အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) သားရဲငှက် ဆင်းသက်လာခြင်း... လယ်ယာခြံဝင်းမှာ ပေါ်လာတဲ့ သိမ်းငှက်
နှစ်သစ်ကူး ပြီးနောက် ရွာထဲရှိ လူများက သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များအတွက် အသီးသီး ထွက်ခွာသွားကြသည်။
ရွှီယန်ကတော့ ဆောက်လုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ကာ မှန်လုံအိမ် အသစ်များကို စတင် ဆောက်လုပ်တော့၏။
မြေတူးစက်များနှင့် ကရိန်းကားများက လယ်ယာခြံဝင်း အတွင်းသို့ ဝင်ရောက်လာပြီး စတင် ဆောက်လုပ်ကြသည်။ မှန်လုံအိမ်များ၏ ပုံစံကြမ်းက လူများ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့၏။
ရွှီယန်၏ ဤတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုက အတော်လေး ကြီးမားလှပြီး မှန်လုံအိမ် အသစ် ခြောက်ခုကို တိုက်ရိုက် ထပ်တိုးလိုက်ကာ စုစုပေါင်း မှန်လုံအိမ် ဆယ်ခု ဖြစ်သွားခဲ့သည်။
မီတာ တစ်ရာရှည်သော မှန်လုံအိမ် ဆယ်ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏကို မည်သူမဆို မြင်ပါက အံ့အားသင့်သွားမည် ဖြစ်၏။
တောင်ပေါ်ရွာလေး တစ်ရွာတွင် ဤမျှ အစွမ်းထက်သော လူတစ်ယောက် ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏက အလွန် ကြီးမားလွန်းလှပေသည်။
ရင်းနှီးမြှုပ်နှံမှု ကြီးမားခြင်း ဆိုသည်မှာ စွန့်စားရမှု မြင့်မားခြင်းကို ဆိုလိုသလို အကျိုးအမြတ် မြင့်မားခြင်းကိုလည်း ဆိုလို၏။
အခြားသူများအတွက်တော့ ထိုသို့ ဖြစ်နိုင်သော်လည်း ရွှီယန်အတွက်ကတော့ စနစ် ရှိနေသဖြင့် စွန့်စားရမှုက အများကြီး လျော့နည်းသွားခဲ့သည်။
သူ၏ ဘလူးဘယ်ရီ များက နောက်ပြောင်နေခြင်း မဟုတ်ချေ။
ဈေးကွက်တွင် အစားထိုး၍ မရနိုင်ဘဲ အခြား မည်သည့် မျိုးစိတ်နှင့်မဆို ယှဉ်လျှင် ပို၍ ကောင်းမွန်ပေသည်။
ဘလူးဘယ်ရီ ဈေးကွက် အခြေအနေ မကောင်းသော်လည်း သူ၏ ဘလူးဘယ်ရီမျိုး ထွက်လာပါက ဈေးကွက် ရှားပါးမည် မဟုတ်ချေ။
"ဒီနှစ်တော့ ဒီမှန်လုံအိမ် ခြောက်ခုလုံးမှာ ဘလူးဘယ်ရီတွေချည်းပဲ စိုက်မယ်... အချိန်မီ လုပ်ရမယ်"
"အရင်ကတော့ ဘလူးဘယ်ရီ ဘုရင် လုပ်ဖို့ စဉ်းစားဖူးတယ်... အခု အခွင့်အရေး ရလာပြီဆိုတော့ သေချာပေါက် စမ်းကြည့်ရမှာပေါ့"
ရွှီယန်က စိတ်ထဲမှ တွက်ချက်နေရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
