အခန်း ၁၁၂
Vol. 12 Ch. 112
🍄Chapter 112
ယခုအခါ သားဖြစ်သူ ကိုယ်တိုင်က တိုက်ပေးရန် တောင်းဆိုလာသဖြင့် ယန်ကျောက်အနေဖြင့် သေချာပေါက် ကျေနပ်စွာ လုပ်ဆောင်ပေးမည်သာ။
…
ရှောင်လန်နှင့် ယွမ်ယွမ်တို့မှာမူ စပရိန်မွေ့ရာပေါ်တွင် ဆက်လက်အိပ်စက်လိုကြဆဲပင်။
သူတို့သည် “ဖေဖေကောင်း၊ ဖေဖေဆိုး” ဇာတ်လမ်းတွဲကို ကြည့်ရှုပြီးခါစဖြစ်ကာ ကုတင်ပေါ်တွင် လှဲလျက် ဇာတ်လမ်းအကြောင်းကို ချန်မေ့လန်အား အချင်းချင်းလုယက်ကာ ပြောပြနေကြ၏။
ယွမ်ယွမ်က ဇာတ်လမ်းကို အသက်ဝင်စွာ ပုံဖော်ပြောပြနေလေသည်။
“ရှောင်ဟွမ်တျန်တျန်က ကျောင်းကို ပုရစ်တစ်ကောင် ယူလာတယ်လေ၊ ပုရစ်လေးက အသံမည်လိုက်တိုင်း ရှောင်ဟွမ်တျန်တျန်က ကြက်ဖကြီးလို အသံတွန်ပြတယ်...”
“ အော်အီးအီးအွတ်...”
ရှောင်လန်ကလည်း ကြက်ဖအသံကို ချက်ချင်း အတုခိုး၍ အော်လေသည်။
ချန်မေ့လန်မှာ ကလေးများ၏ ပုံပြင်များကို စိတ်ဝင်တစား နားထောင်နေစဉ်၊ ရုတ်တရက် ရေချိုးခန်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။
ကလေးနှစ်ဦးမှာ လန့်ဖြန့်သွားရုံသာမက၊ ချန်မေ့လန် ကိုယ်တိုင်လည်း ရေပူစက်မှ လျှပ်စစ်ကြိုးပေါက်ကာ တစ်စုံတစ်ယောက် ဓာတ်လိုက်သွားပြီဟု ထင်မှတ်ပြီး ရေချိုးခန်းဆီသို့ အလိုအလျောက် ပြေးသွားမိလေသည်။
ထိုခဏလေးအတွင်းမှာပင် သူမသည် မုဆိုးမတစ်ဦး ဖြစ်သွားတော့မည်လားဟုပင် တွေးလိုက်မိသေး၏။
တံခါးကို နှစ်ချက်ခေါက်ကာ ချန်မေ့လန်က မေးလိုက်လေသည်။
“ရှောင်ဝမ်၊ ဘာဖြစ်လို့လဲ”
ရှောင်ဝမ်က နောက်ထပ် “အာ...” ဟူသော အသံကို ပြုလိုက်ပြန်သည်။
၎င်းမှာ နှလုံးသားကို ဆွဲဆုတ်ခံရသကဲ့သို့ နာကျင်ဖွယ်ကောင်းရုံသာမက အသံနိမ့်မြင့် အတက်အကျများဖြင့်ပါ ထွက်ပေါ်လာခြင်း ဖြစ်ပြီး၊ ယန်ကျောက်ကမူ လုံးဝ တိတ်ဆိတ်နေလေသည်။
ချန်မေ့လန်က ထပ်မံခေါက်လိုက်ကာ ယခုတစ်ကြိမ်တွင်မူ သူမ၏ လေသံမှာ တင်းမာနေ၏။
“ဗိုလ်ကြီးယန်၊ ရှင် ကလေးကို ရိုက်နေတာလား”
‘ဒီမိသားစုက တကယ်ပဲ ရူးနေပြီ’ ဟု သူမ တွေးလိုက်မိသည်။ ကျိုးရွှယ်ချင်းက ကလေးကို စွန့်ပစ်သွားပြီး၊ ယန်ကျောက်က ကလေးကို ရိုက်နှက်နေပြန်၏။
