← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

🍄Chapter 116

ယင်းမှာ ယနေ့ ရဲစခန်းတွင်း၌ အသက် သုံးဆယ်အရွယ်တွင် ပထမဆုံးအကြိမ် ဖခင်ဖြစ်တော့မည်ဟူသောအသိဖြင့် ဝမ်းသာလုံးဆို့နေခဲ့သော ယန်ရှီရှန်းသည် မကြာမီမှာပင် ဖခင်အဖြစ် ဟန်ဆောင်လှည့်စားခံနေရကြောင်းကို သိရှိသွားတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်ပေတော့သည်။

………..

ကိတ်မုန့်အကြီးကြီးတစ်လုံးပေါ်တွင် ဖယောင်းတိုင်များ ထွန်းညှိထားလေသည်။ ယန်ကျောက်က ရှောင်လန်ကို ပွေ့ချီထားရင်း ချန်မေ့လန်အား တစ်ချက်လှမ်းကြည့်ကာ ကလေးငယ်ကို တိုးညှင်းစွာ သင်ပေးလိုက်၏။

“ယန်မင်လန်... မွေးနေ့မှာ ပျော်ရွှင်ပါစေ”

ရှောင်လန်လေးကမူ ဤအရာများကို လုံးဝဂရုမစိုက်ပေ။ ချန်မေ့လန် ဖယောင်းတိုင်များ စိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဝမ်က ယွမ်ယွမ့်အား မွေးနေ့သီချင်းဆိုရန် လက်ဟန်ပြလိုက်သည်။

ယွမ်ယွမ်ကလည်း ရဲတင်းစွာပင် ယန်ကျောက်၏လက်နှစ်ဖက်ကို ဆွဲယူကာ သံစဉ်နှင့်အညီ လက်ခုပ်တီးပေးရန် အချက်ပြလေ၏။

အားလုံးက လေးလေးနက်နက် အာရုံစိုက်နေကြပြီး ယွမ်ယွမ် သီချင်းစဆိုရန် ပါးစပ်ဟလိုက်ချိန်မှာပင် ရှောင်လန်က ဖယောင်းတိုင်များကို ‘ဖူး’ ခနဲ မှုတ်ငြိမ်းပစ်လိုက်တော့သည်။

ရှောင်ဝမ်သည် ကိတ်မုန့်ကိုတစ်လုတ်သာ စားရသေးသော်လည်း ရုတ်တရက် အသံတိတ်သွားခဲ့၏။

ယွမ်ယွမ်က တခစ်ခစ် ရယ်မောလိုက်သည်။

“အစ်ကိုကြီး... အစ်ကိုကြီးမှောက်ချပစ်ခဲ့တဲ့ ကိတ်မုန့်ကို သတိရသွားလို့လား”

ဖခင်ဖြစ်သူ ပထမဆုံးအကြိမ် သစ်အယ်သီးကိတ်မုန့် ဝယ်လာစဉ်က သူသည် လက်ဖြင့် တစ်ချက်ပုတ်ချလိုက်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ လွှင့်ပစ်လိုက်ရသည်မဟုတ်လော။

“အစ်ကိုကြီး ကြိုက်ရင် နောက်တစ်တုံးစားလေ”

ယွမ်ယွမ်က သူမ၏ကိတ်မုန့်ကို ရှောင်ဝမ်အား ပေးလိုက်လေသည်။

သို့သော် ရှောင်ဝမ်ကမူ ယွမ်ယွမ် အလစ်တွင် သူမ၏ ဆံပင်ကျစ်ဆံမြီးလေးကို အသာဆွဲဆောင့်လိုက်၏။

ယွမ်ယွမ်မှာ နာကျင်သွားသဖြင့် တိုင်တန်းလိုသော်လည်း ဖေဖေနှင့် မေမေတို့ ရယ်မောပျော်ရွှင်နေကြသည်ကို မြင်သောအခါ သူမ၏ တိုင်တန်းချင်သည့်စကားများကို ပြန်လည်မြိုချလိုက်ရရှာ၏။

