← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) တောင်းပန်ပါတယ်... ဒီကျားသစ်က ကျွန်တော့်ကို လာရှာတာ

[ရတနာရှာဖွေရေး တာဝန် ဖော်ထုတ်ပါသည် - ကျားသစ်နှင့် ပြန်လည်ဆုံတွေ့ခြင်း]

[တာဝန် ဖော်ပြချက် - ခင်မင်ရင်းနှီးသော ကျားသစ်နှင့် ပြန်လည်ဆုံတွေ့ပါ]

[တာဝန် ဆုလာဘ် - Trek SL7 စက်ဘီး တစ်စီး]

တာဝန်ပြဘုတ်အဖွဲ့ ပေါ်လာ၏။ ဤတာဝန်ကို မြင်လိုက်ရချိန်တွင် ရွှီယန်၏ ရင်ထဲ၌ ဝမ်းသာသွားသည်။

'ကျားသစ်နဲ့ ပြန်ဆုံရမယ်... တားဟွာ ဒီအထိ ရောက်နေတာလား...'

ရှောင်ဟွာကို လယ်ယာခြံဝင်းတွင် အပ်နှံထားခဲ့ပြီးကတည်းက တားဟွာကို လုံးဝ မတွေ့ရတော့ချေ။

၎င်းမှာ တောရိုင်း သဘာဝအပြည့်ရှိသော ကျားသစ်စစ်စစ် ဖြစ်ပြီး သားရဲတိရစ္ဆာန်တစ်ကောင်၏ ရိုင်းစိုင်းမှုကို ထိန်းသိမ်းထားကာ အမဲလိုက်ရာတွင် ကျွမ်းကျင်ပြီး တစ်ကောင်တည်း နေထိုင်ရသည်ကို နှစ်သက်သည်။

ယခင်က ရှောင်ဟွာ ရှိနေသဖြင့် ရှောင်ဟွာကို ပြုစုစောင့်ရှောက်ရန် လူသားများ နေထိုင်ရာ ဒေသနှင့် နီးသော တောင်ထဲတွင် နေထိုင်ခဲ့ခြင်း ဖြစ်၏။

ယခု ရှောင်ဟွာ မရှိတော့ချိန်တွင်တော့ ၎င်းက ယခင်လမ်းကြောင်းအတိုင်း ၎င်းနေထိုင်ခဲ့ဖူးရာ နေရာသို့ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာမှာ ကျားနှင့် ကျားသစ် အမျိုးသား သစ်တောဥယျာဉ်ပင် ဖြစ်၏။

ဤနေရာမှာ တောင်တန်းများစွာ ပါဝင်သော အလွန်ကျယ်ဝန်းသည့် ဘေးမဲ့တောကြီး တစ်ခု ဖြစ်သည်။

သားရဲတိရစ္ဆာန်များ နေထိုင်ရန် အလွန် သင့်တော်ပေသည်။

တောကြက်... တောယုန်နှင့် ရှဉ့်များ အများအပြား ရှိသဖြင့် သားရဲတိရစ္ဆာန်များအတွက် အစာရေစာ မရှားပါးနိုင်ချေ။

ရွှီယန်က မြေပုံပေါ်ရှိ ကျားသစ်၏ တည်နေရာကို ကြည့်လိုက်ရာ သူ့ဆီမှ ဆယ်ကီလိုမီတာကျော် ကွာဝေးနေသေးကြောင်း တွေ့လိုက်ရ၏။

တိုက်ဆိုင်စွာပင် ကင်းလှည့်အဖွဲ့ သွားနေသော လမ်းကြောင်းက တားဟွာ ရှိရာဘက်သို့ ဦးတည်နေသည်။

ဤသို့ဆိုလျှင် အတော်ပင် အဆင်ပြေသွားပြီ ဖြစ်ကာ ရွှီယန်အနေဖြင့် ကင်းလှည့်အဖွဲ့နှင့်အတူ တောက်လျှောက် လိုက်ပါသွားရုံသာ ဖြစ်၏။