…
“ရှင် ကျွန်မတွေးထားတဲ့အတိုင်း တကယ်လုပ်နေတာဆိုရင် ကျွန်မ တကယ်ဒေါသထွက်ပြီနော်၊ တံခါးဖွင့်စမ်း၊ အခုချက်ချင်းဖွင့်”
ချန်မေ့လန်က တံခါးကို ခြေထောက်ဖြင့် ကန်လေတော့သည်။
ယခုတစ်ကြိမ်တွင်မူ တံခါး ပွင့်သွားခဲ့ပြီး ရှောင်ဝမ်သည် မြားတစ်စင်းပမာ ပြေးထွက်လာကာ သူ၏ ညီငယ်လေးကို လက်ဖြင့်အုပ်လျက် တုန်တုန်ယင်ယင်ဖြင့် ပြေးထွက်သွားတော့၏။
“ဘာဖြစ်တာလဲ၊ ခုနက ရှင် ကလေးကို ရိုက်နေတာလား”
ရှောင်ဝမ် ဤမျှလောက် အလောတကြီး ပြေးထွက်သွားသည်ကို မြင်လိုက်ရာ ချန်မေ့လန်အနေဖြင့် ဘာဖြစ်ခဲ့သည်ကို မဖြစ်မနေ မေးမြန်းရပေမည်။ သူမက တံခါးကို တွန်းဖွင့်လိုက်လေသည်။
သို့သော် ယန်ကျောက်က တံခါးကို ဆောင့်ပိတ်လိုက်၏။ သို့ရာတွင် ထိုမျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ချန်မေ့လန်သည် သူ၏ ရင်အုပ်ကြွက်သားများကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
ထိုခဏတွင် သူမ၏ မျက်လုံးများ ပြူးကျယ်သွားလုမတတ် ဖြစ်သွားရတော့သည်။
……….
ကလေးများ အိပ်ပျော်သွားကြပြီ ဖြစ်သည်။ စူပါမန်း ကျောပိုးအိတ်တစ်လုံးနှင့် ရှီးရား ကျောပိုးအိတ်တစ်လုံးတို့မှာ ချန်မေ့လန်၏ ကုတင်ပေါ်တွင် ယှဉ်လျက် ရှိနေကြ၏။
ကလေးနှစ်ဦး ကျောင်းစတက်ပြီဖြစ်ရာ ရှောင်လန်ကိုလည်း သူငယ်တန်းသို့ ပို့ဆောင်၍ရနိုင်ပြီဖြစ်သည်။
ငွေကြေးမှာ အလွန်အသုံးဝင်လှပေသည်။ ချန်တကုန်း၏ ခန့်မှန်းချက်အရ နောက်ထပ်တစ်ပတ်အကြာတွင် စီမံကိန်း၏ ခေါင်မိုးတင်ခြင်းလုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်သည်။
ကန်တင်းတစ်ခု တည်ဆောက်ရန်အတွက် ရည်မှန်းထားသောအချိန်၏ ထက်ဝက်ကိုသာ အသုံးပြုခဲ့ရခြင်းဖြစ်လေသည်။
ယန်ကျောက် ရေချိုးခန်းထဲမှ ထွက်လာပြီး ဘေးအခန်းသို့ ဝင်သွားသည့်အသံကို ချန်မေ့လန် ကြားလိုက်ရသည်။ သူမက မီးပိတ်ပြီး အိပ်ရန်ပြင်ဆင်နေစဉ်မှာပင် ယန်ကျောက်က တံခါးကိုတွန်းဖွင့်ကာ ဝင်ရောက်လာခဲ့၏။
“မအိပ်သေးဘူးလား”
သူသည် ရေချိုးပြီးခါစဖြစ်သဖြင့် ဆပ်ပြာနံ့သင်းသင်းလေး ထွက်ပေါ်နေလေ၏။
“အင်း...”
ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စာရင်းတွက်နေဆဲဖြစ်သော ချန်မေ့လန်က ပြန်ထူးလိုက်ပြီး ကုတင်စွန်းကို ပုတ်ပြကာ ဖိတ်ခေါ်လိုက်သည်။
“ထိုင်လေ”
သူ ကလေးကို ရိုက်နှက်သည့်ကိစ္စနှင့် ပတ်သက်၍ သူတို့ သေချာပေါက် ဆွေးနွေးရန် လိုအပ်ပေသည်။
ယန်ကျောက် ဝင်ထိုင်လိုက်ပြီး တိုတိုတုတ်တုတ် ရှင်းပြလိုကခလေသည်။
“ခုနက ငါ ကလေးကို ရိုက်နေတာမဟုတ်ပါဘူး၊ သူ့ကျောကို တိုက်ပေးနေတာပါ”
‘ကလေး လန့်ဖြန့်ပြီး ထွက်ပြေးရတဲ့အထိ ကျောတိုက်ပေးတယ် ဟုတ်လား၊ သူက တိုက်ပေးနေတာ မဟုတ်ဘဲ အရှင်လတ်လတ် အရေခွံခွာနေတာများ ဖြစ်နေမလား'
ချန်မေ့လန်က မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသော်လည်း ဒေါသထွက်နေဆဲပင်။
“နောက်ဆိုရင် ကျောတိုက်ပေးတဲ့အခါ နည်းနည်း ညင်ညင်သာသာလုပ်ပါ၊ သူက ကလေးပဲ ရှိသေးတာကို”
ယန်ကျောက်သည် သူ၏ရင်အုပ်ကြွက်သားများကို ဖုံးကွယ်ထားနိုင်သော စွပ်ကျယ်အင်္ကျီအား ဝတ်ဆင်ထားသော်လည်း ချန်မေ့လန်အနေဖြင့် ဝန်ခံရမည်ဆိုလျှင် သူ၏ ရင်အုပ်ကြွက်သားများကို မြင်တွေ့ပြီးကတည်းက သူမသည် ရင်ခုန်သံမြန်ကာ သူ့ကို မကြည့်ရဲတော့ရုံသာမက အလွနခသိမ်ငယ်စိတ် ဝင်နေမိတော့သည်။
‘ဘာလို့များ အမျိုးသားတစ်ယောက်ဖြစ်တဲ့ သူ့မှာ ငါ့ထက်ပိုကြီးတဲ့ ရင်အုပ်ကြွက်သားတွေ ရှိနေရတာလဲ'
ကလေးများ အိပ်ပျော်လောက်ပြီဖြစ်သည်။ ယန်ကျောက်သည် တွန့်ကြေနေသော သူမ၏ အိပ်ရာခင်းကို အလိုအလျောက် သပ်ရပ်အောင် ဆန့်ထုတ်ပေးလိုက်၏။
“ချန်ဖျင်နဲ့ ကျိုးရွှယ်ချင်းက အသိဟောင်းတွေလေ၊ ပြီးတော့ ချန်ဖျင်က ကျိုးရွှယ်ချင်းတို့အိမ်မှာ တစ်ချိန်တုန်းက အခန်းငှားနေခဲ့ဖူးတယ်”
ယန်ကျောက်သည် ကုတင်စွန်းတွင် ပြန့်ကျဲနေသော ချန်မေ့လန်၏ အဝတ်အစားများကို သပ်ရပ်စွာ ခေါက်သိမ်းပေးရင်း ကျောပိုးအိတ်အသေးလေး နှစ်လုံးကိုလည်း ညီညီညာညာ စီစဉ်ပေးရင်း ပြောဆိုလေသည်။
သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း ထိုအသံ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ဒေါသများကို ရှင်းရှင်းလင်းလင်း သိနိုင်ပေ၏။
“တစ်ခါတုန်းက ရှောင်ဝမ့်ကို လူတစ်ယောက်က အရက်အတင်းတိုက်ခဲ့လို့ အရက်အဆိပ်သင့်လုနီးပါး ဖြစ်ခဲ့ဖူးတယ်၊ သူ တစ်ရက်လုံး သတိလစ်နေခဲ့တာ၊ နောက်လူတစ်ယောက်က သူ့ရဲ့ လက်မောင်းအဆစ်ကို ဆွဲဖြုတ်လိုက်လို့ သုံးရက်တိတိ လက်ကြိုးတန်းလန်းနဲ့ နေခဲ့ရတယ်၊
