← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

🍄Chapter 111

သားအဖနှစ်ဦးလုံးမှာ ပြုံးရွှင်နေကြကာ ချန်ဖျင်သည် ကတ်ထူဖာကြီး တစ်ဖာကိုလည်း သယ်ဆောင်လာခဲ့သည်။ သူသည် အထဲသို့ ဝင်ဝင်ချင်းမှာပင် ယွမ်ယွမ်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။

“ဒါက ကျောင်းတိလေးဖြစ်ရမယ်၊ ဦးလေးက သမီးဖေဖေရဲ့ သူငယ်ချင်းပါ၊ သမီးအဖေက သမီးအကြောင်း အမြဲပြောပြလို့ ဦးလေး ကြားဖူးပါတယ်၊ ရော့... ဒါက ဦးလေးပေးတဲ့ လက်ဆောင်”

ချန်ဖျင်က ပြုံးလျက် ပြောဆိုလိုက်လေသည်။

ချန်မေ့လန်မှာ အသက်ရှူမှားသွားလုမတတ် ဖြစ်သွားရ၏။ ၎င်းမှာ ဘာဘီအရုပ်များပါဝင်သော ဖာကြီးတစ်ဖာဖြစ်ပြီး အရည်အသွေး အလွန်ကောင်းမွန်ပုံရသည်။ ယွမ်ယွမ်ကဲ့သို့သော မိန်းကလေးငယ် တစ်ဦးအတွက် ဘာဘီအရုပ်များဆိုသည်မှာ လုံးဝ ငြင်းဆန်နိုင်စွမ်းမရှိသော အရာများပင် ဖြစ်လေ၏။

သူမက သမီးဖြစ်သူအား မျက်ရိပ်ပြလိုက်ကာ ထိုလက်ဆောင်ကို လက်မခံရန် အချက်ပြလိုက်သည်။

ယွမ်ယွမ်က မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်၏။

“ဦးလေး... သမီးနာမည်က ကျောင်းတိ မဟုတ်ဘူး၊ ယန်ရှန်းနန် လို့ခေါ်တယ်၊ ပြီးတော့ သမီးက ယန်ရှီရှန်းရဲ့ သမီးလည်းမဟုတ်ဘူး၊ သမီးရဲ့ ဖေဖေက ယန်ကျောက်ပါ”

ဤသို့ ပြောဆိုပြီးနောက် သူမက ရှောင်လန်၏ လက်ကိုဆွဲကာ ခေါ်ဆောင်သွားလေသည်။

“လာ... မောင်လေး၊ မမကြီးနဲ့ တီဗီသွားကြည့်ရအောင်”

ယွမ်ယွမ်မှာ ချန်ဖျင်က သူမအား ကျောင်းတိဟု ခေါ်ဆိုခဲ့သဖြင့် ဒေါသထွက်သွားကာ ညီဖြစ်သူကို ခေါ်၍ ထွက်ခွာသွားခြင်းဖြစ်သည်။

‘လက်ဆောင်လာပေးတာတဲ့လား၊ စိတ်ပျက်စရာကလွဲပြီး ဘာမှ ပေးမသွားဘူး'

ပထမအကြိမ် ချန်ဖျင်တစ်ယောက်တည်း လာရောက်စဉ်က သူသည် အလွယ်တကူ ကျော်လွှားနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ချန်မေ့လန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။

အိမ်ပြန်၍ သေချာစွာ စဉ်းစားပြီးနောက် ယခုတစ်ကြိမ်တွင်မူ သူ့သားကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ထိုဝဝကစ်ကစ်ကောင်လေး၏အမည်မှာ ချန်ကွေ့ဖြစ်သည်။ သူသည် ဝဖြိုးသော်လည်း ပညာရေးတွင် ထူးချွန်သဖြင့် ချန်ဖျင်သည် သူ့အား မျက်စိအောက်မှ အပျောက်မခံနိုင်လောက်အောင် အမြတ်တနိုး ထားရှိလေ၏။

