အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) သေချာပေါက် ရဲခေါ်ရမှာပေါ့... မဟုတ်ရင် ငါက သွားပြီး တစ်ယောက်ချင်း ချရမှာလား
တောဝက်က ဝက်ခြံထဲဝင်ပြီး အစာလုစားချင်နေသည်။
ဆောင်းတွင်းဘက်တွင် တောဝက်များအတွက် အစာသိပ်မရှိသဖြင့် တောင်ထဲမှ ထွက်လာခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်၏။
ဤတောဝက်က ရွှီယန်၏ လယ်ယာခြံဝင်းဘေးသို့ ရောက်လာပြီး ဝက်ခြံထဲမှ ပြောင်းဖူးဆန်ပြုတ်၏ မွှေးရနံ့ကို ရလိုက်သဖြင့် အနည်းငယ် သောင်းကျန်းလာတော့သည်။
၎င်းက ဝက်ခြံ၏ သံတံခါးကို အဆက်မပြတ် အားကုန်သုံးကာ ဝင်တိုက်နေ၏။
“ဒိုင်း... ဒိုင်း... ဒိုင်း…”
တောဝက်က မျက်နှာဖြင့် တိုက်ရိုက် ဝင်တိုက်နေသော်လည်း ၎င်း၏ မျက်နှာက နည်းနည်းလေးမှ နာကျင်ပုံမရချေ။
သံတံခါး၏ ကန့်လန့်ဖြတ် မင်းတုပ်ကို နံရံပေါ်တွင် ဝက်အူများဖြင့် တပ်ဆင်ထားခြင်းဖြစ်ပြီး မူလကတည်းက အနည်းငယ် မခိုင်မခန့် ဖြစ်နေခဲ့သည်။ ယခုလို အကြိမ်ကြိမ် အတိုက်ခံရပြီးနောက်တွင်တော့ တံခါးက ပွင့်ထွက်သွားတော့၏။
ဝုန်းခနဲ အသံနှင့်အတူ သံတံခါး ပွင့်ထွက်သွားသည်။
တောဝက်က ဝက်အုပ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး စားခွက်ထဲမှ အစာများကို စတင် လုစားတော့၏။
ရွှီယန်သည် တောဝက်များနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသည်။
ဤအကောင်များက တကယ်ကို ကိုင်တွယ်ရ ခက်ခဲလွန်းလှ၏။ အရေထူပြီး အသားလည်း ထူကြပေသည်။
ထို့အပြင် စိတ်သဘောထားကလည်း အလွန် ရမ်းကားပြီး ယဉ်ပါးအောင် လုပ်၍ မရနိုင်ချေ။
ထို့ကြောင့် မောင်းထုတ်ရန်သာ ရှိတော့သည်။
သူက ဂေါ်ပြားကို မြှောက်ကာ တောဝက်၏ တင်ပါးကို အဆက်မပြတ် ရိုက်ချလိုက်၏။
ဝက်ခြံ၏ နေရာက သိပ်မကျယ်ဝန်းသဖြင့် ရွှီယန်က အထဲသို့ ဝင်မသွားခဲ့ချေ။
ဤမျှ ကျဉ်းမြောင်းသော နေရာမျိုးက တောဝက်များနှင့် ရင်ဆိုင်ရန် မသင့်တော်ပေ။ ရှောင်တိမ်းရန် နေရာ သိပ်မရှိသဖြင့် တောဝက်၏ တိုက်ခိုက်မှုကို အလွယ်တကူ ခံရနိုင်သောကြောင့် ဖြစ်သည်။
တောဝက်က ရွှီယန်၏ တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ဝက်စာများကိုသာ အငမ်းမရ စားသောက်နေ၏။
"လခွမ်း... ဒီကောင် နည်းနည်းလေးတောင် မကြောက်ဘူး စားဖို့လောက်ပဲ သိတယ်"
ရွှီယန်က ဆဲရေးလိုက်သည်။