ကလေးရဲ့ လက်က အရိုးကျိုးလုနီးပါး ဖြစ်သွားခဲ့တာ၊ ပြီးတော့ လူတစ်ယောက်က သူ့ကို အသားကင် ဝယ်ကျွေးမယ်၊ တစ်ချောင်းစားနိုင်ရင် တစ်ယွမ်ပေးမယ်ဆိုပြီး ပြောလို့ ရှောင်ဝမ့်ဗိုက်ပေါက်ထွက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်၊ အဲဒါတွေက ငါ စုံစမ်းကြည့်လို့ သိလာရတဲ့ အချက်တွေပဲ”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ကျောက်က ရုတ်တရက် အနည်းငယ် တိုးကပ်လာကာ သူ၏မျက်ဝန်းများထဲတွင် နီရဲသော မြူနှင်းများ ဖုံးလွှမ်းနေလျက် စကားလုံးတစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်လေသည်။
“ငါ ရှောင်ဝမ့်ကို မေးကြည့်ပေမယ့် သူ မဖြေဘူး၊ သူ့အမေက အဲဒီအချိန်တုန်းက အဲဒီလူတွေနဲ့ အတူရှိနေခဲ့တာဆိုတော့ သူ့အမေကို ကာကွယ်ပေးချင်လို့ နေမှာပေါ့၊ အဲဒီလူတွေထဲမှာ ချန်ဖျင် ပါ၊ မပါ မင်း ငါ့ကို ကူညီပြီး မေးပေးလို့ ရမလား”
ချန်မေ့လန်အနေဖြင့် ဤအရာများ အားလုံးကို မည်သို့နားထောင်နိုင်ခဲ့မှန်းပင် သူမကိုယ်တိုင်မသိတော့ပေ။
ရှောင်ဝမ်၏အကျင့်စရိုက်မှာ ထူးဆန်းသည်ဟု သူမ အမြဲတစေ ထင်မှတ်ထားခဲ့သော်လည်း သူ ဤမျှလောက်ဆိုးရွားသော အခြေအနေများကို ဖြတ်သန်းခဲ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အရက်မူးနေသူများမှာ အသိစိတ်ကင်းမဲ့နေတတ်ပြီး၊ အထူးသဖြင့် မြို့တွင်းရွာများတွင် အခန်းငှားနေထိုင်သူများမှာ ကလေးများနှင့် နောက်ပြောင်ဆော့ကစားရသည်ကို အလွန်နှစ်သက်ကြသည်။
အကယ်၍ အိမ်ရှင်၏ကလေးဖြစ်ပါက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြလေ၏။
သို့သော် ရှောင်ဝမ်မှာ အိမ်ရှင်၏ကလေးဖြစ်သော်ငြား သူ၏အဘိုးမှာ အသိဉာဏ် ချို့တဲ့နေသော အဘိုးအိုတစ်ဦး ဖြစ်လေသည်။
ထို့အပြင် သူ့မိခင်ကလည်း အရက်မူးနေမည်ဖြစ်ရာ သူမ၏ကလေး အနိုင်ကျင့်ခံနေရသည်ကိုပင် သိရှိနိုင်မည်မဟုတ်ပေ။
သို့သော် ရှောင်ဝမ်သည် သူ့ဖခင်အား သေချာပေါက် ပြောပြမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ထိုလူများမှာ ကျိုးရွှယ်ချင်း ခေါ်ဆောင်လာသူများဖြစ်ပြီး ကျိုးရွှယ်ချင်းမှာ သူ၏မိခင်အရင်း ဖြစ်သည်မဟုတ်လော။
