← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

🍄Chapter 113

သူသာ ဤမျှလောက် အလုပ်မကြိုးစားခဲ့ပါက၊ ထို့အပြင် ရေပူစက်အသစ်ဖြင့် ရေချိုးပြီးနောက် ချန်မေ့လန်၏ စိတ်အခြေအနေမှာ အလွန်တရာ ကြည်လင်လန်းဆန်းမနေခဲ့ပါက သူ၏ တောင်းဆိုချက်ကို သူမ သဘောတူခဲ့မည် မဟုတ်ပေ။

ဤသည်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှပြီး ခြေလှမ်းတစ်လှမ်း မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက် ရှောင်ဝမ်၏အမြင်တွင် သူမသည် လူဆိုးကြီးတစ်ဦး ဖြစ်သွားနိုင်ပေသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် ကလေးများမှာ အပြည့်အဝ တက်ကြွလန်းဆန်းနေကြပြီး ကျောင်းသွားရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

ချန်မေ့လန်က ရှောင်လန်ကိုခေါ်ဆောင်ကာ သူငယ်တန်းကျောင်းအပ်ရန် ထွက်လာခဲ့၏။

လမ်းတစ်ဝက်တွင် သူတို့ လမ်းခွဲကြသောအခါ ယန်ကျောက်က နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးစားလိုသေးသည်ထင်၏။

သူက ရှောင်ဝမ့်အား မေးလိုက်လေသည်။

“ယန်ဝမ်ချီ... အဲဒီ ချန်ဖျင်က မင်းအမေနဲ့အတူ အရက်သောက်ဖူးလား”

တိုက်တိုက်ဆိုင်ဆိုင် သူတို့သည် အသံဖမ်းစက်နှင့် ခွေများရောင်းသော ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားစဉ် ဆိုင်တွင်းမှ သီချင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့၏။

“ငါ့ရဲ့ အနာဂတ်က အိပ်မက်တစ်ခု မဟုတ်ဘူးဆိုတာ ငါသိတယ်၊ မိနစ်တိုင်း စက္ကန့်တိုင်းကို အလေးအနက်ထားပြီး ရှင်သန်ရမယ်...”

“ငါ့ရဲ့ အနာဂတ်က အိပ်မက်တစ်ခု မဟုတ်ဘူး... ငါ့နှလုံးသားက မျှော်လင့်ချက်တွေနဲ့အတူ လှုပ်ရှားနေတယ်”

ရှောင်ဝမ်က ခုန်ပေါက်ကာ သီချင်းတစ်ကြောင်းကို ဝင်ဆိုလိုက်ပြီး၊ လက်နှစ်ဖက်ကို ဆန့်တန်းလျက် လေထဲတွင် ပျံသန်းနေသည့်အလား ပြေးလွှားသွားတော့သည်။

ယန်ကျောက်က ခြေလှမ်းများ တန့်သွားကာ ချန်မေ့လန်အား လှမ်းပြောလိုက်၏။

“သူက တမင်တကာ လုပ်နေတာ၊ သူ့အမေဘက်ကနေ ရပ်တည်ပြီး အရာတော်တော်များများကို တမင်ဖုံးကွယ်ပေးထားတာ”

“အဲဒီကိစ္စကို ခေါင်းထဲ ထည့်မနေပါနဲ့တော့၊ သူ့ကို မေးဖို့ ကျွန်မ အချိန်ရှာလိုက်ပါ့မယ်၊ ကိုယ့်အမေဘက်ကနေ မရပ်တည်ပေးတဲ့ ကလေးဆိုတာ တကယ့်ကို ကလေးမဟုတ်တော့ဘူးလေ”

ချန်မေ့လန်က ရှောင်လန်၏လက်ကိုဆွဲလျက် ယန်ကျောက်အား လက်ပြနှုတ်ဆက်ရင်း ပြန်လည်ဖြေကြားလိုက်၏။