အခြေအနေက အတော်လေး ရှုပ်ထွေးနေ၏။
ဝန်ထမ်းများက ဝက်ခြံ အပြင်ဘက်တွင် ရပ်နေကြပြီး မည်သို့ ကူညီရမည်ကို မသိဖြစ်နေကြသည်။
လီဆန်း ကိုင်ထားသော ဖုန်းက အလွန် တည်ငြိမ်နေပြီး ရိုက်ကူးသည့် ထောင့်ကလည်း အလွန် ကောင်းမွန်နေရာ အတော်လေး အတွေ့အကြုံ ရနေပြီဖြစ်ကြောင်း သိသာလှ၏။
ထိုအချိန်မှာပင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့သည်။
ရွှီယန် မွေးမြူထားသော ဝက်များက ဖြူဖြူဖွေးဖွေး ဆူဆူဖြိုးဖြိုး ရှိကြပြီး ပုံမှန်အချိန်များတွင် သိပ်သိသာလေ့ မရှိသော်လည်း တကယ်တမ်းတွင်တော့ အလွန် တောင့်တင်း ကြံ့ခိုင်လှပေသည်။
အိမ်မွေးဝက် နှစ်ကောင်က ရိုင်းစိုင်းလှသော တောဝက်ကို သည်းမခံနိုင်တော့သဖြင့် သူတို့ကပင် အရင်ဆုံး စတင် တိုက်ခိုက်ကြတော့၏။
အစွယ် မရှိသော်လည်း အိမ်မွေးဝက်များ ဝင်တိုက်သည့် အားကလည်း မသေးလှချေ။
အိမ်မွေးဝက် နှစ်ကောင်က ရူးသွပ်သွားသည့်အလား ၎င်းတို့၏ ခေါင်းများဖြင့် တောဝက်ကို အဆက်မပြတ် ဝင်တိုက်နေကြရာ တောဝက်မှာ အတိုက်ခံရလွန်းသဖြင့် အနည်းငယ် မူးဝေသွားပြီး မတ်တတ်ပင် သေချာ မရပ်နိုင်တော့ဘဲ နောက်သို့ အဆက်မပြတ် ဆုတ်သွားရတော့သည်။
တောဝက် ဝက်ခြံထဲမှ ထွက်လာသည်ကို မြင်သောအခါ ဝန်ထမ်းများက အခွင့်အရေးကို အသုံးချကာ ဝိုင်းရံလိုက်ကြ၏။
မူလက ရွှီယန်သည် ဂေါ်ပြားကို အသုံးပြုကာ တောဝက်ကို မောင်းထုတ်ရန်သာ ရည်ရွယ်ထားခဲ့သော်လည်း ဝမ်ဝူက ပို၍ ကြမ်းတမ်းနေမည်ဟု မည်သူ ထင်မှတ်ထားခဲ့မည်နည်း။
သူက ဂေါ်ပြားကို ပစ်ချလိုက်ပြီး တောဝက်၏ ကျောပေါ်သို့ တိုက်ရိုက် ခွစီးကာ ဖိချရန် ကြိုးစားလိုက်သည်။
တောဝက်၏ ခွန်အားက အရွယ်ရောက်ပြီးသူ တစ်ယောက်ကို သယ်ဆောင်နိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။
၎င်းက ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်သည်။
ဝမ်ဝူက သူ၏ တင်ပါးမှ ကြီးမားသော တွန်းကန်အားကြီး တစ်ခုကို ခံစားလိုက်ရပြီးနောက် လေထဲသို့ လွင့်စင်သွားကာ မြေကြီးပေါ်သို့ ပြန်ကျလာခဲ့၏။
တောဝက်က ထိုအရှိန်ဖြင့်ပင် အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
ထွက်ပြေးနေစဉ်အတွင်း ရွှီယန်က မျက်စိရှင်ရှင် လက်သွက်သွက်ဖြင့် ဂေါ်ပြားကို အသုံးပြုကာ ၎င်း၏ ခေါင်းကို နှစ်ချက်ခန့် ရိုက်ချရန် မမေ့ခဲ့ချေ။
ဘန်း... ဘန်း...