ယနေ့တွင်မူ ရှောင်ဝမ့်အား တောင်းပန်ရန်အတွက် သူ့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အချိန်အတော်ကြာသွားပြီ ဖြစ်သဖြင့် ဤတောင်းပန်မှုမှာ သေချာဇာတ်တိုက်ထားခြင်း ဖြစ်ပေလိမ့်မည်။

အပြင်ဘက်တွင် ချန်ဖျင်သည် ချန်ကွေ့အား နားရင်း အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ပြီးဖြစ်ရာ ချန်ကွေ့အနေဖြင့် မည်သို့ပြောဆိုရမည်ကို ကောင်းစွာ သိရှိနေပြီဖြစ်သည်။

ချန်ကွေ့သည် ရှောင်ဝမ်၏ ရှေ့တွင် မတ်တတ်ရပ်လျက် ခါးညွှတ် အရိုအသေပေးကာ ပြောလေသည်။

“တောင်းပန်ပါတယ် ယန်ရှောင်ဝမ်၊ ငါ နောက်ကို အဲဒီလိုစကားမျိုးတွေ ဘယ်တော့မှ မပြောတော့ပါဘူး”

ယန်ကျောက်၏ မျက်ဝန်းများမှာ ဒေါသကြောင့် တောက်လောင်နေကာ၊ သားဖြစ်သူကို တစ်လှည့်၊ ချန်ကွေ့ကို တစ်လှည့် စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ သူ၏ အကြည့်များမှာ ဓားများပမာ ထက်ရှနေ၏။

ရှောင်ဝမ်က နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ သူ၏ လက်သီးဆုပ်လေးများကို ပခုံးပေါ်တွင် တင်ထားလျက်၊ သူ၏ မျက်နှာအမူအရာမှာ ဖခင်ဖြစ်သူနှင့် တစ်ထေရာတည်း တူညီနေလေသည်။

ချန်ဖျင်က မေ့လန်အား အသနားခံသော အကြည့်များဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။

“မေ့လန်... ကလေးကလည်း တောင်းပန်ပြီးပြီပဲဟာ”

“မလုံလောက်သေးဘူး”

ချန်မေ့လန်မှာ အပြင်ပန်းတွင် အားနည်းသယောင် ရှိသော်ငြား ဤကိစ္စမျိုးတွင်မူ အလွန် ပြတ်သားခိုင်မာလှပေသည်။ ထို့အပြင် ဤဝဝကစ်ကစ် ကောင်လေး ကျူးလွန်ခဲ့သော အပြစ်များမှာ သူမ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုဆိုးရွားနေမည်ကို သူမ ကောင်းကောင်း ခန့်မှန်းနိုင်လေသ၏။

ထင်သည့်အတိုင်းပင် ချန်ဖျင်က သူ့သား၏တင်ပါးကို ရိုက်လိုက်ကာ အမိန့်ပေးလိုက်၏။

“ဆက်ပြောလေ”

“ငါ မင်းအမေကို ဖာသည်မလို့ ဘယ်တော့မှ...”

ထိုကောင်လေး စကားမဆုံးမီမှာပင် ချန်ဖျင်က သူ့အား နားရင်း တစ်ချက် ထပ်အုပ်လိုက်လေသည်။

“ငါ မပြောနဲ့လို့ ပြောထားရက်နဲ့ မင်းက ဘာလို့ ဆက်ပြောနေရတာလဲ”

အလိုလိုက်ခံရကာ ကြီးပြင်းလာသော ကလေးတစ်ဦးအတွက် မိဘဖြစ်သူ၏ ရုတ်တရက် ရိုက်နှက်ခြင်းကို ခံလိုက်ရခြင်းမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

ထိုဝဝကစ်ကစ် ကောင်လေးမှာ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုများ ရောယှက်ကာ အသံထွက်၍ ငိုကြွေးတော့သည်။