တိရစ္ဆာန်လေးများက သူ့ဘေးတွင် ရှိနေပြီး အလုပ်လုပ်နေသော မြေတူးစက်များကို သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသည်။
ဤကောင်လေးများ အားလုံးက ပွဲကြည့်ချင်ကြပေသည်။ အနည်းငယ် လှုပ်ရှားသံ ကြားသည်နှင့် အားလုံး ပြေးထွက်လာကာ လည်ပင်းရှည်ကြီးများဖြင့် လှမ်းကြည့်နေကြပြီး အသေးစိတ် အချက်အလက် တစ်ခုကိုမျှ လက်လွတ်မခံချင်ကြချေ။
ဘာကို ကြည့်နေမှန်းကိုတော့ မသိရပေ။
တကယ်တမ်းတွင် ခွေးလေးများသာမက မြေတူးစက် အလုပ်လုပ်နေသည့် မြင်ကွင်းကို လူအတော်များများလည်း ကြည့်ရှုရန် နှစ်သက်ကြသည်။
ရွာထဲရှိ လူအတော်များများကလည်း ဤနေရာတွင် ရှိနေကြပြီး ကုန်းမြင့်လေး တစ်ခုပေါ်တွင် ရပ်ကာ လယ်ယာခြံဝင်း ဆောက်လုပ်နေသည့် မြင်ကွင်းကို ကြည့်ရင်း စကားစမြည် ပြောနေကြ၏။
ဤမှန်လုံအိမ် ခြောက်ခုက ရွှီယန်၏ စုဆောင်းငွေ အားလုံးနီးပါးကို ကုန်ဆုံးသွားစေခဲ့သည်။
နောက်နှစ်တွင် သူ ပိုက်ဆံ ပိုရှာရဦးမည် ဖြစ်၏။ မဟုတ်ပါက ဝန်ထမ်းများ၏ လစာကိုပင် ပေးနိုင်မည် မဟုတ်ချေ။
သို့သော် သူက ငွေကို ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး မှန်လုံအိမ်များက တကယ့် လက်တွေ့ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
ထို့အပြင် ဘလူးဘယ်ရီ တစ်သုတ် ရင့်မှည့်သွားသည်နှင့် သူ လုံးဝ ပြန်လည် နာလန်ထူနိုင်မည် ဖြစ်၏။
"နောက်ပိုင်း အချိန်ရရင် တောနက်ကြီးထဲ ဝင်ကြည့်ရမယ်... ဒီတစ်ခေါက်တော့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် သုံးပြီး ပစ္စည်း တချို့ ရှာကြည့်မယ်"
"တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာတွေ့နိုင်မလား ကြည့်ရတာပေါ့"
"အခုတော့ ငမွဲလေး ပြန်ဖြစ်သွားပြီ"
ရွှီယန်က မြေဧက နှစ်ရာ ကျယ်ဝန်းသော လယ်ယာခြံဝင်း၊ မှန်လုံအိမ် ဆယ်ခု၊ တိရစ္ဆာန်ခြံ အချို့အပြင် ကား၊ ထွန်စက်၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်နှင့် စက်ဘီးတို့ကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်၏။
ဤအရာများမှလွဲ၍ သူ့တွင် ဘာမှ မရှိတော့ချေ။
အော်... ဟုတ်သားပဲ... ဝှက်ထားတဲ့ ရွှေတချို့လည်း ရှိသေးတယ်။ မကြာခင် ကိုယ်တိုင် ရွှေကျိုတဲ့ နည်းပညာကို လေ့လာပြီး ပုံစံတစ်ခုခု သွန်းလုပ်ကာ ရောင်းထုတ်ပစ်ဖို့ စဉ်းစားထားတယ်။
အဲဒါဆိုရင် အရေးပေါ် သုံးဖို့ ပိုက်ဆံ နည်းနည်း ပိုရလာမှာပေါ့...