၎င်းကို မှတ်လောက်သားလောက် ဖြစ်သွားစေရန်ပင်။
မြင်ကွင်းက အတော်လေး ရှုပ်ထွေးနေ၏။
တောဝက်က အပြင်ဘက်သို့ တောက်လျှောက် ပြေးထွက်သွားပြီး လယ်ယာခြံဝင်း၏ မြေကွက်လပ်ပေါ်သို့ ရောက်ရှိသွားသည်။
ဝန်ထမ်းများက နေရာမှာပင် ရပ်ကာ တောဝက် ရှိရာဘက်သို့ လှမ်းကြည့်နေကြ၏။
"သူဌေး... ဘယ်လို လုပ်ကြမလဲ"
မာဝန်က မေးလိုက်၏။
ရွှီယန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"သေချာပေါက် ရဲခေါ်ရမှာပေါ့... မဟုတ်ရင် ဘာလုပ်ရမှာလဲ... ငါက သွားပြီး သူနဲ့ တစ်ယောက်ချင်း သွားချရမှာလား"
ရွှီယန်၏ စကားကို ကြားသောအခါ မာဝန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ရဲစခန်းမှ ရဲအရာရှိထံသို့ ဖုန်းဆက်လိုက်တော့၏။
ဆောင်းတွင်းကာလတွင် တောဝက်များ ရွာသားများ၏ အိမ်များသို့ ဝင်ရောက်ခြင်းက မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
ရဲအရာရှိများက ဤကဲ့သို့သော အမှုအခင်းမျိုးကို အများအပြား ကိုင်တွယ် ဖြေရှင်းခဲ့ဖူး၏။ သီးသန့် ဝက်ဖမ်းအဖွဲ့များပင် ရှိနေကြသေးသည်။
တောဝက်က လယ်ယာခြံဝင်း အပြင်ဘက်သို့ ပြေးမထွက်သွားဘဲ လယ်ယာခြံဝင်း၏ မြေကွက်လပ်တွင်သာ လှည့်လည်သွားလာနေသည်။ ကြည့်ရသည်မှာ စားကျက်မြက်ခင်းဘက်သို့ ပြေးသွားကာ ပေါက်လာသော မြက်များကို ရှာဖွေနေပုံရ၏။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ကုန်တင် ပစ်ကပ်ကား တစ်စီးနှင့် ရဲကား တစ်စီး အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ကားပေါ်မှ ရဲအရာရှိ သုံးယောက် ဆင်းလာကြ၏။
လျိုမင်က ကားပေါ်မှ ဆင်းဆင်းချင်းပင် ရွှီယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"လောင်ရွှီ... မင်းက ကျားသစ်တောင် မွေးထားတယ် မဟုတ်လား... တောဝက် ဖမ်းဖို့ ငါတို့ကို ခေါ်နေရသေးလား"
လျိုမင်က လယ်ယာခြံဝင်းသို့ အကြိမ်အတော်များများ ရောက်ဖူးပြီး သူက လူမှုဆက်ဆံရေးလည်း ကောင်းမွန်သဖြင့် ရွှီယန်နှင့် ဆက်ဆံရေး အတော်လေး ကောင်းမွန်ပေသည်။ အခြေခံ ရဲအရာရှိများက အငြင်းပွားမှု အချို့ကို ကိုင်တွယ်ဖြေရှင်းရသဖြင့် ရွာသား အတော်များများနှင့် အလွန် ရင်းနှီးကြ၏။
"မပြောပါနဲ့တော့... ရှောင်ဟွာက တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးမှ မရှိတာ... အခုထိ ပုန်းနေတုန်းပဲလေ... ပြီးတော့ ဒီကောင်ကြီးကို ဘယ်လို ကိုင်တွယ်ရမှန်းလည်း ငါ မသိဘူး... မင်းတို့က ပိုပြီး ကျွမ်းကျင်တော့ မင်းတို့ပဲ လုပ်ကြပါကွာ"