ကျိုးရွှယ်ချင်းသည် ကလေးများကို သေချာပြုစုပျိုးထောင်ပေးခဲ့ခြင်း မရှိသည်မှာ မှန်ကောင်းမှန်နိုင်သော်ငြား ထိုရှစ်နှစ်တာ ကာလအတွင်း ယန်ကျောက်မှာ အကြိမ်အနည်းငယ်သာ အိမ်ပြန်လာနိုင်ခဲ့သည်မဟုတ်လော။

ကျိုးရွှယ်ချင်းမှာ အနည်းဆုံးတော့ ရှစ်နှစ်တိတိ ရှောင်ဝမ်နှင့်အတူ ရှိနေပေးခဲ့သည်။ အကယ်၍ သူကသာ ကျိုးရွှယ်ချင်းဘက်မှ မရပ်တည်ပေးပါက သူသည် အမှန်တကယ်ပင် ကျေးဇူးကန်းသောလူယုတ်မာလေး ဖြစ်သွားပေလိမ့်မည်။

ရှောင်လန်မှာလည်း သူငယ်တန်းသို့သွားရောက်ရန် အလွန် စိတ်အားထက်သန်နေရှာသည်။ ဖခင်ဖြစ်သူက သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ၏ မည်းမှောင်နေသော မျက်နှာလေးပေါ်တွင် အပြုံးပန်းများ ပွင့်လန်းနေလျက်၊ လက်ကို လှုပ်ယမ်းကာ အကြိမ်ကြိမ် နှုတ်ဆက်လေ၏။

“တာ့တာ ဖေဖေ”

မိခင်ဖြစ်သူက သူ့ကို ဉာဏ်နည်းသည်ဟု ထင်မှတ်ထားသော်ငြား သူငယ်တန်းကျောင်းများကမူ ရှောင်လန်ကဲ့သို့သောကလေးမျိုးကို အချစ်ဆုံးပင် ဖြစ်လေသည်။

အစားအသောက် အလွန်မက်ခြင်း၊ များများစားခြင်း၊ လိမ္မာရေးခြား ရှိခြင်း၊ ပြဿနာမရှာခြင်းနှင့် အရေးအကြီးဆုံးမှာ ဖြူဖွေးဝဖြိုးကာ အလွန်ချစ်စရာကောင်းသောကြောင့်ပင်။

ထို့အပြင် ယခုခေတ်ကာလတွင် ကလေးအများစုမှာ နေ့ကလေးထိန်းကျောင်းများသို့သာ သွားရောက်ကြပြီး တစ်နှစ်စာ ကျောင်းလခမှာ ၁၈ ယွမ်မျှသာ ရှိလေ၏။

သူငယ်တန်းကျောင်းမှာမူ စောစောလာပို့၊ နောက်ကျမှ လာကြိုခွင့်ပေးပြီး တစ်နေ့လျှင် ထမင်းနှစ်နပ် ကျွေးမွေးသော်လည်း၊ တစ်လလျှင် ကျောင်းလခမှာ ၁၈ ယွမ်တိတိ ပေးရလေသည်။

ငွေကြေးတတ်နိုင်သူများသာလျှင် ဤကျောင်းသို့ သားသမီးများကို ပို့ဆောင်နိုင်ကြသည်။ ရှောင်လန် ကျောင်းထဲသို့ ဝင်ရောက်သွားသောအခါ လူကုံထံလေးတစ်ဦးပမာ ဆက်ဆံခံရကာ အားတက်သရော ကြိုဆိုခြင်းခံခဲ့ရလေ၏။

ကျိုးရွှယ်ချင်းမှာ မြို့တော်တွင် ကြီးပွားချမ်းသာနေပြီး ကျိုးရွှယ်ချင်း၏မိခင်ကလည်း ရှောင်လန်ကို ခေါ်ဆောင်သွားနိုင်မည် မဟုတ်ကြောင်း သူမ သိရှိထားသော်ငြား ချန်မေ့လန်သည် ကျောင်းအုပ်ကြီးနှင့် ဆရာမများအား သူမမှလွဲ၍ မည်သူမျှ ရှောင်လန်ကို လာရောက်ကြိုခွင့်မရှိကြောင်း သေချာ မှာကြားခဲ့လေသည်။