"ရွှေချောင်း မြစ် အတိုင်း အထက်ကို ဆန်တက်ကြည့်မလား... ဒါမှမဟုတ် စုန်ဆင်းကြည့်မလား... ရွှေတွေ ပိုများများ ရှိနေနိုင်တယ်လေ"
သူ၏ ရတနာရှာဖွေခြင်းက အခြားသူများနှင့် မတူညီလှချေ။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသဖြင့် ကောင်းမွန်သော ရတနာများ ရရှိနိုင်ခြေ ပိုများပေသည်။
သို့သော် ဤကဲ့သို့သော ကိစ္စများတွင် လောဘမကြီးသင့်ဘဲ ရွှီယန်က အမြဲတမ်း ကံတရားအပေါ်တွင်သာ ပုံချထားလေ့ ရှိ၏။ ပစ္စည်းကောင်း မတွေ့လျှင်တောင် သူ၏ စိတ်ထားက တည်ငြိမ်နေဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် ရှာတွေ့သမျှ ပစ္စည်းတိုင်းက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် မှ ပေးစွမ်းသော အရာများ ဖြစ်ပြီး အမြတ်ချည်းသာ ဖြစ်သောကြောင့်တည်း။
သူ၏ စိတ်ထားကြောင့်ပင် သူ၏ အခြေအနေက အလွန် ကောင်းမွန်နေပြီး တစ်ကိုယ်လုံး ပေါ့ပါးကာ အေးအေးဆေးဆေး ရှိနေသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
အခြား လယ်ယာခြံဝင်း ပိုင်ရှင်များသာ ဆိုပါက ပူပန်စရာ ကိစ္စများ အဆုံးမရှိဖြစ်နေပြီး တစ်နှစ်အတွင်း အသက် အတော်များများ ကြီးသွားသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။
ထိုအချိန်တွင် ဝန်ထမ်းများ အားလုံး ရောက်လာကြ၏။
"ဒီလတော့ မှန်လုံအိမ် တွေကို အရင် ဆောက်မယ်... မတ်လ နွေဦးပေါက်ရင်တော့ ငါတို့လည်း အလုပ်များရတော့မယ်"
"အဲဒီအချိန်ကျရင် စိုက်ခင်းတွေကို ထွန်ယက်ရဦးမှာ"
ရွှီယန်က လယ်ယာခြံဝင်း၏ ကိစ္စများကို စီစဉ်နေပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ရှိနေ၏။
ဝန်ထမ်းများကလည်း အတော်လေး မျှော်လင့်နေကြသည်။
သူတို့က လယ်ယာခြံဝင်း ကြီးပွားတိုးတက်ပြီး အောင်မြင်မှု အသစ်များ ရရှိလာမည်ကို မျှော်လင့်နေကြ၏။ ဘယ်သူကများ ကိုယ့်အလုပ်ဌာန အခြားသူများထက် သာလွန်သည်ကို မလိုချင်ဘဲ နေမည်နည်း။
ထို့အပြင် ရွှီယန်၏ ပြောစကားအရ သူတို့ အားလုံးက ရှေ့ဆောင် ဝန်ထမ်းများ ဖြစ်ကြပြီး လယ်ယာခြံဝင်းနှင့်အတူ အလုပ်လုပ်မည် ဆိုပါက ခံစားခွင့်များလည်း တဖြည်းဖြည်း တိုးတက်လာမည် ဖြစ်သည်။
"ငါတို့ရဲ့ ဘလူးဘယ်ရီ တွေက တကယ် ကောင်းတယ်... ကိုရီးယား တိုင်းရင်းသား သဘာဝဥယျာဉ် ဘက်မှာ ဆိုရင် အရောင်းသွက်လွန်းလို့ အလုအယက် ဖြစ်နေကြတာ"