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ... နှစ်သစ်ကူး ဆိုတော့ လူအင်အား သိပ်မလောက်ဘူး... ခဏနေရင် မင်းတို့ နည်းနည်း ကူပြီး မ ပေးကြဦး... အခုက တောဝက်တွေ တော်တော်များနေတုန်းပဲ... အပြင်ထွက်လာသမျှ ကောင်တွေကို ငါတို့က ဖြေရှင်းပေးနေရတာ"
လျိုမင်က တောဝက်ကို လှမ်းကြည့်လိုက်ပြီး ဘေးရှိ ရဲအရာရှိများကတော့ ပိုက်ကွန်များနှင့် လျှပ်စစ်သေနတ်များကို စတင် ပြင်ဆင်နေကြပြီ ဖြစ်၏။ မည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကိုတော့ ရွှီယန်က ထပ်မမေးတော့ချေ။
နောက်ပိုင်း ကိစ္စများကတော့ အလွန် ရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်။
ရဲအရာရှိများက တောဝက်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် သေချာစွာ တုပ်နှောင်လိုက်ကြကာ လူအနည်းငယ်က တုပ်နှောင်ထားသော တောဝက်ကို ကားပေါ်သို့ တင်လိုက်ကြ၏။
ထို့နောက် ရဲအရာရှိများက ကားမောင်းကာ ထွက်ခွာသွားကြတော့သည်။
ဤကဲ့သို့သော ကိစ္စမျိုးကို ရဲများကို ရှာဖွေ အကူအညီ တောင်းခံရမည်သာ ဖြစ်၏။ တောဝက်များနှင့် ဝက်ဝံမည်းများ ရွာသားများ၏ အိမ်များသို့ ကျူးကျော် ဝင်ရောက်သည့် အခြေအနေများ အတော်လေး များပြားလှပေသည်။
ချင်လင်း တောင်တန်း ဘက်တွင်ဆိုလျှင် ပန်ဒါများပင် ရွာသားများ၏ အိမ်ထဲသို့ ဝင်ရောက်လာတတ်ကြသေးသည်။
မည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကတော့ ၎င်းတို့၏ ကာကွယ်စောင့်ရှောက်ရေး အဆင့်အတန်း အပေါ်တွင်သာ မူတည်ပေသည်။
ကာကွယ်စောင့်ရှောက်ရေး အဆင့်အတန်း မြင့်မားပါက သတိကြီးစွာဖြင့် ဖျောင်းဖျကာ မောင်းထုတ်ရပြီး ကာကွယ်စောင့်ရှောက်ရေး အဆင့်အတန်း နိမ့်ပါကတော့ တိုက်ရိုက် ဖမ်းဆီး ခေါ်ဆောင်သွားရုံပင်။
"ဒီတောဝက်ကြီးက ဘယ်လိုလုပ် ဝင်လာတာလဲ... သွားကြည့်ရအောင်... ဘယ်နားက ခြံစည်းရိုးကို တိုက်ဖျက်လိုက်တာလဲ ဆိုတာ"
ရွှီယန်က လယ်ယာခြံဝင်း၏ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ ဝန်ထမ်းများကလည်း အတူတကွ လိုက်ပါလာကြ၏။ ခွေး နှစ်ကောင်ကလည်း နောက်မှ လိုက်လာကြသည်။
ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော ရှောင်ဟွာ လည်း ဤနေရာသို့ ရောက်လာခဲ့သည်။
ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။