ကျောင်းအုပ်ကြီးနှင့် ဆရာမများ ပိုမိုဂရုစိုက်လာစေရန်အတွက် ဤကလေး၏ ဖခင်မှာ ရဲအရာရှိတစ်ဦး ဖြစ်ကြောင်းနှင့် ရိုးရိုးရဲအရာရှိမဟုတ်ဘဲ အလွန်ထူးချွန်ထင်ရှားသူ တစ်ဦးဖြစ်ကြောင်းကိုပါ ချန်မေ့လန်က တမင်တကာ ထုတ်ဖော်ပြောဆိုလိုက်သေး၏။

“စိတ်မပူပါနဲ့၊ ရှင်ကလွဲပြီး တခြားဘယ်သူ့ကိုမှ လာကြိုခွင့် ပေးမှာ မဟုတ်ပါဘူး”

ကျောင်းအုပ်ကြီးက သူမ၏ရင်ဘတ်ကိုပုတ်ကာ ကတိပေးလေသည်။

“ဒီကလေးကို နေ့တိုင်း ကျွန်မကိုယ်တိုင်ပဲ အကြိုပို့လုပ်ပေးပါ့မယ်”

ဤကျောင်းမှာ ပုဂ္ဂလိက သူငယ်တန်းကျောင်းဖြစ်ပြီး တာဝန်ယူမှုအားလုံးမှာ ကျောင်းအုပ်ကြီး၏ပခုံးပေါ်တွင်သာ ရှိလေသည်။ အကယ်၍ ကလေးတစ်ယောက်ယောက်ကို တစ်ခုခု ဖြစ်သွားပါက အခြားကလေးများလည်း ကျောင်းလာတော့မည်မဟုတ်ပေ။

ချန်မေ့လန်သည် သူမ၏ ဆောက်လုပ်ရေးစီမံကိန်းငယ်လေးကို သွားရောက်ကြီးကြပ်ရဦးမည်ဖြစ်ပြီး၊ ထို့နောက်တွင် တယ်လီဖုန်းတပ်ဆင်ရန် ဆက်သွယ်ရေးဗျူရိုသို့ သွားရောက်ရမည်ဖြစ်သည်။

ယခုအချိန်တွင် တယ်လီဖုန်းတပ်ဆင်ခြင်းမှာ အလွန်တရာဈေးကြီးရုံသာမက ခြောက်လခန့် စောင့်ဆိုင်းရသေးသည်။ အကယ်၍ မစောင့်ဆိုင်းလိုပါက ငွေပိုပေးရုံသာ ရှိလေ၏။

သူမသည် စီမံကိန်းအတွက် နောက်ဆုံးပေးချေမှုကို ရရှိတော့မည်ဖြစ်ရာ၊ ချန်မေ့လန်က ခေတ္တမျှစဉ်းစားချင့်ချိန်ပြီးနောက် နောက်ထပ် ယွမ် ၁၀၀ ပိုပေးလိုက်လေသည်။

ဤသည်မှာ ချင်ချွမ်ကုမ္ပဏီနှင့် ပြုလုပ်မည့် ထိုစီမံကိန်းကြီးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အကယ်၍သာ ထိုစီမံကိန်းကို သူမ လက်ခံရရှိခဲ့လျှင် မည်သို့လုပ်မည်နည်း။

နောက်ထပ် ယွမ် ၁၀၀ ပိုပေးလိုက်ခြင်းဖြင့် တယ်လီဖုန်းကို ခုနစ်ရက်အတွင်း လာရောက်တပ်ဆင်ပေးမည်ဖြစ်သည်။

သို့သော် သုံးရက်မျှသာ ကြာသေးသော်ငြား တယ်လီဖုန်း လာရောက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဗျူရိုမှ ဖုန်းဆက်အကြောင်းကြားလာခဲ့သည်။