ကလေးမလေးက အစ်ကိုဖြစ်သူအား နှာခေါင်းရှုံ့ပြကာ ကိတ်မုန့်ကို ပြန်လုယူချင်သော်ငြား သူ အားရပါးရ စားသောက်နေသည်ကို မြင်သောအခါ မယူရက်တော့ဘဲ အောင့်အည်းထားလိုက်လေသည်။

‘အစ်ကိုတွေဆိုတာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ'

ယန်ကျောက်၏ အိပ်ခန်းတွင်း၌ စောင်များကို တို့ဟူးတုံးလေးများပမာ ထောင့်ချိုးကျကျ သပ်ရပ်စွာ ခေါက်ထားလေသည်။ အတွင်းခံ လေးထည်အနက် သုံးထည်ကို အမြဲတစေ သန့်စင်အောင် လျှော်ဖွပ်ပြီး ထောင့်တစ်နေရာတွင် လှန်းထားတတ်၏။

သွားတိုက်တံ သုံးချောင်းမှာလည်း အမြဲတမ်း ၄၅ ဒီဂရီ စောင်းလျက်သား ရှိနေတတ်၏။ ကြမ်းပြင်ပေါ်တွင် သူကိုယ်တိုင် ဝယ်ယူထားသော စားပွဲပုလေး တစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် “ရာဇသတ်ကြီး ဥပဒေ”၊ “ရဲတပ်ဖွဲ့ စွယ်စုံကျမ်း”၊ “ပြည်သူ့ရဲတပ်ဖွဲ့ လက်စွဲစာအုပ်” နှင့် “ရဲတပ်ဖွဲ့ အဘိဓာန်” စာအုပ်များမှာ တာဝန်ကျနေသော ရဲအရာရှိ လေးဦးပမာ အစီအရီ ရပ်တန့်နေကြရာ ချန်မေ့လန်အဖို့ တစ်ကိုယ်လုံး အနေရခက်လောက်အောင် ခံစားရစေသည်။

ရှောင်ဝမ် အိမ်စာများ လုပ်ပြီးစီး၍ အိပ်ရာဝင်သွားချိန်မှသာ ချန်မေ့လန် အခန်းထဲသို့ ဝင်လာခဲ့သည်။

ရှောင်ဝမ်က ချန်မေ့လန်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဟောက်သံများ စတင်ပေးလေတော့သည်။ လုံးဝ သဘာဝမကျသော ဟောက်သံများဖြင့် တမင်သက်သက် ဟန်ဆောင်နေခြင်းမှာ ထင်ရှားလှပေ၏။

ချန်မေ့လန်က ဘာမျှမပြောဘဲ ကုတင်စွန်းတွင် ဝင်ထိုင်ကာ ပြုံးလျက် စောင့်ကြည့်နေလိုက်၏။

ရှောင်ဝမ်သည် မျက်လုံးများကို မှိတ်ထားပြီး မည်သည့်အသံမျှ မကြားရတော့သဖြင့် ချန်မေ့လန်ထွက်သွားပြီဟု ထင်မှတ်ကာ မျက်လုံးများကို ဖွင့်၍ တိတ်တဆိတ် အကဲခတ်ရန် ပြင်လိုက်သည်။ သို့သော် ချန်မေ့လန်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်လေ၏။

“အန်တီ အခု မင်းကို တစ်ခုလောက်မေးချင်တယ်၊ လုံးဝ မလိမ်ရဘူးနော်... မင်းက ယွမ်ယွမ့်ကို အသားကင် အချောင်းငါးဆယ်ကို တစ်ထိုင်တည်းစားနိုင်တယ်ဆိုပြီး ကြွားနေတယ်ဆို၊ အမှန်အတိုင်းပြောစမ်း... တကယ်စားနိုင်လို့လား”

အရက်သောက်ခြင်း၊ လက်မောင်းအဆစ်ဆွဲဖြုတ်ခံရခြင်းနှင့် အသားကင်စားခြင်းတို့အနက်မှ ချန်မေ့လန်သည် ကောင်လေးအား အကဲစမ်းရန် တစ်ခုကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သူမ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်မှာ ထင်ရှားလှပေ၏။