တားဟွာနှင့်လည်း ပြန်လည် ဆုံတွေ့နိုင်မည် ဖြစ်သည်။

လိုက်ဖ်လွှင့်နေဆဲ ဖြစ်ပြီး ဒရုန်းကလည်း အလွန် တည်ငြိမ်စွာ ပျံသန်းနေသည်။

ရွှီယန်က ဒရုန်း အေးခဲပြီး ပိတ်သွားမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူ အပိုတွေးနေမိခြင်းသာ ဖြစ်၏။

စနစ်မှ ထုတ်ပေးသော ပစ္စည်းများက သေချာပေါက် ပစ္စည်းကောင်းများသာ ဖြစ်သည်။

ဘက်ထရီ အသုံးခံနိုင်စွမ်း ဤမျှ ကောင်းမွန်နေသည်ကို ကြည့်လျှင် သာမန်ပစ္စည်း မဟုတ်ကြောင်း သိသာလှ၏။

"ဒီနေ့တော့ ဇုန်တစ်ခုလုံးကို အပြီး ကင်းလှည့်နိုင်ဖို့ ကြိုးစားရမယ်... မနက်ဖြန်ကျရင် ဒုတိယ ဇုန်ကို တစ်ခေါက် သွားရဦးမှာ... ဒီတစ်ခေါက် ကင်းလှည့်တာက တစ်ပတ်လောက် ကြာမယ် ထင်တယ်"

ကင်းလှည့်ဝန်ထမ်း ဝမ်ကျန်းဟိုင်က ရွှီယန်ကို ပြောလိုက်သည်။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"ဒီလိုကြည့်ရတာ ကင်းလှည့်ရမယ့် နေရာတွေက တော်တော် များတာပဲနော်"

"အင်း... တစ်ခေါက်တည်းနဲ့တော့ အကုန် မလှည့်နိုင်ဘူး... လမ်းကြောင်း အမျိုးမျိုး ခွဲပြီး ကင်းလှည့်ရတာ... ဒါမှ တစ်နယ်လုံး လုံခြုံရေးကို သေချာအောင် လုပ်နိုင်မှာလေ"

ဝမ်ကျန်းဟိုင်က ထပ်ပြောလိုက်၏။

ထို့နောက် သူတို့ လေးယောက်လုံး စကားဆက်မပြောကြတော့ဘဲ ခရီးဆက်နေလိုက်ကြသည်။

ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော သဘာဝတရားကြီးက အင်တာနက်သုံးစွဲသူများ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့၏။

ဘေးမဲ့တောကြီး၏ ရင်သပ်ရှုမောဖွယ် ရှုခင်းများက အားလုံးကို ဆွဲဆောင်ထားသည်။

ကင်းလှည့်ဝန်ထမ်းများက ပတ်ဝန်းကျင်ကို အချိန်နှင့်အမျှ စစ်ဆေးနေကြပြီး သဲလွန်စ အနည်းငယ်ကိုမျှ လက်လွတ်မခံကြချေ။

သိပ်မကြာခင်မှာပင် သူတို့က အနီအောက်ရောင်ခြည် ကင်မရာ တပ်ဆင်ထားသော နေရာတစ်ခုသို့ ရောက်ရှိသွားကြပြီး သစ်ခေါင်းထဲမှ အနီအောက်ရောင်ခြည် ကင်မရာကို ထုတ်ယူကာ အသစ်တစ်ခု ပြန်လည် ထည့်သွင်းလိုက်ကြသည်။

ဤကင်မရာများမှာ မရှိမဖြစ် လိုအပ်ပြီး အလွန် အရေးကြီးပေသည်။

ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန် အများစုကို တောထဲတွင် တပ်ဆင်ထားသည့် ဤကင်မရာများမှတစ်ဆင့် မှတ်တမ်းတင်နိုင်ခြင်း ဖြစ်၏။

လူကိုယ်တိုင် သွားရောက် ရိုက်ကူးရန်မှာ အလွန် ခက်ခဲလှသည်။

တိရစ္ဆာန်များက အလွန် သတိထားတတ်ကြပြီး ပုန်းအောင်းရာတွင်လည်း အလွန် ကျွမ်းကျင်ကြသဖြင့် ၎င်းတို့ကို ရှာတွေ့ရန် မလွယ်ကူလှချေ။