"ရပါတယ်... မင်းက ကလေးလေးပဲ ရှိသေးတာ... ဒီလိုကိစ္စမျိုးမှာ မင်း ဝင်မပါနဲ့ပေါ့"
လယ်ယာခြံဝင်း၏ ခြံစည်းရိုးက အမှန်တကယ်ပင် တိုက်ဖျက်ခံထားရသည်။ တောဝက်၏ ခွန်အားက အတော်လေး ကြီးမားလှပေသည်။ သစ်သား ခြံစည်းရိုး တစ်ချပ်က မြေကြီးပေါ်တွင် လဲကျနေပြီး ဆက်သွယ်ထားသော နေရာများပင် ကျိုးပဲ့နေပြီ ဖြစ်၏။
"ဒီကောင်ကြီးက တကယ် အားသန်တာပဲ"
ရွှီယန်က ညည်းတွားလိုက်သည်။
ထိုအချိန်တွင် မာဝန်က ဝင်ပြောလိုက်၏။
"သူဌေး... ဒီနေရာကို ကျွန်တော်နဲ့ ဝမ်ဝူ ပဲ လုပ်လိုက်ပါ့မယ်... ကျွန်တော်တို့ နှစ်ယောက်ဆို လောက်ပါတယ်... လီဆန်းက ဝက်ခြံက သံတံခါးကို သွားပြင်လိမ့်မယ်... ဒါတွေက အသေးအဖွဲ ကိစ္စတွေပါ... သူဌေး ပူပန်နေစရာ မလိုပါဘူး"
မာဝန်၏ စကားကို ကြားသောအခါ ဝမ်ဝူ နှင့် လီဆန်း တို့ကလည်း ထောက်ခံလိုက်ကြသည်။
အလုပ်က မကြီးမားလှသော်လည်း လုပ်မည့်သူတော့ လိုအပ်ပေ၏။ လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံးက အလွန် တက်ကြွနေကြသည်။
"ကောင်းပြီ... ဒါဆိုလည်း ပင်ပန်းခံလိုက်ကြပါဦး... ငါလည်း လိုက်လာခဲ့မယ်... တခြား နေရာတွေမှာ ချောင်နေတာများ ရှိသေးလားဆိုတာ တစ်ခါတည်း လိုက်စစ်ရအောင်... ဒီကောင်တွေ ထပ်ဝင်မလာအောင် သတိထားရမယ်"
ရွှီယန်က အစီအစဉ် ချပေးလိုက်၏။
တောဝက် ပေါ်လာခြင်းက လယ်ယာခြံဝင်း အတွက် အလုပ်တချို့ကို ထပ်တိုးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဝန်ထမ်းများက အလုပ်များ ခွဲဝေကာ စတင် အလုပ်ရှုပ်လာကြတော့၏။
မွန်းတည့်ချိန်သို့ ရောက်သောအခါ ရွှီယန်က လီဆန်း ရိုက်ထားသော ဗီဒီယိုကို ရိုးရှင်းစွာ တည်းဖြတ်လိုက်ပြီး သူ၏ ဗီဒီယို အကောင့်တွင် တင်လိုက်သည်။ ခေါင်းစဉ်ကိုတော့ 'ကျူးကျော်ဝင်ရောက်လာသော တောဝက်ကြီး' ဟု ပေးထား၏။
ပရိသတ်များက ဗီဒီယိုကို ချက်ချင်း မြင်တွေ့သွားကြပြီး ရွှီယန် တစ်ယောက် တောဝက်နှင့် ထပ်မံ တိုက်ပွဲဝင်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်ကြတော့သည်။
သူတို့က ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကြည့်ရသည်ကို အလွန် နှစ်သက်ကြပေသည်။
ရွှီယန်နှင့် တောဝက်တို့သည် အကြိမ်အတော်များများ တိုက်ခိုက်ခဲ့ဖူးပြီး ရန်သူဟောင်းများ ဖြစ်နေကြပြီ ဖြစ်၏။
အားလုံးက ကွန်မန့်များတွင် အသီးသီး ဝင်ရောက် ရေးသားကြတော့သည်။
"ဟားဟားဟား... လောင်ရွှီ က တကယ် လည်တာပဲ... တောဝက်ကို ဂေါ်ပြားနဲ့ ဆယ်ချက်လောက် ရိုက်လိုက်တာကို တောဝက်က သူ့ကို တစ်ချက်လေးတောင် ပြန်မလုပ်နိုင်ဘူး"
