အခန်း ၁၁၇
Vol. 12 Ch. 117
🍄Chapter 117
အကယ်၍ ယခုအချိန်တွင် သူမ ဆွဲနေကျ မီးခလုတ်ကြိုးလေးသာ သူမ၏လက်ထဲတွင် မရှိနေပါက ၁၉၉၀ ပြည့်လွန်နှစ်များက ဤဟာသဟောင်းလေးကို သူမ သတိရမိမည်မဟုတ်ပေ။
ထိုဟာသကြောင့် သူမသည် အချိန်အခါမဟုတ်ဘဲ ရယ်မောလိုက်မိကာ ခါးနာသည်အထိ အားရပါးရ ရယ်မောမိတော့သည်။
သို့သော် အသံထွက်၍ မရယ်မောရဲသဖြင့် ယခုမြင်ကွင်းမှာ အလွန်ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေတော့၏။ သူမသည် အမှောင်ထဲတွင် တုန်ခါနေကာ သူမ၏နောက်ကျောမှ အမျိုးသားကလည်း သူမ၏လက်ကို ဆုတ်နယ်နေ၏။
သူ၏ ကြမ်းတမ်းသော လက်ဝါးကြီးများက သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၊ ပြန်လွှတ်ပေးလိုက်၊ ထပ်မံဆုပ်ကိုင်လိုက်၊ ပြန်လွှတ်ပေးလိုက်ဖြင့် အကြိမ်ကြိမ်ပြုလုပ်နေလေသည်။
သူမ ရုန်းကန်လိုက်သောအခါ သူက သူမ၏လက်ကို ပိုမိုမြင့်အောင် မြှောက်တင်လိုက်သည်။ သူမ ထပ်မံရုန်းကန်လိုက်သောအခါ ပို၍ပင် မြင့်အောင် မြှောက်တင်လိုက်ပြန်၏။
ရုတ်တရက် သူမ၏ လက်သည် နူးညံ့ပြီး နွေးထွေးသောအရာတစ်ခုနှင့် ထိမိသွား၏။ သူမ သတိထားမိလိုက်သည်မှာ ၎င်းကား ယန်ကျောက်၏နားရွက်ပင် ဖြစ်နေတော့သည်။
တကယ်ကို နူးညံ့အိစက်လွန်းလှပေ၏။
သူမ တစ်ကိုယ်လုံး တောင့်တင်းသွားကာ နောက်သို့ အားကုန်ဆွဲလိုက်ရာ၊ လုံးထွေးနေမှုများအကြား သူတို့၏လက်များက မီးခလုတ်ကြိုးကို မတော်တဆ ကလစ်ခနဲ ဆွဲမိသွားတော့သည်။
မီးရောင် ရုတ်တရက် လင်းထိန်သွားကာ ဝပ် ၆၀ အားရှိသော မီးသီး၏အလင်းရောင်အောက်တွင် နေဝင်ဆည်းဆာပမာ နီရဲနေသော ချန်မေ့လန်၏မျက်နှာလေးကို မြင်တွေ့လိုက်ရသည်။
သူမသည် အလွန်တောက်ပစွာ ပြုံးရွှင်နေကာ၊ မျက်ခုံးလေးများ ပင့်လျက် သူမ၏ မျက်နှာအမူအရာတစ်ခုလုံး လင်းလက်နေလေသည်။
သူမမှာ ရှက်ရွံ့နေကာ သူ့စိတ်ကူးထဲမှ သူမ၏ပုံရိပ်လေးမှာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ဖုန်မှုန့်များပမာ ပြိုကွဲသွားလေပြီလားဟု စိုးရိမ်နေမိ၏။
ယန်ကျောက်က သူမအား စိုက်ကြည့်နေကာ သူ့မျက်လုံးများမှာ တဖြည်းဖြည်း မှေးကျဉ်းသွားလေသည်။
‘ငါက သူ့ကို လှောင်ပြောင်ရယ်မောနေတယ်၊ သူ ဖောက်ပြန်ခံရတဲ့ကိစ္စကို ရယ်နေတယ်လို့ သူ ထင်သွားတာများလား