"ကင်မရာကတော့ ကောင်းသေးတယ်... ဒါပေမဲ့ အချက်ပြ ပို့လွှတ်တဲ့ ကိရိယာ ပျက်သွားလို့ လိုင်းပြတ်သွားတာပဲ... အသစ် တစ်လုံး လဲလိုက်ရင် ရပါပြီ"

ကင်းလှည့်ဝန်ထမ်း တစ်ယောက်က ကင်မရာ၏ အခြေအနေကို ကြည့်ပြီးနောက် မှတ်ချက်ချလိုက်၏။

"ဟုတ်ပြီ"

အခြား ကင်းလှည့်ဝန်ထမ်း တစ်ယောက်က အနီအောက်ရောင်ခြည် ကင်မရာ အသစ်တစ်လုံးကို သစ်ခေါင်းထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းလိုက်သည်။

ဤသို့ဖြင့် ကင်မရာတစ်လုံး လဲလှယ်ခြင်း ပြီးစီးသွားခဲ့၏။

ထို့နောက် သူတို့ အဖွဲ့သည် ဒုတိယ ကင်မရာတစ်လုံးကို ထပ်မံ လဲလှယ်ရန် သွားကြပြန်သည်။

အင်တာနက်သုံးစွဲသူများက ကင်းလှည့်ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကို ကြည့်ရှုရင်း အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေကြရသည်။

[အင်တာနက်ပေါ်က ဗီဒီယိုတွေ အကုန်လုံးက ကင်းလှည့်ဝန်ထမ်းတွေ ရိုက်ထားတာကိုး]

[ဒီလို နေရာမျိုးတွေကို တာဝန်ရှိသူတွေပဲ ဝင်ခွင့်ရှိတာ... သာမန်လူတွေကို ပေးမဝင်ဘူးလေ]

[လောင်ရွှီ က ဘယ်လိုလုပ် ဝင်သွားနိုင်တာလဲ]

[လောင်ရွှီ က ချွင်းချက်လေ... မင်းသာ သူ့လို အရည်အချင်း ရှိရင် ကင်းလှည့်ဝန်ထမ်းတွေက မင်းကိုလည်း အတူတူ လိုက်ဖို့ ခေါ်မှာပေါ့]

ဒုတိယ ကင်မရာမှာ ကျောက်တုံးပုံစံ ရုပ်ဖျက်ထားခြင်း ဖြစ်ပြီး အပြင်ပန်းတွင် ကျောက်တုံးနှင့် တူသော်လည်း တကယ်တမ်း၌ မျက်နှာပြင်ပေါ်တွင် မှန်ဘီလူး တစ်ခု ပါရှိသည်။

သူတို့ လေးယောက် သွားရောက် လဲလှယ်ရန် အနားသို့ ရောက်သွားချိန်တွင် အားလုံး ကြောင်အမ်းသွားကြတော့၏။

ထိုကျောက်တုံးနှင့် မလှမ်းမကမ်းတွင် ကျား ညီအစ်ကို နှစ်ကောင်က လဲလျောင်း အနားယူနေကြသည်။

ကောင်လေး နှစ်ကောင်စလုံးက မျက်နှာချင်းဆိုင် ဘေးတစောင်း လဲလျောင်းနေကြပြီး ခြေဖဝါးများကို တစ်ကောင်နှင့် တစ်ကောင် အပေါ်အောက် ထပ်ထားကြကာ ကြည့်ရသည်မှာ ဆက်ဆံရေး အလွန် ကောင်းမွန်သည့်ပုံ ပေါက်နေ၏။

သူတို့က အလွန် အိပ်မောကျနေကြသည်။

"ကျားတွေ ထပ်တွေ့ပြန်ပြီ... ကင်းလှည့်ရင်း ကျားတွေနဲ့ ဆုံရတဲ့ အကြိမ်ရေက တော်တော် များတာပဲ... ခင်ဗျားတို့ရဲ့ ကင်းလှည့်ရတဲ့ တာဝန်က တော်တော် အန္တရာယ် များတာပဲနော်"