မာဝန်က ဘလူးဘယ်ရီ အကြောင်း ကြားဖူးထားသဖြင့် ချီးကျူးလိုက်၏။
"ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရတယ်... စားကြည့်ရတာ အရသာ တကယ် ကောင်းတာပဲ"
ဝမ်ဝူက ထောက်ခံလိုက်သည်။ လီဆန်း ကတော့ ခေါင်းသာ ညိတ်လိုက်ပြီး စကားမပြောခဲ့ချေ။
ရွှီယန်၏ ဘလူးဘယ်ရီ များက စနစ်မှ ထုတ်ပေးသော အထူး မျိုးစိတ်များ ဖြစ်ပြီး လယ်ယာခြံဝင်း ဧရိယာ အတွင်းတွင်သာ အကောင်းဆုံး ရလဒ်ကို ပြသနိုင်ကာ အပြင်ဘက်တွင် စိုက်ပျိုးပါက ရွှီယန် စိုက်ပျိုးထားသည့် အဆင့်ထိ မရောက်နိုင်ချေ။
နောင်တွင် ဘလူးဘယ်ရီ စိုက်ပျိုးသူများက ရွှီယန်၏ ဘလူးဘယ်ရီမျိုးကို အသုံးပြုကာ စိုက်ပျိုးကြည့်ကြသော်လည်း ရရှိလာသော မျိုးစိတ်များက ရွှီယန်၏ အသီးများနှင့် မတူညီကြပေ။
လူအချို့က သူ့တွင် လျှို့ဝှက်ချက် ရှိရမည်ဟု ခန့်မှန်းကြသော်လည်း ထိုလျှို့ဝှက်ချက်ကို မည်သူမှ မသိရှိခဲ့ကြချေ။
ယနေ့ ရာသီဥတု သာယာနေ၏။ နွေဦးပေါက်စ အချမ်းဓာတ်လေး ရှိနေသော်လည်း ကောင်းကင်ကတော့ အတော်လေး ရှင်းလင်းနေသည်။
ထိုအချိန်မှာပင် ခေါင်းပေါ်တွင် သားရဲငှက် သုံးကောင်၏ အရိပ်အယောင် ပေါ်လာခဲ့၏။
ရွှီယန်၏ အကြည့်များက သားရဲငှက်များထံသို့ ချက်ချင်း ရောက်သွားတော့သည်။ ချန်ပိုင်တောင်တန်း တွင် သားရဲငှက်များ ပေါများသော်လည်း ပုံမှန် အချိန်များတွင် မြင်တွေ့ရလေ့ မရှိချေ။
ဤအကောင်များက လူသားများ လှုပ်ရှားသွားလာသော နေရာများတွင် လုံးဝ ပေါ်လာလေ့ မရှိပေ။ ၎င်းတို့က မြင့်မြင့်ပျံကာ အဝေးသို့ ကြည့်ရှုနိုင်ကြပြီး လူသားများ၏ လှုပ်ရှားမှုများကို မြင်တွေ့ဖူးကြသဖြင့် လူသားများကို မပတ်သက်သင့်ကြောင်း သိရှိထားကြသည်။
ထိုအထဲမှ သားရဲငှက် တစ်ကောင်က အောက်သို့ ပျံဆင်းလာပြီး နံရံပေါ်တွင် နားလိုက်သည်ကို တွေ့လိုက်ရ၏။
"ဟိုမှာ ကြည့်... သိမ်းငှက်"
ဝမ်ဝူ က အသံကြားသဖြင့် လှမ်းကြည့်လိုက်ပြီး အံ့ဩတကြီး အော်လိုက်သည်။ ၎င်းမှာ အရွယ်အစား သိပ်မကြီးမားသော သိမ်းငှက် တစ်ကောင် ဖြစ်ပြီး အတောင်ပံများ ယခုမှ စတင် ထွက်လာကာ ငှက်ပေါက်လေး အဆင့်တွင်သာ ရှိနေသေးပုံရ၏။
၎င်း နားလိုက်သည်နှင့် ခေါင်းပေါ်ရှိ အရွယ်ရောက်ပြီးသော သားရဲငှက် နှစ်ကောင်က အဆက်မပြတ် အော်မြည်လာကြပြီး ဤသိမ်းငှက်ကို အမြန် ထွက်ခွာရန် တိုက်တွန်းနေပုံရသည်။