‘ဒီအချိန်မှာ သူ လူသတ်ချင်စိတ်တွေများ ပေါက်နေမလား'
ချန်မေ့လန် ရုတ်တရက် အကြံတစ်ခုရသွားကာ ချက်ချင်း ပြောလိုက်လေသည်။
“ကျွန်မ ရှင့်ကို တကယ့်ကို ရယ်စရာကောင်းတဲ့ကိစ္စတစ်ခု ပြောပြမယ်”
အမျိုးသားကြီးမှာ သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်နယ်ဖတ်နေဆဲပင် ဖြစ်သော်လည်း သူက အသက်ရှူအောင့်ထားကာ အက်ရှရှလေသံဖြင့် ပြန်ပြောလိုက်၏။
“ပြောလေ”
ချန်မေ့လန်မှာ ထိုအခါမှသာ ဝန်ထုပ်ဝန်ပိုးကင်းစင်စွာဖြင့် အားရပါးရ ရယ်မောနိုင်တော့သည်။
“ဟူရှောင်မေက သူ ကိုယ်ဝန်ရှိနေပြီတဲ့၊ ယန်ရှီရှန်းရဲ့ ကလေးတဲ့၊ သုံးလတောင် ရှိနေပြီလို့ ပြောနေတာ... ဒါပေမယ့် တကယ်တော့ အဲဒီ အာထရာဆောင်း အဖြေက တခြားလူတစ်ယောက်ရဲ့ အဖြေကြီးလေ၊
သူက တကယ် ကိုယ်ဝန်ရှိတာတောင် ဟုတ်ချင်မှ ဟုတ်မှာ၊ ဒုတိယအစ်ကို ခုနကပဲ လာပြောပြသွားတာ”
ယန်ကျောက်၏လက်များ ရပ်တန့်သွား၏။ မူလကတည်းက ကြမ်းတမ်းခက်ထန်သော သူ၏မျက်နှာပေါ်မှ အမူအရာများမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားကာ သူ့ပခုံးပေါ်ရှိ ရွှေရောင်ဒိုင်းလွှားပမာ ခိုင်မာတောင့်တင်းသွားတော့သည်။
‘ဒီဟာသက ရယ်စရာမကောင်းဘူးလား'
အတိတ်ဘဝက ယန်ရှီရှန်းသည် သူ၏သားအတွက်ဆိုကာ ကျောက်မီးသွေးတွင်းကြီး ငါးခုနှင့်တကွ ယန်ကွမ်းရွာရှိ နေရာချထားရေး အိမ်ရာများ အားလုံးကိုပင် ပုံအောပေးခဲ့သည်မဟုတ်လော။ သို့သော် ထိုသားမှာ သူ၏သားအရင်းပင် မဟုတ်ခဲ့ပေ။
‘ဖောက်ပြန်ခံရတာက ဒါနဲ့ယှဉ်ရင် ဘာများ အရေးကြီးလို့လဲ'
ဤအဖြစ်အပျက်က ဖောက်ပြန်ခံရသည်ထက်ပင် ပို၍ ကြေကွဲဖွယ် ကောင်းလှသည်မဟုတ်လော။
“ရယ်ရသားပဲ”
ယန်ကျောက်က စကားလုံးနှစ်လုံးသာ ပြောလိုက်ပြီးနောက်၊ ရှုပ်ပွသွားသော သူမ၏ဆံပင်များကို နားရွက်နောက်သို့ ညင်သာစွာ သပ်တင်ပေးလိုက်လေသည်။
ချန်မေ့လန်က အခွင့်အရေးကို အရယူကာ ယန်ရှီရှန်းထံ သွားရောက်တွေ့ဆုံလိုကြောင်း အကြံပြုလိုက်၏။
ယန်ကျောက်မှာမူ အပြင်သို့ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။
“ကောင်းပြီလေ”
သူက အနည်းဆုံးတော့ သူမ ဘာသွားလုပ်မည်နည်းဟု မေးသင့်သော်လည်း မည်သည့်မေးခွန်းမျှ မမေးခဲ့ပေ။