ရွှီယန်က ကျား နှစ်ကောင်ကို ကြည့်ရင်း အတော်လေး စိတ်ဝင်စားနေမိ၏။

၎င်းတို့မှာ တောင်တောစောင့်နတ်မင်းလေး၏ ညီအစ်ကိုများ ဖြစ်ကြသည်။

ရွှီယန် အရင်းနှီးဆုံး ကျားမှာ တောင်တောစောင့်နတ်မင်းလေး ဖြစ်ပြီး ထိုကျားလေးကို ခင်မင်နှစ်သက်သဖြင့် ကျန်ကျား နှစ်ကောင်ကို မြင်သောအခါတွင်လည်း ရင်းနှီးသလို ခံစားနေရ၏။

သေချာသည်မှာ ထိုကျားများက ရွှီယန်နှင့် ရင်းနှီးခြင်း ရှိမရှိ ဆိုသည်ကိုတော့ ပြောရခက်ပေသည်။

"ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ ကင်းလှည့်တဲ့ အချိန် ကျားနဲ့ ဆုံဖို့ အခွင့်အရေးက တော်တော် နည်းပါတယ်... ဒီနေ့ ဘာဖြစ်လို့လဲ မသိဘူး... ကျားတွေနဲ့ ဆက်တိုက်ကို ဆုံနေတာပဲ... ကျားတွေကများ ကျွန်တော်တို့ကို စောင့်နေသလိုပဲကွာ"

ဝမ်ကျန်းဟိုင်က အတော်လေး အံ့အားသင့်စွာဖြင့် ရွှီယန်ကို ပြန်ဖြေလိုက်၏။

ကျားများက ကျောက်တုံးကို စောင့်နေသဖြင့် သူတို့လည်း အနီအောက်ရောင်ခြည် ကင်မရာကို သွားရောက် လဲလှယ်၍ မရနိုင်တော့ချေ။

ထို့အပြင် ကင်းလှည့် လမ်းကြောင်းမှာ အဝိုင်းပုံစံ ပတ်သွားရခြင်း ဖြစ်ပြီး လာလမ်းအတိုင်း ပြန်လှည့်ရမည် မဟုတ်သဖြင့် နောက်မှ ပြန်လာ၍လည်း မရနိုင်ပေ။

"ဒီတစ်ခေါက်တော့ ထားလိုက်တော့... သူတို့ကို သွားမနှောင့်ယှက်တာပဲ ကောင်းပါတယ်... ကင်မရာကို နောက်တစ်ခေါက် ကင်းလှည့်တဲ့ အခါကျမှ လာလဲလိုက်တော့မယ်"

ဝမ်ကျန်းဟိုင်က တွေးတောကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။

သူ စကားပြောပြီးသည်နှင့် လိုက်ဖ်ထဲရှိ ကွန်မန့်များက ပွက်လောရိုက်သွားတော့သည်။

[ကင်းလှည့်ဝန်ထမ်းကြီး... လောင်ရွှီ ကို သွားလဲခိုင်းလိုက်... သူ သွားလဲရဲတယ်]

[လောင်ရွှီ က ကျားကိုတောင် ကိုင်ရဲတာ... သူတို့ကို မကြောက်ပါဘူး]

[အဖွဲ့ထဲမှာ လဲရဲတဲ့သူ ရှိနေတယ် မဟုတ်လား]

[လိုက်ဖ်လွှင့်သူကို သွားခိုင်းလိုက်]

အားလုံးက မြှောက်ပင့်ပေးနေကြခြင်း ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ရွှီယန်က ထိုအချိန်တွင် ကွန်မန့်များကို မကြည့်လိုက်မိချေ။ မဟုတ်ပါက သူ သေချာပေါက် ဘာပြောရမှန်း မသိ ဖြစ်သွားပေလိမ့်မည်။