ကလေးတစ်ဦးအတွက်မူ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နောက်ပြောင်၍ ရိုက်နှက်ခံရခြင်းများမှာ လူကြီးများ စည်းလွတ်ဘောင်လွတ် ကျူးလွန်မှုများသာ ဖြစ်သည်ဟု ထင်မှတ်ထားပေလိမ့်မည်။
လူကြီးများနှင့်အတူ သွားလာပေါင်းသင်းခွင့်ရခြင်းက သူ့ကိုယ်သူ စွမ်းဆောင်ရည် ပြည့်ဝသူတစ်ဦးအဖြစ် ခံစားရစေပေမည်။
ထိုကလေးငယ်သည် ကွာရှင်းပြီးနောက် ဖခင်နှင့်အတူ နေထိုင်ရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်သော်လည်း သူ့မိခင်အကြောင်းကိုမူ ဖခင်အား မည်သည့်အခါမျှ တိုင်တောမည် မဟုတ်ပေ။
မည်သည့်ကလေးကမျှ မိမိ၏မိဘများ အချင်းချင်း စကားများ ငြင်းခုံနေကြသည်ကို မမြင်လိုကြပေ။ ရန်ဖြစ်ကြသည်ကိုမူ ဆိုဖွယ်ရာပင်မရှိတော့ပေ။
“ကောင်းပါပြီ၊ ကျွန်မ မေးကြည့်ပေးပါ့မယ်”
ချန်မေ့လန်က ပြန်ဖြေလိုက်၏။
ကုတင်ပေါ်တွင် ခေါက်သိမ်းစရာ ဘာမှမကျန်တော့ပေ။
ချန်မေ့လန် အသုံးပြုနေသောစောင်ကို ခေါက်သိမ်းမည်ဆိုလျှင်တော့ ရနိုင်သေးပေ၏။
‘အဲဒါကိုတော့ သူ ခေါက်လို့မရဘူးမဟုတ်လား'
‘သူက ငါ့ကိုပါ ခေါက်ပြီး ဗီရိုထဲထည့်သိမ်းတော့မှာလား'
ယန်ကျောက်၏အသက်ရှူသံများ ပိုမိုပြင်းထန်လာကာ သူ့လက်က ထပ်မံဆန့်ထွက်လာပြီး ဤတစ်ကြိမ်တွင်မူ သူမ၏မျက်နှာကို တယုတယ ဆုပ်ကိုင်လိုက်လေသည်။
“ကိုယ်က လူဆိုးမဟုတ်ပါဘူး၊ မင်း ကိုယ့်ကို ကြောက်နေစရာ မလိုပါဘူး”
သူက သူမ၏ မျက်နှာကို ဆုပ်ကိုင်ကာ မျက်ဝန်းများကို စူးစူးရဲရဲ စိုက်ကြည့်လျက် စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောဆိုလိုက်လေသည်။
ဤသို့ ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏မျက်နှာကို အလျင်အမြန် ပြန်လွှတ်ပေးလိုက်ပြီး ခေါင်းအုံးစွပ်ကို သပ်ရပ်အောင်ပြင်ဆင်ကာ အိပ်စက်ရန်အတွက် ထသွားတော့၏။
ကလေးတစ်ယောက်မှာ ကိုယ်ပိုင်အယူအဆများ ရှိသည်ဖြစ်စေ၊ အကျင့်စရိုက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ... မည်သည့်ကလေးကိုမဆို မိမိ၏မိခင်အကြောင်း မကောင်းပြောဆိုရန် တောင်းဆိုခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ပို၍ခက်ခဲသော တာဝန်တစ်ရပ် ဖြစ်လေသည်။
အကယ်၍ ယန်ကျောက်သာ ထိုအချိန်က ကုတင်စွန်းတွင် ဝင်ထိုင်မနေခဲ့ပါက သူမကိုပါ ဗီရိုထဲသို့ ခေါက်သိမ်းသွားလုမတတ် ဖြစ်ခဲ့မည်မှာ အသေအချာပင်။