန်ပိုင်တောင်တန်းကြီး ကို ကာကွယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
"အရမ်း ပင်ပန်းနေကြပြီ"
"ကျားတွေ ကျားသစ်တွေကို သေချာ ကာကွယ်ပေးကြပါ"
ဤမှတ်ချက်များကို မြင်သောအခါ ချန်ပိုင်တောင်တန်းမှ ကင်းလှည့်ဝန်ထမ်းများ အားလုံး အလွန် ဝမ်းသာ ကြည်နူးသွားကြတော့၏။ ရွှီယန်၏ လိုက်ဖ်က ကောင်းမွန်သော သက်ရောက်မှုများကို ယူဆောင်လာပေးခဲ့သည်။
ဤသည်က ကောင်းမှုတစ်ခု ပြုလုပ်လိုက်ခြင်းပင် ဖြစ်၏။
ထိုအချိန်မှာပင် သူတို့ လေးယောက် အဖွဲ့က ခြောက်ကပ်နေသော ကျောက်ဆောင် ဧရိယာကို ဖြတ်သန်းသွားပြီးနောက် အခြား သစ်တော တစ်ခု အတွင်းသို့ ဝင်ရောက်သွားခဲ့ကြ၏။
"ဒီသစ်တောက ဆန်းဝါး နံပါတ် ၁ နဲ့ ဆန်းဝါး နံပါတ် ၂ တို့ရဲ့ နယ်မြေလေ"
"ကျားတွေက တစ်ကောင်တည်း နေတတ်ကြပေမဲ့ ဒီနယ်မြေကတော့ ချွင်းချက်ပဲ... သူတို့ ညီအစ်ကို နှစ်ကောင်က အတူတူ ကြီးပြင်းလာကြတာဆိုတော့ အခုထိ အတူတူ နေကြတုန်းပဲ"
"တစ်ခါတစ်ရံ သူတို့ နှစ်ကောင် အတူတူ လမ်းလျှောက် ထွက်လာတာကိုတောင် မြင်ရတတ်သေးတယ်"
"အနီအောက်ရောင်ခြည် ကင်မရာ နှစ်လုံး ပျက်နေလို့လေ... အဲဒါကြောင့် ဒီဘက်ကို လာပြီး ကင်မရာ လဲမလို့... ပြီးတော့ အရင်က မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကိုပါ တစ်ခါတည်း သိမ်းယူသွားမလို့"
လမ်းလျှောက်နေစဉ် ဝမ်ကျန်းဟိုင်က ရွှီယန်ကို ပြောပြလိုက်၏။
ရွှီယန်လည်း အနည်းငယ် စိတ်ဝင်စားသွားသည်။
"ကျား ညီအစ်ကို နှစ်ကောင် ဟုတ်လား... အတူတူ နေကြတာပေါ့"
"အင်း... ကျွန်တော်တို့ စောင့်ကြည့်လေ့လာထားတာလေ... တကယ်တော့ ကျားတွေက အမြဲတမ်း တစ်ကောင်တည်း နေတတ်တာ မဟုတ်ပါဘူး... ညီအစ်ကိုတွေ အတူတူ နေကြတဲ့ ဥပမာတွေလည်း ရှိပါတယ်"
"အာ... ဟုတ်သားပဲ... အဲဒီ ကျား နှစ်ကောင်က မင်း နို့တိုက်ခဲ့တဲ့ ကျားပေါက်လေး ရဲ့ အစ်ကိုတွေလေ"
"အဲဒီ ကျားပေါက်လေးကို အမေကျားက ပစ်သွားခဲ့ပြီး ဒီနှစ်ကောင်ကိုတော့ ဆက်မွေးထားတာပေါ့"
"အဲဒီအချိန်တုန်းက အမေကျားလည်း ဘာမှ မတတ်နိုင်ရှာပါဘူး... ဒီလို ဆောင်းတွင်းကြီးမှာ ကျားပေါက်လေး သုံးကောင်ကို အသက်ရှင်အောင် မွေးဖို့ဆိုတာ အရမ်း ခက်ခဲလွန်းတယ်လေ"
ဝမ်ကျန်းဟိုင်က ဤတောင်ထဲရှိ ကျားများအကြောင်းကို အလွန် ရှင်းလင်းစွာ သိရှိထား၏။ ရွှီယန်လည်း သူပြောပြနေသည်ကို နားထောင်ရင်း အတော်လေး စိတ်ဝင်စားနေမိသည်။