'ဒီအင်တာနက်သုံးစွဲသူတွေက ငါ့ကို သေစေချင်နေတာပဲ... အဲဒါက အနားကပ်သွားလို့ ရတဲ့ ဟာမျိုးလား'

တောရိုင်း အရှေ့မြောက်ကျား နှစ်ကောင် ဖြစ်နေသဖြင့် ဘယ်သူလာလာ အလွယ်တကူ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့ တစ်ဖွဲ့လုံး အရင်ဆုံး ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြပြီး နောက်ပိုင်း အချိန်ရမှ ပြန်လာရန် စီစဉ်လိုက်ကြ၏။

တောင်ထဲတွင် အမြဲတမ်း သွားလာလှုပ်ရှားနေသူများက အန္တရာယ်ကို ရှောင်လွှဲနိုင်ပါက ရှောင်လွှဲရန်နှင့် အသက်ရှင်သန်ရေးကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း နားလည်ထားကြသည်။

ဘယ်အရာကမှ အသက်လောက် အရေးမကြီးချေ။

"အဲဒီ အရှေ့မြောက်ကျား နှစ်ကောင်ကို သွားမပတ်သက်တာ အကောင်းဆုံးပဲ... ကင်မရာ လဲဖို့ ကိစ္စကို နောက်မှပဲ လာလုပ်ရတော့မယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်၏။

လိုက်ဖ်ထဲတွင် 'ငါသာဆို တစ်ချက်တည်း ဝင်လျှောတိုက်ပစ်လိုက်ပြီ' ဟူသော ကွန်မန့်များ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

အင်တာနက်လောက ဆိုသည်မှာ ဤသို့ပင် ဖြစ်၏။ အားလုံးက ပါးစပ်အရသာခံ ပြောဆိုရသည်ကို နှစ်သက်ကြသည်။ ပုံရိပ်ယောင်လောက ဖြစ်သော်လည်း ခံစားရသည်မှာတော့ အတော်လေး ကောင်းမွန်လှပေသည်။

သူတို့ တစ်ဖွဲ့လုံး ကင်းလှည့် လမ်းကြောင်းအတိုင်း ဆက်လက် ကင်းလှည့်နေကြပြီး ရွှီယန်ကတော့ တားဟွာ၏ လှုပ်ရှားမှုကို အာရုံစိုက်နေလိုက်၏။

အချိန်အတော်ကြာ မတွေ့ခဲ့ရသဖြင့် အနည်းငယ် လွမ်းဆွတ်နေမိသည်။

တားဟွာက တောရိုင်း ကျားသစ်စစ်စစ် ဖြစ်သဖြင့် မျက်လုံးများတွင် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း အန္တရာယ် အငွေ့အသက်များ ပေးစွမ်းနေ၏။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရှောင်ဟွာကတော့ အနည်းငယ် တုံးအအဖြစ်နေပြီး အတော်လေး အသည်းယားစရာ ကောင်းနေသည်။ ဘယ်သူ့ကို သွားတူနေမှန်းကို မသိရချေ။

တားဟွာနှင့် ပို၍ နီးကပ်လာသည်ကို မြင်သောအခါ ရွှီယန်၏ ရင်ထဲတွင် ပိုမို စိတ်လှုပ်ရှားလာခဲ့၏။

သူတို့ လေးယောက် တောင်ထဲတွင် ဆက်လက် ကင်းလှည့်နေကြသည်။

ထိုအထဲမှ နှစ်ယောက်က မှန်ပြောင်းကို ကိုင်ကာ တစ်ခါတစ်ရံ နေရာအနှံ့ လှမ်းကြည့်တတ်ကြပြီး အချက်အလက် အချို့ကိုလည်း မှတ်တမ်းတင်ကြ၏။

ရွှီယန်ကတော့ ကျားသစ် ရောက်လာမည်ကို မျှော်လင့်နေလိုက်သည်။

ဖုန်းမြေပုံပေါ်တွင်လည်း ကျားသစ်က ဤဘက်သို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်၏။