သို့သော် ဆက်သွယ်ရေးဗျူရိုမှ လူများ မရောက်လာမီမှာပင် ယန်ပင်းက အရင်ရောက်ရှိလာခဲ့၏။ သူ၏ စီးပွားရေးလောကသို့ ဝင်ရောက်မှုမှာ အစပိုင်းတွင် ကြီးကျယ်ခမ်းနားလှသော်လည်း တစ်ပြားတစ်ချပ်မျှ အမြတ်မရရှိခဲ့ပေ။

ယခုအခါတွင်မူ သူသည် ချန်မေ့လန်အတွက် ကျောက်မီးသွေးတွင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ခြင်းနှင့် ပြန်လည်သိမ်းယူပေးခြင်းတို့အပေါ်တွင်သာ အာရုံစိုက်နေတော့သည်။

မည်သို့ပင်ဖြစ်စေ ကျောက်မီးသွေးတွင်းသာ မေ့လန်၏လက်အောက်သို့ ရောက်ရှိသွားပါက သူမသည် သူ့ကို ဆုကြေးငွေအချို့တစ်ဝက် သေချာပေါက် ပေးကမ်းမည်မဟုတ်လော။

သို့သော် ယနေ့တွင်မူ ယန်ပင်း၏မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုများ အထင်းသားပေါ်လွင်နေကာ အထဲသို့ ဝင်ဝင်ချင်းမှာပင် ညည်းတွားလိုက်လေသည်။

“မေ့လန်... ချန်ဖျင်က အရင်တုန်းကတော့ သူရဲ့ကားဖိုး ငွေတွေကို အပြင်းအထန် လိုက်တောင်းနေခဲ့တာ၊ အခုတော့ လုံးဝ ငြိမ်ကျသွားပြီ၊ ဘာဖြစ်လို့လဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း”

“ဘာဖြစ်လို့လဲ”

ယန်ပင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ ပြောဆိုလေသည်။

“ဟူရှောင်မေက သူ ကိုယ်ဝန်ရှိနေပြီလို့ပြောတယ်၊ ဆေးရုံမှာ အာထရာဆောင်းသွားရိုက်တာ ယောကျာ်းလေးတဲ့၊ ကိုယ်ဝန်က သုံးလကျော်နေပြီတဲ့”

ချန်မေ့လန်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက်ပြုံးလိုက်ကာ မေးလိုက်၏။

“တကယ်လား”

ယန်ပင်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ ရှင်းပြလေသည်။

“မင်းစဉ်းစားကြည့်လေ၊ တကယ်လို့ ဟူရှောင်မေသာ တကယ် ကိုယ်ဝန်ရှိနေပြီး အဲဒါကလည်း ယောကျာ်းလေးသာဆိုရင်၊ ယန်ရှီရှန်းက သေချာပေါက် သူ့ကို လက်ထပ်မှာပဲ၊

ဥပဒေအရ အချုပ်ခံထားရတဲ့ အချိန်မှာတောင် လက်ထပ်ဖို့အတွက် တစ်ရက်တာ ခံဝန်နဲ့ အပြင်ထွက်ခွင့် ပြုထားတယ်လေ၊ ဒါကြောင့် ယန်ရှီရှန်းက တစ်သက်တစ်ကျွန်း ကျသွားရင်တောင်မှ ဟူရှောင်မေက သူ့ကိုလက်ထပ်လိုက်ရင် ကျောက်မီးသွေးတွင်းက ဟူရှောင်မေရဲ့ပိုင်ဆိုင်မှု ဖြစ်သွားမှာပဲ၊

ပြီးတော့ ချန်ဖျင်ကလည်း သူနဲ့အတူ ကျောက်မီးသွေးတွင်းကို ဆက်ပြီးလည်ပတ်ခွင့် ရသွားမှာပေါ့”

ဟူရှောင်မေမှာ အရှက်အကြောက်ကင်းမဲ့ကာ ဉာဏ်နီဉာဏ်နက်များပြားပြီး ပါးနပ်လှည့်ပတ်လွန်းသူ ဖြစ်သည်။

ဤနည်းလမ်းမှာ တကယ့်ကို ထက်မြက်လှပေသည်။ ယန်ရှီရှန်းသည် အချုပ်ထဲတွင် ရောက်ရှိနေလျှင်ပင် ဟူရှောင်မေက သူ၏သားကို ကိုယ်ဝန်ဆောင်ထားကြောင်း ကြားသိရသည်နှင့်…..