အကျဉ်းထောင်မှာ ကျင်းနန်ခရိုင်တွင် တည်ရှိပြီး အလွန်ဝေးကွာလှသဖြင့် ချန်မေ့လန်သည် ယန်ပင်းကိုသာ ကားမောင်းပို့ခိုင်းလိုက်လေ၏။
ယန်ပင်းမှာ လမ်းတစ်လျှောက်လုံး အဆက်မပြတ် ရယ်မောလာခဲ့သည်။
“မနေ့က ရှောင်မေ ရှီရှန်းဆီ သွားတွေ့တယ်လေ၊ သူ ပြန်လာပြီးတော့ စာတိုက်ကိုသွားတာ ငါတွေ့တယ်၊ ရှီရှန်းက သူ့ကို ငွေစုစာအုပ် ပေးလိုက်ပုံရတယ်၊
မင်းရဲ့ ယောင်းမက ပြောတယ် သူ ယွမ် ၁၀,၀၀၀ တောင် ထုတ်သွားတယ်တဲ့၊ ရှီရှန်းက သားရပြီဆိုတဲ့ သတင်းကြားတာနဲ့ သူ့ရဲ့ စုဆောင်းငွေတွေ အကုန်လုံးကို ရှောင်မေ့ဆီ ပုံအောပေးလိုက်တဲ့ပုံပဲ”
ယန်ပင်းက ရှင်းပြလေသည်။
ယန်ရှီရှန်းသည် မြေခွေးတစ်ကောင်ပမာ ပါးနပ်လှည့်ပတ်သူ ဖြစ်သော်လည်း သူ၏ တစ်ခုတည်းသောအားနည်းချက်မှာ သားလိုချင်ခြင်းပင် ဖြစ်လေသည်။
ဤသားအတွက်ဆိုလျှင် သူသည် ဟူရှောင်မေအား ဘိုးဘေးတစ်ပါးပမာ ကိုးကွယ်ရန်ပင် ဝန်လေးမည်မဟုတ်ပေ၊ ငွေပေးရန်မှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ချန်မေ့လန်အနေဖြင့်လည်း ထိုသားကို အခွင့်ကောင်းယူ၍ ယွမ်ယွမ်၏ဝေစုကို အမြန်ဆုံးသေချာအောင် ပြုလုပ်ရပေမည်။
အကျဉ်းထောင်တွင် လုပ်ငန်းစဉ်များ ပြီးစီးပြီးနောက် အဝင်ဝအနီးရှိ ကိုယ်ပိုင်ဆိုင်ငယ်လေးတစ်ခုရှေ့မှ ဖြတ်သွားစဉ် ချန်မေ့လန် ဝင်သွားသည်ကို မြင်သောအခါ ယန်ပင်းက မေးလိုက်၏။
“ရှီရှန်းက မင်းအပေါ် အဲဒီလောက်ဆိုးခဲ့တာတောင် မင်းက သူ့အတွက် ပစ္စည်းတွေဝယ်ပေးချင်သေးတာလား”
အကျဉ်းထောင်က အပြင်မှပစ္စည်းများကို လက်ခံမည်မဟုတ်သော်လည်း၊ လိုအပ်သော အသုံးအဆောင်များကို ဤဆိုင်ငယ်လေးတွင် မိမိစရိတ်ဖြင့် ဝယ်ယူနိုင်လေသည်။
ချန်မေ့လန်သည် ယန်ရှီရှန်းအတွက် စီးကရက်တစ်ဘူး၊ ယွမ် ၅၀ တန် ကြက်ပေါင် ကူပွန်များ၊ မျက်နှာသုတ်ပုဝါအသစ်နှင့် သွားတိုက်ဆေးတို့အပြင် ဘီစကွတ်မုန့် ပေါင်အနည်းငယ်ကိုပါ ဝယ်ယူလိုက်လေသည်။
ဟူရှောင်မေကမူ သူ မနက်ဖြန် ချက်ချင်းသေသွားလျှင်ပင် ပို၍ သဘောကျမည်ဖြစ်သော်လည်း၊ ချန်မေ့လန်ကမူ သူ၏ကျန်းမာရေးကို ဂရုစိုက်ပေးရပေမည်။
မည်သို့ပင်ဖြစ်စေ ယန်ရှီရှန်း ဖျားနာသွားပါက ယွမ်ယွမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာမည်မဟုတ်လော။