ဒရုန်းက တောင်တော အခင်းအကျင်းကို လိုက်ဖ်လွှင့်ပေးနေပြီး အင်တာနက်သုံးစွဲသူများက ထိုလေးယောက်၏ လုပ်ရပ်များကြောင့် အလွန် ဆွဲဆောင်ခံနေကြရသည်။

သစ်တော၏ လုံခြုံရေးကို အတည်ပြုရန်အတွက် သူတို့က ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော နေရာများတွင် လမ်းလျှောက်နေကြခြင်း ဖြစ်၏။

"လောလောဆယ်တော့ ဘာပြဿနာမှ မတွေ့သေးဘူး... ပုံမှန် ရာသီတွေမှာဆိုရင် ကျွန်တော်တို့က အမြဲတမ်း ကင်းလှည့်နေတာဆိုတော့ တရားမဝင် အမဲလိုက်သမားတွေအတွက် အခွင့်အရေး မရှိဘူးလေ... ဒါပေမဲ့ ဆောင်းတွင်းကျတော့ ရာသီဥတု ဆိုးရွားလို့ ကင်းလှည့်ဖို့ သိပ်မလွယ်တော့ဘူး... အဲဒီအချိန်ကျရင် အန္တရာယ်ခံပြီး အမဲလိုက်ချင်တဲ့ သူတွေ ရှိလာတတ်တယ်... အဲဒါကြောင့် ကျွန်တော်တို့က အမဲလိုက်သမားတွေရဲ့ သဲလွန်စတွေကို လိုက်ရှာရတာပေါ့"

ဝမ်ကျန်းဟိုင်က ရွှီယန်၏ ဘေးတွင် လမ်းလျှောက်ရင်း ရှင်းပြနေ၏။

ဤသည်က အင်တာနက်သုံးစွဲသူများကို ကင်းလှည့်ဝန်ထမ်းများ၏ အလုပ်ကို ပြသပေးနေခြင်းလည်း ဖြစ်သည်။

အချို့လူများက အကျိုးအမြတ်အတွက် အန္တရာယ်ကို မမှုဘဲ လုပ်ဆောင်တတ်ကြသဖြင့် သစ်တောကို ကာကွယ်ရန် လိုအပ်ပေသည်။

"ဟုတ်တယ်... အရင်တုန်းကတော့ တရားမဝင် အမဲလိုက်တာတွေ တော်တော် များတယ်... အခုကျတော့ နည်းပညာ စမ်းသပ်စစ်ဆေးမှုတွေ များလာတော့ အမဲလိုက်တဲ့သူတွေ နှိုင်းယှဉ်ကြည့်ရင် တော်တော် နည်းသွားပါပြီ"

ရွှီယန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

ထိုအချိန်မှာပင် ကင်းလှည့်ဝန်ထမ်း တစ်ယောက်က တားဟွာ၏ အရိပ်အယောင်ကို တွေ့ရှိသွားခဲ့သည်။

သူက အရှေ့ဘက်သို့ လက်ညိုးထိုးပြကာ "ကျားသစ်... ဟိုမှာ ကျားသစ်... ဒီကောင်တွေက ပုံမှန်ဆို မြင်ရဖို့ တော်တော် ခက်တာ... ပုန်းနေတာ အရမ်း နက်ရှိုင်းလွန်းတော့ ကျွန်တော်တို့ကို တွေ့တာနဲ့ ပုန်းသွားကြတာပဲ... လုံးဝကို ရှာမရဘူး" ဟု လှမ်းအော်လိုက်သည်။

သူ ဤသို့ အော်လိုက်သည်နှင့် လေးယောက်လုံးက ကျားသစ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

သူတို့ ကင်းလှည့်သည့် အချိန်တိုင်းတွင် ကျားများကို အမြဲတမ်း တွေ့ရတတ်သည်။

ကျားများက ကင်းလှည့်ဝန်ထမ်းများနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်ရာ သူတို့ကို မြင်ပါက အဖက်ပင် မလုပ်ချင်ကြတော့ချေ။ ဤသည်က ကျားကြီးများ၏ သက်သောင့်သက်သာ နေတတ်သော စရိုက်ပင် ဖြစ်၏။