ကလေးငယ်မှာ လုံလုံလောက်လောက် အပြစ်ပေးခံရပြီဖြစ်ကြောင်း မြင်သောအခါ ချန်မေ့လန်က ပွင့်ပွင့်လင်းလင်းပင် ပြောဆိုရန် ဆုံးဖြတ်လိုက်၏။

“မစ္စတာချန်... ရှီရှန်း ထောင်က ထွက်မလာမချင်း သူ့ရဲ့ကားကို ဘယ်သူမှ လက်ဖျားနဲ့တောင် မထိရဘူး၊ ပြီးတော့ သူ့ရဲ့ကျောက်မီးသွေးတွင်းကိုလည်း ဘယ်သူမှ ဝင်ရှုပ်ခွင့်မရှိဘူး”

ဤသို့သောရလဒ်မျိုး ထွက်ပေါ်လာမည်ကို ချန်ဖျင် ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်း လာမည့်အရာများကို ရင်ဆိုင်ဖြေရှင်းရပေမည်။

သူက ပြုံးလျက် ပြန်လည်ကမ်းလှမ်းလိုက်၏။

“ရှီရှန်းရဲ့ ကျောက်မီးသွေးတွင်းကို ဒီအတိုင်း ပိတ်ထားတာ သိပ်မကောင်းဘူးလေ၊ သူ့ကိုယ်စား ငါ့ကို အရင် စီမံခန့်ခွဲခွင့်ပေးထားပါလား၊ သူ ပြန်ထွက်လာတဲ့အခါ ရလာတဲ့ပိုက်ဆံရဲ့ တစ်ဝက်ကို သူ့ကို ပေးမယ်လေ၊ ဘယ်လိုသဘောရလဲ”

ဤသည်ကား သူ၏ စီးပွားရေးသမားပီသသော လောဘစိတ်ပင်။ ဆူပွက်နေသော ဆီပူအိုးထဲမှ ငါးမျှားရန် ကြိုးပမ်းနေခြင်းဖြစ်လေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ချန်မေ့လန်၏ သဘောထားမှာ အလွန် ပြတ်သားခိုင်မာလှသည်။ ယန်ရှီရှန်း၏ ကျောက်မီးသွေးတွင်းကို မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။

ထို့အပြင် သူမသည် ဤကိစ္စကို ယန်ကျောက်နှင့် မတိုင်ပင်ရသေးသော်ငြား ယန်ကျောက်၏ သဘောထားမှာလည်း ဤအတိုင်းသာ ဖြစ်လိမ့်မည်ဟု သူမ ခံစားမိလေသည်။

အတိတ်ဘဝက ယန်ရှီရှန်းသည် ထောင်တစ်ကြိမ် ကျဖူးပြီးနောက် အတော်လေး လိမ္မာရေးခြားရှိလာကာ သူ၏ စီးပွားရေးလုပ်ငန်းများတွင် ဥပဒေနှင့်အညီ လုပ်ကိုင်ရန် ပိုမိုလိုလားလာခဲ့သည်။

ယခုဘဝတွင် စောစောစီးစီး ထောင်ကျသွားခြင်းမှာ သူ့အတွက် အဆုံးသတ် ကောင်းမွန်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ကာ ယွမ်ယွမ်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ပေ။

သို့သော် သူမက ယဉ်ကျေးစွာဖြင့်ပင် ပြောဆိုရပေမည်။

“ရှီရှန်းက မကြာခင် ပြန်လွတ်လာနိုင်တယ်လေ၊ သူ ထွက်လာမှ ရှင်တို့ အတူတူ ပူးပေါင်းလုပ်ကိုင်ကြပေါ့၊ ကျွန်မကတော့ ဒီကိစ္စကို ဆုံးဖြတ်ပေးလို့မရဘူး”