သားယောကျာ်းလေးကို အလွန်အမင်း လိုလားသူပီပီ ဝမ်းသာမျက်ရည်များ ကျကာ ချက်ချင်းပင် လက်ထပ်စာချုပ် သွားရောက်ချုပ်ဆိုမည်မှာ အသေအချာပင်မဟုတ်လော။

သို့သော် ဤကိစ္စတွင် တစ်စုံတစ်ခု မှားယွင်းနေသယောင် ရှိနေသည်။ အတိတ်ဘဝကလည်း ဤအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။

ယန်ရှီရှန်း ထောင်မကျမီက ဟူရှောင်မေသည် ကိုယ်ဝန်အကြိမ်ကြိမ် ရရှိခဲ့ဖူးသော်လည်း အားလုံးမှာ မိန်းကလေးများချည်းသာ ဖြစ်နေခဲ့၏။ သူမသည် နိုင်ငံပိုင်ကျောင်းမှ ဆရာမတစ်ဦးဖြစ်ရာ သတ်မှတ်ထားသည်ထက် ကလေးပိုမိုရယူပါက ဒဏ်ကြေးများ ပေးဆောင်ရမည် ဖြစ်သည်။

ထို့အပြင် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သော သူမသည် သမီးမိန်းကလေးများကိုလည်း မမွေးဖွားလိုပေ။

ထို့ကြောင့် အာထရာဆောင်း ရိုက်ကြည့်၍ မိန်းကလေးဖြစ်ကြောင်း သိရသည်နှင့်တစ်ပြိုင်နက် ဟူရှောင်မေသည် ကိုယ်ဝန်များကို ဖျက်ချလေ့ရှိ၏။

ယန်ရှီရှန်းကလည်း လက်တွေ့ရလဒ်ကို မမြင်မချင်း လုံးဝ အတည်မပြုတတ်သူဖြစ်ရာ သူမနှင့် တရားဝင်လက်ထပ်ခြင်းကို မည်သည့်အခါမျှမပြုလုပ်ခဲ့ပေ။

ယန်ရှီရှန်း ထောင်ကျပြီးနောက်မှသာ သူမသည် ရုတ်တရက် ယောကျာ်းလေးကိုယ်ဝန်ရှိလာခဲ့ကာ၊ တိုက်ဆိုင်စွာပင် အာထရာဆောင်း အဖြေအရ ကိုယ်ဝန်မှာ သုံးလရှိနေပြီဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

ထိုအခါမှ ယန်ရှီရှန်းသည် အချုပ်ထောင်မှ ခံဝန်ဖြင့် ခေတ္တထွက်လာကာ သူမနှင့် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်လေသည်။

ယန်ရှီရှန်းမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ၈ နှစ်သို့ လျှော့ပေါ့ခံရကာ လွတ်မြောက်လာခဲ့သည်။

သို့သော် ထိုအချိန်ရောက်သောအခါ သူ၏ကျောက်မီးသွေးတွင်းများ၊ တူးဖော်ခြင်းမပြုရသေးသော သူ ဝယ်ယူထားသည့် ကျောက်မီးသွေး တောင်ကုန်းကြီး ငါးခုနှင့်တကွ နေရာချထားရေး အိမ်ရာများအားလုံးမှာ ဟူရှောင်မေ၏ လက်အောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

သနားစရာကောင်းသောယန်ရှီရှန်းမှာ နေထိုင်စရိတ်များ ထောက်ပံ့ပေးသည့် အချိန်မှလွဲ၍ သူ့သား မျက်နှာကိုပင် မြင်တွေ့ခွင့်မရခဲ့ရှာပေ။

All Chapters