သဘောပါပဲ... ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သွားတာပဲဟာ... လုပ်ချင်တာလုပ်ကြပေါ့ ဟူသည့် သဘောမျိုးပင်။

တစ်ခါတစ်ရံ မြေကြီးပေါ်တွင် ဝပ်ကာ ကင်းလှည့်ဝန်ထမ်းများကို ငေးကြည့်နေတတ်သေးသည်။

ကျားသစ်ကတော့ ထိုသို့ မဟုတ်ပေ။

ကင်းလှည့်ဝန်ထမ်းများကို မြင်သည်နှင့် ပုန်းအောင်းသွားကြရာ လုံးဝကို ရှာမတွေ့နိုင်တော့ချေ။ တစ်ခါတစ်ရံ ကင်မရာထဲတွင် မြင်ရသော်လည်း ကင်းလှည့်သည့် အချိန်တွင်တော့ လုံးဝကို ရှာမတွေ့နိုင်ပေ။

ဤကောင်များက အလွန် ပုန်းအောင်း ကောင်းလွန်းလှသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ကျားသစ် တစ်ကောင်က သူတို့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ ကြည့်ရသည်မှာ ထိုလေးယောက်ဆီသို့ တိုက်ရိုက် ဦးတည်လာနေပုံရ၏။

ထိုအချိန်မှာပင် သူတို့ နောက်ကျောဘက်ရှိ ရွှီယန်ထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

"တောင်းပန်ပါတယ်... ဒီကျားသစ်က ကျွန်တော့်ကို လာရှာတာ... အရင်က ကျွန်တော့် လယ်ယာခြံဝင်း နောက်ဘက်မှာ သူ့ကို ကယ်ခဲ့ဖူးလို့ သူက ကျွန်တော်နဲ့ ရင်းနှီးနေတာ... နောက်ပိုင်းကျတော့ သူ တောနက်ကြီးထဲ ပြန်သွားပြီး နေထိုင်ခဲ့တာလေ... ဒီကောင်ပဲ"

ပြောရင်းနှင့်ပင် ရွှီယန်က အရှေ့သို့ လျှောက်သွားလိုက်၏။

သူ၏ စကားကြောင့် ကင်းလှည့်ဝန်ထမ်း သုံးယောက်စလုံး နေရာမှာပင် ကြောင်အမ်းသွားကြတော့သည်။

'ဘာကြီး... ဒီကျားသစ်က မင်းကို လာရှာတာ ဟုတ်လား... မှားများ မှတ်နေတာလား'

ရွှီယန်ကတော့ တားဟွာကို သေချာပေါက် မှားမည် မဟုတ်ချေ။

သူက အရှေ့သို့ လျှောက်သွားပြီး ကင်းလှည့်ဝန်ထမ်း သုံးယောက်ကတော့ ဘာလုပ်ရမှန်း မသိဘဲ နေရာမှာပင် ရပ်နေကြသည်။

"ဒီကိစ္စ ဘယ်လို လုပ်မလဲ... ငါလည်း မသိဘူးကွာ... အဲဒီ ကျားသစ်က တကယ်ပဲ သူ့ကို လာရှာတဲ့ ပုံစံပဲနော်... ခဏလောက် ကြည့်နေလိုက်ဦးမယ်"

သုံးယောက်သား ဆုံးဖြတ်ချက်ချကာ နေရာမှာပင် ရပ်ကြည့်နေလိုက်ကြ၏။

တားဟွာက ရွှီယန်ကို မြင်သောအခါ ခြေလှမ်းများ သိသိသာသာ မြန်ဆန်လာပြီး နောက်ဆုံးတွင် တစ်ဟုန်ထိုးပင် ပြေးလာတော့သည်။

အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် အံ့ဩတကြီး အော်ဟစ်လိုက်ကြတော့၏။

[ကျားသစ်ကြီး ပြေးလာပြီဟေ့]

[တားဟွာ လား... နည်းနည်းတော့ တူတယ်နော်]

[တကယ်လို့ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ]