ချန်မေ့လန်က အနည်းငယ် ပြုံးလိုက်၏။

“ကျွန်မသာ ရှင့်နေရာမှာဆိုရင် ကားဖိုးကိုပဲ ပြန်သွားတောင်းမှာ၊ ရှီရှန်းဆိုတာ အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့လူမျိုးမှ မဟုတ်တာ၊ ရှင့်အနေနဲ့ သူ့ရဲ့ကျောက်မီးသွေးတွင်းကို သိမ်းလိုက်ရင်၊ သူ ပြန်ထွက်လာတဲ့အခါ ရှင့်ကို ဒုက္ခပေးမှာမကြောက်ဘူးလား”

သူမက စကားပြောနေရင်း ယန်ကျောက်အား တစ်ချက် လှမ်းကြည့်လိုက်လေသည်။

ချန်ဖျင် အနည်းငယ် တုန်လှုပ်သွားကာ ယန်ကျောက်အား လှမ်းကြည့်လိုက်၏။

“ရှီရှန်းက တစ်သက်တစ်ကျွန်း ကျသွားပြီလို့ ပြောနေကြတာမဟုတ်ဘူးလား”

“အဲဒါ ဘယ်သူပြောတာလဲ”

ယန်ကျောက်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ချန်ဖျင် ရောက်လာကတည်းက ယန်ကျောက်သည် ဤစကားတစ်ခွန်းကိုသာ ပြောဆိုခဲ့သော်လည်း ထိုစကားတစ်ခွန်းကပင် ချန်ဖျင်အား အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။

သူ၏ အသံမှာ အလွန်နက်ရှိုင်းသြဇာပါလှပြီး ချန်ဖျင်အား ရာဇဝတ်ကောင်တစ်ဦးကို စစ်ဆေးနေသည့်အလား စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။

သူ၏ တောင့်တင်းခိုင်မာသောခန္ဓာကိုယ်နှင့် အင်အားပြည့်ဝသောဟန်ပန်မှာ ခုန်အုပ်တော့မည့် သစ်ကျားတစ်ကောင်ပမာ ဖြစ်နေကာ ချန်ဖျင်ကဲ့သို့သော လူလည်တစ်ဦးကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

အထူးသဖြင့် တစ်ချိန်က သူနှင့် ကျိုးရွှယ်ချင်းအကြားတွင် ရှိခဲ့ဖူးသော ရှုပ်ထွေးပွေလီသည့် ဆက်ဆံရေးကို တွေးမိလိုက်သောအခါ ပို၍ပင် ထိတ်လန့်သွားရတော့သည်။

“ကျွန်တော်... တခြားလူတွေ ပြောတာကို ကြားလိုက်လို့ပါ”

ချန်ဖျင်က အပြစ်ရှိသူပမာ ပြုံးလျက် ဖြေရှင်းချက်ပေးကာ နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မံမေးမြန်းလိုက်၏။

“သူ့အပေါ်မှာ လူသေမှုနဲ့ စွဲချက်တင်ထားတယ် မဟုတ်ဘူးလား”

ယန်ရှီရှန်း၏ ကုန်တင်ကားက လူတစ်ဦးကို တိုက်သတ်ခဲ့သဖြင့် သူသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်ခြေ ရှိသည်ဟူသော ကောလာဟလများ လတ်တလော အပြင်ဘက်တွင် ပျံ့နှံ့နေခဲ့သည်။

ယန်ကျောက်က နှုတ်ခမ်းကို တွန့်လိုက်ကာ တိုတိုတုတ်ုတုတ်ပင် ဖြေလိုက်၏။

“ဘာမှတ်ချက်မှမပေးချင်ဘူး”

သို့သော် ချန်မေ့လန်ကမူ ပြုံးလျက် ဝင်ပြောလေသည်။

“ကျွန်မထင်တာတော့ ရှီရှန်းက သေချာပေါက် မကြာခင် ပြန်လွတ်လာမှာပါ၊ သူက ကျွန်မရဲ့ခင်ပွန်းဟောင်းလေ၊ သူ ဘယ်သူ့ကိုမှ ကားနဲ့ တိုက်မသတ်ခဲ့ဘူးဆိုတာကို ကျွန်မ အာမခံရဲတယ်”