"ကျွန်တော် အကြံပေးချင်တာကတော့ အိမ်မွေးဝက်တွေကို အကုန် အပြင်မောင်းထုတ်လိုက်ပြီး လောင်ရွှီ ဝက်ခြံထဲ ဝင်သွားကာ တောဝက်နဲ့ တစ်ယောက်ချင်း သွားချသင့်တာပဲ"
"ဒါက တကယ်ကို ရယ်ရလွန်းတယ်"
"လခွမ်း... အဲဒီ အိမ်မွေးဝက် နှစ်ကောင်က အဲဒီလောက်တောင် ကြမ်းတာလား... တောဝက်ကိုတောင် အပြင်ရောက်အောင် မောင်းထုတ်နိုင်တာလား"
"အိမ်မွေးဝက်တွေကို အားကိုးရတာပဲ"
ဗီဒီယိုက အတော်လေး လူကြိုက်များသွားခဲ့၏။ Like အရေအတွက်နှင့် ကွန်မန့် အရေအတွက် အလွန် များပြားလှပေသည်။
ရွှီယန်က ယခုအခါတွင် နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ဗီဒီယို၏ အချက်အလက်များက အလွန် ကောင်းမွန်ပြီး သစ္စာရှိသော ပရိသတ် တစ်စုလည်း ရှိနေပြီ ဖြစ်၏။
ဤသည်က သူ၏ လိုက်ဖ်လွှင့်ခြင်း အတွက် အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။
တောဝက်၏ ဇာတ်သိမ်းက မည်သို့ ဖြစ်သွားသည်ကိုတော့ အင်တာနက်သုံးစွဲသူများ မသိကြသလို ရွှီယန်ကလည်း ရှင်းပြမထားခဲ့ချေ။
အားလုံးက စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများကို မြင်တွေ့လိုက်ရလျှင်ပင် လုံလောက်ပြီ ဖြစ်၏။ လက်တွေ့ဘဝက ထိုမျှလောက် အမြဲတမ်း စိတ်ဝင်စားစရာ မကောင်းလှချေ။
မွန်းတည့်ချိန်သို့ ရောက်သောအခါ ရွှီယန်က ခွေး နှစ်ကောင်ကို အစာ အနည်းငယ် ထပ်ထည့်ပေးလိုက်သည်။
ကျားသစ်ကိုလည်း အသား အနည်းငယ် ထပ်ထည့်ပေးလိုက်ပြီး ၎င်း၏ မျက်နှာကြီးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။
"ရပါတယ်... တချို့ ကျားသစ်တွေဆို အသက် ၃ နှစ် ပြည့်တာတောင် အမဲမလိုက်တတ်သေးဘဲ မိဘကိုပဲ မှီခိုစားသောက်နေကြတာလေ... မင်းက အခုမှ ၁ နှစ်ပဲ ရှိသေးတာဆိုတော့ တိုးတက်ဖို့ အချိန်တွေ အများကြီး လိုပါသေးတယ်"
"ဒီလို ကိစ္စမျိုး ဆိုရင်တော့ ငါတို့က ရှောင်နေလိုက်ရုံပေါ့"
ရှောင်ဟွာက ရွှီယန်၏ စကားကို ကြားသောအခါ မျက်စိရှေ့တွင်ပင် ပျော်ရွှင်လာသည်ကို မြင်တွေ့ရ၏။
နှစ်သစ်ကူးရန် နီးကပ်လာပြီဖြစ်ရာ အလုပ်ကိစ္စများလည်း မနည်းလှချေ။
ရွှီယန်က ဝန်ထမ်းများကို ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများ ဝယ်ခိုင်းလိုက်ပြီး နှစ်သစ်ကူးချိန်တွင် ဖောက်ရန် ပြင်ဆင်ထားလိုက်သည်။