ဤအကောင်လေးက ရွှီယန်ကို စူးစိုက်ကြည့်နေ၏။ ၎င်း၏ မျက်လုံးများက မည်းနက် တောက်ပနေပြီး မျက်လုံးနက် ကျောက်မျက်ရတနာ နှစ်လုံးကဲ့သို့ပင်။ အမွေးအမှင်များ အပြည့်အဝ မစုံလင်သေးသော်လည်း အရောင်အသွေးကတော့ အလွန် တောက်ပနေပြီး အညိုရောင်နှင့် အမည်းရောင် အမွေးများ ပေါင်းစပ်ထားမှုက အလွန် ခန့်ညားသည့်ပုံ ပေါက်နေသည်။
ရွှီယန်က ၎င်းမှာ သိမ်းငှက်မည်း ဖြစ်ကြောင်း မှတ်မိသွား၏။
'ဟိုကောင်လေး များလား'
ဆောင်းမဝင်ခင်က သူ ကယ်တင်ခဲ့ဖူးသော ငှက်ဥလေးကို ရွှီယန် ပြန်အမှတ်ရသွားသည်။ စနစ်က သိမ်းငှက်မည်း အရွယ်ရောက်လာပါက လယ်ယာခြံဝင်းသို့ လာရောက် အသိအမှတ်ပြုလိမ့်မည်ဟု ပြောခဲ့ဖူး၏။
ရွှီယန် ရုတ်တရက် ခံစားသိရှိလိုက်သည်မှာ ဤအကောင်လေးသည် ထိုသိမ်းငှက်မည်းလေးပင် ဖြစ်ကြောင်းကိုတည်း။
သို့သော် ယခုအချိန်တွင် သိမ်းငှက်မည်းလေးက အပြည့်အဝ ကြီးပြင်းလာခြင်း မရှိသေးချေ။
"သားရဲငှက်တွေက အကောင်ပေါက်ပြီး တစ်လလောက် ကြာရင် မတ်တတ်စရပ်တတ်လာပြီ... ဒါပေမဲ့ ခဏခဏ လမ်းမလျှောက်နိုင်သေးဘူး"
"နှစ်လလောက် ကြာရင် အမွေးတွေ စုံလာပြီး ခြေထောက်တွေလည်း အားရှိလာပြီ... အဲဒီအခါကျရင် အမဲလိုက်တဲ့ နည်းပညာတွေကို စတင် လေ့ကျင့်ပြီး အတောင်ပံတွေကို ခတ်ကာ ဟိုဒီ ခုန်ပေါက်ရင်း ပျံသန်းဖို့ ပြင်ဆင်ကြတာပေါ့"
"သုံးလလောက် ရောက်ရင် အသိုက် ပတ်ဝန်းကျင်မှာ ပျံသန်းနိုင်ပြီ... ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် အဝေးကြီး မပျံနိုင်သေးဘူး... မိဘတွေရဲ့ အစောင့်အရှောက် လိုသေးတယ်"
"ဘာလို့လဲဆိုတော့ ကောင်းကင်ယံမှာလည်း အန္တရာယ်တွေ အများကြီး ရှိတယ်လေ"
"ဒီလို ကြည့်ရတာ ဒီသိမ်းငှက်မည်းလေး က အမဲလိုက်ဖို့ လေ့ကျင့်နေတာပဲ... သူ့မိဘတွေက သူ့ကို စောင့်ရှောက်ပေးနေတာပေါ့"
ရွှီယန်က သိမ်းငှက်မည်းကို ကြည့်ကာ ရှင်းပြလိုက်၏။
ရွှီယန် ထိုသို့ ပြောသည်ကို ကြားမှသာ ဝန်ထမ်းများ သဘောပေါက်သွားကြတော့သည်။ သို့သော် သိမ်းငှက်မည်း အောက်သို့ ဆင်းသက်လာခြင်းက အတော်လေး ထူးဆန်းနေဆဲပင် ဖြစ်၏။
ကောင်းကောင်းမွန်မွန် နေရင်းနှင့် လယ်ယာခြံဝင်း အတွင်းသို့ ဆင်းသက်လာခြင်း မဟုတ်ပါလား။
"ပျံရတာ ပင်ပန်းသွားလို့ အနားယူနေတာ နေမှာပါ... သူ့ကို မနှောင့်ယှက်ပါနဲ့"
ရွှီယန်က ထပ်ပြောလိုက်၏။
"ကျွန်တော်တို့က ဒီတိုင်း ကြည့်နေရုံပါ... သိမ်းငှက် ဆိုတာ တွေ့ရခဲတာကိုး"
"ဟုတ်တယ်... နောက်ပိုင်း ပြန်တွေ့ရဖို့ မသေချာဘူးလေ"