ကျားများနှင့် ပတ်သက်သော ဇာတ်လမ်းများကို နားထောင်ရသည်မှာလည်း အတော်လေး ကောင်းမွန်လှပေသည်။
ဤနယ်မြေက သဘာဝဘေးမဲ့တော ဖြစ်သဖြင့် ကျားများနှင့် ကျားသစ်များ အများအပြား ရှိနေကြ၏။ သစ်တော၏ ဂေဟစနစ်က အလွန် ကောင်းမွန်လှသည်။
ပျံသန်းနေသော ငှက်ငယ်လေး အများအပြားကို ရွှီယန် မြင်တွေ့နိုင်သလို ရှဉ့် နှစ်ကောင် သုံးကောင်ကိုလည်း မြင်တွေ့ရ၏။ ထို့အပြင် ခြောက်သွေ့နေသော ခြုံပုတ်များ၏ အနောက်ဘက်တွင် တောကြက် အချို့ အစာရှာနေသည်ကိုပါ မြင်တွေ့လိုက်ရသေးသည်။
'ဒီနယ်မြေက တောင်တောစောင့်နတ်မင်းလေး ရဲ့ အစ်ကိုတွေ နေတဲ့ နယ်မြေပဲ... တိုက်ဆိုင်လိုက်တာ'
'ဒါပေမဲ့ သူတို့က တစ်ကောင်နဲ့ တစ်ကောင် မှတ်မိကြမှာ မဟုတ်တော့ပါဘူး... ပြီးတော့ နောက်ထပ် ပြန်ဆုံဖို့ အခွင့်အရေးလည်း ရှိမှာ မဟုတ်တော့ဘူးလေ'
'အားလုံးက ကိုယ်ပိုင် ဘဝတွေနဲ့ အသက်ရှင် နေထိုင်ကြရတာပဲ'
ရွှီယန်က ညည်းတွားလိုက်၏။
ဘေးမဲ့တော အတွင်းရှိ အရာအားလုံးက ဆန်းသစ်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤနေရာတွင် သာမန် တောင်တန်းများထက် မျိုးစိတ် စုံလင်မှု ပိုမို များပြားနေပုံရ၏။ ရွှီယန် အနေဖြင့် တောင်တန်းများကြားရှိ ကွာခြားချက်ကို ခံစားသိရှိနိုင်ပေသည်။
သူ ရောက်ခဲ့ဖူးသော တောနက်ကြီးများနှင့် နှိုင်းယှဉ်ပါက ဤနေရာက တိရစ္ဆာန်များ နေထိုင်ရန် ပိုမို သင့်တော်ပြီး ထွက်ကုန်များလည်း အလွန် ပေါများလှသည်။
အကယ်၍ ဤနေရာတွင် တောင်ထွက်ပစ္စည်းများ ရှာဖွေနိုင်ပါက သေချာပေါက် ပစ္စည်းကောင်းများ ရှာတွေ့နိုင်မည် ဖြစ်၏။
သက်တမ်းရင့် တောရိုင်း ဂျင်ဆင်းများကိုပင် ရှာတွေ့နိုင်ခြေ အလွန် များပြားလှပေသည်။
'တကယ်ပဲ ဘေးမဲ့တော ဧရိယာ က ပိုပြီး ကောင်းမွန်တာပဲ'
ရွှီယန် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။
သူတို့ လေးယောက် အရှေ့သို့ ဆက်လျှောက်သွားလိုက်ကြသည်။
အတော်လေး အဝေးသို့ ရောက်သွားချိန်တွင်တော့ ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အကြိမ်ရေကို အသုံးပြုကာ ရတနာရှာဖွေရေး တာဝန် လဲလှယ်ရန် တိတ်တဆိတ် ရွေးချယ်လိုက်တော့၏။
ဤကဲ့သို့သော နေရာမျိုးတွင် ရတနာရှာဖွေရေး တာဝန်ကို လုပ်ဆောင်ပါက ထူးခြားသော ဆုလာဘ်များ ရရှိနိုင်မည်ဟု သူ ထင်မှတ်ထားသောကြောင့် ဖြစ်ပေသည်။