ဤဘက်ရှိ ဆောင်းတွင်းများတွင် မီးရှူးမီးပန်း ဖောက်ခြင်းကို တားမြစ်ထားခြင်း မရှိချေ။ သို့သော် တောင်တန်းများနှင့် နီးသော နေရာများတွင်တော့ ဖောက်ခွင့် မရှိပေ။
ရွာထဲတွင်လည်း အတော်လေး စည်ကားနေ၏။
လူအတော်များများက အပြင်ဘက်မှ ပြန်ရောက်လာကြပြီး အားလုံးက နေ့တိုင်း စားသောက်ကာ စကားစမြည် ပြောဆိုကြခြင်း သို့မဟုတ် မာကျောက် ကစားခြင်းများ ပြုလုပ်နေကြသည်။
ဤရာသီတွင် မာကျောက် ကစားခြင်းက တကယ်ကို အားလုံး၏ အဓိက ဖျော်ဖြေရေး လုပ်ငန်းတစ်ခုပင် ဖြစ်ပေသည်။
ရွှီယန်က တစ်ခါတစ်ရံ တောင်ထဲသို့ ဝင်ကာ ရတနာရှာဖွေရေး တာဝန် တစ်ခု နှစ်ခုခန့် လုပ်ဆောင်လေ့ ရှိ၏။
လယ်ယာခြံဝင်းနှင့် နီးကပ်သော နေရာများတွင် တာဝန် လုပ်ဆောင်ရသဖြင့် ဆုလာဘ်များက နှိုင်းယှဉ်ကြည့်မည် ဆိုပါက အတော်လေး သာမန်သာ ဖြစ်သည်။
ပိုမို ကောင်းမွန်သော တာဝန်များကို လုပ်ဆောင်ချင်ပါက တောနက်ကြီးထဲသို့ ဝင်မှသာ ရမည် ဖြစ်၏။
ရွှီယန်က ဤနိယာမကို နားလည်သွားပြီးနောက် နောက်ပိုင်းတွင် တောနက်ကြီးထဲသို့ ဝင်ရောက်ရန် ရည်ရွယ်လိုက်သည်။ ထိုသို့ဆိုလျှင် ကောင်းမွန်သော ဆုလာဘ် အချို့ကို ရရှိနိုင်မည် ဖြစ်၏။
အရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး နွေဦးပေါက်ရန်သာ စောင့်ဆိုင်းနေရတော့သည်။
ဤဘက်ရှိ နွေဦးရာသီတွင် နေရာတိုင်း၌ နှင်းများ ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း အပူချိန်ကတော့ ထိုမျှလောက် မနိမ့်ကျတော့ချေ။
အလုပ်အတော်များများကိုလည်း စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ လုံးဝ နွေးထွေးသွားရန် အတွက်ကတော့ မေလ နောက်ပိုင်းအထိ စောင့်ဆိုင်းရဦးမည် ဖြစ်၏။
နှစ်သစ်ကူး နေ့တွင် ရွာ၏ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ အဆက်မပြတ် ပေါက်ကွဲနေပြီး ရွာကော်မတီဘက်မှ ယွမ် သုံးသောင်းဖိုးခန့် ရှိသော မီးရှူးမီးပန်းများကို ဝယ်ယူထားကာ ည ၁၂ နာရီ ထိုးသည်နှင့် အားလုံး ဖောက်လိုက်ကြတော့သည်။
ရွာထဲရှိ လူများ အားလုံးက ဘေးတွင် ဝိုင်းရံကာ မီးရှူးမီးပန်းများကို ကြည့်ရှုနေကြ၏။
ယခင်က လူသူကင်းမဲ့သော ရွာလေးက ဤညတွင်တော့ အတော်လေး စည်ကားနေပြီး လူအုပ်ကြီး တစ်အုပ်ကဲ့သို့ပင် ခံစားနေရသည်။
အပြင်ဘက်တွင် အတော်လေး အေးနေ၏။ အားလုံးက တစ်ပတ်ခန့် လှည့်ပတ်သွားလာကာ မီးရှူးမီးပန်းများကို ခဏမျှ ကြည့်ရှုပြီးနောက် ကိုယ့်အိမ်ကိုယ် အသီးသီး ပြန်သွားကြတော့သည်။