ချန်ဖျင်မှာ ဒေါသကြောင့် ရူးလုမတတ် ဖြစ်သွားရတော့သည်။ အကယ်၍ ယန်ရှီရှန်းက ရက်အနည်းငယ်အကြာတွင် ပြန်လည်လွတ်မြောက်လာမည် ဆိုပါက သူသည် အကျိုးအမြတ် ဘာတစ်ခုမှ မရလိုက်သည့်အပြင် မိမိကိုယ်ကို ဒုက္ခတွင်းထဲသို့ပင် တွန်းချလိုက်သကဲ့သို့ ဖြစ်သွားမည်မဟုတ်လော။

ယန်ရှီရှန်းဆိုသည်မှာ အပြုံးမျက်နှာဖြင့် လူသတ်နိုင်သော ယမမင်းတစ်ပါးပင် ဖြစ်လေသည်။

ချန်ဖျင်သည် သားဖြစ်သူနှင့်အတူ ထွက်ခွာသွားခဲ့သည်။ တံခါးမှ အထွက်တွင် ပြုံးရွှင်နေဆဲဖြစ်သော်လည်း လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

‘ကျောက်မီးသွေးတွင်းကို သိမ်းပိုက်ဖို့ မျှော်လင့်ချက်တွေကို ထားလိုက်တော့ ဟူရှောင်မေဆီကနေ ပိုက်ဆံသွားတောင်းမယ်၊ ငါ့ရဲ့ကားဖိုးကို ပြန်တောင်းရမယ်'

ချန်ဖျင်မှာ ၀၀ကစ်ကစ်ကောင်လေးကိုဆွဲလျက် ချက်ချင်း ထွက်ခွာသွားတော့၏။

………

ရှောင်ဝမ်နှင့် ပတ်သက်၍မူ ထိုညက ဖခင်ဖြစ်သူနှင့်အတူ ရေချိုးစဉ် သူသည်လည်း ဖခင်ဖြစ်သူအား သူ၏ ကိုယ်ကို တိုက်ချွတ်ပေးရန် တောင်းဆိုလေသည်။

ယားကျိကျိ ဖြစ်စေသော ထိုခံစားချက်မျိုးကို သူလည်း ခံစားကြည့်လိုလှသည်။

အိမ်တွင် ယခင်က အများပြည်သူသုံး ရေချိုးရုံများ၌ အသုံးပြုလေ့ရှိသော ရေချိုးလက်အိတ်တစ်ခု ရှိလေသည်။ ရှောင်ဝမ်က မျှော်လင့်ချက် အပြည့်ပါသော မျက်နှာထားဖြင့် ထိုလက်အိတ်ကို ယန်ကျောက်အား ကမ်းပေးလိုက်၏။

“ဖေဖေ၊ သားကိုယ်ကို တိုက်ပေးပါ”

‘တိုက်ပေးရမယ် ဟုတ်လား'

စစ်တပ်ထဲတွင်ရှိစဉ်က လူတိုင်းသည် တစ်တန်းပြီးတစ်တန်း လှည့်ကာ အပြန်အလှန် ကျောတိုက်ပေးလေ့ ရှိကြသည်။

ယန်ကျောက်သည် အခြားသူများအား တိုက်ပေးရသည်ကို အထူးနှစ်သက်ကာ တစ်ချက်တိုက်လိုက်သည်နှင့် အနီရောင် အကွက်ကြီးများ ထင်ကျန်ရစ်သည့် ခံစားချက်ကို သဘောကျလေ၏။

သူက တိုက်ချွတ်ရာတွင် အလွန်ကောင်းမွန်ကြောင်း လူတိုင်းက ပြောဆိုကြသော်လည်း သူ့ကို ဒုက္ခပေးရန်မူ ဝန်လေးနေတတ်ကြသည်။

All Chapters