အားလုံးက အလွန် စိုးရိမ်ပူပန်နေကြချိန်တွင် ကျားသစ်က ရွှီယန်ထံသို့ ရုတ်တရက် ခုန်အုပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

တကယ်ပင် ရွှီယန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်လာခဲ့ခြင်း ဖြစ်၏။

ရွှီယန်လည်း အလိုက်သင့် ဖမ်းပွေ့ထားလိုက်သည်။

ကောင်ကြီးက ရွှီယန်နှင့် အချိန်အတော်ကြာ မတွေ့ခဲ့ရသဖြင့် ရွှီယန်၏ အရှေ့တွင် ချွဲနွဲ့တတ်နေသေး၏။

၎င်းက ခေါင်းဖြင့် ရွှီယန်ကို အဆက်မပြတ် ပွတ်သပ်ကာ ဝူးဝူး ဟူသော အသံများကို ပြုလုပ်နေသည်။

တားဟွာက ယခင်ပုံစံအတိုင်းပင် မာနကြီးကာ သတိဝီရိယ ကြီးမားလှ၏။ သို့သော် ရွှီယန်၏ အရှေ့တွင်တော့ အတော်လေး ပေါ့ပါးနေပုံရသည်။

"မတွေ့ရတာ ကြာပြီနော်... ဒီလောက် အဝေးကြီးထိ ရောက်နေတာပဲ"

ရွှီယန်က ၎င်းကို နှုတ်ဆက်လိုက်၏။

တားဟွာက တိုးညင်းစွာသာ ပြန်လည် အော်မြည်နေသည်။

"ရှောင်ဟွာ က ငါ့ဆီမှာ အဆင်ပြေပါတယ်... ဒါပေမဲ့ နည်းနည်းတော့ တုံးအအ ဖြစ်နေတုန်းပဲ... အမဲလိုက်ဖို့လည်း မတတ်သေးဘူး"

ရွှီယန်က တားဟွာ နားလည် မလည်ကို ဂရုမစိုက်တော့ဘဲ ရှောင်ဟွာ၏ အခြေအနေကိုသာ ပြောပြနေလိုက်၏။

မလှမ်းမကမ်းတွင် ကန္တာရရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားသော ကင်းလှည့်ဝန်ထမ်း သုံးယောက်မှာ ယခုအချိန်တွင် လုံးဝ ကြောင်အမ်းသွားကြပြီ ဖြစ်သည်။

"လယ်ယာခြံဝင်း ပိုင်ရှင် ရွှီ က ကျားတွေ ကျားသစ်တွေကို ယဉ်ပါးအောင် လုပ်နိုင်တယ်လို့ အစကတည်းက ကြားဖူးပေမဲ့ အရင်ကတော့ မယုံခဲ့ဘူး... အခု မြင်လိုက်ရမှ တကယ် အစွမ်းထက်တာပဲ... အဲဒါ တောရိုင်း အရှေ့မြောက်ကျားသစ် ကြီးနော်"

"နေသားကျသွားရင် အဆင်ပြေသွားမှာပါ... ငါ သူ့လိုက်ဖ် တွေ ကြည့်ဖူးတယ်... သူက ဘာမဆို ကိုင်ရဲတာ... ကျားတွေ ဝက်ဝံမည်း တွေကိုတောင် ကိုင်ရဲတဲ့ အပြင် သူတို့ကလည်း သူ့စကားကို နားထောင်ကြသေးတာကွာ"

ဝမ်ကျန်းဟိုင်က အဝေးသို့ လှမ်းကြည့်ကာ ညည်းတွားလိုက်၏။

ဤကဲ့သို့သော ကိစ္စမျိုးက အခြားသူများ၏ အပေါ်တွင် ဖြစ်ပျက်ပါက အလွန် ထူးဆန်းလှသော်လည်း ရွှီယန်၏ အပေါ်တွင် ဖြစ်ပျက်ပါက အနည်းငယ် ပုံမှန် ဖြစ်နေသည်ဟုပင် ထင်ရ၏။

နေသားကျသွားခြင်းကြောင့်ပင် ဖြစ်နိုင်ပေသည်။

All Chapters