ဝန်ထမ်းများက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။ ရွှီယန်က ပြုံးရင်း
"ရပါတယ်... နောက်ပိုင်း သေချာပေါက် ပြန်တွေ့ရနိုင်ပါတယ်"
သူက ဤသိမ်းငှက်မည်းလေးကို ကြည့်နေလိုက်၏။
'ဒီကောင်လေး တော်တော် အစွမ်းထက်တာပဲ... တွက်ကြည့်ရရင် သုံးလေးလလောက်ပဲ ရှိဦးမှာကို ဒီလောက်ဝေးဝေး ပျံနိုင်နေပြီ'
'အမွေးတောင် မစုံသေးဘူး... လယ်ယာခြံဝင်း ပတ်ဝန်းကျင်မှာ အမဲလိုက် လေ့ကျင့်နေပြီ... ပါရမီ အရမ်း ကောင်းတာပဲ'
ကောင်းကင်ယံရှိ သိမ်းငှက်မည်း မိဘများကို ထပ်မံ ကြည့်လိုက်ရာ ကောင်းကင်တွင် ဝဲပျံနေပြီး အနည်းငယ် စိုးရိမ်နေပုံရသည်။ သူတို့က သိမ်းငှက်မည်းလေး၏ လုံခြုံရေးကို စိုးရိမ်နေကြဆဲပင်။
သိမ်းငှက်မည်းလေးက ခဏမျှ ထပ်မံ နေပြီးနောက် အတောင်ပံများကို ခတ်ကာ ကောင်းကင်သို့ ပျံတက်သွားတော့၏။ ၎င်း ပျံတက်သွားသည်နှင့် အရွယ်ရောက် သိမ်းငှက်မည်း နှစ်ကောင်လည်း အတူတကွ လိုက်ပါသွားကြသည်။
"ဒီပါရမီက တကယ် မဆိုးဘူးပဲ"
ရွှီယန်က အံ့ဩတကြီး ပြောလိုက်၏။
တိရစ္ဆာန် တစ်ကောင်နှင့် တစ်ကောင်ကြားတွင် ကြီးမားသော ကွာခြားချက်များ ရှိကြပေသည်။ အချို့က ပါရမီ အလွန် ကောင်းမွန်ပြီး အချို့ကတော့ ပါရမီ အတော်လေး ညံ့ဖျင်းကြ၏။
ရွှီယန်က ဘေးရှိ ကျားသစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ၎င်းက သက်သောင့်သက်သာ အနားယူနေပြီး ရွှီယန် ကြည့်နေသည်ကို မြင်သောအခါ မျက်ရည်လည်ရွှဲ မျက်လုံးကြီးများတွင် သိချင်စိတ်များ ချက်ချင်း ပေါ်လာတော့၏။
ရှောင်ဟွာ၏ အကြည့်များက 'ဘာဖြစ်လို့လဲ' ဟု မေးနေသယောင်ပင်။
ရွှီယန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။
'ထားလိုက်ပါတော့လေ... တုံးတဲ့ ကျားသစ် ကလည်း ကံကောင်းတာပဲပေါ့... အဆင်ပြေပါတယ်'
သိမ်းငှက်မည်းက ပျံသန်း ထွက်ခွာသွားပြီ ဖြစ်ပြီး ခဏတာမျှသာ ဆင်းသက်ခဲ့ခြင်း ဖြစ်၏။
ရွှီယန်က ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။ ဤသိမ်းငှက်မည်းက ကြည့်ရသည်မှာ အလွန် ကောင်းမွန်လှပြီး နောက်ပိုင်း လယ်ယာခြံဝင်း အတွင်းသို့ ရောက်လာပါက သူ သေချာပေါက် မွေးမြူမည် ဖြစ်၏။