ဤအချိန်၌ ယန်ရှီရှန်းသည် အခြားသောအကျဉ်းသားများနှင့်အတူ ထိုင်လျက် သိုးမွေးအင်္ကျီများ ထိုးနေရလေသည်။
အချုပ်ထောင်၏သဘောသဘာဝမှာ ဤသို့ပင်ဖြစ်သည်။ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သိုးမွေးအင်္ကျီထိုးခြင်း၊ ကြယ်သီးတပ်ခြင်း၊ ပန်းထိုးခြင်းတို့အပြင် စာအိတ်များကိုခေါက်၍ ကော်ကပ်ခြင်းကဲ့သို့သော အလုပ်များကို မဖြစ်မနေ လုပ်ဆောင်ရလေ၏။
“မင်းမှာ သားရှိလား”
သူက ထောင်စောင့်အလစ်တွင် မျက်နှာချင်းဆိုင်ရှိ အကျဉ်းသားတစ်ဦးအား လှမ်းမေးလိုက်၏။
ထိုအကျဉ်းသားမှာ သားဆက်ခြားစီမံကိန်း အရာရှိများအား ခုခံတိုက်ခိုက်မှုဖြင့် အဖမ်းခံထားရသူ ဖြစ်လေသည်။ သူက သက်ပြင်းချကာ ပြန်ပြောလေ၏။
“မင်းရော သားမရှိဘူး မဟုတ်လား၊ သားဆက်ခြားအရာရှိတွေကို ရိုက်လို့ အဖမ်းခံရတာလား”
“ဘယ်ကသာ... ငါ့မှာ မကြာခင် သားလေးတစ်ယောက် ရတော့မှာ၊ ကိုယ်ဝန် သုံးလတောင် ရှိနေပြီ”
ယန်ရှီရှန်းက ကြွားဝါလိုက်သည်။
မျက်နှာချင်းဆိုင်မှ ကြမ်းတမ်းသော အသွင်အပြင်ရှိသည့် အမျိုးသားကြီးမှာ ရုတ်တရက် အသံထွက်၍ ငိုကြွေးတော့၏။
“သောက်ကျိုးနည်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကံကောင်းနေရတာလဲ”
နောက်ထပ် အလစ်ငိုက်ကို အခွင့်ကောင်းယူ၍ ယန်ရှီရှန်းက ကျောက်မီးသွေးသူဌေးတစ်ဦးအား ထပ်မံမေးမြန်းလိုက်ပြန်သည်။
“မင်း ဘယ်လောက်နေရင် ပြန်ထွက်ရမလဲ”
ဤမေးခွန်းက အခြေအနေကို ပိုဆိုးသွားစေကာ ထိုကျောက်မီးသွေးသူဌေးမှာလည်း ပြိုလဲစွာ ငိုကြွေးတော့သည်။
“ငါ့တာဝန်ယူထားတဲ့နေရာမှာ လူနှစ်ယောက် သေသွားတာလေ၊ အနည်းဆုံး ဆယ်နှစ်ပဲ”
လူနှစ်ယောက်ကို ငိုအောင်လုပ်နိုင်ခဲ့သဖြင့် ယန်ရှီရှန်းမှာ ဗိုက်ဆာနေသော်ငြား သိုးမွေးအင်္ကျီကို ဆက်ထိုးနေရင်း အားရပါးရ ရယ်မောလိုက်မိတော့၏။
သူ့အတွက်မူ ခေါင်းပေါ်တွင် တွဲလွဲခိုနေသော အမှုမှာ ဟွမ်ရှောင်ရှန်၏အမှုသာဖြစ်ပြီး သူက လာဘ်ပေးလာဘ်ယူမှု ယွမ် ၁၀,၀၀၀ ခန့်ကိုသာ ထွက်ဆိုထားခဲ့သည်။
လူကို တိုက်ခဲ့သူမှာ သူ့တပည့်မဟုတ်သကဲ့သို့ ယွမ် ၁၀,၀၀၀ မျှသာ ဖြစ်သဖြင့် အဆိုးဆုံး အခြေအနေတွင် သုံးလခန့်သာ အကျဉ်းကျနိုင်လေသည်။