ရှောင်ဝမ်က ချက်ချင်းပင် ထအော်လေသည်။

“သေချာပေါက် စားနိုင်တာပေါ့”

“မင်း လိမ်နေတာပဲ၊ ဒုတိယအစ်ကိုကျိုးက မင်း မစားနိုင်ဘူးလို့ ပြောတယ်”

ချန်မေ့လန်က ထပ်မံကလိလိုက်၏။

ဒုတိယအစ်ကိုကျိုး ဆိုသည်မှာ ရှောင်ဝမ်၏အဘွားဖြစ်သူရွာမှ ကောင်လေးဖြစ်ပြီး ရှောင်လန်ကို လုယူဖူးသူ ဖြစ်လေသည်။

ရှောင်ဝမ်က ဒေါသတကြီး ပြန်လည်ချေပလိုက်သည်။

“သူက ဘာသိလို့လဲ... ကျွန်တော့်ကို အဲဒါတွေခေါ်ကျွေးတာ ချန်ဖျင်လေ၊ ကျွန်တော်တို့သိတဲ့ ချန်ဖျင်ပဲ၊ သူ သက်သေပြပေးနိုင်တယ်”

“ငါကတော့ မယုံသေးဘူး၊ ဘာလို့လဲဆိုတော့ ကျိုးရွှယ်ချင်းကလည်း မင်းမစားနိုင်ဘူးလို့ ပြောဖူးတယ်”

ချန်မေ့လန်က ဆက်လက်၍ ဖိအားပေးလိုက်ပြန်သည်။

ကလေးငယ်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် ချန်မေ့လန်၏ဆိုလိုရင်းကို သဘောပေါက်သွားတော့၏။ သူ၏ မျက်ဝန်းများတွင် အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်လာကာ သူမထံမှ အကူအညီတောင်းခံသည့်အကြည့်ဖြင့် ကြည့်လာလေသည်။

“အဲဒီအချိန်တုန်းက ကျွန်တော့်အမေလည်း အတူတူရှိနေတာ၊ သူက ဒီအကြောင်း ဖေဖေ့ကို လုံးဝ မပြောပြရဘူးလို့ မှာထားတယ်၊ အန်တီလည်း ဖေဖေ့ကို လုံးဝ မပြောပြရဘူးနော်”

ချန်မေ့လန်ကလည်း သူမ၏ က်ကို အလျင်အမြန်မြှောက်ကာ ကတိပေးလိုက်၏။

“အန်တီ မပြောပါဘူး၊ ဘာမှမပြောဘူး”

ယခုအခါ သူမ အနည်းငယ် စိုးရိမ်လာမိ၏။ အကယ်၍ ယန်ကျောက်သာ ကျိုးရွှယ်ချင်းနှင့် အမှန်တကယ်ပြဿနာတက်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

ရှောင်လန်မှာ အလွန်ငယ်ရွယ်သေးသဖြင့် အရာရာကို နားမလည်နိုင်သေးရာ လောလောဆယ်တွင် သူ့အတွက် ထိခိုက်နစ်နာမှုမရှိနိုင်သော်ငြား အလယ်တွင်ညပ်နေသော ဤကလေးငယ်လေးမှာ မည်သို့ ရင်ဆိုင်ဖြတ်သန်းမည်နည်း။

ရှောင်ဝမ် မျက်လုံးမှိတ်သွားပြီးနောက် ရုတ်တရက် ပြန်ဖွင့်လာကာ မှာကြားလေ၏။

“မနက်ဖြန် ကျွန်တော့်ကို စောစောနှိုးဖို့ မမေ့နဲ့နော်၊ ကျွန်တော်တာဝန်ကျလို့ သန့်ရှင်းရေးလုပ်ရဦးမယ်”

ချန်မေ့လန်က သူ့လည်ပင်းတွင် တစ်စုံတစ်ခုချိတ်ဆွဲထားသည်ကို သတိပြုမိသဖြင့် လှမ်းယူကြည့်လိုက်ရာ ၎င်းမှာ ယွမ်ယွမ် သိုးမွေးချည်ဖြင့် ရက်လုပ်ပေးထားသော အစွပ်လေးအတွင်းရှိ ခဲတံချွန်ဓားငယ်လေးပင် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ယန်ကျောက် ခန့်မှန်းထားသည့်အတိုင်းပင်။ ရှောင်ဝမ့်အား အသားကင်များ အန်ထွက်သည်အထိ နောက်ပြောင်ကျွေးမွေးကာ ငွေမရှင်းဘဲ ထွက်သွားသူမှာ ချန်ဖျင်ပင် ဖြစ်လေသည်။