ကလေးများ အားလုံးက အဝတ်အစား သစ်များကို ဝတ်ဆင်ထားကြ၏။
ဤအချိန်တွင် ရွာထဲရှိ ကလေးများက အပျော်ရွှင်ဆုံးပင် ဖြစ်သည်။ သူတို့တွင် မည်သည့် ဖိအားမှ မရှိဘဲ နှစ်သစ်ကူးတွင် အဝတ်အစားသစ် ဝတ်ရမည်၊ အရသာရှိသော အစားအစာများ စားရမည် ဆိုသည်ကိုသာ သိရှိကြပေသည်။
အရွယ်ရောက်ပြီးသူများ အတွက်ကတော့ အဝတ်အစားသစ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဂရုမစိုက်ကြတော့သလို အရသာရှိသော အစားအစာများကို စားရသည် ဖြစ်စေ မစားရသည် ဖြစ်စေ ဂရုမစိုက်ကြတော့ချေ။
သူတို့ ပို၍ ဂရုစိုက်သည်မှာ အားလပ်ရက် တစ်ခု ရရှိကာ စိတ်ပိုင်းဆိုင်ရာ သက်သာရာ ရစေရေးကိုသာ ဖြစ်သည်။
ယခုခေတ် နှစ်သစ်ကူးများက အရင်ကလောက် အရသာ မရှိတော့ချေ။
အားလုံးက ပုံမှန် အချိန်များတွင်လည်း အဆင်ပြေပြေ နေထိုင်နေကြသဖြင့် နှစ်သစ်ကူးကို ထိုမျှလောက် မျှော်လင့် မနေကြတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။
လယ်ယာခြံဝင်း ဘက်တွင်လည်း မီးရှူးမီးပန်း အချို့ ဖောက်လိုက်ကြ၏။
သို့သော် ဝန်ထမ်းများ အားလုံးကတော့ နှစ်သစ်ကူးရန် အိမ်ပြန်သွားကြပြီ ဖြစ်သည်။ ရွှီယန် နှင့် လီဆန်း တို့လည်း အိမ်ပြန်သွားကြ၏။ နှစ်သစ်ကူး ညစာ စားပြီးမှသာ ကားမောင်းကာ ပြန်လာခဲ့ကြသည်။
'နှစ်သစ် တစ်နှစ် ထပ်ရောက်လာပြန်ပြီပဲ'
ရွှီယန်၏ ရင်ထဲတွင် မျှော်လင့်ချက် အချို့ ပိုမို တိုးပွားလာခဲ့၏။
စနစ် ရှိနေခြင်းကြောင့် ဤခြောက်လကျော် အချိန်အတွင်း သူ၏ ဘဝက ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
သူ့တွင် ကိုယ်ပိုင် လယ်ယာခြံဝင်း တစ်ခု ရှိလာခဲ့ပြီး စိုက်ပျိုးရေး တက္ကသိုလ် နှင့် သဘာဝဥယျာဉ်မှ လူအချို့နှင့်လည်း သိကျွမ်းခဲ့ရ၏။ ထို့အပြင် ဤသည်က အစသာ ရှိသေးသည်။
နောက်နှစ်မှ စတင်ကာ လယ်ယာခြံဝင်းက အပြောင်းအလဲ အသစ်များကို ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ရွှီယန်က ကောင်းကင်ယံ အပြည့်ရှိနေသော မီးရှူးမီးပန်းများကို မော့ကြည့်လိုက်၏။ ရင်းနှီးနေဆဲ အရသာမျိုးပင် ဖြစ်သည်။
လေထုက အနည်းငယ် အေးစိမ့်နေသော်လည်း အသက်ရှူလိုက်ရသည်မှာ အလွန် ရှင်းလင်း ပေါ့ပါးနေ၏။
လူများက တစ်ယောက်နှင့် တစ်ယောက် နှစ်သစ် နှုတ်ခွန်းဆက် စကားများ ပြောကြားကြပြီး အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ဖလှယ်နေကြသည်။
ဤအချိန်တွင် ဤမြေပြင်ကြီးက တစ်ဖန် ပြန်လည် နွေးထွေး စည်ကားလာခဲ့တော့သည်။