သားရဲငှက် တစ်ကောင်ကို ဘယ်သူကများ မပိုင်ဆိုင်ချင်ဘဲ နေမည်နည်း။ သို့သော် ပြည်တွင်းတွင် သားရဲငှက် မွေးမြူရေး စည်းမျဉ်းများက အလွန် တင်းကျပ်လှပြီး လင်းယုန်မွေးသည့် ဓလေ့ရှိသော လူနည်းစု တိုင်းရင်းသားများမှလွဲ၍ ကျန်သူများ အားလုံးက ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းနှင့် ဥရောပ ဘက်တွင်တော့ သားရဲငှက် မွေးမြူခြင်းက အတော်လေး အဖြစ်များလှ၏။ ထို့အပြင် သားရဲငှက်များ၏ ဈေးနှုန်းကလည်း အလွန် ကြီးမြင့်ပေသည်။
ထို့ကြောင့် ပြည်တွင်းတွင် သားရဲငှက် မွေးမြူရန် မလွယ်ကူလှချေ။ သို့သော် ကိုယ်တိုင် မမွေးမြူနိုင်လျှင်တောင် သားရဲငှက်က သူ့ဘာသာသူ ရောက်လာမည် ဆိုပါက ပြဿနာ မရှိတော့ပေ။
'ငါ မွေးထားတာမှ မဟုတ်တာ... သူ့ဘာသာသူ လာတာကို ငါက ဘာလုပ်ရမှာလဲ'
ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ ဤသိမ်းငှက်မည်းက တကယ်ကို ခန့်ညားလှပေသည်။ နောက်ထပ် တစ်လ နှစ်လခန့် စောင့်ဆိုင်းပြီး သားရဲငှက်၏ အမွေးအမှင်များ အပြည့်အဝ စုံလင်သွားပါက သီးခြား လွတ်လပ်စွာ နေထိုင်နိုင်မည် ဖြစ်ပြီး လယ်ယာခြံဝင်း ဘက်သို့ ရောက်လာတော့မည် ဖြစ်၏။
"ဒီနှစ်က တော်တော်လေး မျှော်လင့်စရာ ကောင်းတာပဲ"
"တိရစ္ဆာန်တွေ ထပ်မွေးရဦးမယ်"
"စည်ကားလာတော့မှာပဲ"
ထိုအချိန်တွင် ကောင်းကင်ယံ၌ သိမ်းငှက်မည်း မိဘများကလည်း ရွှီယန်ကို သတိထားမိသွားကြ၏။ သိမ်းငှက်မည်း အမ က ရွှီယန်ကို မှတ်မိသော်လည်း သိမ်းငှက်မည်း အထီး ကတော့ လုံးဝ မမှတ်မိချေ။ သူတို့က သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်နေကြသည်။
သိမ်းငှက်မည်းလေး ကတော့ ကောင်းကင်ယံတွင် ဆက်လက် ဝဲပျံနေဆဲပင် ဖြစ်၏။ ၎င်းက အလွန် မြင့်မားစွာ ပျံသန်းနေသည်။
ကောင်းကင်ယံက လွတ်လပ်သော်လည်း အန္တရာယ်များလည်း ပြည့်နှက်နေပြီး သားရဲငှက် အချင်းချင်း အပြန်အလှန် အမဲလိုက်တတ်ကြပေသည်။ သို့သော် အရွယ်ရောက် သိမ်းငှက်မည်း နှစ်ကောင် အစောင့်အရှောက် ပါသဖြင့် ၎င်းက နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဘေးကင်းလုံခြုံလှ၏။ အခြား သားရဲငှက်များလည်း လာရောက် မနှောင့်ယှက်ရဲကြချေ။
ဤကောင်လေးက မာနကြီးပြီး ပါရမီလည်း ကောင်းမွန်သဖြင့် ကြီးလာပါက သေချာပေါက် အစွမ်းထက်လာမည် ဖြစ်သည်။
ယခု ဖေဖော်ဝါရီလ ကုန်ခါနီးဖြစ်ပြီး လယ်ယာခြံဝင်း တွင် စတင် ဆောက်လုပ်နေပြီ ဖြစ်၏။
ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အကြိမ်ရေများကလည်း ရှစ်ကြိမ် ထပ်မံ ပြည့်သွားခဲ့ပြီ ဖြစ်သည်။