၎င်းမှာ သေးငယ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပြီး ရှောင်ဝမ် ကိုယ်တိုင်လည်း များစွာ ဂရုမစိုက်ခဲ့ပေ။ မိခင်ဖြစ်သူက ချန်ဖျင်နှင့်အတူ အရက်သောက်ခဲ့ကြောင်းကိုလည်း မည်သူ့ကိုမျှ မပြောပြလိုခဲ့ပေ။

ထိုအိပ်ခန်းတွင်းမှ ထွက်လာပြီးနောက် ချန်မေ့လန်သည် သူမ၏ကိုယ်ပိုင်အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုစဉ် ရုတ်တရက် သူမ၏ကျောဘက်မှ ပူနွေးစူးရဲသော အလင်းတန်းနှစ်ခုက စိုက်ကြည့်နေသကဲ့သို့ တစ်ကိုယ်လုံး အနေခက်လာတော့၏။

ယန်ကျောက်၏အသံက အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“မေးလို့ ပြီးပြီလား”

သူသည် သေမင်းတမန်တစ်ပါးပမာ ပြတင်းပေါက်ဘေးတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။

ချန်မေ့လန်သည် မီးဖွင့်ရန် သွားရောက်သော်လည်း အထိတ်တလန့်ဖြစ်မှုကြောင့် မီးခလုတ်ကြိုးကို အလွယ်တကူ ရှာမတွေ့နိုင်ခဲ့ပေ။

သူမ ကြိုးကို စမ်းမိလိုက်ချိန်မှာပင် သူမ၏ကျောဘက်မှ နွေးထွေးသော လက်တစ်ဖက်က သိုင်းဖက်လာသည်ကို ခံစားလိုက်ရလေ၏။

သူ၏ တောင့်တင်းခိုင်မာလှသော ရင်အုပ်ကြွက်သားများက သူမ၏ကျောပြင်နောက်တွင် အပြည့်အဝ နေရာယူထား၏။

ချန်မေ့လန်က စိတ်ထဲမှ တွေးလိုက်မိသည်။

‘လူလေး... မီးမြန်မြန်ဖွင့်လိုက်စမ်းပါ၊ ဒီအန်တီကြီးက အသက်လည်းရနေပြီ၊ နှလုံးကလည်း သိပ်မကောင်းဘူး၊ လန့်ရတာကိုရော အမှောင်ကိုရော အရမ်းကြောက်တာ’

“အရမ်း မှောင်နေတယ်၊ မီးမြန်မြန်ဖွင့်လိုက်လေ”

သူမက တောင်းဆိုလိုက်သည်။

“အရင် စကားပြောရအောင်”

ယန်ကျောက်၏ လေသံမှာ အမှောင်ထုသည် တစ်စုံတစ်ခု လုပ်ဆောင်ရန်အတွက် အကောင်းဆုံးဖြစ်ကြောင်း အရိပ်အမြွက် ပြသနေသကဲ့သို့ ရှိနေသည်။

‘သူ ဒီနေ့ တစ်ခုခု လုပ်ဖို့များ စဉ်းစားနေတာလား’

သူတို့သည် တရားဝင် လက်ထပ်ထားပြီးဖြစ်ရာ သူက အမှန်တကယ် တစ်ခုခု လုပ်လိုပါကလည်း ချန်မေ့လန်အနေဖြင့် ငြင်းဆန်မည်မဟုတ်ပေ။ သို့သော် ဤကုတင်ပေါ်တွင်တော့ လုံးဝမဖြစ်နိုင်ပေ။

ဤသည်ကား ယန်ရှီရှန်းအိပ်စက်ခဲ့သော ကုတင်ဖြစ်သကဲ့သို့ ဟူရှောင်မေလည်း အိပ်စက်ခဲ့ဖူးလေသည်။ ယန်ကျောက်က ဂရုမစိုက်သော်ငြား ချန်မေ့လန်ကမူ အလွန်အမင်း ရွံရှာမိလေ၏။

“ကျွန်မ ရှင့်ကို ပြောပြလို့မရဘူး...”