ဤအကြောင်းကို မည်သူ့ကိုမျှ မပြောပြရသေးသော်လည်း သူ၏ရင်တွင်း၌မူ တိတ်တဆိတ် ဝမ်းသာလုံးဆို့နေခဲ့ပြီဖြစ်သည်။
‘တကယ်လို့ အခုအချိန်မှာ စီးကရက်လေး တစ်လိပ်လောက်သာ သောက်ရရင် နတ်စည်းစိမ် ခံစားရသလို ဖြစ်မှာပဲ’
ကံဆိုးစွာဖြင့် သူ၏ လက်ဝယ်တွင် ငွေတစ်ပြားမျှ မရှိတော့သကဲ့သို့ အချုပ်ထောင်ကလည်း ဆေးလိပ်သောက်ခွင့် မပြုပေ။ တစ်နေ့လျှင် ကျုံးဟွာစီးကရက် နှစ်ဘူးခန့် သောက်လေ့ရှိသော သူ၏ အလေ့အထကို တစ်လကျော်ကြာသည်အထိ အတင်းအကျပ် ဖြတ်တောက်ထားခဲ့ရလေသည်။
ထိုစဉ် ထောင်စောင့်တစ်ဦးက သူ့အား စီးကရက်လာပေးသောဧည့်သည်တစ်ဦးရှိကြောင်း လာရောက်အကြောင်းကြားလေသည်။
ထိုခဏတွင် သူ့ထံသို့ လာရောက်သူမှာ ချန်မေ့လန်သာဖြစ်ရမည်ဟု ယန်ရှီရှန်း ချက်ချင်းသဘောပေါက်လိုက်၏။
ဂရုစိုက်ယုယမှု လိုအပ်နေသော ဟူရှောင်မေနှင့် လုံးဝ မတူညီဘဲ၊ ချန်မေ့လန်သည် သူ့ကို အနားလည်ဆုံး၊ သူ့အတွက် အစဉ်အမြဲ ထည့်တွေးပေးတတ်ဆုံး အမျိုးသမီးဖြစ်ပြီး ဤဘဝတွင် မည်သည့်အခါမျှ ပြောင်းလဲသွားမည့်သူမဟုတ်ပေ။
အကယ်၍ ဟူရှောင်မေသာ လာရောက်ပါက သူမသည် ငိုယိုကာ ငွေတောင်းမည်သာ။ ချန်မေ့လန် လာရောက်ပါကမူ သူ့အတွက် စီးကရက်များ ယူဆောင်လာပေးမည်မှာ အသေအချာပင်။
ဤသည်ကား မူလဇနီးမယားကို မည်သည့်အခါမျှ စွန့်ပစ်၍မဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
အကယ်၍ ယန်ရှီရှန်းသာ အချိန်ကို နောက်ပြန်ဆုတ်၍ ရမည်ဆိုပါက ချန်မေ့လန်နှင့် ကွာရှင်းပြတ်စဲရမည့်အစား သူမ၏ ရိုက်နှက်သတ်ဖြတ်ခြင်းကိုသာ ခံယူလိုက်မည် ဖြစ်သည်။
သူမ၏ရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် အသနားခံပြီး သူကျူးလွန်ခဲ့သော အပြစ်များအတွက် တစ်ဘဝလုံး ပေးဆပ်သွားမည် ဖြစ်သည်။
အကယ်၍ သူ သေဆုံးရမည်ဆိုလျှင်ပင် ချန်မေ့လန်၏ရှေ့တွင် ဒူးထောက်လျက်သာ သေဆုံးသွားမည်ဖြစ်သည်။
သူ လုံးဝ ကွာရှင်းမည်မဟုတ်ပေ။
ယန်ရှီရှန်း၏ ဘဝတစ်လျှောက်လုံးတွင် ယနေ့ကဲ့သို့ ပျော်ရွှင်ကြည်နူးရသောနေ့ရက်မျိုးမှာ အလွန်ရှားပါးလှပေသည်။
…….
ယန်ပင်းက ယန်ရှီရှန်းအား အဖြစ်မှန်ကို တည့်တိုးပြောပြလိုသော်လည်း ချန်မေ့လန်က ခွင့်မပြုခဲ့ပေ။