ဤဆောင်းတွင်းက သူ့ကို ပေးခဲ့သော အတွေ့အကြုံအရ အပြင်ဘက် တောင်တန်းများရှိ ရတနာရှာဖွေရေး တာဝန်များက အတော်လေး လွယ်ကူပြီး ဆုလာဘ်များကလည်း အတော်လေး ရိုးရှင်းပေသည်။
ကောင်းမွန်သော ဆုလာဘ်များ ရရှိချင်ပါက တောနက်ကြီးထဲသို့ ဝင်မှသာ ရမည် ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင် သူ့တွင် ဟောင်းနွမ်းနေသော လူကောင်းကတ် တစ်ကတ် ရှိနေသဖြင့် သားရဲတိရစ္ဆာန်များကို အချိန်အတိုင်းအတာ တစ်ခုအထိ သူ့အပေါ် ခင်မင်နှစ်သက်စေနိုင်ကာ အရေးကြီးသော အချိန်များတွင် အသက်ကို ကယ်တင်နိုင်ပေသည်။
ထို့ကြောင့် သူက တောနက်ကြီးထဲသို့ သွားရောက် လည်ပတ်နိုင်ပေသည်။ ကျားများ ရှိနေလျှင်တောင် သူ မကြောက်ရွံ့ချေ။
ထို့ကြောင့် ရွှီယန်သည် ဗီဒီယိုတွင် ကြိုတင် ကြေညာလိုက်၏။
မနက်ဖြန် တောနက်ကြီးထဲ ဝင်မည်ဟုပင်။
နှင်းများ အားလုံးနီးပါး အေးခဲ တောင့်တင်းနေပြီဖြစ်ပြီး အပူချိန်ကလည်း ထိုမျှလောက် မနိမ့်ကျတော့သဖြင့် တောင်ထဲဝင်ရန် အတော်လေး ဘေးကင်းလုံခြုံလှပေသည်။
ဤဘက်တွင် အအေးဆုံး အချိန်များမှာ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ တို့ ဖြစ်၏။ ဖေဖော်ဝါရီလ ကုန်နှင့် မတ်လ အစောပိုင်းသို့ ရောက်လာချိန်တွင်တော့ ရာသီဥတုက အနည်းငယ် နွေးထွေးလာခဲ့ပြီ ဖြစ်သည်။
ရွှီယန်၏ ကြေညာချက်ကို မြင်သောအခါ ပရိသတ်ဟောင်းများ အားလုံး ပျော်ရွှင်သွားကြတော့၏။
[လောင်ရွှီ... မင်းကတော့ သေချာပေါက် ပြန်လည် အသက်ဝင်လာပြီပဲ]
[တောနက်ကြီးထဲ မဝင်တာ ဘယ်လောက်တောင် ကြာပြီလဲ]
[ချန်ပိုင်တောင်တန်း က လမ်းသရဲ ပြန်ရောက်လာပြီဟေ့]
[ဒီတစ်ခေါက်ရော ကျားသစ်ကို ခေါ်သွားဦးမှာလား]
အားလုံးက ကွန်မန့်များတွင် ဝင်ရောက် ရေးသားနေကြ၏။
ဆောင်းတွင်း တစ်တွင်းလုံး အနားယူခဲ့ပြီးနောက် ယခုအခါ ပြန်လည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
နှစ်သစ်တွင်လည်း တောနက်ကြီးထဲသို့ သွားရောက် လည်ပတ်သင့်ပြီ ဖြစ်၏။
ရွှီယန်သည် ရတနာရှာဖွေရေး တာဝန် တစ်ခုကို လုပ်ဆောင်ကာ ရတနာ လေးကြိမ် ရှာဖွေရန် ရည်ရွယ်ထားသည်။ မတတ်နိုင်ချေ။ ဤမှန်လုံအိမ် ခြောက်ခုကို ဆောက်လုပ်လိုက်ရသဖြင့် သူ ကျန်ရှိနေသော ပိုက်ဆံများက တကယ်ကို နည်းပါးသွားပြီ ဖြစ်၏။ သူကလည်း စိုက်ပျိုးရေး လုပ်ငန်းအတွက် ချေးငွေ မယူချင်ချေ။
ထို့ကြောင့် ကိုယ့်ဘာသာကိုယ်သာ ကြိုးစား၍ ပိုက်ဆံ ရှာရတော့မည် ဖြစ်သည်။