ချန်မေ့လန်က ခေတ္တမျှစဉ်းစားပြီးနောက် မပြောပြရန်သာ ရွေးချယ်လိုက်၏။

“ငါ အကုန်ကြားပြီးပြီ”

“ဒီကိစ္စကြောင့် ကျိုးရွှယ်ချင်းနဲ့ ပြဿနာမရှာပါနဲ့၊ သူနဲ့ ရန်မဖြစ်ပါနဲ့၊ ရှင်တို့ ကွာရှင်းထားပြီးသား ဆိုပေမယ့်လည်း ရှောင်ဝမ်က ရှင်တို့ရန်ဖြစ်တာကို မကြိုက်ဘူး”

ချန်မေ့လန်က တားမြစ်လိုက်လေသည်။

ယန်ကျောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ပြောဆိုလာ၏။

“ယန်ဝမ်ချီက လူကြီးဖြစ်နေပြီပဲ၊ အမှားအမှန် ခွဲခြားတတ်သင့်ပြီ၊ သူ့အမေကို ငါ လွှတ်ထားပေးလို့ရတယ်၊ ဒါပေမယ့် သူ့ရဲ့ရည်းစား လင်ငယ်တွေကိုတော့ ငါ လွှတ်မထားနိုင်ဘူး”

ယောကျာ်းလေး သူငယ်ချင်းများဟု မသုံးနှုန်းဘဲ ‘ရည်းစား လင်ငယ်များ' ဟု သုံးနှုန်းလိုက်ရာ သူ ဖောက်ပြန်ခံလိုက်ရကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်ခြင်းလော။

ကျိုးရွှယ်ချင်းသည် ထိုအမျိုးသားများနှင့် ဖောက်ပြန်ရှုပ်ပွေခဲ့သည်ဟု သူ သံသယရှိနေခဲ့ခြင်းဖြစ်ပေမည်။

အမှောင်ထုထဲတွင် သူ၏ ပြင်းထန်သော အသက်ရှူသံများနှင့်အတူ ငယ်ရွယ်သန်စွမ်းသော အမျိုးသားတစ်ဦးထံမှ ထွက်ပေါ်လာတတ်သည့် ဆန္ဒပြင်းပြသောရနံ့များကို ချန်မေ့လန် ရှင်းရှင်းလင်းလင်း ရှူရှိုက်မိနေသည်။

သူ၏ ကြမ်းတမ်းသော လက်ဝါးကြီးများက သူမ၏ လက်ကိ ဆုပ်ကိုင်နယ်ဖတ်နေကာ၊ သူတို့ နှစ်ဦးလုံး၏လက်များမှာ မီးခလုတ်ကြိုးကို အတူတကွ ဆုပ်ကိုင်ထားလျက်သား ရှိနေ၏။

ချန်မေ့လန် ရုတ်တရက် ဟာသတစ်ခုကို သတိရသွားသည်။

တစ်ချိန်က စီအိုင်အေထံသို့ အကြမ်းဖက်သမားကြီး ဘင်လာဒင်သည် ရှန်ရှီးပြည်နယ်တွင် ပုန်းခိုနေကြောင်း လျှို့ဝှက်သတင်း ရောက်လာခဲ့ဖူး၏။

အကြောင်းရင်းမှာ ထိုဒေသတွင် ညတိုင်း ၁၀ နာရီထိုးသည်နှင့် လူတိုင်းက “လာတိန်း... အိပ်တော့” (မီးကြိုးကိုဆွဲပြီး အိပ်တော့ ဟုဆိုလိုသော်လည်း ဘင်လာဒင်နှင့် အသံထွက်ဆင်တူနေခြင်း )ဟု ပြောဆိုလေ့ရှိသောကြောင့် ဖြစ်သည်ဟု ဆိုကြလေသည်။

All Chapters